ငါ့ရဲ့ သခင်လေးက ပြိုင်ဘက်ကင်းတဲ့ အရှိန်အဝါ။ ဟာ... မဟုတ်ဘူး... ဟမ်...။ ငါ့သခင်လေးက အသားတုံးဖြစ်မတတ် အရိုက်ခံလိုက်ရတာလား။
သူဟာ လီ မိသားစုမှာ အုပ်စိုးရှင် လီလင်းကို ငယ်စဉ်ကတည်းက အလုပ်အကျွေးပြုခဲ့သော လီမိသားစု၏ အိမ်တော်ထိန်း ဖြစ်သည်။ သူဟာ စစ်တပ်ထဲမှာ မဟုတ်သော်လည်း အတိုင်းအတာတစ်ခုအထိ အင်အားကြီးမားသော ခွန်အားမျိုးကို ပိုင်ဆိုင်ထားကာ B အဆင့် မွန်းစတားကို နှိုးထထားပြီး ကျောက်စိမ်းပြာအဆင့် ဗိုလ်ချုပ်ဖြစ်ကာ စစ်တပ်ခေါင်းဆောင်တစ်ယောက်နှင့် ယှဉ်နိုင်စွမ်းရည် ပိုင်ဆိုင်ထားသည်။
သူဟာ ဒီနေ့ လာရောက်ခဲ့သည်မှာလည်း တောင်တန်းနှင့် မြစ်ပြင်နယ်မြေမှ ပြန်ရောက်လာခဲ့ပြီးနောက် သခင်လေး၏ ပွဲဦးထွက်ပွဲကို ကြည့်ချင်၍ ဖြစ်သည်။ လီထျန်း၏ အင်အားက ရန်ရှားတက္ကသိုလ် ကျောင်းသားတိုင်းကို သေချာပေါက် ဖိနှိပ်ပေးလိမ့်မည်။ ထိုအခါ သူသည် လေးစားဖွယ်ကောင်းသော အောင်မြင်မှုမျိုးဖြင့် ဂုဏ်ယူဝင့်ကြွားစွာ ရပ်တည်နေနိုင်မည် ဖြစ်သည်။
ဒီလိုဆိုရင် ရှန်းဟိုင်က လီမိသားစုကိုလည်း အများကြီး အင်အားကြီးပြီး နာမည်ကျော်ကြားသွားစေလိမ့်မည်။
သူဟာ လီထျန်း ရှုံးနိုင်သော ဖြစ်နိုင်ခြေကိုပင် မစဉ်းစားထားပေ။ လီထျန်းတင် မဟုတ်ဘဲ လီလင်းကိုယ်တိုင်ပင် မစဉ်းစားဖူးပါပေ။
အကြောင်းမူကား လီထျန်းဟာ တောင်တန်းနှင့် မြစ်ပြင်ဖြတ်လမ်းမှ လွတ်မြောက်အောင် ဖောက်ထွက်နိုင်ခဲ့သော ကြမ်းတမ်းသော ဗိုလ်ချုပ်တစ်ယောက် ဖြစ်နေသည်။
အမိုးအကာအောက်က ကလေးတွေက သူ့ကို ဘယ်လိုယှဉ်နိုင်မှာလဲ။
ဘန်း...။
လော့မင်၏ လက်သီးက သွေးနီရောင် မီးတောက်ဖြင့် တောက်လောင်နေသည်။ ထိုလက်သီးဟာ လီထျန်း၏ ခေါင်းကို ထိုးသည်။ သူဟာ မီတာ ၁၀ ကျော်ခန့် အကွာအဝေးသို့ လွင့်ထွက်သွားသည်။
"ထစမ်း...။ မင်းကို မင်း အင်အားကြီးတယ်လို့ ထင်နေတာ မဟုတ်ဘူးလား။ လီမိသားစု အရှင်သခင်ရဲ့ သားဆို... ဟားဟား... ဘာမှလည်း အသုံးမကျဘူး။ "
လီထျန်းဟာ ထထချင်း ယိုင်တိုင်တိုင်ဖြစ်နေပြီး မြင်ကွင်းက ဝေဝါးနေပြီ ဖြစ်သည်။
"လော့မင်... မင်း မလွန်လာနဲ့။ "
သူဟာ အံကိုခဲပြီး အသိစိတ် မပျောက်သွားအောင် ထိန်းနေကာ လော့မင်ကို လှမ်းအော်သည်။ သူ လီထျန်းက ရှုံးသွားသော်လည်း အရှင်သခင်၏ သားဖြစ်နေသေးသည်။ ဒါကို အများရှေ့မှာ အရှက်ခွဲခံရလို့ ဘယ်ဖြစ်ပါ့မလဲ။
