ယင်းက မျက်မှောက်ခေတ် မိစ္ဆာမျိုးနွယ်စု၏ အခြေအနေဖြစ်သည်။ လက်ရှိတွင် ခရမ်းရွှေကုန်းမြေကို လူသားမျိုးနွယ်က အုပ်ချုပ်နေသည်။ ကျင့်ကြံသူများသည် မိစ္ဆာမျိုးနွယ်စုကို တဖန် ပြန်မြင့်တတ်ရန် အခွင့်အရေးမပေးချင်ပေ။ အမြူတေဓာတ်လုံးကို ဖွဲ့စည်းထားသော မိစ္ဆာတစ်ကောင်၏ တည်ရှိမှုက မသေမျိုးကျင့်ကြံလောကမှ တန်ခိုးရှင်များ၏ အာရုံစိုက်မှုကို ဖမ်းစားနိုင်သည်။ ယင်းက ထိုတန်ခိုးရှင်များကို ဖိတ်ခေါ်လိုက်ခြင်းနှင့် မခြားပေ။ မည်သို့ဖြစ်ပါစေ မိစ္ဆာတစ်ကောင်၏ အမြူတေဓာတ်လုံးက မသေမျိုးကျင့်ကြံခြင်းလောကတွင် အလွန်တန်ဖိုးကြီးမားသည်။ အမြူတေဓာတ်လုံးကို ဆေးဖော်စပ်ရာတွင်လည်းကောင်း သို့မဟုတ် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ရာတွင်လည်းကောင်း အသုံးပြုနိုင်ပေသည်။
ထို့ကြောင့် မသေမျိုးကျင့်ကြံခြင်းလောကမှ တန်ခိုးရှင်များသည် အစွမ်းထက်မိစ္ဆာတစ်ကောင်၏ တည်ရှိမှုကို ကြားသိသည်နှင့် သူတို့၏ အပေါင်းအဖော်များကို ချက်ချင်း အကြောင်းကြား၍ ထိုမိစ္ဆာကို သုတ်သင်ကြလိမ့်မည်။
သူတို့က ယင်းကို ဝန်မခံချင်လျှင်ပင် မျက်မှောက်ခေတ်တွင် မိစ္ဆာမျိုးနွယ်စုက အလွန်ဆိုးဝါးသော အခြေအနေမှာ တည်ရှိနေ၏။ ယင်းက မည်သူမှ မငြင်းဆန်နိုင်သော အမှန်တရား ဖြစ်သည်။
ထိုအမျိုးသမီးဆီမှာ တောင်ပိုင်းမြေရိုင်းဒေသထဲမှ ကျင့်ကြံသူအားလုံးကို သုတ်သင်ပစ်နိုင်သော အစွမ်းရှိသည်။ သို့သော် ထိုသို့သူလုပ်ဆောင်လျှင် နောက်ဆက်တွဲအနေနှင့် မည်သို့ဖြစ်လာမည်နည်း။ အများဆုံး သူက အငယ်များကို အနိုင်ယူပြီး အကြီးများကို ရန်ပြုမိလိမ့်မည်။ ထို့နောက် မသေမျိုးကျင့်ကြံခြင်းလောက၏ တန်ခိုးရှင်များ ရောက်လာသည့်အခါ တောင်ပိုင်းမြေရိုင်းဒေသကို မဆိုထားနှင့် သူ့ကိုယ်သူပင် ကာကွယ်နိုင်လိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူလှုပ်ရှားခြင်းက ဝင်ကူညီခြင်း မဟုတ်ပေ။ ယင်းအစား သူအပါအဝင် တောင်ပိုင်းမြေရိုင်းဒေသထဲမှ သက်ရှိသတ္တဝါအားလုံးကို ကပ်ဘေးကျရောက်စေလိမ့်မည်။
သူ၏ နှလုံးသားထဲမှ အတွေးများကို မည်သူနားလည်ပေးနိုင်မည်နည်း။
