“ ရွှီး ”
သို့သော်လည်း သူစိုးရိမ်နေသောအရာက မဖြစ်ပေါ်လာပေ။
ဝဲကတော့၏ လှည့်ပတ်မှုအလျင်က ရုတ်တရက် အကန့်အသတ်သို့ ရောက်ရှိသွားသည့်အခါ ယင်းက မရေမတွက်နိုင်သော အဖြူရောင်အလင်းတန်းများကို ထုတ်လွှတ်လိုက်သည်။ အဖြူရောင်အလင်းက မိစ္ဆာစံအိမ်တစ်ခုလုံးမှာ ပြည့်နှက်သွားသည်။ သီရှီထျန်၏ အသိစိတ်သည်ပင် အဖြူရောင်အလင်းဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။ သူ၏ အသိစိတ်က အံ့ဖွယ်ကောင်းစွာ ဗလာဖြစ်သွားသည်။ ဤသည်မှာ အရာအားလုံးက ရပ်တန့်သွားသည့်အလားပင်။ မိစ္ဆာစံအိမ်ထဲမှာ မည်သည့်အရာများ ဖြစ်ပျက်နေကြောင်း သူအာရုံမခံနိုင်တော့ပေ။
ထိုအဖြူရောင်အလင်းထဲမှာ မမျှော်လင့်ထားသော တစ်စုံတစ်ခု ဖြစ်ပေါ်လာသည်။
မူလစွမ်းအင်မှ ဖွဲ့စည်းထားသော အရည်ဘောလုံးသည် အဖြူရောင်အလင်းနှင့် အပြည့်အဝ ပေါင်းစည်းသွားသည်။
“ ဘီး ”
“ မူး ”
“ ဝေါင်း ”
ဆန်းကြယ်သော အသံသုံးသံက မိစ္ဆာစံအိမ်ထဲမှာ ထွက်ပေါ်လာသည်။ ယင်းတို့ကို သီရှီထျန် ထုတ်လွှတ်ခဲ့ခြင်း မဟုတ်ပေ။ ယင်းအစား အသံသုံးသံက မိစ္ဆာစံအိမ်ထဲမှာ သဘာဝအလျောက် မွေးဖွားလာကြသည်။ ထိုဆန်းကြယ်သော အသံသုံးသံသည် သီရှီထျန်ထုတ်လွှတ်ခဲ့စဉ်ကထက် အများကြီး ပိုဆွဲဆောင်မှုရှိပြီး အံ့ဖွယ်ကောင်းသည်။ ဆန်းကြယ်သော အသံသုံးသံ ထွက်ပေါ်လာသည်နှင့် ရှေးဟောင်းနတ်ဘုရားသင်္ကေတသုံးခုက မိစ္ဆာစံအိမ်၏ ကောင်းကင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်စွာ ဖွဲ့စည်းသွားကြသည်။
နတ်ဘုရားသင်္ကေတများ၏ ထွက်ပေါ်လာမှုက အတော်လေး ထူးဆန်းသည်။ ယင်းတို့က ကိုယ်ပိုင်အသက်ဝိညာဉ်ရှိနေသည့်အလား အဆက်မပြတ် ပြောင်းလဲနေကြသည်။ ထို့ကြောင့် နတ်ဘုရားသင်္ကေတများ၏ စစ်မှန်သော အသွင်သဏ္ဍာန်ကို မမြင်နိုင်ပေ။
နတ်ဘုရားသင်္ကေတသုံးခုသည် ဖွဲ့စည်းသွားသည်နှင့်ချက်ချင်း မိစ္ဆာစံအိမ်၏ အလယ်မှ အရည်ဘောလုံးဆီသို့ မြန်ဆန်စွာ ပျံသန်းသွားကြသည်။ ယင်းတို့က အရည်ဘောလုံးနှင့် လွယ်ကူစွာ ပေါင်းစပ်သွားကြသည်။ ထိုသို့ပေါင်းစပ်သွားသည့်အခါ လျှို့ဝှက်ဆန်းကြယ်ပြီး အံ့ဖွယ်ကောင်းသော အပြောင်းအလဲတစ်ခုက ဖြစ်ပေါ်လာလေသည်။
