တောင်တန်းဒေသ၏ အပြင်ဘက်မှ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲတွင် ညီအကိုသုံးယောက်ပါဝင်သော အုပ်စုတစ်ခု ရှိသည်။ သူတို့၏ မျိုးရိုးနာမည်က ချင်ဖြစ်ပြီး အတိတ်မှာ သူတို့က သိုင်းပညာရှင်များ ဖြစ်ကြသည်။ သူတို့က ချူတိုင်းပြည်အတွင်းမှ ချင်တောင်တန်း၏ တောင်ခြေရွာလေးတစ်ရွာမှာ မွေးဖွားခဲ့ကြသည်။ ထိုအချိန်တွင် သူတို့၏ ရွာလေးသည် အသက်မွေးဝမ်းကျောင်းအတွက် ချင်တောင်တန်းကို မှီခိုခဲ့ရသည်။ ချင်ညီအကိုသုံးယောက်သည် တောင်တန်းပေါ်မှာ လှည့်ပတ်သွားလာနေရင်း ကံကောင်းထောက်မ၍ လှိုဏ်ဂူတစ်ခုကို ရှာတွေ့သွားကြသည်။ လှိုဏ်ဂူထဲတွင် မည်သည့်အချိန်ကမှန်းမသိ သေဆုံးနေသော အရိုးစုတစ်ခု ရှိသည်။
ထိုအရိုးစု၏ အရှေ့တွင် လက်နက်တချို့နှင့် ရှေးဟောင်းစာအုပ်တစ်အုပ် ရှိသည်။ မသေမျိုးကျင့်ကြံခြင်းလောကတွင် ထိုရှေးဟောင်းစာအုပ်က တန်ဖိုးကြီးမားသောအရာ မဟုတ်ပေ။ ယင်းက မသေမျိုးကျင့်ကြံခြင်းလမ်းစဉ်၏ အခြေခံဖြစ်သော ချီသန့်စင်ခြင်းကျင့်စဉ် ဖြစ်သည်။ ယင်း၏ နာမည်ကို “ သက်တော်ရှည်ကျင့်စဉ် ”ဟု ခေါ်သည်။
ယင်းက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားတွင် များသောအားဖြင့် မြင်တွေ့ရလေ့ရှိသော ကျင့်စဉ်တစ်ခုဖြစ်သည်။ ယင်းက “ အတွင်းအားကျင့်စဉ် ” သို့မဟုတ် အစစ်အမှန်ချီကို ကျင့်ကြံသော ကျင့်စဉ်မဟုတ်ပေ။ ယင်းအစား “ သက်တော်ရှည်ကျင့်စဉ် ”သည် ဝိညာဉ်အမြစ်ရှိသော ပုဂ္ဂိုလ်များသာ ကျင့်ကြံနိုင်သောအရာ ဖြစ်သည်။ ယင်းက ချီသန့်စင်ခြင်းနယ်ပယ် ကျင့်ကြံသူများကြားတွင် နာမည်ကျော်ကြားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
တစ်စုံတစ်ယောက်က ကျင့်စဉ်၏ အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်မည်ဆိုလျှင် ချီသန့်စင်ခြင်းနယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ ထို့ပြင် “ သက်တော်ရှည်ကျင့်စဉ် ”၏ အဓိကအားသာချက်သည် ဝိညာဉ်ချီကို မြန်ဆန်စွာ ပြန်ဖြည့်တင်းနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကတွင် အဆင့်နိမ့်ကျင့်ကြံသူအများအပြားက “ သက်တော်ရှည်ကျင့်စဉ် ”ကို ကျင့်ကြံကြသည်။