ယင်းကို ဇာမဏီငှက်ကြားသောအခါ သူက မျက်တောင်ပေကလပ်ပေကလပ် ပြုလုပ်လိုက်သည်။ အမျိုးသမီး၏ စကားကို သူနားမလည်ပေ။ သူက ခေါင်းလှည့်လိုက်ပြီး တစ်ခဏကြာ တွေးလိုက်သည်။ ထို့နောက် သူက ပြောသည်။
“ မမပြောတာကို ကျူးအာ နားမလည်ဘူး… မမက မလှုပ်ရှားဘူးဆိုရင် အဲ့ဒီမသေမျိုးကျင့်ကြံသူတွေကို သင်ခန်းစာပေးဖို့ အနံ့ဆိုးကျီးကန်းကို ငါသွားရှာပြီး အကူအညီတောင်းမယ်… အဲ့ဒီကျင့်ကြံသူတွေ တောင်တန်းဒေသထဲက ငါတို့အမျိုးအနွယ်တွေကို သတ်ရဲမလား ကြည့်မယ် ”
ဇာမဏီငှက်သည် စကားဆုံးသည်နှင့် အတောင်ပံဖြန့်လိုက်ပြီး အကြိမ်ရေအနည်းငယ်ခတ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်က အနီရောင်မီးတောက်ပမာ ပြောင်းလဲသွားပြီး ချိုင့်ဝှမ်းအပြင်ဘက်သို့ မြန်ဆန်စွာ ပျံသန်းသွားသည်။ သူ၏ အလျင်က အလွန်မြန်ဆန်သည်။ အကယ်၍ သာမန်လူတစ်ယောက်က ဤနေရာမှာ ရှိနေမည်ဆိုလျှင် မီးတောက်တစ်ခုက လေထဲမှာ ပျံသန်းသွားကြောင်း မြင်ရလိမ့်မည်။ ယင်းက သူတို့ကို သေချာပေါက် ဇဝေဇဝါဖြစ်စေလိမ့်မည်။
“ ဒီကျူးအာကတော့… ”
ယင်းကို မြင်သောအခါ အမျိုးသမီးက ညင်သာစွာ ခေါင်းယမ်းလိုက်သည်။
ထိုအချိန်တွင် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲ၌…
သီရှီထျန်သည် ဆေးဥယျာဉ်ဖွင့်လှစ်ရန်အလို့ငှာ ချီဟောင်နှင့် တခြားလူများအား ဂျင်ဆင်း၊ လင်ဇီးနှင့် တခြားဆေးဖက်ဝင်အပင်များကို ချိုင့်ဝှမ်းအပြင်မှာ လိုက်လံရှာဖွေစေသည်။ ထို့နောက် အပင်များကို ချိုင့်ဝှမ်းထဲမှာ ပြောင်းရွှေ့စိုက်ပျိုးစေမည်။
ယွမ်ထျန်းသည်တော့ သူ၏ မျောက်အုပ်စုနှင့်အတူ မျောက်မင်းဝိုင်ကို ပျော်ရွှင်စွာ ချက်လုပ်နေသည်။ သူ၏ ချိုင့်ဝှမ်းထဲမှ သားရဲများက လမ်းကြောင်းမှန်အတိုင်း ဆက်သွားနေကြောင်း သီရှီထျန် အတည်ပြုပြီးနောက် သူ၏ လှိုဏ်ဂူဆီသို့ ပြန်သွားပြီး စတင်ကျင့်ကြံလိုက်သည်။
မည်သို့ဖြစ်ပါစေ သူက မိစ္ဆာစံအိမ်ကို မကြာသေးခင်ကမှ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် မိစ္ဆာစံအိမ်ကို သူ့ဘာသာ စူးစမ်းလေ့လာရန် သူအချိန်ပေးရလိမ့်မည်။