"သူ ဘယ်လိုဖြစ်ပြီး ဒီလောက် အတင့်ရဲတာလဲ။ "
"ဟဲ... စိတ်ဓာတ်သေးသိမ်တဲ့ကောင်။ မင်းက အငြိုးမခံသေးဘူးဆိုရင်လည်း အငြိုးခံလာတဲ့အထိ ငါက ရိုက်နှက်ပေးရတာပေါ့။ "
လော့မင်က ထပ်ပြီး တိုက်ခိုက်ပြန်သည်။ လီထျန်းက မတ်တတ်ရပ်လာသည့် အချိန်တိုင်းလိုလို သူ့ကို မြေပြင်ပေါ်သို့ ပြန်လဲသွားအောင် လက်သီးဖြင့် ထိုးချသည်။ တစ်ချိန်က အင်အားကြီးမားသော လီထျန်းဟာ ညှိုးနွမ်းနေသည့် ဖျားနာနေသော ကြောင်တစ်ကောင်ကဲ့သို့ မထောင်လွှားနိုင်တော့ပေ။
သူ့၏ ပုခုံးကို ခြေထောက်ဖြင့် တက်နင်းနေသည်။ လီထျန်းက မတ်တတ်ပင် မရပ်နိုင်တော့ပေ။
" ဒူးထောက်။ "
ဘုန်း...။
သူ့၏ ဒူးနှစ်ဖက်က မြေပြင်ကို ရိုက်ချသွားသည်။ ထိုအချိန်တွင် ပုခုံးပေါ်သို့ ခြေတစ်ဖက် တင်ထားသော လော့မင်က အပြစ်သားကို စီရင်ချက်ချနေသော ဘုရင်တစ်ပါးနှင့်ပင် တူနေသည်။
" အာ...။ မင်း တအားလွန်လာပြီ။ "
ဒူးထောက်သည့် အရှက်ခွဲခံရသော ဒဏ်ကို မခံနိုင်တော့သည့် လီထျန်းက အော်ဟစ်သည်။
ထိုအချိန်တွင် ဂိတ်ဝမှ ဝင်လာခါစ လီထောင်ကလည်း ကစားကွင်းသို့ အပြေးလာရင်းမှ မျက်မှောင်ကြုတ်သည်။
"သခင်လေးက ရူးနေပြီ... မဟုတ်ဘူး... သခင်လေးက စိတ်ဖောက်တော့မယ်။ သူက ဒီကလေးစုတ်နဲ့ လူသိရှင်ကြား ပြိုင်ပွဲလောက်မှာတင် အပျော်လွန်နေမယ်လို့ မထင်ထားဘူး။ အား...။ ကြည့်ရတာ အရင်က သူ့ရဲ့ ဘဝက အရမ်း ခက်ခဲခဲ့တယ် ထင်ပါတယ်။ "
လီထောင်၏ မျက်နှာတွင်ပင် အပြုံးက ပေါ်လာသည်။ သခင်လေး၏ အသံက နာကျင်သလို ဖြစ်နေသည့် ကိစ္စကိုမူ လီထောင်ကလည်း သခင်လေးဟာ ယာယီအားဖြင့် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ခဏချင်းကို မထိန်းချုပ်နိုင်ခြင်းဟုသာ တွေးလာသည်။
လီထျန်းက ဧကရာဇ် သားရဲ သုံးခေါင်း အသွင်ပြောင်းလဲပြီး ရန်ရှားမှ ဂုဏ်ယူရသော ကျောင်းသားများ အားလုံးကို အပြတ်အသတ် ရှင်းလင်း ကင်းစင်နေသည့် မြင်ကွင်းကိုပင် တွေးကာ ကျေနပ်လာသည်။
"ဒီနေရာကို မလာခင်က သခင်က လော့မင်ဆိုတဲ့ ကျောင်းသားအကြောင်း ငါ့ကို အထူးတလည် ပြောလိုက်သေးတယ်။ အဲဒီကလေးက သခင်ရဲ့ ကလေးတွေထဲက တစ်ယောက်ကို သတ်ခဲ့တယ်ဆိုပဲ။ သက်သေမရှိဘူးဆိုပေမယ့်လည်း ဒါပေမဲ့ လီမိသားစုမှာ သက်သေမှ မလိုတာ။ သူတို့ ဘာလုပ်ချင်တယ် ဘာ မလုပ်ချင်ဘူးလဲ ဆိုတာပဲ ရှိတာ။ "