အံ့ဩဖွယ်ကောင်းသည့်အရာမှာ ချင်ညီအကိုသုံးယောက်စလုံးက ဝိညာဉ်အမြစ်ကို ပိုင်ဆိုင်ထားကြသည်။ သူတို့၏ ဝိညာဉ်အမြစ်က အရည်အသွေး အထူးမကောင်းမွန်သော်လည်း ဆိုးဝါးသည့်အထဲမှာ မပါပေ။ သူတို့တစ်ယောက်စီမှာ ဒြပ်စင်တစ်မျိုးစီ ရှိကြသည်။ အကိုအကြီးဆုံးမှာ သတ္ထုဒြပ်စင်ရှိပြီး ဒုတိယအကိုကြီးမှာ သစ်သားဒြပ်စင် ရှိသည်။ ညီအငယ်ဆုံးမှာတော့ မြေကြီးဒြပ်စင်ရှိသည်။ ညီအကိုသုံးယောက်သည် မတူညီသော ဒြပ်စင်တစ်မျိုးစီကို ပိုင်ဆိုင်ထားကြသည်။
အတိတ်မှာ သူတို့သည် စူးစမ်းသိလိုစိတ်ကြောင့် ရှေးဟောင်းစာအုပ်ထဲမှာ ဖော်ပြထားသော နည်းလမ်းအတိုင်း လိုက်လံလေ့ကျင့်ခဲ့ကြသည်။ သို့သော်လည်း မမျှော်လင့်ထားသည်မှာ ယင်းက သူတို့ကို ဝိညာဉ်ချီအား အာရုံခံနိုင်စေခဲ့သည်။ ယခု သူတို့အားလုံးက ချီသန့်စင်ခြင်းနယ်ပယ် အဆင့်ရှစ်သို့ ရောက်ရှိနေကြသည်။ ထို့ကြောင့် သူတို့ကို ချီသန့်စင်ခြင်းနယ်ပယ်၏ လက်ရွေးစင်ကျင့်ကြံသူများအဖြစ် သတ်မှတ်နိုင်ပေသည်။
ချူတိုင်းပြည်၏ တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများထဲတွင် ချင်ညီအကိုသုံးယောက်က အတော်အသင့် နာမည်ကျော်ကြားကြသည်။
ဤတစ်ကြိမ်တွင် သူတို့သည် လီမိသားစု၏ ဘိုးဘေးရတနာဖြစ်သော ဝိညာဉ်သံလိုက်အိမ်မြှောင်က တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ပျောက်ဆုံးသွားခဲ့ကြောင်း သတင်းကြားမိသွားကြသည်။ ထို့ကြောင့် သူတို့က အပျော်တမ်း ကံစမ်းကြည့်ရန်အလို့ငှာ အရေအတွက်များပြားသော ကျင့်ကြံသူများနှင့်အတူ တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ထွက်ခွာလာကြသည်။
ချင်ညီအကိုသုံးယောက်၏ နာမည်က ချင်ချီ၊ ချင်ရှန်းနှင့် ချင်ရှင်းတို့ ဖြစ်ကြသည်။ ချင်ချီက အကြီးဆုံးဖြစ်ပြီး ချင်ရှင်းက အငယ်ဆုံး ဖြစ်သည်။ သူတို့အားလုံး၏ ရုပ်ရည်က သာမန်ရွက်ကြမ်းရေကြိုဖြစ်ပြီး သူတို့က ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ သူတို့က ကျင့်ကြံသူများနှင့် လုံးဝ မတူကြပေ။
ထိုအကြောင်းပြောရလျှင် ထိုညီအကိုများဆီမှာ စိတ်ဝင်စားဖွယ်ကောင်းသော အကျင့်စရိုက်တစ်ခု ရှိသည်။ သူတို့က မသေမျိုးကျင့်ကြံခြင်းလောကတွင် လူထူးဆန်းများ ဖြစ်ကြသည်။
“ အကိုကြီး… တောင်ပေါ်မှာ ငှက်တွေ အော်မြည်နေတာကို ငါကြားတယ်… ငါ ငှက်အသားစားချင်တယ်… မနေ့ညက ငှက်ကင်စားတာ အရသာအရမ်းရှိတာပဲ ”
