သီရှီထျန်သည် သူ့အရှေ့မှ လက်အောက်ငယ်သားငါးယောက်ကို ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။ ဤတစ်ကြိမ် အောင်မြင်စွာ သူအဆင့်ချိုးဖြတ်သွားမှတော့ သူ၏ လက်အောက်ငယ်သားများသည် သူ့အနောက်မှာ ကျန်နေခဲ့လိမ့်မည် မဟုတ်ချေ။
“ အရှင်မင်းကြီး… မျိုးနွယ်ဝင်အားလုံး ချိုင့်ဝှမ်းထဲမှာ အခြေတကျဖြစ်သွားကြပါပြီ ”
ချီဟောင်သည် သားရဲဘုရင်အုပ်စုထဲတွင် အလိုအလျောက် ခေါင်းဆောင်ဖြစ်လာသည်။ သူ၏ အကျင့်စရိုက်က ရင့်ကျက်တည်ငြိမ်ပြီး သူ၏ ခွန်အားက သူတို့ငါးယောက်ထဲတွင် အသန်မာဆုံး ဖြစ်သည်။ သူက သားရဲဘုရင်ငါးယောက်၏ ခေါင်းဆောင်ဖြစ်ရန် အမှန်တကယ် အရည်အချင်းပြည့်မီသည်။ သီရှီထျန်၏ မေးခွန်းကို ကြားသောအခါ သူက ချက်ချင်း ပြန်ဖြေလိုက်သည်။
“ ဒါ့အပြင် ဒီရက်တွေမှာ ကျုပ်တို့က ယွမ်ထျန်းနဲ့အတူ ရှားပါးအပင်တွေကို အပြင်မှာ လိုက်လံရှာဖွေပြီး အရှင်မင်းကြီးရဲ့ ညွှန်ကြားချက်အတိုင်း ချိုင့်ဝှမ်းဆီ ပြောင်းရွှေ့စိုက်ပျိုးခဲ့ကြပါတယ်… အပင်စိုက်ပျိုးဖို့အတွက် ချိုင့်ဝှမ်းထဲက ကျယ်ပြန်တဲ့ နေရာတစ်နေရာကို သီးသန့်ဧရိယာအဖြစ် ဖွင့်လှစ်ခဲ့ပါတယ် ”
“ အရှင်မင်းကြီး… ကျုပ်တို့တွေ မျောက်မင်းဝိုင်ချက်လုပ်ဖို့အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းအားလုံးကို ရှာဖွေစုဆောင်းပြီးပါပြီ… ဝိုင်ကို ဘယ်အချိန်မဆို စတင်ချက်လုပ်နိုင်ပါပြီ ”
ယွမ်ထျန်းသည် သူဝိုင်ချက်လုပ်နိုင်ပြီဖြစ်ကြောင်း ပြောသည့်အခါ အလွန်စိတ်လှုပ်ရှားသွားသည်။ သူက လက်သည်းများဖြင့် ခန္ဓာကိုယ်ကို ကုတ်လိုက်ပြီး သီရှီထျန်ကို ပြောသည်။
ပိုင်စုစုနှင့် တခြားလူများသည်လည်း တစ်ပြိုင်နက် မျက်လုံးဝင်းလက်သွားကြသည်။
ဤအတောအတွင်းမှာ သူတို့သည် သီရှီထျန်ထံမှ ကျင့်ကြံခြင်းနည်းလမ်းအကြောင်း သင်ယူပြီးနောက် သူတို့စတင်မကျင့်ကြံမီ သီရှီထျန်၏ ညွှန်ကြားချက်အတိုင်း မျောက်မင်းဝိုင်ကို ပါးစပ်အပြည့် တစ်ငုံသောက်ကြသည်။ သူတို့သည် မျောက်မင်းဝိုင်ကို သောက်ပြီးမှ ကျင့်ကြံကြသည်။ ထိုနည်းဖြင့်ဆိုလျှင် သူတို့ကျင့်ကြံနေသည့်အချိန် ဝိညာဉ်ဝိုင်ထဲမှာ ပမာဏများပြားသော စွမ်းအင်အနှစ်သာရက ကိန်းအောင်းနေကြောင်း အပြည့်အဝ ခံစားမိကြလိမ့်မည်။ ထိုအခါ သူတို့၏ မိစ္ဆာစွမ်းအားက သိသိသာသာ တိုးပွားသွားသည်။