“ အခု ငါက မိစ္ဆာသားရဲတစ်ကောင်ဖြစ်လာပြီး မိစ္ဆာစံအိမ်ကို ဖွင့်လှစ်ပြီးသွားပြီ… ငါ့ရဲ့ ကျင့်ကြံခြင်းက အုတ်မြစ်ချပြီးသွားပြီ… ဆေးလုံးတွေနဲ့ မျောက်မင်းဝိုင်ရဲ့ အကူအညီနဲ့ဆိုရင်… ပြီးတော့ တခြားသားရဲတွေဆီမှာ မရှိတဲ့ အသိဉာဏ်ရယ်၊ သွေးမျိုးဆက်အမွေအနှစ်နဲ့ဆိုရင် ငါ့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းက တခြားမိစ္ဆာသားရဲတွေထက် ပိုမြန်ဆန်နေလိမ့်မယ်… ဒါပေမဲ့ ငါအပျင်းခိုနေလို့ မဖြစ်ဘူး… နောက်တစ်ဆင့်ကို ငါတတ်လှမ်းချင်တယ်ဆိုရင် အလုပ်ကြိုးစားရမယ်… ပြီးတော့ ပြင်ပအကူအညီတွေကို လျစ်လျူရှုလို့ မဖြစ်ဘူး ”
သီရှီထျန်သည် သူ၏ မိစ္ဆာအာရုံကို မိစ္ဆာစံအိမ်ဆီသို့ စေလွှတ်လိုက်ပြီး မိစ္ဆာစံအိမ်၏ အလယ်မှ မိစ္ဆာသန့်စင်ခြင်းမီးဖိုကို ကြည့်လိုက်သည်။ မိစ္ဆာစံအိမ်က အဆက်မပြတ် လှည့်ပတ်နေပြီး မိစ္ဆာအရည်က ဆေးမီးဖို၏ အောက်ခြေကိုသာ ဖုံးလွှမ်းထားသည်။ သူက နောက်တစ်ဆင့်သို့ ချိုးဖြတ်ချင်လျှင် မိစ္ဆာအရည်က ဆေးမီးဖိုတစ်ခုလုံး၌ ပြည့်လျှံနေရမည်။ ထိုအချိန်ကျလျှင် သူ၏ မိစ္ဆာအရည်က နောက်တစ်ကြိမ် သိပ်သည်းသွားပြီး အမြူတေဓာတ်လုံးအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။
မိစ္ဆာသားရဲမဖြစ်လာခင်မှာ သူက ပြင်ပအကူအညီများကြောင့် ကျင့်ကြံရာတွင် လွယ်ကူမြန်ဆန်ခဲ့သည်။ သို့သော်လည်း နောက်တစ်ဆင့်သည် ရှေ့တစ်ဆင့်ထက် အများကြီး ပိုမိုခက်ခဲသည်။ အကယ်၍ သူက ပုံမှန်အတိုင်း ကျင့်ကြံမည်ဆိုလျှင် အနှစ်တစ်ရာ သို့မဟုတ် အနှစ်တစ်ထောင်ကြာသွားလျှင်ပင် အမြူတေဓာတ်လုံးကို ဖွဲ့စည်းနိုင်လိမ့်မည် မဟုတ်ချေ။
မှန်ပေသည်။ သီရှီထျန်သည်လည်း အနှစ်တစ်ရာ အနှစ်တစ်ထောင်အထိ ကျင့်ကြံရန် ဆန္ဒမရှိပေ။
“ ကျီး ”
သီရှီထျန်က တွေးတောနေစဉ် မိစ္ဆာအသင်္ချေချိုင့်ဝှမ်းနှင့် မနီးမဝေးတွင် စူးရှကျယ်လောင်သော ငှက်အော်သံက ထွက်ပေါ်လာသည်။ ထိုအော်သံထဲမှာ မုန်းတီးမှုနှင့် ကြောက်ရွံ့မှုက ကိန်းအောင်းနေသည်။
“ ဟမ်… အဲ့ဒါ ယင်းခုန်းရဲ့ အော်သံပဲ… အသံကို နားထောင်ရတာ သူတိုက်ခိုက်နေတဲ့ပုံပဲ… မဟုတ်မှ သူအန္တရာယ်ကြုံနေတာလား ”