ချင်ရှင်းက စကားပြောလိုက်သည်နှင့် မျက်လုံးဝင်းလက်သွားသည်။ သူ၏ အာရုံကြောများက အလွန်ထူထဲလေရာ သူက မည်သည့်ဖိအားကိုမဆို လျစ်လျူရှုနိုင်သည့်အလားပင်။ အစောနက တောင်တန်းဒေသထဲမှာ ထွက်ပေါ်လာခဲ့သော ဖိအားက သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိဟန် ရ၏။
“ ဂွက် ”
ဒုတိယအကိုကြီးဖြစ်သော ချင်ရှန်းက သူ၏ ညီငယ်ကို ခေါင်းခေါက်လိုက်သည်။ သူက စိတ်ဆိုးမာန်ဆိုး ပြောသည်။
“ ငတုံးကောင်… မနေ့က ငါတို့စားတာ အတောင်ပံပါတဲ့ မြွေဟ… ငှက်မဟုတ်ဘူး ”
“ ဒါပေမဲ့ အဲ့ဒီမြွေမှာ အတောင်ပံပါတယ်လေ… အတောင်ပံပါတဲ့ အကောင်တွေက ငှက်တွေလို့ အကိုကြီးပဲ ပြောခဲ့တာ မဟုတ်ဘူးလား… မမှားနိုင်ဘူး ”
တတိယညီလေး ချင်ရှင်းက လုံးဝ သေချာသော အမူအရာဖြင့် ပြောသည်။
“ ဟုတ်သားပဲ… အဲ့ဒီမြွေမှာ အတောင်ပံပါတယ်… သူက ပျံသန်းနိုင်တယ်… အဲ့ဒီတော့ သူက ငှက်မဟုတ်ဘူးလား… အကိုကြီး… မနေ့က ငါတို့စားခဲ့တာ မြွေလား ငှက်လား”
ဒုတိယအကိုကြီးသည် ဇဝေဇဝါဖြစ်သော အမူအရာဖြင့် ချင်ချီကို ကြည့်လိုက်သည်။ သူက ရိုးသားစွာ မေးသည်။
" ငတုံးကောင်တွေ… အဲ့ဒီကောင်က မြွေလို ခန္ဓာကိုယ်ရှိပြီး သူ့မှာ ငှက်အတောင်ပံလည်း ပါတယ်… သူက မြွေအသံရော ငှက်အသံကိုရော ထုတ်လွှတ်နိုင်တယ်… အဲ့ဒီတော့ သူက မြွေငှက်မဟုတ်ဘူးလား ”
အကိုအကြီးဆုံးသည် သူ့ညီငယ်နှစ်ယောက်ကို ခေါင်းခေါက်လိုက်ပြီး ပြောသည်။
“ ဟုတ်တယ်… အကိုကြီးက ဉာဏ်အရှိဆုံးပဲ… အဲ့ဒါ မြွေငှက် ”
ဒုတိယအကိုကြီးနှင့် ညီအငယ်ဆုံးက ချက်ချင်း ဉာဏ်အလင်းပွင့်သွားကြသည်။
“ မင်းတို့က ဘာမဟုတ်တဲ့ကိစ္စကို ဆွေးနွေးနေကြတာလဲ… ငါဗိုက်ဆာလာပြီ… တောင်တန်းထဲဝင်ပြီး ငှက်တချို့ သွားဖမ်းရအောင် ”
ထိုသို့အော်ပြောပြီးနောက် ညီအကိုသုံးယောက်သည် တောင်တန်းထဲသို့ အပြေးအလွှား ဝင်သွားကြသည်။ သူတို့၏ ပြောစကားကို ကြားသွားသော လူများသည် ရယ်ချင်စိတ်ကို မနည်းချုပ်တည်းထားကြရသည်။ သူတို့သုံးယောက်သည် လူပြက်များ ဖြစ်ကြသည်။ သူတို့၏ အာရုံကြောများက အလွန်ထူထဲသော်လည်း သူတို့၏ ဦးနှောက်က အလွန်သေးငယ်သည်။ သူတို့သည် မည်သည့်အရာကို လုပ်ဆောင်ပါစေ ဦးနှောက်ကို အသုံးမပြုကြချေ။ ထို့ကြောင့် သူတို့သည် များသောအားဖြင့် တုံးအသော ကိစ္စအများကြီးကို လုပ်ဆောင်ကြသည်။