အထူးသဖြင့် ယွမ်ထျန်းဖြစ်သည်။ ယခု သူက စိတ်လှုပ်ရှားနေသကဲ့သို့ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်နေသည်။ သူက စိတ်ထဲမှာ တီးတိုးရေရွတ်လိုက်သည်။
‘ ငါဘာလို့ အတိတ်မှာ ဝိညာဉ်ဝိုင်ကို ဇွန်းခွက်ကြီးတွေနဲ့ ဗိုက်ပြည့်အောင် သောက်သုံးခဲ့တာလဲ… အဲ့ဒီလိုသောက်သုံးတာက ဝိညာဉ်ဝိုင်ရဲ့ စွမ်းအင်အနှစ်သာရ ရှစ်ဆယ်ရာခိုင်နှုန်းကို အလဟဿဖြစ်စေတယ်… အဲ့ဒါ ငါအသုံးမကျတာ… ငါသာ နည်းနည်းလောက် သိမ်းဆည်းထားခဲ့ပြီး ကျင့်ကြံနေရင်း အသုံးပြုမယ်ဆိုရင် အခု ငါ့ရဲ့ ကျင့်ကြံခြင်းက ဘယ်လောက် မြန်ဆန်နေလိုက်မလဲ ’
ထိုသို့စိတ်အခြေအနေကြောင့် ယခု သူက ဝိုင်ချက်လုပ်ရန် အလွန်စိတ်အားထက်သန်နေသည်။
“ ကောင်းပြီ ”
သီရှီထျန်က ချက်ချင်း မျက်လုံးဝင်းလက်သွားသည်။ မျောက်မင်းဝိုင်အပေါ် သူ၏ တန်ဖိုးထားမှုက ယွမ်ထျန်းနှင့် တခြားလူများထက် မလျော့ပေ။ ယခု စွမ်းအင်စုစည်းဆေးလုံးအားလုံးက ကုန်ဆုံးသွားပြီ ဖြစ်၏။ သို့ဖြစ်၍ သူ၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ချင်လျှင် နည်းလမ်းအသစ်ကို သူရှာဖွေရလိမ့်မည်။ ရှင်းလင်းစွာပင် သူ၏ ခေါင်းထဲမှာ စဉ်းစားမိသော နည်းလမ်းအသစ်က မျောက်မင်းဝိုင်ဖြစ်သည်။ မျောက်မင်းဝိုင်၏ အကျိုးသက်ရောက်မှုသည် စွမ်းအင်စုစည်းဆေးလုံးများထက် မလျော့ပေ။ အမှန်မှာ မျောက်မင်းဝိုင်က ပိုပြီးအားသာချက်ရှိသည်။
“ ယွမ်ထျန်း… မျောက်မင်းဝိုင်ကို ချက်လုပ်ဖို့ မင်းစတင်ပါ… မြန်မြန်လုပ်နိုင်လေ ပိုကောင်းလေပဲ… ပြီးတော့ ယင်းခုန်း… မင်းရဲ့ လူတွေကို ခေါ်ပြီး ချိုင့်ဝှမ်းအပြင်ဘက်မှာ သစ်သီးအမျိုးမျိုးကို လိုက်လံရှာဖွေပါ… ပြီးတော့ အဲ့ဒါတွေကို ချိုင့်ဝှမ်းဆီ သယ်လာပြီး ယွမ်ထျန်းကို ပေးလိုက်ပါ… ဝိညာဉ်ဝိုင်ချက်လုပ်ရာမှာ အသုံးပြုတဲ့ ဘယ်ကုန်ကြမ်းပစ္စည်းမဆို အဲ့ဒါကို ရှာတွေ့တာနဲ့ ချိုင့်ဝှမ်းဆီ ချက်ချင်း သယ်လာပါ ”
“ စုစု… မင်းရဲ့ မြွေမျိုးနွယ်စုက မြေကြီးပေါ်မှာ ရွေ့လျားတဲ့နေရာမှာ အားသာချက်ရှိတယ်… မင်းရဲ့ လူတွေကို ချိုင့်ဝှမ်းအပြင်ကို စေလွှတ်ပြီး ဂျင်ဆင်း၊ လင်ဇီး အစရှိတဲ့ ဆေးဖက်ဝင်အပင်တွေကို လိုက်ရှာဖွေခိုင်းပါ… ဝိညာဉ်ဆေးပင်မှန်တာနဲ့ ချိုင့်ဝှမ်းဆီ သယ်လာပါ… ချိုင့်ဝှမ်းထဲမှာ ဆေးဥယျာဉ်ဖွင့်လှစ်ဖို့ ငါရည်ရွယ်ထားတယ် ”