အရည်ဘောလုံးမှာ ကိုယ်ပိုင်အသက်ဝိညာဉ် ရှိနေသည့်အလား အောက်မေ့ရ၏။ ယင်းက အစဉ်အမြဲ လူးလွန့်သွားပြီး ပုံသဏ္ဍာန်အမျိုးမျိုး ပြောင်းလဲသွားသည်။ အချိန်တစ်ခဏကြာပြီးနောက် ယင်းက ခြေသုံးချောင်းပါသော ဆေးမီးဖိုငယ်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားသည်။
ထိုဆေးမီးဖို ထွက်ပေါ်လာသည့်အခိုက် မိစ္ဆာစံအိမ်ထဲမှာ ပြည့်နှက်နေသော အဖြူရောင်ကျောက်စိမ်းအလင်းက ချက်ချင်း ပြန်ဆုတ်သွားသည်။ ဤသည်မှာ ငှက်များက သူတို့၏ အသိုက်ဆီသို့ ပြန်သွားသည့်အလားပင်။ အဖြူရောင်အလင်းက ကျောက်စိမ်းဆေးမီးဖိုဆီသို့ ဦးတည်သွားသည်။
ကျောက်စိမ်းဆေးမီးဖိုသည် အဖြူရောင်အလင်း၏ ဝင်ရောက်လာမှုကို လုံးဝ မငြင်းဆန်ပေ။ ယင်းက ဝေလငါး ရေစုပ်သကဲ့သို့ အဖြူရောင်အလင်းအားလုံးကို တစ်လုပ်တည်း ဝါးမျိုလိုက်သည်။
“ အဲ့ဒါက… ”
မိစ္ဆာစံအိမ်ထဲ၌ အဖြူရောင်အလင်း ပျောက်ကွယ်သွားသည့်အခါ သီရှီထျန်က သူ၏ စိတ်အာရုံကို ပြန်ရရှိသွားသည်။ သူသတိပြန်ဝင်သွားသည့်အခိုက် ပထမဆုံး လုပ်ဆောင်လိုက်သည်မှာ မိစ္ဆာစံအိမ်၏ အလယ်သို့ ကြည့်လိုက်ခြင်း ဖြစ်သည်။ ထိုသို့အပြောင်းအလဲက သူမမျှော်လင့်ထားသောအရာ ဖြစ်သည်။ မိစ္ဆာစံအိမ်သည် မိစ္ဆာကျင့်ကြံခြင်း၏ အခြေခံအုတ်မြစ် ဖြစ်သည်။ ထို့ကြောင့် ဆိုးဝါးသော တစ်စုံတစ်ခု ဖြစ်လာမည်ကို သူမစိုးရိမ်ဘဲ မနေနိုင်ပေ။
ယခု သူကြည့်လိုက်သည့်အခါ အံ့ဩမှင်သက်သွားသည်။
မိစ္ဆာစံအိမ်၏ အလယ်မှာ ကျောက်စိမ်းဆေးမီးဖိုတစ်လုံးက ရုတ်တရက် ထွက်ပေါ်လာကြောင်း သူမြင်သွားသည်။ ဆေးမီးဖိုမှာ ခြေသုံးချောင်းရှိပြီး ယင်း၏ မျက်နှာပြင်ပေါ်မှာ လျှို့ဝှက်ဆန်းကြယ်သော မှော်သင်္ကေတများကို အပြည့်ရေးထွင်းထားသည်။ ဆေးမီးဖိုသည် ရှေးဟောင်းဆန်သော အရှိန်အဝါနှင့် လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ထို့ပြင် ဆေးမီးဖိုသည် ရပ်မနေပေ။ ယင်းက နေရာမှာ ဖြည်းဖြည်းချင်း လှည့်နေသည်။