သို့သော် ထိုညီအကိုသုံးယောက်မှာ တမူထူးခြားသော အချင်းချင်းနားလည်မှု ရှိသည်။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုက အံ့ဖွယ်ကောင်းသည်။ သူတို့သည် အမည်မသိနေရာတစ်နေရာမှ အစီအရင်တစ်ခုကို သင်ယူခဲ့ကြသည်။ ထိုအစီအရင်ကို သူတို့အသုံးပြုလိုက်သည့်အခါ ပုံမှန်ထက် အများကြီး ပိုအစွမ်းထက်သွားသည်။ ထို့ကြောင့် လူအနည်းစုသာလျှင် ချင်ညီအကိုသုံးယောက်ကို ရန်ပြုဝံ့ကြသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့ပြဿနာရှာသည့်အခါ သာမန်လူများက သူတို့ကို မရင်ဆိုင်နိုင်ကြချေ။
ဥပမာ အတိတ်တွင် သူတို့သည် ကလေးငယ်တစ်ယောက်က သူတို့ကို ကြက်မ ကြက်ဥတွင် မည်သည်က အရင်ဖြစ်ကြောင်း မေးခဲ့သည်။ ထိုမေးခွန်းကြောင့် ချင်ညီအကိုသုံးယောက်သည် သုံးရက်သုံးညကြာအောင် စကားများခဲ့ကြသည်။ သို့တိုင် နောက်ဆုံးမှာ မည်သည့်အဖြေမှ မထွက်ပေါ်ခဲ့ပေ။ ယင်းက အလွန်သေးနုတ်သော ကိစ္စများထဲမှ တစ်ခုဖြစ်သည်။ ထိုထက် ပိုပြီးရယ်စရာကောင်းသော ကိစ္စများက အများကြီးရှိသည်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် သူတို့ကို ရှောင်ဖယ်ကြသည်။ ထိုညီအကိုသုံးယောက်က သူတို့အား ပြဿနာထဲသို့ ဆွဲခေါ်သွားမည်ကို သူတို့စိုးရိမ်ကြသည်။
“ ဘယ်လောက်သန်မာလိုက်တဲ့ အရှိန်အဝါလဲ… အဲ့ဒီအရှိန်အဝါတွေထဲက ဘယ်ဟာမဆို မင်းနဲ့ ငါ့ထက် သာလွန်တယ်… သူတို့က တောင်ပိုင်းမြေရိုင်းဒေသရဲ့ မိစ္ဆာသားရဲတွေဖြစ်နေမှာ ငါစိုးရိမ်တယ် ”
ကျိုးယွမ်ဖေးသည် တောင်တန်းဒေသထံမှ ထွက်ပေါ်လာသော အစွမ်းထက်ဖိအားကို ခံစားမိသွားသည်။ သူက မျက်နှာပျက်ယွင်းသွားသည်။ ထိုအရှိန်အဝါများထဲမှာ ကိန်းအောင်းနေသော စွမ်းအားက သူ့ထက် သာလွန်ကြောင်း ရှင်းလင်းစွာ သူအာရုံခံမိသည်။
သူ၏ မိစ္ဆာသုတ်သင်ဓားက အကန့်အသတ်မဲ့စွမ်းအားကို ပိုင်ဆိုင်ထားပြီး ယင်းက ဓမ္မရတနာတစ်ခုနှင့် နှိုင်းယှဉ်နိုင်သော်လည်း ထိုမျှများပြားလှသော မိစ္ဆာအရှိန်အဝါများကို သူအာရုံခံမိသွားခြင်းသည် အလွန်ဆိုးဝါးသောကိစ္စ ဖြစ်သည်။ အကယ်၍ သူတို့နှင့် သူရင်ဆိုင်ရသော် သူ့အတွက် အသက်အန္တရာယ်ရှိနိုင်သည်။ ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသက မည်မျှအန္တရာယ်များကြောင်း ကောင်းမွန်စွာ သူနားလည်သွားသည်။
“ ဂိုဏ်းတူအကိုကျိုး… အဲ့ဒီကျားဟိန်းသံရဲ့ အရှိန်အဝါက ကျားရဲတောင်တန်းဒေသထဲမှာ ညီမကြားခဲ့တဲ့ ကျားနဲ့ အရှိန်အဝါအတူတူပဲ… အဲ့ဒီကျားက ညီမတို့ရှာနေတဲ့ ကျားနက်ဖြစ်နိုင်တယ် ”
