ပမာဏများပြားသော ဝိညာဉ်စွမ်းအားက ဝဲကတော့ထဲသို့ ဝင်ရောက်သွားပြီး သီရှီထျန်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းသွားသည်။
“ ဘန်း… ဘန်း… ဘန်း… ”
အရည်အဖြစ် ပြောင်းလဲသွားသော မိစ္ဆာချီက သူ၏ မရီဒျန်များထဲမှာ စီးဆင်းနေသည်။ မိစ္ဆာချီက မရီဒျန်များထဲမှာ ဖြတ်သန်းနေစဉ် မိစ္ဆာချီတစ်စိတ်တစ်ပိုင်းက သူ၏ အသွေးအသားနှင့် ပေါင်းစပ်သွားပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို အစွမ်းတိုးမြှင့်ပေးသည်။
မိစ္ဆာမြူခိုးကြားထဲမှာ သီရှီထျန်၏ ဧရာမကျားခန္ဓာကိုယ်က ကြီးမားစွာ စတင်ပြောင်းလဲသွားသည်။ သူ၏ တစ်ကိုယ်လုံးက လေထိုးလိုက်သော ပူဖောင်းတစ်လုံးနှယ် အဆမတန် ကြီးမားသွားသည်။ မိုးမြေဝိညာဉ်စွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟော တိုးဝင်လာသည့်အခါ ထိုပြောင်းလဲမှုက ပိုပြီးသိသာထင်ရှားသွားသည်။ ဝိညာဉ်စွမ်းအားတစ်စိတ်တစ်ပိုင်းက သူ၏ မရီဒျန်များထဲသို့ စီးဆင်းသွားပြီး မိစ္ဆာချီနှင့်အတူ လှည့်ပတ်သွားသည်။ ထို့နောက် ဝိညာဉ်စွမ်းအားက မိစ္ဆာစံအိမ်ထဲသို့ ဝင်ရောက်သွားပြီး မိစ္ဆာသန့်စင်ခြင်းမီးဖို၏ စုပ်ယူသန့်စင်ခြင်း ခံလိုက်ရသည်။
ထိုနည်းဖြင့် မိုးမြေဝိညာဉ်စွမ်းအားက သန့်စင်သော မိစ္ဆာချီအဖြစ် ပြောင်းလဲသွားသည်။
အခြားတစ်စိတ်တစ်ပိုင်းက သူ၏ ခန္ဓာကိုယ်ထဲမှ အသွေးအသားထဲသို့ စီးဆင်းသွားပြီး သူ၏ အသွေးအသားနှင့် မြန်ဆန်စွာ ပေါင်းစပ်သွားသည်။ သူ့ခန္ဓာကိုယ်၏ တစ်လက်မစီတိုင်းမှာ စွမ်းအားဖြင့် ပြည့်လျှံသွားသည်။ ထိုစွမ်းအားကို သူမထုတ်လွှတ်နိုင်ပေ။ သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်က ထပ်မံ ကြီးမားသွားသည်။
ပေနှစ်ဆယ်…
ပေသုံးဆယ်…
ပေလေးဆယ်…
ဤတစ်ကြိမ်တွင် သီရှီထျန်၏ ခန္ဓာကိုယ်သည် ပေငါးဆယ်အမြင့်သို့ မြန်ဆန်စွာ ကြီးထွားသွားသည်။ သူ၏ ခန္ဓာကိုယ်က အလွန်ကြီးမားလေရာ မူလက သူဖွင့်လှစ်ထားသော လှိုဏ်ဂူသည်ပင် သူ့ကို မထိန်းသိမ်းနိုင်တော့ပေ။ သူ၏ ထွားကြိုင်းသန်မာသော ခန္ဓာကိုယ်က ဘေးပတ်ဝန်းကျင်မှ တောင်နံရံကို တိုက်ရိုက် အက်ကွဲစေသည်။
လှိုဏ်ဂူသည် ပေငါးဆယ်အမြင့်ထိ ရုတ်တရက် ကြီးမားသွားသည်။
ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါက ဖုံးကွယ်ခြင်းမရှိဘဲ ပေါက်ကွဲထွက်လာသည်။ ယင်းက မိုးမြေတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော သားရဲအရှိန်အဝါက ဆူနာမီလှိုင်းလုံးသဖွယ် အရပ်မျက်နှာအသီးသီးဆီသို့ ရိုက်ခတ်သွားသည်။ မည်သည့်အရာမှ ထိုအရှိန်အဝါကို မခုခံနိုင်ပေ။ သားရဲဘုရင်၏ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ချိုင့်ဝှမ်းထဲမှာ ပြည့်နှက်သွားသည်။