သီရှီထျန်သည် မျောက်မင်းဝိုင်ချက်လုပ်ရန်နှင့်ပတ်သက်၍ အမိန့်များ ပေးသည်။
ဆေးဥယျာဉ်သည် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှာ မရှိမဖြစ် လိုအပ်သည်။
သူ၏ အတိတ်ဘဝမှ အတွေ့အကြုံများအရ မည်သည့်အရာကိုမှ သူမမှီခိုနိုင်ကြောင်း သိသည်။ သူ့ကိုယ်သူသာလျှင် မှီခိုအားထားရမည်။ ဂျင်ဆင်း၊ လင်ဇီးအစရှိသော ဆေးဖက်ဝင်အပင်များကို သူ့ဘာသာ စိုက်ပျိုးနိုင်ပေသည်။ ဥယျာဉ်ထဲမှ ထိုဆေးပင်များ အရွယ်ရောက်သွားသည့်အခါ ယင်းတို့က မျိုးစေ့များကို ထုတ်လုပ်ပေးလိမ့်မည်။ ထိုမျိုးစေ့များဖြင့်ဆိုလျှင် နောက်ထပ် အပင်များကို သူတို့စိုက်ပျိုးနိုင်ကြလိမ့်မည်။
ထို့ပြင် ဆေးဥယျာဉ်ဖြင့်ဆိုလျှင် သူက ချိုင့်ဝှမ်းထဲမှာ ဆေးပင်အမျိုးမျိုးကို စုစည်းနိုင်လိမ့်မည်။ အနာဂတ်မှာ ယင်းတို့က အများကြီး အသုံးဝင်လာလိမ့်မည်။ ဥပမာ အကယ်၍ သူတို့က ဆေးပင်တစ်မျိုးမျိုး လိုအပ်လာသည့်အခါ တခြားနေရာများမှာ သွားရှာနေရန် မလိုအပ်တော့ပေ။
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ချီဟောင်နှင့် တခြားလူများသည် သီရှီထျန် အမိန့်ပေးမည်ကို မကြောက်ကြပေ။ ယင်းအစား သီရှီထျန် အမိန့်မပေးမည်ကို သူတို့က စိုးရိမ်ကြသည်။ သူတို့က အရှင်မင်းကြီး၏ အခက်အခဲများကို ကူညီပေးရန် ဆန္ဒရှိကြသည်။ သူတို့က အရှင်မင်းကြီးကို တစ်ယောက်တည်း ဒုက္ခမခံစေချင်ပေ။
“ အရှင်မင်းကြီး… ”
အမိန့်ကို လက်ခံပြီးနောက် ပိုင်စုစုသည် သီရှီထျန်ကို တုံ့ဆိုင်းစွာ ကြည့်လိုက်ပြီး ဂရုတစိုက် မေးသည်။
“ အရှင်မင်းကြီး အဆင့်ချိုးဖြတ်တာက… ”
သူက သီရှီထျန်၏ အဆင့်ချိုးဖြတ်မှုအကြောင်း မေးချင်သည်။ သီရှီထျန်ထံမှ ထုတ်လွှတ်နေသော အရှိန်အဝါက ယခင်ကထက် အဆပေါင်းများစွာ ပိုအားကောင်းနေပြီး ထိတ်လန့်ဖွယ်ကောင်းကြောင်း သူအာရုံခံမိသော်လည်း မသေချာသေးပေ။ ယင်းကို သူအတည်ပြုပြီးမှသာ စိတ်အေးနိုင်လိမ့်မည်။
ယင်းကို ကြားသောအခါ ချီဟောင်နှင့် တခြားလူများသည်လည်း စိတ်ဓာတ်တတ်ကြွသွားကြသည်။ သူတို့၏ မျက်လုံးထဲမှာ စိတ်လှုပ်ရှားမှု၊ မျှော်လင့်မှုဖြင့် ပြည့်နှက်သွားသည်။
“ အင်း… မဆိုးပါဘူး ”
သီရှီထျန်က ခေါင်းညိတ်လိုက်ပြီး ပြောသည်။
“ တံခါးပိတ်ကျင့်ကြံနေတဲ့အချိန် ငါအောင်အောင်မြင်မြင် အဆင့်ချိုးဖြတ်သွားပြီး မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာခဲ့တယ် ”
