"ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ်။ တစ်လလောက် စောင့်ပြီးတဲ့နောက်မှာ ဒီမျိုးမစစ်က နောက်ဆုံးတော့ ရန်ရှားနယ်မြေထဲက ထွက်ပြီပေါ့။ "
မြို့တော် ချင်မိသားစု စံအိမ်ထဲတွင် ချင်ယွီရွှမ်းက လျှို့ဝှက်အစောင့်များ၏ တင်ပြချက်ကို နားထောင်ပြီး သူမ၏ သတ်ဖြတ်လိုစိတ်က ပြင်းထန်လာသည်။
ကုလင်ရှောင်း သေဆုံးသွားသည်မှာ တစ်လနှင့် ခုနစ်ရက်ခန့် ကြာသွားပြီ ဖြစ်သည်။ ချင်မိသားစုဘက်က လူတိုင်းက လက်လွတ်နိုင်သွားပြီဟု ထင်ထားသော်လည်း မိခင်တစ်ဦးအနေနှင့် ချင်ယွီရွှမ်းကမူ ထို မုန်းတီးမှုကို မှတ်မိနေသေးသည်။ သူမ ကလဲ့စားမချေခဲ့ခြင်းမဟုတ်ဘဲ အချိန်မကျသေးသောကြောင့်ဖြစ်သည်။ လူတိုင်းက လော့မင်ကို အထင်သေးကြသော်လည်း လော့မင်သည် အားကိုးမရှိသူလည်းမဟုတ်။
ရဲ့ချန်အန်းနှင့် ထန်ရန်ဟွာတို့က သူ့ကို ကာကွယ်ပေးနေပြီး ရန်ရှားတက္ကသိုလ်ကလည်း သူ့ကို ကာကွယ်ထားသည်။ ထို့ကြောင့် သူ့ကို ထိရန် အလွန်ခက်ခဲသဖြင့် ချင်ယွီရွှမ်းအနေနှင့် အခွင့်အရေးကို စောင့်နေရခြင်းဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ မုန်းတီးမှုက မလျော့သွားသည့်အပြင် ပို၍ ပြင်းထန်လာသည်။
"လင်ရှောင်း... အမေ သားအတွက် ကလဲ့စားချေပေးမယ်။ ငါ့ရဲ့ ချင် မိသားစုက လူကို ထိခိုက်အောင်လုပ်ပြီးတဲ့နောက်မှာ အကောင်းအတိုင်း အသက်ရှင်နိုင်မယ် မထင်နဲ့။ ငါက လော့မင်ဆိုတဲ့ မျိုးမစစ်ရဲ့ ခေါင်းကို သုံးပြီး ငါ့ချစ်ရတဲ့ သားလေးကို ဂါရဝပြုခိုင်းမယ်။ သား စောင့်နေ။ "
ချင်ယွီရွှမ်း၏ မျက်လုံးက စူးရှနေသည်။
"သွား... ရွှမ်းလုံခန်းမကိုသွားပြီး လော့မင်ကို သတ်ဖို့ လုပ်ကြံသတ်ဖြတ်သူ ၁၂ ယောက်ကို လွှတ်လိုက်။ "
"အို... အဲဒီ လေ အလုံပိတ် ထောင်ချောက်တွေလည်း ယူသွားလိုက်ဦး။ နောက်ပြီး လူတိုင်းကလည်း အနည်းဆုံး ရွှေအဆင့် ၅ ဖြစ်ရမယ်နော်။ အဲဒီကောင်စုတ်က လီ မိသားစုရဲ့ လီထျန်းကိုတောင် နိုင်တာ။ သူ့ရဲ့ အင်အားကလည်း ကြောက်စရာကောင်းလောက်တယ်။ သာမန် ရွှေအဆင့် လုပ်ကြံသတ်ဖြတ်သူတွေက သူ့ကို မနိုင်ဘူး။ ချင်ဆန်းကို ပို့လိုက်။ "
ချင်ယွီရွှမ်းက အမိန့်ပေးလိုက်သည်။ သူမသည် နောက်ထပ် ဒုက္ခမရောက်စေလိုတော့ပေ။ ယခုအခါ ရဲ့ချန်အန်း မျက်လုံးများက ချင် မိသားစု၌ ရှိနေသည်။ မြို့တော်ကလည်း လူအုပ်ရှိသဖြင့် လှုပ်ရှားရန် ခက်ခဲသည်။ ထို့ကြောင့် စစ်တပ်ဘက်မှ လူများနှင့် ချင် မိသားစု၏ ဆက်ဆံမှုရှိသော ကျွမ်းကျင်ပညာရှင်များကို စေလွှတ်ရန် မဖြစ်နိုင်ပေ။