မိစ္ဆာစံအိမ်ဖွဲ့စည်းသွားသည့်အခိုက် အနက်ရောင်အခိုးအငွေ့များက စံအိမ်ထဲမှာ အစဉ်မပြတ် ထွက်ပေါ်လာသည်။ ထိုအခိုးအငွေ့မှ ထုတ်လွှတ်နေသော အရှိန်အဝါသည် သီရှီထျန် အလွန်ရင်းနှီးသောအရာ ဖြစ်သည်။ ယင်းက သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားဖြစ်သည်။
မိစ္ဆာစံအိမ်သည် မိစ္ဆာစွမ်းအားကို သိုလှောင်ရန် တည်ရှိနေသောအရာ ဖြစ်သည်။ အတိတ်တွင် သူ့မှာ မိစ္ဆာစံအိမ်မရှိသောကြောင့် မိစ္ဆာစွမ်းအားကို သူ၏ မရီဒျန်များထဲမှာသာ သိုလှောင်ခဲ့သည်။ ထိုသို့လုပ်ဆောင်ရာတွင် ချို့ယွင်းချက်တစ်ခုရှိသည်။ သူ၏ မရီဒျန်အားလုံးထဲမှာ မိစ္ဆာစွမ်းအားဖြင့် ပြည့်လျှံနေသည့်အခါ သူ၏ ကျင့်ကြံခြင်းက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ မိစ္ဆာစံအိမ်မရှိလျှင် သူက နောက်ထပ် ကျင့်ကြံနိုင်တော့မည် မဟုတ်ချေ။
မိစ္ဆာစံအိမ်ဖွဲ့စည်းသွားသည့်အခါ မိစ္ဆာစွမ်းအားကို မရီဒျန်များထဲမှာ သိုလှောင်ရန် မလိုအပ်တော့ပေ။ မိစ္ဆာစွမ်းအားက မိစ္ဆာစံအိမ်ထဲသို့ အလိုအလျောက် စီးဆင်းသွားလိမ့်မည်။
တစ်နည်းဆိုရသော် မရီဒျန်များသည် မိစ္ဆာစွမ်းအားအတွက် ယာယီခိုလှုံရာနေရာဖြစ်ပြီး မိစ္ဆာစံအိမ်သည် အစစ်အမှန်နေအိမ် ဖြစ်သည်။
ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားက မိစ္ဆာစံအိမ်ထဲသို့ အဆက်မပြတ် စီးဆင်းသွားနေသည်။ မိစ္ဆာစွမ်းအား၏ ဝင်ရောက်လာမှုက ကျောက်စိမ်းဆေးမီးဖို၏ သက်ဝင်လှုပ်ရှားမှုကို နိုးထလာစေဟန် ရ၏။ ကျောက်စိမ်းဆေးမီးဖို၏ လှည့်ပတ်မှုက အနည်းငယ် ပိုမြန်လာစဉ် အရပ်မျက်နှာအသီးသီးမှ မိစ္ဆာစွမ်းအားက ကျောက်စိမ်းဆေးမီးဖို၏ စုပ်ယူခံလိုက်ရသည်။
“ အငွေ့ကို အရည်ပြောင်းခြင်း… ”
စက်ကရာသည် ကျောက်စိမ်းဆေးမီးဖို၏ အပြောင်းအလဲကို အံ့ဩစွာ ကြည့်လိုက်သည်။ မိစ္ဆာစွမ်းအားသည် အစတွင် အငွေ့အခြေအနေမှာ ရှိနေ၏။ သို့သော်လည်း ယင်းက ကျောက်စိမ်းဆေးမီးဖိုထဲ ဝင်ရောက်သွားသည့်အခါ ထူထဲသော အနက်ရောင်မြူခိုးထုအဖြစ် ချက်ချင်း ပြောင်းလဲသွားသည်။ အနက်ရောင်မြူခိုးထုသည် မိစ္ဆာစွမ်းအားမှ ပြောင်းလဲသွားသောအရာ ဖြစ်သည်။ မိစ္ဆာစွမ်းအားက ပိုမိုစုဝေးသွားပြီး