ထိုစကားကို ကြားသောအခါ ချီဟောင်နှင့် တခြားလူများက ပိုပြီးစိတ်လှုပ်ရှားသွားကြပြီး ဝမ်းသာပျော်ရွှင်သွားကြသည်။ သူတို့က သီရှီထျန်ကို ပိုပြီးရိုသေလေးစားစွာ ကြည့်လိုက်ကြသည်။ သူတို့က စကားအများကြီး မပြောကြပေ။ သူတို့က ဦးညွတ်ပြီးသည်နှင့် သီရှီထျန်၏ အမိန့်အတိုင်း ဆောင်ရွက်ရန် အသီးသီး ပြန်ထွက်သွားကြသည်။
“ ယွမ်ထျန်း… ဝိုင်ချက်လုပ်တဲ့ လှိုဏ်ဂူဆီ သွားရအောင် ”
သီရှီထျန်က ယွမ်ထျန်းကို ပြောသည်။ ယွမ်ထျန်းသည် ချက်ချင်း ဝမ်းသာစွာ ထခုန်လိုက်ပြီး အရှေ့မှ ဦးဆောင်သွားသည်။
သူတို့က ချိုင့်ဝှမ်းထဲမှာ မြန်ဆန်စွာ ရွေ့လျားသွားကြသည်။ မကြာမီ သူတို့က ဧရာမလှိုဏ်ဂူတစ်ခု၏ အရှေ့သို့ ရောက်သွားကြသည်။
ထိုလှိုဏ်ဂူကို သီရှီထျန်၊ ချီဟောင်နှင့် တခြားလူများက ပူးပေါင်းတူးဖော်ခဲ့ကြခြင်း ဖြစ်သည်။ လှိုဏ်ဂူ၏ အဝင်ပေါက်က အလွန်ကြီးမားသည်။ ယင်းက လူဆယ်ယောက် တစ်ပြိုင်နက်တည်း အထဲဝင်ရန် လုံလောက်သည်။
လှိုဏ်ဂူ၏ အရှေ့တွင် ခန္ဓာကိုယ်တောင့်တင်းကြံ့ခိုင်သော မျောက်ဝံဆယ်ကောင်က ရှည်လျားတုတ်ခိုင်သော သစ်သားတုတ်ကို လက်ထဲမှာ ကိုင်ဆောင်ထားကြသည်။ သူတို့အားလုံးသည် သတိကြီးစွာထား၍ ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် စောင့်ကြပ်နေကြသည်။ သေးငယ်သော လှုပ်ရှားမှုတစ်ခုသည်ပင် သူတို့၏ မျက်စိအောက်မှ မလွတ်မြောက်နိုင်ပေ။
သူတို့က လှိုဏ်ဂူ၏ ဘေးတစ်ဖက်စီတွင် ငါးယောက်တစ်ဖွဲ့စီ ရပ်နေကြသည်။ သူတို့က လှိုဏ်ဂူကို တင်းကျပ်စွာ စောင့်ကြပ်နေကြသည်။
သီရှီထျန်နှင့် ယွမ်ထျန်း ရောက်လာသည်ကို မြင်သောအခါ အစောင့်မျောက်ဝံများ၏ မျက်လုံးထဲမှာ ရိုသေလေးစားသော အကြည့် ထွက်ပေါ်လာသည်။ သူတို့က အမြန်အနောက်ဆုတ်သွားကြပြီး လမ်းဖယ်ပေးလိုက်ကြသည်။
လှိုဏ်ဂူထဲသို့ လျှောက်သွားသည့်အခါ လှိုဏ်ဂူက အလွန်ကျယ်ပြောကြောင်း မြင်တွေ့သွားသည်။ သူတို့က မီတာတစ်ရာကျယ်ပြောသော လမ်းကြောင်းအတိုင်း အရှေ့သို့ လျှောက်သွားကြသည်။ မကြာမီ မြေအောက်လှိုဏ်ဂူငယ်တစ်ခုက သူတို့၏ အရှေ့မှာ ထွက်ပေါ်လာသည်။ လှိုဏ်ဂူ၏ အလယ်တွင် အချင်းငါးမီတာကျယ်ဝန်းသော ရေကန်ငယ်တစ်ခု ရှိသည်။ ရေကန်၏ ဘေးတွင် မျောက်များသည် ကျောက်တုံးဖြင့် ပြုလုပ်ထားသော ထည့်စရာပစ္စည်းများကို သယ်ဆောင်ထားကြသည်။