သီရှီထျန်သည် ယင်းခုန်း၏ အော်သံကြောင့် သူ့ဘာသာ အတွေးများနေရာမှ ချက်ချင်း ပြန်နိုးလာသည်။ သူက လှိုဏ်ဂူထဲမှာ ရပ်လိုက်သည်။ အသံထဲမှာ ကိန်းအောင်းနေသော ကြောက်ရွံ့မှုအရ ယင်းခုန်းက အန္တရာယ်တစ်စုံတစ်ရာကို တွေ့ကြုံနေရဟန် ရ၏။
“ ရှဲ ရှဲ ”
မကြာသေးခင်က ယင်းခုန်းနှင့် ပိုင်စုစုသည် ဆေးပင်များနှင့် သစ်သီးပင်များ ရှာဖွေရန် ချိုင့်ဝှမ်းအပြင်သို့ ထွက်သွားကြသည်။ ယခု ကြည့်ရသည်မှာ သူတို့က အန္တရာယ်တစ်စုံတစ်ရာနှင့် တွေ့ကြုံနေဟန် ရ၏။ ထို့ကြောင့် သူတို့က အကူအညီတောင်းသော အော်သံကို ထုတ်လွှတ်လိုက်ကြခြင်း ဖြစ်သည်။
“ ဝှစ် ”
သီရှီထျန်သည် နောက်ထပ် စဉ်းစားမနေပေ။ သူက အနောက်ခြေထောက်နှစ်ချောင်းဖြင့် မြေကြီးကို ကန်ကျောက်လိုက်လေရာ မြေကြီးပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။ ထို့နောက် သူက အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။ အနက်ရောင်အလင်းက လေထဲမှာ ရွေ့လျားသွားသည်။ သူက လှိုဏ်ဂူထဲမှ ထွက်သွားပြီး ချိုင့်ဝှမ်းအပြင်သို့ ဦးတည်နေသော လှိုဏ်ခေါင်းဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။
သူက အော်သံများ ထွက်ပေါ်လာသော နေရာဆီသို့ ဦးတည်သွားနေရင်း အမြန်တွေးတောလိုက်သည်။
“ မိစ္ဆာသားရဲအဖြစ် ငါအဆင့်ချိုးဖြတ်သွားတဲ့အချိန်မှာ ငါ့ရဲ့ မိစ္ဆာအာရုံကို သုံးပြီး ချိုင့်ဝှမ်းရဲ့ ဘေးပတ်ဝန်းကျင်ကို စစ်ဆေးကြည့်ခဲ့တယ်… မိစ္ဆာအသင်္ချေချိုင့်ဝှမ်းရဲ့ အနီးနားမှာ အစွမ်းထက်တဲ့ ဘာဝိညာဉ်သားရဲမှ မရှိဘူး… အခု စုစုနဲ့ ယင်းခုန်းက တစ်ပြိုင်နက်တည်း အန္တရာယ်ကြုံနေကြတယ်… မဟုတ်မှ အရင်တစ်ခေါက်က ကြွက်စုတ်တွေ အမှတ်မရှိသေးဘဲ နောက်တစ်ကြိမ် ပြန်ရောက်လာတာလား ”
သူက ယင်းခုန်းနှင့် ပိုင်စုစုကို ခြိမ်းခြောက်နိုင်သောအရာက မြေအောက်ထဲမှ ကြွက်အုပ်စုဖြစ်နိုင်သည်ဟု စိတ်ထဲမှာ ခန့်မှန်းလိုက်သည်။ အထူးသဖြင့် ကြွက်မျိုးနွယ်စု၏ ဘုရင်ဖြစ်သည်။ သူ၏ ခုခံကာကွယ်မှုက ဝိညာဉ်သားရဲများထဲမှာ ပြိုင်ဘက်ကင်းသည်ဟု ဆိုနိုင်သည်။ ထို့ပြင် ၎င်းက မြေအောက်ထဲမှာ ပုန်းအောင်းနေလေရာ မြေပြင်ပေါ်မှ သားရဲများကို အခက်တွေ့စေသည်။ ၎င်းက သီရှီထျန်အတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်သည်။