"ဒီကလေးက ထိပ်တန်းကျောင်းသား... ဆိုတော့ သခင်လေးရဲ့ အာရုံစိုက်ရာ ဖြစ်လောက်တယ်။ အခုအချိန်လောက်ဆိုရင် သူဟာ ခြေထောက်အောက်မှာ နင်းခြေခံရပြီး သေကာနီး ဖြစ်နေလောက်ပြီ။ ဒါက လီမိသားစုကို ရန်စတဲ့ အကျိုးဆက်ပဲ။ "
"အပြင်မှာ သေသွားတဲ့ ကလေးမက တရားမဝင်သား မျိုးမစစ်ဆိုရင်တောင် လီမိသားစုရဲ့ သွေးက စီးနေတုန်းပဲလေ ဟုတ်တယ်မလား။ ဒါကို အဆင့်နိမ့်တဲ့ သာမန်လူတစ်ယောက်က လာထိစရာလား။ "
လီထောင်က နှာခေါင်းရှုံ့ရင်း ခပ်မြန်မြန် သွားသည်။
လီထျန်းဟာ လော့မင်၏ ခြေထောက်အောက်တွင် နင်းခြေခံရပြီး သေကာနီး ဖြစ်နေလေပြီ။ လွန်ကဲလွန်းသော အရှက်ခွဲခံရသည့် ခံစားချက်နှင့် ပိုင်းခြားရခက်သော နာကျင်မှုများက သူ့အား သတိလစ်မတတ် အသိလွတ်လာစေသည်။ သူ၏ ထိုသို့ ဝေဝါးနေသော အသိစိတ်မျိုးတွင် ရှန်းဟိုင် ရှိုးကွမ်၏ တိုက်ပွဲနယ်မြေမှ လေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်ကြီးကို မြင်လိုက်ရသလို အသိဝင်သွားသည်။
ဟုတ်တယ်... အဲဒီတုန်းက အဲဒီလူ...။ ဒါပေမဲ့ အခု...။
ထိုအချိန်တွင် ထိုလူဟာ ဗုံးပေါက်ကွဲသလို ပျောက်ကွယ်သွားကာ သွေးနီရောင် လှံကိုင်ထားသော အရိပ်က အစားထိုးသွားသည်။ ထိုအရိပ်က နောက်သို့ အသာငဲ့ကြည့်သည်။ ထိုအကြည့်ကပင် လီထျန်း၏ ကျောတစ်လျှောက် အေးစက်သွားစေသည်။ ထိုအချိန်တွင် လော့မင်ဟာ သူ၏ အတွင်းစိတ် မိစ္ဆာ ဖြစ်လာသည်။
"သခင်လေး... အဲဒါ သခင်လေးလား။ "
မေးခွန်းထုတ်သော အသံ တစ်သံက ရုတ်တရက် ထွက်လာသည်။ လီထောင်ဟာ ကစားကွင်းသို့ ရောက်လာသောအခါ ကျောင်းသားများက ပိတ်ဆို့ထားသော တိုက်ပွဲဝင် စင်မြင့်ကို မြင်ရသည်။ ထို့ကြောင့် အရှေ့ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ခက်ခဲသည်။ သူသည် လူတစ်ယောက်၏ အော်သံကိုသာ ကြားရသည်။
" တော်တယ်... အရမ်းတော်တယ်။ "
သူက တွေးသည်။ သခင်လေးက ရန်ရှားတက္ကသိုလ်မှာ ကျောင်းသားပေါင်းများစွာကတောင် အားပေးရလောက်အောင် ဂုဏ်အဆင့်အတန်း မြင့်မားနေပြီပဲ။ ကောင်းတယ်။ ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူဟာ အုပ်စိုးရှင်ရဲ့ သားပဲလေ။ ဘယ်နေရာကို သွားသွား လူအုပ်ရဲ့ အာရုံစိုက်ခံရတဲ့ သူပဲ။
သို့သော် ထိုအချိန်တွင် လူတစ်ယောက်က ထပ်ဖြည့်ပြောသည်။
"သူက လီထျန်းကို နာကျင်ပြီး အော်ဟစ်အောင် ရိုက်နှက်လိုက်တာ။ "
