"ဒါတကယ်ပဲ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ ဟုတ်ရဲ့လား... စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်တွေ တိုက်ခိုက်နေတာကို ကြည့်နေရသလိုပဲ"
"ရူးလောက်စရာပဲ... ဒီနှစ် ကျောင်းဆင်းမယ့် စီနီယာတွေက အားကောင်းလွန်းတယ်"
"မင်း မှားနေပြီ... အကုန်လုံးက ကျောင်းဆင်းမယ့်သူတွေ မဟုတ်ဘူး... အဲဒီအထဲမှာ ကျောင်းသားသစ် တစ်ယောက်လည်း ပါသေးတယ်..."
တိုက်ခိုက်ရေးကွင်းထဲတွင် ရွှေရောင် မိုးကြိုးများနှင့် အဝါရောင် မြေမှုန့်များက ရူးသွပ်စွာ ပေါက်ကွဲတိုက်မိနေကြသည်။ ထိုမြင်ကွင်းက ကမ္ဘာပျက်မတတ် ဖြစ်နေသည်။ ပွဲကြည့်စင်မှ ပရိသတ်များစွာမှာ အံ့ဩမှင်တက်နေကြသည်။ အချို့သော စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်များပင်လျှင် အလွန်တရာ အန္တရာယ်များလှသော အငွေ့အသက်ကို ခံစားနေရသည်။
စွမ်းအင် အကာအကွယ်များဖြင့်သာ တားဆီးထားခြင်း မရှိပါက တိုက်ပွဲ၏ ဂယက်ရိုက်ခတ်မှု သက်သက်ဖြင့်ပင် သူတို့ အလွယ်တကူ သေဆုံးသွားနိုင်ကြောင်း ထင်ရှားနေသည်။ ကွင်းထဲတွင် တတိယအဆင့်မြင့် စွမ်းရည်ပိုင်ရှင် ရှုကျင်းမင်နှင့် စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင် ဝမ်ချီတို့ ရှိနေကြသည်။ ယုတ္တိအရဆိုလျှင် ဝမ်ချီ၏ ပြေးဝင်လာသော အရှိန်က ရှုကျင်းမင်ထက် များစွာ သာလွန်နေရမည် ဖြစ်သည်။
သို့သော် သူတို့နှစ်ဦး တစ်ဖက်နှင့်တစ်ဖက် ပြေးဝင်တိုက်ခိုက်လာသော အရှိန်မှာ အံ့ဩစရာကောင်းလောက်အောင် တူညီနေခဲ့သည်။
"တတိယအဆင့်မြင့်နဲ့ ဒီလောက်အရှိန်မျိုး ရနေတာပဲ... ရှုကျင်းမင်ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်ရေး တိုက်ခိုက်ရေးနည်းစနစ်တွေက ငါထင်ထားတာထက် ပိုပြီး နက်နဲနေတာပဲ" ဝမ်ချီက ရှေ့သို့ ပြေးဝင်လာရင်း သူ၏ မျက်စိသူငယ်အိမ်များကို ကျုံ့လိုက်သည်။
သူက မိမိ၏ စွမ်းအားအပေါ် အလွန် ယုံကြည်မှုရှိသော်လည်း ဤသည်က သူ ပေါ့ဆနေမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
"မိုးကြိုးလှံ"
ပြေးဝင်လာစဉ်မှာပင် ရှုကျင်းမင်ကလည်း လက်လွတ်မခံပေ။ သူက မိုးကြိုးလှံကို ဦးစွာ ပစ်လွှတ်လိုက်သည်။
“ဘန်း...”
ပေါက်ကွဲသံတစ်ချက် ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းများ ထုတ်လွှတ်နေသော ရွှေရောင် မိုးကြိုးလှံက ဝမ်ချီဆီသို့ အလင်းတန်းတစ်ခုအလား ဒုံးကျည်တစ်စင်းလို ပစ်ဝင်လာသည်။
"မိုးကြိုးလှံလား... အလကားပဲ... မင်းရဲ့ မိုးကြိုးဓာတ် စွမ်းရည်က ငါ့ရဲ့ မြေဓာတ်စွမ်းရည်နဲ့ဆို သဘာဝအရကို ရှုံးပြီးသားပဲ" ဝမ်ချီက လွတ်လပ်ပေါ့ပါးစွာ ပြုံးလိုက်ပြီး သူ၏ဘယ်ဘက်လက်ဖြင့် မြေပြင်အထက်ရှိ လေဟာနယ်ကို ခပ်ဖွဖွ ရိုက်ချလိုက်သည်။
"နံရံဒိုင်းလွှာ"
“ဘုန်း...”