သူက ယခုမှ မိစ္ဆာသားရဲဖြစ်လာလေရာ ကြွက်ဘုရင်ကို ရင်ဆိုင်ဖြေရှင်းရန် အချိန်မပေးနိုင်သေးပေ။ မကြာမီ သူက မြေအောက်ထဲမှ ထိုကြွက်အုပ်စုကို ရှာဖွေရန် နည်းလမ်းတစ်ခု စဉ်းစားလိမ့်မည်။
ထိုကြွက်အုပ်စုပိုင်ဆိုင်ထားသော အဝါရောင်အလင်းလွှာက သာမန်မဟုတ်ကြောင်း အလိုအလျောက် သူခံစားမိသည်။
သူက စိတ်ထဲမှာ တွေးတောနေရင်း မြန်ဆန်စွာ ပြေးနေသည်။ မကြာမီ သူ၏ ဦးတည်ရာဆီသို့ ရောက်သွားတော့မည့်အချိန် တိုက်ပွဲသံများနှင့် အော်သံများက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
“ မြန်မြန်… သံမဏိနွယ်ကို သုံးပြီး အဲ့ဒီမြွေဖြူကို ချည်နှောင်ကြစမ်း… ဒီလိုဝိညာဉ်သားရဲကို ဈေးမှာ ရောင်းမယ်ဆိုရင် အနည်းဆုံး ဝိညာဉ်ကျောက်တုံးတစ်ထောင် တန်ကြေးရလိမ့်မယ်… အဲ့ဒီကောင်ကို ငါတို့ဖမ်းမိရင် အနာဂတ်မှာ ကျင့်ကြံဖို့ ဝိညာဉ်ကျောက်တုံးတွေ ပြတ်လပ်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး ”
စိတ်လှုပ်ရှားသော အော်သံက သူ၏ အရှေ့မှ ထွက်ပေါ်လာသည်။ ယင်းက လူသားတစ်ယောက်၏ အသံဖြစ်သည်။ ရှင်းလင်းစွာပင် ရန်သူက ဤတောင်တန်းဒေသထဲသို့ ဝင်ရောက်လာသော မသေမျိုးကျင့်ကြံသူများ ဖြစ်ကြသည်။
“ အပေါ်က လင်းတကိုလည်း သတိထားဦး… အဲ့ဒီကောင်ကို ဖမ်းပြီး ရောင်းချရင် မြွေဖြူထက်တောင် ဈေးပိုရနိုင်တယ်… တောင်ပိုင်းမြေရိုင်းဒေသက ငါတို့လို လေလွင့်ကျင့်ကြံသူတွေအတွက် မြင့်မြတ်ကုန်းမြေလို့ ပြောဖို့ တကယ်ပဲ ထိုက်တန်ပါတယ် ”
နောက်ထပ် ကျင့်ကြံသူတစ်ယောက်က ပြောသည်။
ထိုလူများ၏ ပြောစကားကို သီရှီထျန်ကြားသောအခါ သူ၏ အကြည့်က အေးစက်သွားသည်။ သူဆီမှာ ကျင့်ကြံသူများအပေါ် မည်သည့်အခါမှ ကောင်းမွန်သောအမြင် မရှိပေ။ လေလွင့်ကျင့်ကြံသူအများအပြားက ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ရန် သို့မဟုတ် ဝိညာဉ်ရတနာများ ရှာဖွေရန် တောင်ပိုင်းမြေရိုင်းဒေသထဲသို့ ဝင်ရောက်ကြလေ့ရှိကြောင်း အစောကြီးကတည်းက သူသိထားသည်။ သို့သော်လည်း အတိတ်မှာ သူက အမြန်အဆင့်ချိုးဖြတ်ရန်နှင့် တောင်ပိုင်းမြေရိုင်းဒေသထဲမှာ နေရာတစ်နေရာ လိုချင်သောကြောင့် ပြင်ပကိစ္စများကို ယာယီလျစ်လျူရှုထားခဲ့သည်။