ထိုအချိန်တွင် လီထောင်လည်း ဇဝေဇဝါ ဖြစ်နေသည့် ခံစားချက်မျိုး ခံစားမိလိုက်သည်။ ကြည့်ရတာ သူ မမျှော်လင့်ထားတဲ့ဘက်ကို ပြောင်းနေပြီ ထင်တယ်။ ထို့ကြောင့် သူဟာ လူအုပ်ကို အတင်းတိုးဝှေ့သွားပြီး စင်မြင့်အနားသို့ သွားလိုက်သောအခါမှသာ ရှင်းလင်းစွာ မြင်ရသည်။ သူ၏ သခင်လေးက ခွေးသေတစ်ကောင်ကဲ့သို့ အရိုက်ခံရပြီး ပြိုင်ဘက်၏ အရှေ့တွင် အလွန်တရာ အရှက်ခွဲခံရသော ပုံစံမျိုးဖြင့် ဒူးထောက်နေရသည်။
ထိုမြင်ကွင်းက လီထောင်၏ ကျောတစ်လျှောက် အေးစိမ့်သွားစေသည်။ ကြီးမားသော လက်တစ်ဖက်က ဦးခေါင်းခွံကို လာခွဲသကဲ့သို့ ခံစားရသည်။
ဘယ်လိုဖြစ်နိုင်မှာလဲ။ သူ့ သခင်လေးက အရမ်းအင်အားကြီးတာလေ။ တောင်တန်းနှင့် မြစ်ပြင် ခံတပ်က ငယ်ရွယ်တဲ့ ပါရမီရှင်။ ဘယ်လိုဖြစ်ပြီး တိုက်ပွဲနယ်မြေကိုတောင် မမြင်ဖူးတဲ့ ကလေးတစ်အုပ်က ဖိနှိပ်တာကို ခံနေရတာလဲ။ နောက်ပြီး ပိုဆိုးတာက သခင်လေးကို ဖိနှိပ်ထားတဲ့ အကောင်က လော့မင်ဆိုတဲ့ ကောင်ထင်တယ်။ ဖြစ်နိုင်တာက...။
လီထောင်၏ နှလုံးသားတွင် မကောင်းသော ခံစားချက် ရလာသည်။ အစောပိုင်းက ကြားခဲ့ရသော အော်ဟစ်အားပေးသံများက သခင်လေးကို အားပေးနေခြင်း မဟုတ်ဘဲ အနိုင်ကျင့် နှိပ်စက်ခံရသောကြောင့် မုန်းတီးမှု နာကျည်းချက်တို့ဖြင့် အော်ဟစ်နေခဲ့ကြခြင်း ဖြစ်နိုင်သည်။
လွန်လိုက်တာ...။ ဒီကျောင်းသားက သူ့ရဲ့သခင်လေးကို ဘယ်လိုတောင် အရှက်ခွဲရဲတာလဲ။ ဟမ်။ ရှန်းဟိုင်က လီမိသားစုရဲ့ မျက်နှာကို နင်းခြေတာပဲ။
အုပ်စိုးရှင် လီလင်းက ကိစ္စနှစ်ခုကို တန်ဖိုးအထားဆုံးပဲ။ တစ်ခုက မိန်းမ၊ နောက်တစ်ခုက သူ့ရဲ့ ဂုဏ်သိက္ခာ။ အခု အုပ်စိုးရှင်ရဲ့ သားက အရှုံးသမားလို့ သတ်မှတ်ထားတဲ့ အကောင်၏ အရှေ့မှာ ဒူးထောက်နေရတယ်။ ဒီသတင်းကသာ ရှန်းဟိုင်ရဲ့ အထက်တန်းလွှာ အသိုင်းအဝိုင်းထဲကို ပျံ့သွားရင် လီ မိသားစုက ဟာသ ဖြစ်တော့မှာပဲ။
ထို့နောက် လော့မင်၏ လောင်ပြောင်သော စကားလုံးများက သူ့ကို ဒေါသဖြင့် တုန်လာစေသည်။
"အုပ်စိုးရှင် လီ မိသားစု ဟုတ်လား။ ငါ့ရဲ့ မျက်စိထဲမှာတော့ မင်းက ခေါင်းကို အစွမ်းကုန် မြှောက်ထားတဲ့ လိပ်တစ်ကောင်ထက် မပိုဘူး။ "
လီထောင်က ဒေါသထွက်သွားသည်။ လီထျန်းက လိပ်ဆိုရင် သူ့သခင် လီလင်းက ဘာလဲ။ လိပ်ကြီးလား။ ပထမအမွေးတောင် အကုန်အစင် မရှိသေးတဲ့ အကောင်က သူ့သခင်ကို ဘယ်လိုတောင် အရှက်ခွဲရဲတာလဲ။ လုံးဝ သည်းခံလို့ မရဘူး။
"ရပ်စမ်း။ "
လီထောင်က အော်သည်။