ထူထဲသော အဝါရောင် မြေသားနံရံကြီးတစ်ခုက သတ္တုစပ် မြေပြင်ပေါ်မှ ရုတ်တရက် ထိုးထွက်လာသည်။
Cအဆင့် သတ္တုစပ်ကိုပင် အပေါက်ကြီးတစ်ခု ဖြစ်သွားစေနိုင်လောက်အောင် အားကောင်းသော မိုးကြိုးလှံက နံရံကြီးကို ဝင်တိုက်ကာ ပြင်းထန်စွာ ပေါက်ကွဲသွားတော့သည်။ ချက်ချင်းပင် နံရံကြီးတစ်ခုလုံး အပိုင်းပိုင်းအစစ ကွဲကြေသွားသော်လည်း ၎င်း၏နောက်ကွယ်ရှိ ဝမ်ချီမှာမူ အနည်းငယ်မျှပင် ထိခိုက်မှု မရှိခဲ့ပေ။
"ငါ့အလှည့်ပဲ... ပေါက်ကွဲမှု ခြေလှမ်း"
သူ၏ သတ္တုစပ် တိုက်ပွဲဝင်ဖိနပ်က မြေပြင်ကို အားပြင်းပြင်း ဆောင့်နင်းလိုက်သောအခါ သူ၏ သွေးစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ အားကောင်းသော တန်ပြန်တွန်းကန်အားကို အသုံးချလျက် ဝမ်ချီက မီတာဆယ်ဂဏန်းခန့်ကို ဖြတ်ကျော်ကာ ရှုကျင်းမင်ထံသို့ အမြောက်ဆံတစ်လုံးပမာ ပစ်ဝင်သွားသည်။ “ပေါက်ကွဲမှု ခြေလှမ်း...”
ဒါက Aအဆင့် နည်းစနစ်တစ်ခု ဖြစ်သည်။ ယင်းက အကွာအဝေး တစ်ခုအတွင်း ချက်ချင်း ပြေးဝင်နိုင်စေပြီး လူတစ်ကိုယ်လုံးတွင် ဧရာမ ရိုက်ခတ်မှု အင်အားကို သယ်ဆောင်လာစေသည်။ အကယ်၍ လက်နက်တစ်ခုနှင့် တွဲသုံးမည်ဆိုပါက ဤရိုက်ခတ်မှုအင်အားက လက်နက်ပေါ်သို့ပါ ထပ်ဆင့် ပေါင်းစပ်သွားမည် ဖြစ်သည်။ ယင်းက မြင်းသည်တော်တပ်ဖွဲ့၏ ဝင်တိုက်မှုကဲ့သို့ အားကောင်းသော ရွေ့လျားစွမ်းအင်ကို ထုတ်လုပ်ပေးနိုင်သည်။
ဤနည်းစနစ်ကို အသုံးပြုသူအနေဖြင့် ဝမ်ချီက ၎င်းကို နောက်ထပ် နည်းစနစ်တစ်ခုနှင့် မည်သို့ ချိတ်ဆက်ရမည်ကို သဘာဝကျကျပင် သိရှိထားပြီး ဖြစ်သည်။ သူ၏ တိုက်ပွဲဝင် ဓားမကြီးထံမှ သိပ်သည်းလှသော မြေဓာတ်စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာကာ မှိန်ဖျော့ဖျော့ အဝါရောင်အလင်းတန်းများ တောက်ပလာသည်။
"မြေထုအားပြင်း ခုတ်ချက်"
မြေထုအားပြင်း ခုတ်ချက်ကလည်း Aအဆင့် နည်းစနစ်တစ်ခု ဖြစ်သော်လည်း ၎င်းက မြေဓာတ်စွမ်းရည်ပိုင်ရှင်များအတွက် သီးသန့် ဖန်တီးထားသော နည်းစနစ် ဖြစ်ပေသည်။ ယင်းက မြေဓာတ်စွမ်းအင်၏ စွမ်းအားကို တိုက်ပွဲဝင် ဓားမကြီးပေါ်သို့ စုစည်းပေးကာ စွမ်းအင် ပေါက်ကွဲမှုကို မြှင့်တင်ပေးရုံသာမက ခုတ်ပိုင်းလိုက်သော အရှိန်ကိုလည်း ပိုမို မြန်ဆန်သွားစေသည်။ ထို့အပြင် ဝမ်ချီက ဤနည်းစနစ်ကို အဆင့်မြင့် ကျွမ်းကျင်မှုအထိ လေ့ကျင့်ထားပြီး ဖြစ်သည်။
“ဝှစ်...” ဓားကို ဝှေ့ယမ်းလိုက်သည်နှင့် ဓားအလင်းတန်းက လက်ခနဲ ဖြစ်သွားကာ တိုက်ပွဲဝင် ဓားမကြီး တစ်ခုလုံးက ခုခံ၍မရနိုင်သော အရှိန်အဝါများ သယ်ဆောင်လျက် ရှုကျင်းမင်ဆီသို့ ခုတ်ပိုင်းကျလာတော့သည်။
"လျှပ်စီးမုန်တိုင်း ခွဲချက်"
ကျိုးထိုက်ကျိနှင့် ရင်ဆိုင်ရစဉ်က ရှုကျင်းမင်အနေဖြင့် အနည်းငယ် အေးဆေးနေနိုင်သေးသော်လည်း ဝမ်ချီနှင့် ရင်ဆိုင်ရချိန်တွင်တော့ သူ အနည်းငယ်မျှ မပေါ့ဆရဲပေ။ ရွှေရောင် မိုးကြိုးများ ရစ်ပတ်ထားသော လေလွင့်တိမ်တိုက် ရွှေရောင်လှံက ရေကြီးနဂါးတစ်ကောင်ပမာ ပစ်ထွက်သွားကာ ရွှေရောင်ပုံရိပ်ယောင် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
“ထန်း...”