ကျောက်စိမ်းဆေးမီးဖို၏ လှည့်ပတ်မှုက ပိုမိုမြန်ဆန်လာသည့်အခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်တစ်မျိုးက ဆေးမီးဖိုထဲမှာ ထွက်ပေါ်လာဟန် ရ၏။ ထိုစွမ်းအင်က အနက်ရောင်မြူခိုးထုကို ပိုပိုပြီး သိပ်သည်းစေပြီး အရည်အဖြစ် ပြောင်းလဲပေးသည်။
“ ပေါက် ”
ကြည်လင်သော အသံတစ်သံက ဆေးမီးဖိုထံမှ ထွက်ပေါ်လာသည်။ မင်ရည်သဖွယ် အလွန်မည်းနက်သော အရည်တစ်စက်သည် ကျောက်စိမ်းဆေးမီးဖိုထဲမှ လျှို့ဝှက်ဆန်းကြယ်စွာ ကျဆင်းလာသည်။ ထိုအနက်ရောင်အရည်သည် ဆေးမီးဖို၏ အောက်ခြေမှာ လွင့်မျောနေသည်။
ယင်းက မိစ္ဆာစွမ်းအား၏ အရည်ဖွဲ့စည်းမှု ဖြစ်သည်။
မိစ္ဆာစွမ်းအားက အရည်အဖြစ် ပြောင်းလဲသွားခြင်းသည် “ ကျားဟိန်းသံကျင့်စဉ် ”၏ အဆင့်ချိုးဖြတ်မှု အောင်မြင်သွားသော လက္ခဏာ ဖြစ်သည်။ ယင်းက မိစ္ဆာသားရဲတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားသော အဓိက အသွင်လက္ခဏာလည်း ဟုတ်၏။
ထိုအနက်ရောင်အရည်သည် အောင်မြင်မှု အမှတ်သင်္ကေတ ဖြစ်သည်။
ကျောက်စိမ်းဆေးမီးဖို သုံးကြိမ်လှည့်ပတ်သွားသည့်အခါတိုင်း အနက်ရောင်မြူခိုးထုက အရည်တစ်စက် ထုတ်လုပ်ပေးလိမ့်မည်။ သီရှီထျန်သည် ကျောက်စိမ်းဆေးမီးဖိုကို သေချာကြည့်လိုက်သည်။ သူက မိစ္ဆာအာရုံကို အသုံးပြု၍ စစ်ဆေးကြည့်လိုက်သည့်အခါ အံ့ဩမှင်သက်သွားသည်။ မိစ္ဆာအရည်တစ်စက်ထဲမှာ ကိန်းအောင်းနေသော မိစ္ဆာစွမ်းအားသည် အငွေပုံစံဖြင့် ရှိနေသော မိစ္ဆာစွမ်းအားထက် အဆတစ်ရာ ပိုပြီးသိပ်သည်းသည်။
မိစ္ဆာစွမ်းအားသည် ပိုပြီးသန့်စင်လာသည်။ ထိုမျှသာမဟုတ်ပေ။ ယင်းကို သူ၏ အတွေးတစ်ချက်ဖြင့် ဆန္ဒရှိသကဲ့သို့ ထိန်းချုပ်နိုင်သည်ဟု သူခံစားမိသည်။ ဤသည်မှာ အရည်ဖွဲ့စည်းသွားသော မိစ္ဆာစွမ်းအားက သူ့ကိုယ်ပိုင်ခြေလက်များ ဖြစ်သည့်အလားပင်။ ယခု သူက စွမ်းအား(၁)ရာခိုင်နှုန်းကိုသာ အသုံးပြုလျှင်ပင် အတိတ်၌ စွမ်းအား(၁၀)ရာခိုင်နှုန်းဖြင့် သူမလုပ်ဆောင်နိုင်ခဲ့သော အရာများကို လွယ်ကူစွာ လုပ်ဆောင်နိုင်သွားလိမ့်မည်။