ကံကောင်းသည်မှာ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ချင်ယွီရွှမ်းသည် မိဘမဲ့တစ်အုပ်ကို မွေးစားထားခဲ့ပြီး ရွှမ်းလုံခန်းမဟု ခေါ်သော မိဘမဲ့ဂေဟာကို တည်ထောင်ထားခဲ့သည်။ မိဘမဲ့ဂေဟာကို အကြောင်းပြထားပြီး အမှန်တကယ်အားဖြင့် လုပ်ကြံ သတ်ဖြတ်သူများကို မွေးမြူနေခြင်းဖြစ်သည်။ သူမသည် သားဖြစ်သူ တက္ကသိုလ်မှ ဘွဲ့ရပြီးသည်နှင့် သားဖြစ်သူကို လွှဲပေးရန် စီစဉ်ထားသော်လည်း သားဖြစ်သူက တက္ကသိုလ်ကိုပင် ပြီးအောင် မတက်နိုင်ဘဲ သေဆုံးသွားသည်။
"သခင်မ... ချင်ဆန်းက စိန် အဆင့် ၁ ပါ။ ဒီလောက် အင်အားကြီးတဲ့သူမျိုးကို လွှတ်ပြီး ကျောင်းသားတစ်ယောက်ကို သတ်ဖို့ လိုလို့လား။ "
ချင်ဆန်း၏ အဆင့်သည် ရွှမ်းလုံခန်းမတွင် နံပါတ် ၃ နေရာတွင် ရှိသည်။ သူသည် ချင်ယွီရွှမ်း အသက် ၂၀ အရွယ်ကတည်းက လိုက်ပါခဲ့ခြင်းဖြစ်ပြီး ယခုအခါ သူမသည် အသက် ၃၀ ပင် ဖြစ်လာသည်။ သူသည်လည်း အလွန်ပင် အင်အားကြီးလာပြီး ချင်မိသားစုမှ ပြိုင်ဘက်များကို ရင်ဆိုင်ပေးနိုင်ခဲ့သည်။
"ငါ လိုအပ်တယ်လို့ ပြောရင် လိုအပ်တယ်။ ငါက သခင်မ လား။ နင်က သခင်မ လား။ ချင်ဆန်းကို ပြောလိုက်။ သူ သတ်ရမဲ့သူက သေရမယ်။ သူ လော့မင်ကို မသတ်နိုင်ရင် သူ ပြန်လာဖို့ မလိုတော့ဘူး။ "
ချင်ယွီရွှမ်းက စားပွဲပေါ်သို့ လက်ဖြင့် ဖြောင်းခနဲရိုက်ပြီး ထအော်သည်။ အစောင့်က တုန်သွားပြီး သခင်မ အမှန်တကယ် ဒေါသထွက်နေသည်ဟု သိလိုက်ရသည်။
ချင်ယွီရွှမ်းသည် ခင်ပွန်းဖြစ်သူ ကုယွီမော့ထက်ပင် ပို၍ ရက်စက်သည်။ သူမသည် အထက်တန်းကျောင်းတက်နေသည့် နှစ်များထဲတွင် သူမ၏ ထောင်လွှားသော စိတ်နေစိတ်ထားကြောင့် အတန်းဖော်တစ်ဦးက သူမကို အနိုင်ကျင့်ရန် ကြိုးစားခဲ့ဖူးရာ နောက်တစ်နေ့တွင် ထိုအတန်းဖော်၏ မိသားစုတစ်ခုလုံး မြို့တော်မှ ပျောက်သွားသည်။
ထိုမိသားစုမှာ မြို့တော်အတွင်း၌ အတိုင်းအတာတစ်ခုအထိ အဆင့်အတန်းမြင့်မားသော်လည်း သဲလွန်စပင် မရှိဘဲ ပျောက်သွားခြင်းဖြစ်သည်။ ချင်ယွီရွှမ်းသည် ချင်မိသားစုမှ နည်းလမ်းများကို သုံးခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် သူမ၏ စွမ်းအားကို နားလည်နိုင်သည်။
"အဲဒီ လေ အလုံပိတ် လှောင်အိမ်ကိုပါ ယူသွား။ ရဲ့ချန်အန်းက လှုပ်ရှားလာရင်တောင် လုပ်နိုင်မှာမဟုတ်ဘူး။ လော့မင်...။ ဒီ စိန်အဆင့်နဲ့ဆိုရင် ဘယ်သူမှ နင့်ကို မကယ်နိုင်တော့ဘူး။ "
ချင်ယွီရွှမ်းက သူမ၏ ရက်စက်မှုကို ဖော်ထုတ်ပြသလေသည်။