ယင်းကို မင်းသမီးချူယွမ်ကြားသောအခါ ကျားဟိန်းသံထဲမှ အစွမ်းထက်အရှိန်အဝါကြောင့် သူသည်လည်း အံ့ဩထိတ်လန့်သွားသည်။ သို့သော်လည်း ကျားနက်က ပိုပြီးသန်မာလေ ၎င်းကို သူပိုပြီးပိုင်ဆိုင်ချင်လေ ဖြစ်သည်။ သူက ကျားနက်ကို သူ၏ ဝိညာဉ်သားရဲအဖြစ် သိမ်းသွင်းရန် ဆန္ဒပြင်းပြနေသည်။
“ အမ် ”
ကျိုးယွမ်ဖေးသည် မြန်ဆန်စွာ မျက်မှောင်ကြုတ်လိုက်သည်။ သူက ကျားများကို အလိုအလျောက် ရွံရှာမုန်းတီးသည်။ အထူးသဖြင့် သီရှီထျန်၏ လက်ထဲမှာ ကြီးမားသော ဆုံးရှုံးမှုကို သူခံစားရပြီးနောက် ထိုမုန်းတီးမှုက ပိုပြီးကြီးမားလာသည်။
“ ဂိုဏ်းတူညီမယွမ် စိတ်ချပါ… အရင်တစ်ခေါက်က အဲ့ဒီကျားနက်ရဲ့ လက်ထဲမှာ အကိုရှုံးနိမ့်သွားခဲ့တယ်ဆိုပေမဲ့ အဲ့ဒါက ကျားနက်ဆီမှာ သန်စွမ်းတဲ့ ခွန်အားနဲ့ အံ့ဖွယ်ကောင်းတဲ့ တိုက်ခိုက်မှုရှိမယ်လို့ အကိုမမျှော်လင့်ထားခဲ့လို့ပါ… အဲ့ဒါကြောင့် အကို ဒဏ်ရာပြင်းထန်စွာ ရရှိသွားခဲ့တာပါ ”
ကျိုးယွမ်ဖေးက ယုံကြည်မှုရှိစွာ ပြောသည်။
“ ဒီတစ်ကြိမ် အကိုတို့ သေချာပြင်ဆင်လာခဲ့တယ်… ပြီးတော့ အကို့မှာ နဂါးဖမ်းကြိုးလည်း ရှိတယ်… နဂါးဖမ်းကြိုးကို အသုံးပြုမယ်ဆိုရင် အမြူတေဖွဲ့စည်းခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင် မလွတ်မြောက်နိုင်ဘူး… အဲ့ဒီကျားနက်က မိစ္ဆာသားရဲဖြစ်လာတယ်ဆိုရင်တောင် အကို့လက်ထဲကနေ မလွတ်မြောက်နိုင်ပါဘူး… အကို သူ့ကို ဖမ်းဆီးပြီးရင် ညီမကို မင်္ဂလာလက်ဖွဲ့အဖြစ် ပေးမယ် ”
နဂါးဖမ်းကြိုးအကြောင်း ပြောသည့်အခါ သူ၏ ယုံကြည်မှုက ပိုပြီးမြင့်မားသွားသည်။
နဂါးဖမ်းကြိုးမှာ မည်သည်နည်း။
ယင်းက အလွန်နာမည်ကျော်ကြားသော ရတနာဖြစ်သည်။ သူ့ဆရာသည် အတိတ်တွင် နတ်ဆိုးနဂါးရေကန်ထဲ၌ အလွန်ဆိုးသွမ်းသော နဂါးတစ်ကောင်ကို သတ်ဖြတ်ခဲ့သည်။ မှန်ပေသည်။ ၎င်းကို နဂါးဟု ခေါ်ဆိုသော်လည်း အမှန်မှာ ၎င်းက ရေနဂါးတစ်ကောင်သာ ဖြစ်သည်။ သူ့ဆရာသည် နဂါး၏ အရွတ်မျှင်များကို ဆွဲထုတ်၍ လျှို့ဝှက်နည်းလမ်းအများအပြားဖြင့် သန့်စင်ခဲ့သည်။ ထို့နောက် ယင်းက ရှားပါးသော ဓမ္မရတနာတစ်ခု ဖြစ်လာသည်။
နဂါးဖမ်းကြိုးသည် ရန်သူများကို ချည်နှောင်ရာတွင် အသုံးပြုသည်။ ရန်သူက ပိုပြီးရုန်းကန်လေ နဂါးဖမ်းကြိုး၏ ချည်နှောင်မှုက ပိုပြီးတင်းကျပ်လေ ဖြစ်သည်။ နောက်ဆုံးမှာ ရန်သူသည် အကူအညီမဲ့စွာ သတ်ဖြတ်ခံရလိမ့်မည်။