ကျောက်စိမ်းဆေးမီးဖိုသည် အရွယ်အစား မကြီးမားပေ။ ယင်းက မြေအိုးအရွယ်အစားခန့်သာ ရှိ၏။ သို့သော်လည်း သူ၏ ခန့်မှန်းချက်အရ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအင်အားလုံးကို အရည်အဖြစ် သိပ်သည်းမည်ဆိုလျှင် အများဆုံး အရည်စက်(၁၀၀)ခန့်သာ ရရှိနိုင်လိမ့်မည်။ အရည်စက်တစ်ရာသည် ကျောက်စိမ်းဆေးမီးဖို၏ အောက်ခြေကို ပြည့်သွားစေရန်သာ လုံလောက်သည်။
“ ကောင်းတယ်… အရမ်းကောင်းတယ် ”
သီရှီထျန်သည် မိစ္ဆာစံအိမ်၏ အပြောင်းအလဲများကို စစ်ဆေးလေ့လာလိုက်သည်။ ကျောက်စိမ်းဆေးမီးဖိုကို သူကြည့်နေစဉ် ဆင်ခြင်နားလည်သော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
“ အခု ငါနားလည်ပြီ… အသံသုံးသံလျှို့ဝှက်နည်းလမ်းအရ သာမန်မိစ္ဆာစံအိမ်ကို ဖွင့်လှစ်မယ်ဆိုရင် ဒုတိယမြောက် အသံနဲ့တင် လုံလောက်ပြီ… တတိယမြောက်အသံ ပဲ့တင်ထပ်သွားတဲ့အခါ အဲ့ဒါက ပထမအသံနှစ်သံနဲ့ ပေါင်းစပ်သွားပြီး အံ့ဖွယ်ကောင်းတဲ့ ပြောင်းလဲမှုကို အစပျိုးပေးလိမ့်မယ်… အဲ့ဒါက မိုးမြေကို ဝါးမျိုပြီး မိစ္ဆာစံအိမ်ထဲမှာ ဆေးမီးဖိုကို ဖွဲ့စည်းပေးလိမ့်မယ်… ဆေးမီးဖိုက မိစ္ဆာစံအိမ်ရဲ့ အဓိကသော့ချက်ပဲ ”
မည်သို့ဖြစ်ပါစေ သူက သာမန်တိရိစ္ဆာန်တစ်ကောင် မဟုတ်ပေ။ သူက လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်ရှိသည်။
ယခု သူ့အရှေ့မှ အပြောင်းအလဲများကို သေချာစစ်ဆေးကြည့်လိုက်ပြီး ယင်းတို့ကို သွေးမျိုးဆက်အမွေအနှစ်မှ သူရရှိလာသော သတင်းအချက်အလက်များနှင့် ယှဉ်တွဲလိုက်သည့်အခါ မိစ္ဆာစံအိမ်ဖွင့်လှစ်ခြင်း၏ အဓိကအနှစ်သာရကို သူနားလည်သွားသည်။ မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ရန် ဒုတိယမြောက်အသံနှင့်တင် လုံလောက်၏။ တတိယမြောက်အသံသည် မိစ္ဆာစံအိမ်၏ အရည်အသွေးကို တိုးမြှင့်ပေးသော လုပ်ငန်းစဉ် ဖြစ်သည်။
သူ၏ ခန့်မှန်းမှုက မမှားပေ။
အကယ်၍ သူသာ တတိယမြောက်အသံကို မထုတ်လွှတ်ဘဲ ဒုတိယမြောက်အသံနှင့်တင် နှစ်ချိုက်စွာ အိပ်မောကျသွားမည်ဆိုလျှင် သူပြန်နိုးလာသည့်အခါ မိစ္ဆာစံအိမ်၏ အမြင့်ဆုံး ရောက်ရှိနိုင်သော အဆင့်က မြေကြီးအဆင့်သာ ဖြစ်လိမ့်မည်။ ယင်းက သာမန်မိစ္ဆာစံအိမ်များထက် အများကြီး ပိုတည်ငြိမ်ပြီး ပိုကြီးမားသော်လည်း လက်ရှိ သူပိုင်ဆိုင်ထားသော အခြေအနေကို နှိုင်းယှဉ်နိုင်လိမ့်မည် မဟုတ်ချေ။