ယင်းက မောက်မာထောင်လွှားပြီး ဤလောကမှ သက်ရှိအားလုံးကို အထင်သေးရှုံ့ချနေသည်။
ယင်းကို ပထမဆုံး တွေ့ကြုံခံစားလိုက်ရသည်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ သက်ရှိများ ဖြစ်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာ လွှမ်းမိုးဗိုလ်ကျသော အရှိန်အဝါက ချိုင့်ဝှမ်းထဲမှ သက်ရှိအားလုံးကို ဖိနှိပ်လိုက်သည်။
“ ဒီဟာ… အရှင်မင်းကြီးရဲ့ အရှိန်အဝါ… ”
“ အဲ့ဒါ အရှင်မင်းကြီးပဲ… အရှင်မင်းကြီးက ပိုပြီးသန်မာလာပြီ ”
ချိုင့်ဝှမ်းထဲမှ သက်ရှိအားလုံးသည် လွှမ်းမိုးဗိုလ်ကျသော ထိုအရှိန်အဝါကို ခုခံတားဆီးရန် မတွေးကြချေ။ သားရဲအားလုံးက ခန္ဓာကိုယ်တုန်ယင်သွားကြသည်။ သူတို့က သီရှီထျန် တံခါးပိတ်ကျင့်ကြံနေသော နေရာဆီသို့ လှည့်ကြည့်လိုက်ကြသည်။ ဝမ်းသာပျော်ရွှင်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးထဲမှာ ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်နေသည်။
စက်ကရာ၏ အရှိန်အဝါက ယခင်ကထက် အဆပေါင်းများစွာ ပိုပြီးသန်မာလာကြောင်း ချီဟောင်နှင့် တခြားသားရဲဘုရင်လေးပါးသည်လည်း အာရုံခံမိသွားကြသည်။ သူတို့၏ အရှင်မင်းကြီးက တံခါးပိတ်ကျင့်ကြံပြီးနောက် ကြီးမားသော အဆင့်ချိုးဖြတ်မှုကို ပြုလုပ်နိုင်ခဲ့ကြောင်း ချက်ချင်း သူတို့နားလည်လိုက်ကြသည်။
လွှမ်းမိုးဗိုလ်ကျသော သားရဲအရှိန်အဝါက ကောင်းကင်ယံထိ ပျံတတ်သွားသည်။ ထို့ပြင် ယင်းက ချိုင့်ဝှမ်းထဲမှာသာ ပျံ့နှံ့သွားခြင်း မဟုတ်ပေ။ ယင်းက ချိုင့်ဝှမ်းအပြင်သို့ ဆက်လက် ပျံ့လွင့်သွားပြီး အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားသည်။
လွှမ်းမိုးဗိုလ်ကျသော သားရဲအရှိန်အဝါ ဖြတ်သန်းသွားသည့်နေရာတိုင်း ငှက်များနှင့် တိရိစ္ဆာန်များသည် တောင်ကြီးတစ်တောင်နှယ် ကြီးမားသော ဖိအားကို ခံစားလိုက်ကြရသည်။ သူတို့က မြေကြီးပေါ်မှာ ဝပ်တွားလိုက်ကြပြီး ချက်ချင်း ခေါင်းငုံ့လိုက်ကြသည်။ ဝိညာဉ်အသိဉာဏ်ရှိသော ဝိညာဉ်သားရဲများသည်ပင် ယင်းကို မတောင့်ခံနိုင်ကြချေ။ သူတို့က ခုခံရန် မကြိုးစားလျှင် မည်သည့်ပြဿနာမှ မရှိပေ။ ထိုသို့မဟုတ်ဘဲ အကယ်၍ သူတို့က သားရဲဘုရင်အရှိန်အဝါကို ခုခံရန် ကြိုးစားမည်ဆိုလျှင် ဖိအားက အဆမတန် တိုးမြှင့်သွားလိမ့်မည်။ သူတို့က မြေကြီးပေါ်မှာ အတင်းအကျပ် ဝပ်တွားလိုက်ကြရသည်။