ထိုကျောက်တုံးခွက်များထဲတွင် သန့်ရှင်းလတ်ဆတ်သော တောင်ကျရေနှင့် စမ်းရေကို သိုလှောင်ထားသည်။ ကျောက်တုံးခွက်များ၏ အပေါ်တွင် အေးစက်သော အဖြူရောင်အငွေ့က တလိပ်လိပ် ရစ်ခွေနေသည်။ တစ်စုံတစ်ယောက်သည် ထိုအဖြူရောင်အငွေ့နားသို့ ချဉ်းကပ်သွားသည့်အခါ အေးစိမ့်မှုကို ခံစားရလိမ့်မည်။
ဤအခိုက်အတန့်မှာ မျောက်များသည် ကျောက်တုံးခွက်များထဲမှ ရေကို ရေကန်ထဲသို့ လောင်းထည့်နေကြသည်။
မိစ္ဆာအသင်္ချေချိုင့်ဝှမ်းသည် တောင်ပိုင်းမြေရိုင်းဒေသထဲတွင် သဘာဝတရား၏ ကောင်းချီးပေးခြင်းခံထားရသော နေရာဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဤနေရာမှာ ဝိညာဉ်စွမ်းအားက အလွန်ပေါကြွယ်ဝသည်။ ထို့ပြင် တောင်တန်းများ၊ မြစ်ချောင်းများနှင့် ရေအေးကန်များလည်း ချိုင့်ဝှမ်းထဲမှာ ရှိကြသည်။ ရေအေးကန်ထဲမှ ရေသည် အရိုးခိုက်ခိုက်တုန်စေလုနီးပါး အေးစိမ့်သည်။
အေးစိမ့်သော တောင်ကျရေသည် မျောက်မင်းဝိုင်ချက်လုပ်ရာတွင် အဓိကအသုံးပြုသော ရေအမျိုးအစား ဖြစ်သည်။
ထို့ကြောင့် ယွမ်ထျန်းသည် ရေအေးကန်မှ ရေကို နေ့စဉ် သယ်ဆောင်ပြီး ဝိုင်ရေကန်ထဲသို့ သွန်းလောင်းပေးရန် သူ၏ မျောက်များကို တာဝန်ပေးခဲ့သည်။
မျောက်တချို့က ရေအေးကို သွန်းလောင်းပေးနေစဉ် မျောက်တချို့က အနံ့မွှေးကြိုင်သော ပန်းပွင့်များနှင့် ဆေးဖက်ဝင်အပင်များကို ရေကန်ထဲသို့ ပစ်ချနေကြောင်း သီရှီထျန် မြင်တွေ့သွားသည်။ ရေကန်ဘေးတွင် အရေအတွက်များပြားသော သစ်သီးများကို တောင်ကုန်းငယ်တစ်ခုပမာ စုပုံထားသည်။ ယင်းတို့အားလုံးက ရင့်မှည့်နေပြီး မကြာသေးခင်ကမှ ခူးထားသော သစ်သီးများ ဖြစ်ကြသည်။ ရှင်းလင်းစွာပင် ယွမ်ထျန်းသည် သီရှီထျန်၏ အမိန့်မရခင်ကတည်းက မျောက်မင်းဝိုင်ကို စတင်ချက်လုပ်နေခဲ့သည်။
ဝိုင်ရေကန်၏ အခြားတစ်ဖက်တွင် ဘူးသီးခြောက်အများအပြား ရှိကြသည်။ ဘူးသီးခြောက်၏ အတွင်းပိုင်းက ဗလာဖြစ်သည်။ ယင်းတို့ကို အနာဂတ်မှာ ဝိုင်သိုလှောင်ရန် အသုံးပြုကြလိမ့်မည်။
“ အရှင်မင်းကြီး… ကျွန်တော် ဒီရက်တွေမှာ ဝိုင်ကို စတင်ချက်လုပ်နေပါတယ်… ဒါပေမဲ့ ပထမအသုတ် မျောက်မင်းဝိုင်ကို ရရှိဖို့ အချိန်ကာလတစ်ခုတော့ စောင့်ရပါမယ် ”
ထိုကိစ္စနှင့်ပတ်သက်၍ ယွမ်ထျန်းသည်လည်း အကူအညီမဲ့နေသည်။