အခြားတစ်ဖက်တွင် လော့မင်တို့အဖွဲ့သည် အပျက်အစီး နယ်မြေသို့ ရောက်ရှိလာကြသည်။ ကျောင်းယွီယန်၏ ကားက အနည်းဆုံး ရန်ရှားငွေ ၁၀ သန်းနီးပါး ကုန်ကျသည်။ ခေါင်မိုးပေါ်တွင် အမြောက်တစ်ခုပါရှိပြီး ၎င်း၏ ပစ်ခတ်နိုင်စွမ်းရည်မှာ ငွေအဆင့် မွန်းစတားများကို သတ်နိုင်သလို ရွှေအဆင့်များကို ဒဏ်ရာရအောင် လုပ်နိုင်သည်။ ဘေးပတ်ချာလည်တွင်လည်း မျက်နှာစာကြီးများ ရှိနေသဖြင့် သာမန် မွန်းစတားများက အနီးကပ်ရန် ခက်သည်။
"မိုးကြိုး သားရဲ ခိုက အရှေ့တောင်ပိုင်းမှာ ရှိတာ။ ဒီနေရာကနေဆိုရင် ကီလိုမီတာ ၂၀ လောက် ဝေးတယ်။ နာရီဝက်လောက် မောင်းရလိမ့်မယ်။ "
တောင်လန်က ပြောသည်။
သူတို့သည် မြို့ရိုးမှ ကားသုံးစီးနှင့်အတူ အပျက်အစီး နယ်မြေ အတွင်းပိုင်းသို့ ဝင်လာကြသည်။ လမ်းတစ်လျှောက်တွင် မွန်းစတားများ ပေါ်လာသော်လည်း ကျောင်းယွီယန်က တစ်ချက်တည်းနှင့် ကိုင်တွယ်နိုင်သည်။ စက်သေနတ် နှစ်တန်းက တောက်လျှောက်ဆိုသလို ပစ်ခတ်ခြင်းအားဖြင့် မွန်းစတားများကို အလွယ်တကူ ဖယ်ရှားနိုင်ခဲ့သည်။ ဝံပုလွေ ထွားနှင့် ဝူကမ်းမန်တို့က ကျောင်းယွီယန်၏ ကားအပေါ် အားကျနေကြသည်။
"ငါတို့က အရိုးထဲကနေ ခြစ်ထုတ်ပြီး သုံးရင်တောင် မဝယ်နိုင်ဘူး။ "
တောင်လန်က ကျိန်ဆဲသည်။
သူတို့သည် မိုးကြိုးသားရဲခို အပြင်ဘက်သို့ ရောက်ရှိလာကြသည်။
"ဒီမိုးကြိုးသားရဲတွေက တကယ်ကို ဉာဏ်ကောင်းတယ်။ သူတို့က ရွှေယွမ် မိုင်းတွင်းမှာပဲ နေတာလေ။ ရွှေယွမ် ကျောက်တုံးဆိုတာကလည်း သတ္တုသားလိုပဲ။ အရမ်းကို ပြင်းထန်တဲ့ လျှပ်ကူးနိုင်စွမ်းရည် ရှိတယ်။ အထဲက မိုးကြိုးသားရဲတွေ အားလုံးက သူတို့ရဲ့ တိုက်ခိုက်နိုင်စွမ်းရည်က ၁၂၀ ရာခိုင်နှုန်းအထိ ထုတ်နိုင်တယ်။ "
တောင်လန်က သတိပေးသည်။
တောင်လန်သည် လူသားနှင့်တူသော လိမ္မော်ရောင် အမွေးများ အပြည့်ပေါက်နေသည့် ဝံပုလွေကြီး တစ်ကောင်အဖြစ် ပြောင်းလဲသွားကာ ဓားကြီးကို ကိုင်လိုက်သည်။
ဝူကမ်းမန်ကလည်း ငွေရောင် သတ္တု လူသားခွေးအဖြစ် ပြောင်းသွားသည်။ သူသည်လည်း ဆူးချွန်များ ပါသော ကျောက်တူကြီးကို ကိုင်ထားသည်။ သူတို့နှစ်ဦးက ဂူထဲသို့ ဦးဆောင်ကာ ဝင်သွားပြီး အခြားသော အသင်းဝင်များက နောက်မှ လိုက်ကြသည်။ သူတို့အားလုံးက မွန်းစတားအဖြစ် အသွင်ပြောင်းထားကြပြီး ဖြစ်သည်။
ထို့အပြင် ထိုထဲတွင်လည်း အလွန်ကြီးမားသော အဖြူရောင် အစင်းကြားနှင့် လျှာတစ်လစ် ထုတ်နေသော မြွေတစ်ကောင်လည်း ပါဝင်သည်။
အပိုင်း ၁၂၀ ပြီး၏။
***