“ ဝေါင်း ”
ပိုပြီးထိတ်လန့်ဖွယ်ကောင်းသော ကျားဟိန်းသံက မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ ကျယ်လောင်စွာ ပဲ့တင်ထပ်လာသည်။ ထိုကျားဟိန်းသံသည် ယခင်ကထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းသည်။ လှိုဏ်ဂူအဝင်ဝကို ချိပ်ပိတ်ထားသော ဧရာမကျောက်တုံးက ဟိန်းသံကြောင့် ချက်ချင်း ပေါက်ကွဲထွက်သွားသည်။ ချိုင့်ဝှမ်း၏ ကောင်းကင်ယံတွင် စုဝေးနေကြသော တိမ်မည်းများက ကျားဟိန်းသံကြောင့် ပြင်းထန်စွာ တုန်ယင်သွားပြီး လွင့်ပြယ်သွားကြသည်။ ကျားဟိန်းသံသည် အလွန်ကြာရှည်ပြီး တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံးဆီသို့ ပဲ့တင်ထပ်သွားသည်။
ယင်းက မိစ္ဆာသားရဲဖြစ်လာပြီးနောက် သီရှီထျန်၏ ပထမဆုံးဟိန်းသံ ဖြစ်သည်။
ထိုဟိန်းသံသည် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မွေးဖွားလာသော မိစ္ဆာသားရဲတစ်ကောင်၏ ကိုယ့်ကိုယ်ကိုယ် ကြေညာချက်ဖြစ်သည်။ ယင်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိများအပေါ် သူ၏ ကြီးမြတ်မှုအကြောင်း ဖော်ပြလိုက်ခြင်း ဖြစ်သည်။
“ ကျီး ”
သီရှီထျန်၏ ကျားဟိန်းသံက တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားမိစ္ဆာသားရဲများအပေါ်ကိုလည်း သက်ရောက်မှုရှိကြောင်း ထင်ရှား၏။
ဤအခိုက်အတန့်မှာ မိစ္ဆာအသင်္ချေချိုင့်ဝှမ်း၏ တောင်ပိုင်းအရပ်တွင် နားဝင်စူးရှသော အော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။
ယင်းက အလွန်စူးရှလေရာ ကျားဟိန်းသံသည်ပင် ထိုအော်သံ၏ စွမ်းအားကို မဖုံးလွှမ်းနိုင်ပေ။
ယင်းက ငှက်တစ်ကောင်၏ အော်သံဖြစ်ပြီး အလွန်စူးရှကျယ်လောင်သည်။ ယင်းထဲမှာ ငှက်ဘုရင်တစ်ပါး၏ မောက်မာထောင်လွှားမှုလည်း ပါဝင်သည်။ ၎င်းက သီရှီထျန်၏ ကျားဟိန်းသံကို နည်းနည်းမှ အလျော့မပေးပေ။
“ အူး… ”
ထိုငှက်အော်သံက အဆုံးသတ်မဟုတ်သေးပေ။ ကြမ်းတမ်းပြီး ရိုးရှင်းသော အော်သံက မြောက်ပိုင်းမှ ထွက်ပေါ်လာသည်။ ထိုအော်သံက အလွန်ထူးခြားသည်။ ယင်းက ကြားလိုက်ရသူတိုင်းကို လေးနက်သောအမြင် ကျန်ရစ်စေသည်။ ယင်းက ကျီးကန်းတစ်ကောင်၏ အော်သံ ဖြစ်သည်။
ကျီးကန်းအော်သံသည် နားဝင်စူးရှရုံမျှသာ မဟုတ်ပေ။ ယင်းက ကသိကအောက်ဖြစ်သော စိတ်ခံစားမှုကိုလည်း ပေးသည်။ ညှိုးမှိုင်သော အရှိန်အဝါက မြောက်ပိုင်းမှ ထွက်ပေါ်လာသည်။