လှံရှည်နှင့် တိုက်ပွဲဝင် ဓားမကြီးတို့ ရိုက်ခတ်သွားကာ မိုးကြိုးပစ်ချသံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။ အသံချဲ့စက်များမှတစ်ဆင့် ပျံ့နှံ့လာသော ထိုအသံကြောင့် ပရိသတ်များစွာမှာ နားကို နာကျင်စွာ ပိတ်ထားလိုက်ရသည်။
"တားနိုင်သွားတယ်လား ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ဝမ်ချီ၏ နှလုံးသားက တုန်ခါသွားသည်။
သူက ရှုကျင်းမင်၏ အချက်အလက်များကို ပြန်လည် ဆန်းစစ်ကြည့်ဖူးရာ ဤလျှပ်စီးမုန်တိုင်း ခွဲချက်က ရှုကျင်းမင် သိုင်းပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် အသုံးပြုခဲ့သော လှံသိုင်းနည်းစနစ် ဖြစ်ကြောင်း သိထားသည်။ သို့သော် ၎င်း၏ အဆင့်သတ်မှတ်ချက်က Dအဆင့်သာ ရှိသေးသည် မဟုတ်ပါလော။ Dအဆင့် နည်းစနစ်တစ်ခု ဆိုသည်မှာ စွမ်းရည်ပိုင်ရှင်တစ်ယောက်၏ စွမ်းရည်နှင့် သွေးစွမ်းအင်ကို အသုံးပြုမှုမှာ သိပ်မမြင့်မားလှဟု ဆိုလိုခြင်း ဖြစ်သည်။ သို့တိုင် ထိုသေးငယ်လှသော Dအဆင့် နည်းစနစ်လေးက သူ၏ ခုတ်ချက်ကို တားဆီးနိုင်ခဲ့သည်။ သူ့လက်ထဲရှိ တိုက်ပွဲဝင် ဓားမကြီးက ၁၁၂၀ ကီလိုဂရမ်ပင် အလေးချိန်ရှိသော Sအဆင့် လက်နက်တစ်ခု ဖြစ်ကြောင်း သိထားရမည် ဖြစ်သည်။
ပေါက်ကွဲမှု ခြေလှမ်းနှင့် မြေထုအားပြင်း ခုတ်ချက်တို့၏ ပံ့ပိုးမှုအောက်တွင် ၎င်း၏ ချက်ချင်း ပေါက်ကွဲထွက်လာသော စွမ်းအားက ကြောက်ခမန်းလိလိ မြင့်မားလှသည်။ အရေပြား ထူထဲသော စတုတ္ထအဆင့်မြင့် သားရဲကြီးကိုပင် ဤတိုက်ကွက်ဖြင့် အပြင်းအထန် ဒဏ်ရာရစေနိုင်မည်ဟု သူ ယုံကြည်ထားခဲ့သည်။
သို့သော်လည်း ယင်းက တားဆီးခံလိုက်ရဆဲပင်။ အမှန်တကယ်တွင် သာမန် Dအဆင့် နည်းစနစ်တစ်ခုက ဝမ်ချီ၏ ပေါက်ကွဲအားကို သဘာဝကျကျပင် မခံနိုင်ပေ။ သို့သော် ရှုကျင်းမင်၏ လျှပ်စီးမုန်တိုင်း ခွဲချက်က System၏ အကူအညီဖြင့် ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့အပြင် လေလွင့်တိမ်တိုက် ရွှေရောင်လှံ၏ အလေးချိန်ကို ချက်ချင်း ပြောင်းလဲလိုက်ခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤသို့သော အကျိုးသက်ရောက်မှုကို ရရှိသွားခြင်း ဖြစ်ပေသည်။
"တစ်ခုခုတော့ မှားနေပြီ... လှည့်ကွက်တစ်ခုခု ရှိရမယ်"
နားမလည်နိုင်ဖြစ်နေသော ဝမ်ချီ၏ မျက်နှာ ရှုံ့မဲ့သွားပြီးနောက် သူက ဓားကို အမြန်ရုပ်သိမ်းကာ မီတာဆယ်ဂဏန်းခန့် အကွာသို့ ဆုတ်ခွာသွားလိုက်သည်။