သူသည် ချိုင့်ဝှမ်းထဲမှ တစ်ခါမှ အပြင်မထွက်ဖူးပေ။ တောင်ပိုင်းမြေရိုင်းဒေသအပေါ် သူ၏ နားလည်သဘောပေါက်မှုက ချီဟောင်နှင့် တခြားလူများထက်ပင် နည်းပါးသည်။
ထို့ကြောင့် ဤတောင်တန်းဒေသထဲမှာ ကျင့်ကြံသူများရှိကြောင်း သူသိထားသော်လည်း သူတို့ကို သူ့မျက်စိဖြင့် ကိုယ်တိုင်မမြင်ဖူးပေ။
တောင်ပိုင်းမြေရိုင်းဒေသထဲမှာ ကျင့်ကြံသူများကို ပထမဆုံးအကြိမ် သူတွေ့ဆုံခြင်းက သူ၏ လက်အောက်ငယ်သားများကြောင့် ဖြစ်လိမ့်မည်ဟု သီရှီထျန် မမျှော်လင့်ထားပေ။ ထိုကိစ္စနှင့်ပတ်သက်၍ ငိုရမည်လော ရယ်ရမည်လော သူမသိပေ။
သို့တိုင် သီရှီထျန်သည် ပိုင်စုစုနှင့် ယင်းခုန်းအား မသေမျိုးကျင့်ကြံသူများက ဖမ်းဆီးခေါ်ဆောင်သွားသည်ကို ထိုအတိုင်း ခွင့်ပြုပေးလိမ့်မည် မဟုတ်ချေ။ တိုက်ပွဲမြေပြင်နှင့် ဆယ်မီတာအကွာအဝေးသို့ ရောက်ရှိသွားသည့်အခါ သူက အလျင်အကုန်သုံး၍ အရှေ့သို့ လွှားခနဲ ခုန်လိုက်သည်။
တိမ်တိုက်သည် နဂါးနောက်သို့ လိုက်၏။ လေသည် ကျားနောက်သို့ လိုက်၏။ သူတစ်ချက်ခုန်လိုက်သည့်အခါ လေကြမ်းက သူ၏ အနောက်မှ ဝေါခနဲ လိုက်ပါလာသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် သစ်ပင်များနှင့် ပန်းပင်များက လေတိုက်ခတ်မှုကြောင့် လှုပ်ခါသွားကြသည်။
“ ဗုန်း ”
သီရှီထျန်သည် မြေကြီးပေါ်သို့ ကြမ်းတမ်းစွာ ခုန်ဆင်းလိုက်သည်။ ကြီးမားသော အင်အားကြောင့် သူ၏ ခြေဖဝါးအောက်မှ မြေကြီးပေါ်မှာ အက်ကွဲရာများ ထွက်ပေါ်လာသည်။ အက်ကွဲရာများသည် သူ့ကို ဗဟိုပြု၍ ပင့်ကူအိမ်သဖွယ် ပျံ့ပွားသွားသည်။ ယင်းက အလွန်ကြောက်စရာကောင်းသည်။
သီရှီထျန်သည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ့အရှေ့သို့ လှမ်းကြည့်လိုက်သည်။ သူ၏ အရှေ့တွင် ကျယ်ပြောသော မြေကွက်လပ်တစ်ခု ရှိသည်။ ထိုနေရာတွင် သစ်ပင်ကြီးများ အနည်းငယ်သာ ရှိ၏။ မြေကွက်လပ်ထဲတွင် မတူညီသော ဝတ်စုံကို ဝတ်ဆင်ထားကြသော ကျင့်ကြံသူအများအပြားက သူ့အရှေ့မှာ ထွက်ပေါ်လာကြသည်။