သူ၏ မိစ္ဆာစံအိမ်ထဲမှာ ဖွဲ့စည်းသွားသော ကျောက်စိမ်းဆေးမီးဖိုကို မိစ္ဆာသန့်စင်ခြင်းမီးဖိုဟု ခေါ်သည်။ ယင်းကို ရှေးဟောင်းမိစ္ဆာစံအိမ်များမှာသာ တွေ့ရလေ့ရှိသည်။
ယင်း၏ နာမည်ကြောင့် နားလည်မှုလွဲသွားနိုင်သည်။ “ မိစ္ဆာသန့်စင်ခြင်း ”သည် မိစ္ဆာသားရဲများကို သန့်စင်သည်ဟု မဆိုလိုပေ။ ယင်းအစား မိုးမြေကြားမှ စွမ်းအင်အားလုံးကို သန့်စင်ခြင်း ဖြစ်သည်။ ကျောက်စိမ်းဆေးမီးဖိုသည် မိုးမြေကြားမှ မည်သည့်စွမ်းအင်ကိုမဆို မိစ္ဆာစွမ်းအားအဖြစ် သန့်စင်နိုင်သည်။ ထိုသို့သန့်စင်ခြင်းကို မိစ္ဆာသန့်စင်ခြင်းမီးဖိုက သူ့ဘာသာ လုပ်ဆောင်လိမ့်မည်။ ယင်းကို သူကိုယ်တိုင် မထိန်းချုပ်လျှင်ပင် ဆေးမီးဖိုက အလိုအလျောက် လှည့်ပတ်နေလိမ့်မည်။ ဆေးမီးဖိုသည် အပြင်လောကမှ မိုးမြေဝိညာဉ်စွမ်းအားကို အလိုအလျောက် စုပ်ယူနိုင်သည်။
မှန်ပေသည်။ တစ်စုံတစ်ယောက်က ဆေးမီးဖိုကို ထိန်းချုပ်ပေးလျှင် စုပ်ယူမှုက အဆပေါင်းများစွာ ပိုမြန်လိမ့်မည်။
ထို့ပြင် မိစ္ဆာသန့်စင်ခြင်းမီးဖိုမှာ မိုးမြေကြားမှ စွမ်းအင်ကို သန့်စင်နိုင်သော စွမ်းရည်တစ်ခုတည်းရှိခြင်း မဟုတ်ပေ။ ယင်းဆီမှာ အံ့ဖွယ်ကောင်းသော စွမ်းရည်အများကြီး ရှိသည်။
ဥပမာ မိစ္ဆာသန့်စင်ခြင်းမီးဖိုမရှိသော မိစ္ဆာသားရဲတစ်ကောင်က ကျင့်ကြံမည်ဆိုလျှင် သူက မိစ္ဆာအရည်ဖွဲ့ရန် သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအားကို ဖြည်းဖြည်းချင်း သန့်စင်ရလိမ့်မည်။ ထိုသို့လုပ်ငန်းစဉ်က အချိန်အလွန်ကြာသည်။
ထိုအချက်ကို ကြည့်ခြင်းအားဖြင့် မိစ္ဆာသန့်စင်ခြင်းမီးဖိုက မိစ္ဆာသားရဲတစ်ကောင်အတွက် မည်မျှအံ့ဖွယ်ကောင်းသော တည်ရှိမှုဖြစ်ကြောင်း သိနိုင်ပေသည်။