ဝိုင်ချက်လုပ်ခြင်းသည် စိတ်ရှည်သည်းခံရသော အလုပ်ဖြစ်သည်။ ယင်းကို တစ်နေ့တည်း တစ်ညတည်းဖြင့် မလုပ်ဆောင်နိုင်ပေ။ မျောက်မင်းဝိုင်သည် တခြားဝိုင်များထက် ပိုပြီးအချိန်ကြာသည်။ အဘယ်ကြောင့်ဆိုသော် မျောက်မင်းဝိုင်ထဲမှာ ပါဝင်သော ကုန်ကြမ်းပစ္စည်းများက တခြားဝိုင်များထက် ပိုမိုများပြားသောကြောင့်ပင်။ ထို့ကြောင့် ဝိုင်ချက်လုပ်ရသည့် အချိန်သည်လည်း ပိုပြီးကြာညောင်းသည်။
ယင်းက သေမျိုးလောကမှ လူသားများ သောက်သုံးကြသော အရက်ဖြူနှင့် ကွဲပြာခြားနားသည်။ အရက်ဖြူသည် ဆယ်ရက် သို့မဟုတ် လဝက်ခန့် အချဉ်ဖောက်ရုံဖြင့် လုံလောက်ပေသည်။
“ အချိန်ကြာတာက ကိစ္စမရှိပါဘူး… အရေးကြီးတာက မျောက်မင်းဝိုင်က ငါတို့မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အရေးကြီးဆုံး လျှို့ဝှက်ချက် ဖြစ်ရမယ်… အနာဂတ်မှာ အရေးကြီးကိစ္စမရှိရင် ဒီနေရာမှာပဲ အမြဲလိုလိုနေပါ ”
သီရှီထျန်သည် သူ့အရှေ့မှ မြင်ကွင်းကို ကြည့်လိုက်သည့်အခါ မျောက်မင်းဝိုင်ကို စတင်ချက်လုပ်နေပြီဖြစ်ကြောင်း သိသွားသည်။ သူက စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
သူက ယွမ်ထျန်းကို မျောက်မင်းဝိုင်ချက်လုပ်ရန် ယခင်ကတည်းက ပြောခဲ့သည်။ ထို့ကြောင့် မျောက်မင်းဝိုင်ချက်လုပ်ရာတွင် အဓိကအခက်အခဲက အချိန်ကြန့်ကြာမှုဖြစ်ကြောင်း သူသိထားသည်။
ဤနေရာမှာ ချက်လုပ်သော ဝိုင်ကို ပထမဝိုင်ဟု ခေါ်ကြမည်။ ပထမဝိုင် ပြီးမြောက်သွားပြီးနောက် နောက်တစ်ကြိမ် ဝိုင်ချက်လုပ်သည့်အခါ ကုန်ကြမ်းပစ္စည်းများကို ဝိုင်ရေကန်ထဲသို့ သာမန်ကာလျှံကာ ပစ်ထည့်နိုင်ကြလိမ့်မည်။ ယင်းကို ဆယ်ရက်မှ လဝက်ကြာသည်အထိ ချက်လုပ်ပြီးလျှင် သူတို့က သန့်စင်သော မျောက်မင်းဝိုင်ကို နောက်တစ်ကြိမ် ထုတ်လုပ်နိုင်ကြလိမ့်မည်။
အပြင်လောကတွင်တော့…
သီရှီထျန်နှင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှ တခြားမိစ္ဆာသားရဲများ၏ ရုတ်တရက် ယှဉ်ပြိုင်မှုက ကြီးမားသော ဆူပူအုံကြွမှုကို ဖြစ်ပေါ်စေခဲ့သည်။ ယင်းက တောင်တန်းဒေသအတွင်းမှ ကျင့်ကြံသူများကိုသာမက တောင်တန်းဒေသ၏ အပြင်ဘက်မှ ကျင့်ကြံသူများကိုလည်း အံ့ဩထိတ်လန့်စေသည်။
ကြောက်မက်ဖွယ်ကောင်းသော ဖိအားက တောင်တန်းဒေသတစ်ခုလုံးကို ဖုံးလွှမ်းသွားစဉ် ဤနေရာမှာ စုဝေးနေကြသော တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။
***