"အို... ကြောက်သွားတာလား... ခုနက မင်းရဲ့ မောက်မာနေတဲ့ အရှိန်အဝါတွေ ဘယ်ရောက်သွားပြီလဲ... မိုးကြိုးလျှပ်တစ်ပြက်" မိုးကြိုးအလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်နှင့်အတူ လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ကိုင်ဆောင်ထားသော ရှုကျင်းမင်က မူလနေရာမှ ချက်ချင်း ပျောက်ကွယ်သွားသည်။ သူ ပြန်ပေါ်လာချိန်တွင် ဝမ်ချီ၏ အရှေ့သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူနှင့်အတူ ရွှေညိုရောင် လှံအရိပ်ကြီးတစ်ခုက အလျားလိုက် ရိုက်ချလာတော့သည်။
တိုက်ပွဲဝင် ဓားမကြီးက သူ၏အရှေ့တွင် ကာကွယ်လိုက်သော်လည်း လှံရှည်က ပုံရိပ်ယောင်တစ်ခုအလား ၎င်းကို ပြင်းထန်စွာ ရိုက်ခတ်သွားသည်။ ဒုထျန်း နတ်ဘုရား မိုးကြိုးကို အစွမ်းကုန် ထည့်သွင်းထားလေသည်။ လှံရှည်၏ အလေးချိန်က ချက်ချင်းပင် ခြောက်တန်ကျော်အထိ မြင့်တက်သွားသည်။
"ဒီလောက် အားကောင်းတဲ့ ရိုက်ခတ်မှု အင်အားကြီးလား"
တိုက်ပွဲဝင် ဓားမကြီးမှတစ်ဆင့် ကူးစက်လာသော အားကောင်းလှသည့် ပေါက်ကွဲမှုအရှိန်ကြောင့် ဝမ်ချီ ချက်ချင်းပင် ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ရတော့သည်။
"ကျေးဇူးရှင်လေးရေ.... မိုးကြိုးဧကရာဇ်ရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်မှုက ဘယ်လိုတောင်ဖြစ်နေတာလဲ"
"ကျောက်တုံးဘုရင်တောင် အဖိနှိပ်ခံနေရတယ်ဟ"
"မိုးကြိုးဧကရာဇ် ကွ" ရှုကျင်းမင်တွင် SSအဆင့် စွမ်းရည်ရှိသော်လည်း အဆင့်အတန်း ကွာဟချက်က ရှိနေဆဲဖြစ်သည်။ ထို့ကြောင့် ပရိသတ်အများစုက ဝမ်ချီက ပိုအားကောင်းမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ သို့သော် သူတို့နှစ်ဦး၏ ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွင်ပင် ရှုကျင်းမင်က အသာစီးရသွားသည်ကို မြင်လိုက်ရသဖြင့် ပွဲကြည့်စင် တစ်ခုလုံး ဆူညံသွားတော့သည်။
"ရှုကျင်းမင်က ဒီလောက်တောင် အားကောင်းနေတာလား..." အတွင်းဘက် ပရိသတ်ခုံတန်းမှ ရှုဖျင်က အံ့ဩသွားသော မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။
သူက လင်းရွှမ်ကို မသိမသာ လှမ်းကြည့်လိုက်သော်လည်း သူမ၏ လှပသော မျက်နှာပေါ်ရှိ အမူအရာက တည်ငြိမ်နေဆဲ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ရှုကျင်းမင်၏ စွမ်းဆောင်ရည်က သူမ မျှော်လင့်ထားသည့်အတိုင်း ဖြစ်နေသည်မှာ ထင်ရှားပေသည်။
"ကံကောင်းတာက ဒါဟာ ဝမ်ချီရဲ့ အစွမ်းကုန် အခြေအနေ မဟုတ်သေးတာပဲ" ရှုဖျင်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