မိစ္ဆာသန့်စင်ခြင်းမီးဖိုဆီမှာ တိုင်းတာသော လုပ်ဆောင်မှုတစ်ခုလည်း ရှိသည်။ မိစ္ဆာအရည်က ဆေးမီးဖိုတစ်ခုလုံးမှာ ပြည့်လျှံသွားသည့်အခါ ထိုအချိန်ကျလျှင် သူက အမြူတေဓာတ်လုံးကို ဖွဲ့စည်းပြီး စစ်မှန်သော မိစ္ဆာသားရဲတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲနိုင်လိမ့်မည်။
သီရှီထျန်က တိတ်တဆိတ် ဝမ်းသာပျော်ရွှင်နေစဉ် မိစ္ဆာသန့်စင်ခြင်းမီးဖိုက သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအင်အားလုံးကို အရည်အဖြစ် သန့်စင်ပေးလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်ထဲမှ မိစ္ဆာစွမ်းအင်အားလုံးက အငွေ့အခြေအနေမှ အရည်သို့ ပြောင်းလဲသွားသည်။ မိစ္ဆာစွမ်းအားကို မိစ္ဆာချီဟုလည်း ခေါ်ကြသည်။ ကျောက်စိမ်းဆေးမီးဖိုက ပြင်းထန်စွာ တုန်ယင်သွားသည့်အခါ အရည်အဖြစ် ပြောင်းလဲသွားသော မိစ္ဆာချီက ဆေးမီးဖိုထဲမှ မြန်ဆန်စွာ စီးကျလာသည်။ ယင်းက မိစ္ဆာစံအိမ်မှ ထွက်သွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ မရီဒျန်များထဲသို့ ပြန်စီးဆင်းသွားသည်။
မိစ္ဆာချီသည် မြစ်တစ်စင်းပမာ တသွင်သွင် စီးဆင်းနေသည်။ ယင်းက သူ၏ မရီဒျန်များထဲမှာ မြန်ဆန်စွာ လှည့်ပတ်နေသည်။
“ ဘန်း… ဘန်း… ဘန်း… ”
မိစ္ဆာစွမ်းအား၏ အရည်အသွေးက နောက်တစ်ဆင့်သို့ တိုးမြှင့်သွားသည့်အခါ “ ကျားဟိန်းသံကျင့်စဉ် ”၏ လှည့်ပတ်မှုအမြန်နှုန်းက ယခင်ကထက် အများကြီး ပိုမြန်ဆန်သွားသည်။ သူ၏ ခန္ဓာကိုယ်အပြင်ဘက်မှာ စုဝေးနေသော အနက်ရောင်မိစ္ဆာမြူခိုးက ပိုပြီးထူထဲသွားပြီး သိပ်သည်းသွားသည်။
သူ၏ ဦးခေါင်းထက်မှ မိုးမြေဝိညာဉ်စွမ်းအားဝဲကတော့က ရုတ်တရက် ပိုပြီးမြန်ဆန်စွာ လှည့်ပတ်သွားသည်။ ဝိညာဉ်စွမ်းအားသည် အရပ်မျက်နှာအသီးသီးမှ ထွက်ပေါ်လာပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းသွားသည်။
ထို့ပြင် သီရှီထျန် တံခါးပိတ်ကျင့်ကြံနေသော လှိုဏ်ဂူအပြင်ဘက်တွင် လေနှင့် တိမ်တိုက်၏ အရောင်က ပြောင်းလဲသွားသည်။ ချိုင့်ဝှမ်းထဲ၌ မူလက အလွန်သိပ်သည်းနေသော မိုးမြေဝိညာဉ်စွမ်းအားသည် “ ကျားဟိန်းသံကျင့်စဉ် ”၏ လမ်းညွှန်မှုအောက်မှာ သီရှီထျန်ရှိနေသော လှိုဏ်ဂူထဲသို့ မြန်ဆန်စွာ တိုးဝင်သွားသည်။
***