စုစုပေါင်း ကျင့်ကြံသူငါးယောက် ရှိကြသည်။ အမျိုးသားသုံးယောက်နှင့် အမျိုးသမီးနှစ်ယောက် ဖြစ်ကြသည်။ အမျိုးသားသုံးယောက်ထဲတွင် တစ်ယောက်က အဖိုးအိုဖြစ်ပြီး အခြားတစ်ယောက်က သက်လတ်ပိုင်းအရွယ်မှာ ဖြစ်သည်။ နောက်ဆုံးတစ်ယောက်က အသက်နှစ်ဆယ်သာရှိသေးသော လူငယ်ဖြစ်သည်။
အမျိုးသမီးနှစ်ယောက်တွင်မူ တစ်ယောက်က အလွန်ဆွဲဆောင်မှုရှိသည်။ သူ၏ ခန္ဓာကိုယ်ကို အလွန်ပါးလွှာသော ဇာဝတ်စုံဖြင့် ဖုံးအုပ်ထားသည်။ သို့ဖြစ်၍ သူလှုပ်ရှားလိုက်သည့်အခါတိုင်း အဖြူရောင်အသားအရေက ဇာဝတ်စုံအောက်မှာ မထင်မရှား ထွက်ပေါ်လာသည်။ ယင်းက ပုရိသယောင်္ကျားများကို တံတွေးမျိုချစေရန် ပါးစပ်ခြောက်ကပ်စေသည်။ အထူးသဖြင့် သူ၏ မို့မောက်သော ရင်ဘက်ဖြစ်သည်။ သူ၏ ရင်ဘက်က အလွန်ဖွင့်ထွားလေရာ တောင်နှစ်လုံးက ဝတ်စုံအပြင်သို့ အချိန်မရွေး ခုန်ထွက်လာတော့မည့်အလား အောက်မေ့ရ၏။
အခြားတစ်ယောက်က အသက်ခြောက်ဆယ်ခန့်ရှိသော အဖွားအိုဖြစ်သည်။ သူ၏ မျက်နှာပေါ်မှာ အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည်။
ကျင့်ကြံသူများဆီမှာ သာမန်လူများထက် ပိုရှည်လျားသော သက်တမ်းရှိသည်။ သို့သော် အကယ်၍ သူတို့က အမြူတေဖွဲ့စည်းခြင်းနယ်ပယ်သို့ မရောက်သေးလျှင် ဇရာအိုမင်းသောဒဏ်ကို လွန်ဆန်နိုင်ဦးလိမ့်မည် မဟုတ်ချေ။ သူတို့သည် အချိန်၏ ယိုယွင်းတိုက်စားမှုကို မခုခံနိုင်ကြချေ။
ထို့ကြောင့် သူတို့ဆီမှာ ဒဏ္ဍာရီလာ ထာဝရနုပျိုဆေးလုံးမရှိလျှင် ငယ်ရွယ်စဉ်မှာ မည်မျှချောလှပခဲ့ပါစေ အသက်ကြီးလာသည့်အခါ လှပမှုကို အလိုအလျောက် ဆုံးရှုံးသွားကြလိမ့်မည်။
ထိုအဖွားအိုက ငယ်ရွယ်စဉ်မှာ ချောမောလှပသော အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့မည်မှာ သံသယရှိရန် မလိုပေ။
သူတို့ငါးယောက်ကြားမှာ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှု ရှိသည်။ သူတို့ထဲတွင် အမျိုးသမီးနှစ်ယောက်က ပိုင်စုစုနှင့် တိုက်ခိုက်နေကြစဉ် အမျိုးသားသုံးယောက်က ယင်းခုန်းနှင့် တိုက်ခိုက်နေကြသည်။ အံ့ဖွယ်ကောင်းသည်မှာ သူတို့ထဲမှာ အသက်အငယ်ဆုံးဖြစ်ဟန်ရသော လူငယ်က အမိန့်ပေးနေသည်။
***