အတိတ်မှာ ကျိုးယွမ်ဖေးသည် သီရှီထျန်နှင့် တိုက်ခိုက်ခဲ့စဉ်အချိန်တွင် သီရှီထျန်၏ စွမ်းအားကို လျော့တွက်ခဲ့သည်။ ထို့ကြောင့် သူက ဓမ္မရတနာကို မထုတ်လွှတ်ဘဲ တိုက်ခိုက်ခဲ့သည်။ နောက်ဆုံးမှာ နှစ်ဖက်စလုံးက ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြပြီး သူက စိတ်ဓာတ်ပြတ်သားစွာ ထွက်ပြေးသွားခဲ့သည်။
“ ကောင်းတယ်… ဟိုးကို ကြည့်… တစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူတွေ တောင်တန်းထဲ ဝင်ရောက်ကုန်ကြပြီ ”
ကျိုးယွမ်ဖေး၏ စကားကို ကြားသောအခါ မင်းသမီးချူယွမ်က ဝမ်းသာပျော်ရွှင်သွားသည်။ သို့သော်လည်း သူ၏ အကြည့်က ထိုလေလွင့်ကျင့်ကြံသူများထံမှ မဖယ်ခွာသွားပေ။ ထိုလေလွင့်ကျင့်ကြံသူများသည် နောက်ဆုံးမှာ ဆုံးဖြတ်ချက်ချလိုက်ဟန် ရ၏။ သူတို့က အုပ်စုဖွဲ့၍ တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်သွားကြသည်။ ဝိညာဉ်သံလိုက်အိမ်မြှောင်၏ ဆွဲဆောင်မှုက သူတို့အပေါ် အလွန်ကြီးမားသည်။
လူများသည် ကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်ကျက်သရေအတွက် အသက်စွန့်စားရန် ဝန်မလေးကြချေ။ ထိုတစ်ကိုယ်တော်လေလွင့်ကျင့်ကြံသူများသည် သူတို့၏ အနာဂတ် ကောင်းစားရေးအတွက် ရှိရှိသမျှ သတ္တိကို စုဝေး၍ တောင်တန်းဒေသထဲသို့ ဝင်ရောက်သွားကြသည်။
“ သွားကြစို့… သူတို့နောက်ကနေ လိုက်သွားမယ်ဆိုရင် ကျားနက်ရဲ့ သဲလွန်စကို အကိုတို့ ရှာတွေ့နိုင်လောက်တယ် ”
ကျိုးယွမ်ဖေးက စိတ်ဓာတ်ပြတ်သားစွာ ပြောသည်။ သူက ကျောနောက်မှ ဓားကို လက်ညှိုးညွှန်လိုက်သည်။
“ ရွှီး ”
သူ၏ ကျောနောက်မှ မိစ္ဆာသုတ်သင်ဓားသည် ဓားအိမ်မှ ပျံသန်းထွက်သွားပြီး လေထဲမှာ မျောလွင့်သွားသည်။ ဓားခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အလျင်နှင့်အတူ အရွယ်အစား ကြီးမားသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာ ဓားက ဧရာမအရွယ်အစားသို့ ကြီးမားသွားသည်။ သူတို့နှစ်ယောက်သည် ဧရာမဓားပေါ်သို့ ခုန်တတ်လိုက်ကြသည်။ နောက်အခိုက်အတန့်မှာ ဓားသည် အလွန်မြန်ဆန်သော အလျင်ဖြင့် သူတို့ကို တောင်ပိုင်းမြေရိုင်းဒေသဆီသို့ ခေါ်ဆောင်သွားသည်။
ဤအခိုက်အတန့်မှာ တောင်ပိုင်းမြေရိုင်းဒေသသည် မုန်တိုင်းအစပျိုးတော့မည့်နေရာ ဖြစ်လာသည်။
***