အရှေ့အရပ်တွင် ကောင်းကင်တုန်ခါသွားမည့် ဟိန်းသံက ထွက်ပေါ်လာသည်။ ယင်းမှာ သီရှီထျန်၏ ကျားဟိန်းသံကို တိမ်းရှောင်မည့် စိတ်ဆန္ဒ နည်းနည်းမှ မရှိပေ။ ဟိန်းသံသည် အလွန်လွှမ်းမိုးဗိုလ်ကျစွာ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ထိုဟိန်းသံသည် ခြင်္သေ့တစ်ကောင်ထံမှ ဖြစ်သည်။
ခြင်္သေ့နှင့် ကျားသည် တောအုပ်၏ အရှင်သခင်များ ဖြစ်ကြသည်။ ထို့ကြောင့် သူတို့ဆီမှာ သဘာဝအလျောက် ဖြစ်ပေါ်နေသော လွှမ်းမိုးဗိုလ်ကျမှုအရှိန်အဝါ ရှိသည်။
“ ဂရား ”
အနောက်အရပ်တွင် အရိုင်းဆန်သော စိတ်ဆန္ဒပါရှိသည့် အော်သံက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။ ထိုအော်သံထဲတွင် ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းပွတ်တိုက်မှုများ ပါဝင်နေသည်။ အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအသံလှိုင်းဖြင့် ရိုက်ခတ်ခံရမည်ဆိုလျှင် အခြေအနေမကောင်းနိုင်ပေ။ ထိုအော်သံသည် ထူးဆန်းသည်။ ယင်းထဲမှာ တိုက်ပွဲဆာလောင်သော စိတ်ဆန္ဒရှိသည်။ ယင်းကို ကြားလိုက်ရသူတိုင်းက အလိုအလျောက် သွေးပွက်ပွက်ဆူလာလိမ့်မည်။
အလွန်သန်စွမ်းသော အော်သံများနှင့် ဟိန်းသံများသည် ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသထံမှ တစ်ချိန်တည်း တစ်ပြိုင်နက်တည်း ထွက်ပေါ်လာကြသည်။
အော်သံများသည် တစ်ကောင်နှင့်တစ်ကောင် အလျော့မပေးကြချေ။ ထို့ကြောင့် အသံငါးသံသည် နိမ့်ချည်မြင့်ချည် ထွက်ပေါ်နေကြပြီး အပြန်အလှန် ပေါင်းစည်းသွားကြသည်။
ယင်းက တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ထွက်ပေါ်လာသော အံ့ဖွယ်အဖြစ်အပျက် ဖြစ်သည်။ အသံငါးသံမှ ထွက်ပေါ်လာသော ဖိအားသည် တောင်ကြီးတစ်တောင်နှယ် ကြီးမားလှ၏။ ကြီးမားသော ဖိအားက တောင်တန်းဒေသတစ်ခုလုံးကို အပြည့်အဝ ဖုံးလွှမ်းသွားသည်။
မိစ္ဆာသားရဲများ… ။
ထိုအသံများသည် မိစ္ဆာသားရဲများထံမှ ဖြစ်သည်။
သူတို့ထဲမှ မည်သူမဆို ဝိညာဉ်သားရဲနယ်ပယ်မှ အောင်မြင်စွာ အဆင့်ချိုးဖြတ်သွားပြီး မိစ္ဆာသားရဲနယ်ပယ်သို့ တတ်လှမ်းပြီးကြသော အစွမ်းထက်ပညာရှင်များ ဖြစ်ကြသည်။
မိစ္ဆာသားရဲငါးကောင်၏ အရှိန်အဝါများက အတူတကွ ပေါင်းစည်းသွားသည့်အခါ တောင်ပိုင်းမြေရိုင်းဒေသတစ်ခုလုံး တုန်လှုပ်သွားမည့် ကြီးမားသော ဖိအားက ထွက်ပေါ်လာသည်။ ထိုဖိအားသည် ကမ္ဘာမြေတုန်ခါသွားစေရန် လုံလောက်သည်။
ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသအတွင်းမှ သက်ရှိအားလုံးသည် မည်သည့်နေရာမှာဖြစ်စေ သို့မဟုတ် မည်သည့်ကိစ္စကို ဆောင်ရွက်နေပါစေ ရပ်တန့်လိုက်ကြသည်။ သူတို့အားလုံးက ကြီးမားသော ဖိအားအောက်၌ မြေကြီးပေါ်တွင် ဝပ်တွားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်က အဆက်မပြတ် တုန်ယင်နေပြီး သူတို့က ခေါင်းငုံ့ထားကြသည်။ သူတို့က ခေါင်းမမော့ဝံ့ကြချေ။
တောင်တန်းဒေသထဲတွင် သားရဲတိရိစ္ဆာန်များသာ ရှိကြခြင်း မဟုတ်ပေ။ ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်နေကြသော ကျင့်ကြံသူများနှင့် ရတနာများ ရှာဖွေနေကြသော ကျင့်ကြံသူများလည်း ရှိကြသည်။ မိစ္ဆာသားရဲငါးကောင်၏ ဖိအားက ရုတ်တရက်ဆန်စွာ ထွက်ပေါ်လာသည်။ မည်သည့်သတိပေးမှုမှ မရှိပေ။ ကြီးမားသော ထိုဖိအားသည် သားရဲတိရိစ္ဆာန်များနှင့် ငှက်များကိုသာ ဖိနှိပ်လိုက်ခြင်းမဟုတ်ဘဲ ကျင့်ကြံသူများအပေါ်သို့လည်း ကျရောက်လာသည်။ ထိုကျင့်ကြံသူများထဲမှ အများစုသည် ချီသန့်စင်ခြင်းနယ်ပယ်မှာသာ ရှိကြသေးသည်။
သူတို့က မိစ္ဆာသားရဲငါးကောင်၏ ဖိအားကို မည်သို့ခုခံနိုင်ကြမည်နည်း။ သူတို့၏ မျက်နှာက ဖြူဖျော့သွားပြီး အကြောက်တရားက သူတို့၏ နှလုံးသားထဲမှာ ပြည့်နှက်သွားသည်။ သူတို့၏ ခြေထောက်များက ဂျယ်လီသဖွယ် ပျော့ခွေသွားပြီး သူတို့က မြေကြီးပေါ်မှာ လဲကျသွားကြသည်။
“ ဘာဖြစ်သွားတာလဲ… တောင်ပိုင်းမြေရိုင်းဒေသထဲက မိစ္ဆာသားရဲတွေလား… အရင်က ဒီလို တစ်ခါမှမဖြစ်ဖူးပါဘူး… ”
“ အရမ်းကြောက်စရာကောင်းတာပဲ… ”
“ အို ဘုရားရေ… ဘယ်လိုသားရဲက ဒီလောက်ကြောက်စရာကောင်းတဲ့ အရှိန်အဝါကို ထုတ်လွှတ်နိုင်တာလဲ… အရမ်းကြောက်စရာကောင်းတာပဲ… အဲ့ဒီသားရဲတွေသာ ငါ့အရှေ့မှာ ပေါ်လာရင် အရှိန်အဝါနဲ့တင် ငါလဲကျသွားနိုင်တယ် ”
“ ယီးပဲ… တောင်ပိုင်းမြေရိုင်းဒေသထဲမှာ မိစ္ဆာသားရဲတွေမရှိဘူးလို့ ဘယ်ကောင်ပြောတာလဲ… အဲ့ဒီပြောတဲ့ကောင်ကို ငါရှာတွေ့လို့ကတော့ သူ့အမေ ပြန်မမှတ်မိနိုင်အောင် သမပစ်မယ် ”
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါအောက်မှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကျင့်ကြံသူများက အံ့ဩထိတ်လန့်သွားကြပြီး ကျိန်ဆဲလိုက်ကြသည်။ အတိတ်မှာ ထိုသို့ကိစ္စမျိုး တစ်ခါမှ မဖြစ်ပျက်ဖူးပေ။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