လော့မင်နှင့် လီထျန်းက အသံလာရာဘက်သို့ မော့ကြည့်လာသည်။ လော့မင်၏ မျက်လုံးက သံသယများဖြင့် ပြည့်နေပြီး လီထျန်း၏ မျက်လုံးက တောက်ပသွားသည်။
"ဦးလေးထောင်... ငါ့ကို ကယ်ပါဦး။ "
ထိုအော်သံက လော့မင်အား တစ်ဖက်လူ၏ နောက်ခံကို သိသွားစေသည်။
ဆိုတော့ ရှန်းဟိုင် လီမိသားစုက ပေါ့။ ဒါပေမဲ့ သူက နေဦး ဆိုတိုင်း ငါ နေရမှာလား။ ဒါက ရန်ရှားတက္ကသိုလ်လေ...။ ရှန်းဟိုင်ရဲ့ လီ မိသားစုမှ မဟုတ်ဘဲ။ နောက်ပြီး ဒီမှာ ထိုင်နေတဲ့ ဆရာတွေလည်း အများကြီးပဲ။ ဘယ်လိုများ သူ့ကို ထိနိုင်မှာလဲ။
"ခင်ဗျားက ရပ်လို့ပြောတိုင်း ငါ ရပ်မယ် ထင်လို့လား။ ငါ မျက်နှာပျက်မသွားဘူးလား။ "
လော့မင်က လီထျန်းကို ကျောပိုးကန်ချက်နှင့်အတူ မြေပြင်ပေါ်သို့ ဆောင့်ကန်ချပစ်လိုက်သည်။ ထို့နောက် လီထျန်း၏ ပါးကိုပင် ဖနောင့်ဖြင့် ပေါက်သည်။ လီထျန်း၏ ခေါင်းက ကွင်းထဲသို့ပင် မြုပ်မတတ် ဖြစ်နေသည်။ လော့မင်က အဖြူရောင် လေများကို ရှူထုတ်လိုက်သည်။ သူ့၏ အကြည့်က လီထောင်ထံသို့ အေးစက်စွာ ရောက်သွားသည်။
"ခင်ဗျားကသာ ငါ့ရှေ့မှာ ဒူးထောက်ပေးမယ်ဆိုရင်တော့ ငါက ခင်ဗျားရဲ့ သခင်လေးကို လွှတ်ပေးလိုက်မယ်။ "
လီထောင်၏ မျက်ဝန်းက အံ့အားသင့်မှုဖြင့် ပြူးကျယ်သွားသည်။ သူဟာ ထိုမျှလောက် ထောင်လွှားသော အကောင်မျိုးကို မမြင်ဖူးသေးပေ။ သူဟာ လီလင်း၏ သီးသန့် အိမ်တော်ထိန်း ဖြစ်သည်။ ရှန်းဟိုင်မှာ အခြားသော အထက်တန်းလွှာ မိသားစုများ၏ ခေါင်းဆောင်များကပင် သူ့ကို လေးစားမှုဖြင့် ဆက်ဆံရသည်။ ဒါကို ဒီနေ့မှာတော့ သားဖြစ်သူထက်ပင် ငယ်သေးတဲ့ ကောင်စုတ်တစ်ကောင်က သူ့ကို ဒူးထောက်ခိုင်းရဲသည်။
"မင်းနဲ့ တန်လို့လား ဟမ်။ မင်း ငါ့သခင်လေးကို မလွှတ်သေးဘူး ဆိုရင်...။ "
လီထောင်၏ ခန္ဓာကိုယ်မှ အပြာရောင် အလင်းတန်းက မြောက်တက်လာသည်။ ကြီးမားလွန်းသော ပင့်ကူကြီး တစ်ကောင်က ကွင်းထဲတွင် ပေါ်လာသည်။ ခန္ဓာကိုယ်တစ်ခုလုံးက သလင်းသားလို ပြောင်လက်နေသည်။ သူ့၏ အမြီးရှည်ကြီးကလည်း ပြင်းထန်သော အဆိပ်များ စုဝေးလျက်သား အဆိပ်အလင်းတန်းကို ဖော်ထုတ်ကာ အေးစက်စွာ တောက်ပနေသည်။
ကြီးမားသော လက်မကြီး တစ်စုံကလည်း အရာအားလုံးကို ဖြတ်တောက်နိုင်ပုံ ပေါ်သည်။
ဒါဟာ B အဆင့် မွန်းစတား အဆိပ်ပြာ ပင့်ကူ ဖြစ်သည်။
"မင်း မလွှတ်ရင် ငါ မင်းကို သတ်မှာ။ "
အပိုင်း ၁၁၆ ပြီး၏။
***