ယင်းက အံ့ဩစရာမရှိပေ။ ဝိညာဉ်သားရဲတစ်ကောင်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ နှစ်ပေါင်းများစွာကြာ ရှင်သန်နိုင်ပြီး နေနှင့်လ၏ အနှစ်သာရ၊ မိုးမြေကြားမှ ဝိညာဉ်စွမ်းအားကို စုပ်ယူမည်ဆိုလျှင် သူတို့က လူသားတစ်ယောက်ကဲ့သို့ အသိဉာဏ်ရှိလာကြပြီး မည်သို့ကျင့်ကြံရမည်ဖြစ်ကြောင်း သိလာကြလိမ့်မည်။ မိစ္ဆာသားရဲဖြစ်လာပြီးနောက် သူတို့က ကိုယ်ပိုင်နယ်နိမိတ်ကို သတ်မှတ်ကြလိမ့်မည်။ အကြောင်းအရင်းတစ်စုံတစ်ရာမရှိလျှင် သူတို့က ပိုင်နက်ထဲမှ ထွက်သွားကြလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူတို့ကို ရန်သွားမစသရွေ့ မည်သည့်ပြဿနာမှ မရှိနိုင်ပေ။
ယေဘုယျအားဖြင့်ဆိုရသော် အစောနက ထွက်ပေါ်လာသော အော်သံများနှင့် ဟိန်းသံများသည် တောင်ပိုင်းမြေရိုင်းဒေသထဲမှ အရှင်သခင်များ၏ အသံများ ဖြစ်ကြသည်။ သီရှီထျန်ကို ဘေးဖယ်ထားလျှင် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ အရှင်သခင်ငါးပါး ရှိကြသည်။ သူတို့တစ်ကောင်စီသည် တောင်ပိုင်းမြေရိုင်းဒေသ၏ မတူညီသော အရပ်ဒေသများမှာ နေထိုင်ကြသည်။ အပြင်လူများက သူတို့ကို မိစ္ဆာသားရဲဘုရင်ငါးပါးဟု ခေါ်ကြသည်။ သူတို့တစ်ကောင်စီသည် အလွန်ကျယ်ပြောသော ဧရိယာကို သိမ်းပိုက်ထားကြပြီး သူတို့၏ လက်အောက်မှာ ထောင်သောင်းချီသော လက်အောက်ငယ်သားများ ရှိကြသည်။
ဤတစ်ကြိမ်တွင် သီရှီထျန်၏ ထွက်ပေါ်လာမှုက ရုတ်တရက်ဆန်သည်။ ထို့ပြင် သူ၏ ကျားဟိန်းသံထဲမှာ သားရဲဘုရင်တစ်ပါး၏ အရှိန်အဝါလည်း ပါရှိသည်။ သူက တိတ်တဆိတ် ပုန်းကွယ်နေရန် ဆန္ဒမရှိဘဲ သူ၏ တည်ရှိမှုအကြောင်း ကြေညာလိုက်သည်။ ထုံးစံအားဖြင့် ယင်းက တခြားမိစ္ဆာသားရဲဘုရင်များ၏ တုံ့ပြန်မှုကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မိစ္ဆာသားရဲဘုရင်များသည် သူတို့၏ အသံကို ထုတ်လွှတ်၍ သီရှီထျန်၏ ကျားဟိန်းသံကို ဖိနှိပ်ရန် ကြိုးစားကြသည်။ သို့သော်လည်း မိစ္ဆာသားရဲဘုရင်လေးပါး၏ အသံသာ ထွက်ပေါ်လာသည်။ တခြားမိစ္ဆာသားရဲဘုရင်တစ်ပါးသည် ထိုယှဉ်ပြိုင်မှုမှာ မပါဝင်ပေ။
ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသ၏ ကောင်းကင်ယံတွင် ကျားဟိန်းသံ၊ ခြင်္သေ့ဟိန်းသံ၊ ကျီးကန်းအော်သံ၊ ငှက်အော်သံနှင့် သားရဲအော်သံက တစ်ပြိုင်နက် ထွက်ပေါ်လာကြသည်။ ယင်းတို့က နိမ့်ချည်မြင့်ချည် ထွက်ပေါ်နေကြပြီး အတူတကွ ပေါင်းစည်းသွားကြသည်။ သူတို့က တစ်ကောင်နှင့်တစ်ကောင် အပြန်အလှန် ဖိနှိပ်ရန် ကြိုးစားနေကြသော်လည်း မည်သည့်ရလဒ်မှ မထွက်ပေါ်လာချေ။ အချိန်တစ်ခဏကြာပြီးနောက် အသံအားလုံးက တစ်ပြိုင်နက် ပျောက်ကွယ်သွားကြသည်။
***