ကျင်းချန်း တက္ကသိုလ်၏ ထိပ်တန်းကျောင်းသားတစ်ယောက်အနေဖြင့် ဝမ်ချီက အပြင်ပန်းကြည့်ရသလောက် ရိုးရှင်းနေမည် မဟုတ်ပေ။ ကွင်းထဲတွင်မူ နားမလည်နိုင်ဖြစ်နေသော ဝမ်ချီက ထပ်မတွေးတော့ရန် ဆုံးဖြတ်လိုက်သည်။ သူက အမြန် ခြေမှန်ရပ်လိုက်ပြီး သူ၏ တိုက်ပွဲဝင် ဓားမကြီးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
"ရှုကျင်းမင်... မင်း တကယ်ကို အားကောင်းတယ်ဆိုတာ ငါ ဝန်ခံပါတယ်.... ဒါပေမဲ့ ငါ့မှာလည်း လျှို့ဝှက်ဖဲချပ် ရှိသေးတယ်... ငါ့ရဲ့ အစွမ်းကုန် အခြေအနေကို ပြရသေးတာပေါ့... မြေကမ္ဘာ၏ အစောင့်အရှောက်"
သိပ်သည်းလှသော မြေဓာတ်စွမ်းအင်များ သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာပြီး အထက်သို့ တက်လာသော လေစီးကြောင်းများကဲ့သို့ အားကောင်းသော အရှိန်အဝါတစ်ရပ်ကို သူ၏ပတ်လည်တွင် ဖန်တီးလိုက်သည်။ သူ၏ မျက်လုံးများက အဝါရောင်အလင်းများဖြင့် တောက်ပနေသည်။ သူ၏ ဆံပင်များကလည်း ထောင်မတ်နေသည်။ သူ၏ တစ်ကိုယ်လုံးက ပြိုင်ဘက်ကင်းလှသော လေးလံသည့် အရှိန်အဝါများကို သယ်ဆောင်ထားတော့သည်။
“မြေကမ္ဘာ၏ အစောင့်အရှောက်”
ယင်းက မြေဓာတ်စွမ်းအင်၏ Sအဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သည်။ အသုံးပြုသူက မြေကြီးနှင့် ထိတွေ့နေသရွေ့ မြေကမ္ဘာမိခင်ထံမှ စွမ်းအားများကို ရယူနိုင်မည် ဖြစ်သည်။ ယင်းက ခန္ဓာကိုယ် ကြံ့ခိုင်မှုနှင့် တခြားသော စွမ်းရည်ဆိုင်ရာ ကဏ္ဍအားလုံးကို မြှင့်တင်ပေးနိုင်သည်။ ဤSအဆင့် တိုက်ခိုက်ရေးနည်းစနစ်၏ ပံ့ပိုးမှုအောက်တွင် ဝမ်ချီ၏ အရှိန်အဝါက နောက်ထပ် တစ်ဆင့် ထပ်မံ မြင့်တက်သွားတော့သည်။
"လာစမ်း.... တိုက်ကြမယ်"
တိုက်ပွဲဝင် ဓားမကြီးကို ကိုင်ဆောင်ထားသော ဝမ်ချီက ရှုကျင်းမင်ဆီသို့ နောက်တစ်ဖန် ပြေးဝင်သွားပြန်သည်။
“ထန်း..”
တိုက်ပွဲဝင် ဓားမကြီးနှင့် လှံရှည်တို့ ထပ်မံ ရိုက်ခတ်သွားကြပြီး ဤတစ်ကြိမ်တွင်တော့ သူတို့နှစ်ဦး အင်အားချင်း မျှတသွားသည်။
"ငါ တားနိုင်သွားပြီ... လာစမ်းပါ... ဘယ်သူက ပိုအားကောင်းလဲ ကြည့်ကြတာပေါ့" ဝမ်ချီ၏ လွတ်လပ်ပေါ့ပါးသော အော်ဟစ်ရယ်မောသံက ကွင်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
ရှုကျင်းမင်၏ တိုက်ခိုက်လိုစိတ်များကလည်း တောက်လောင်လာသည်။ "အဆုံးသတ် အောင်ပွဲက မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်အတွက်ပဲ ဖြစ်ရမယ်"
ရှုကျင်းမင်က သူ၏ SSအဆင့် စွမ်းရည်ဖြစ်သော ဒုထျန်း နတ်ဘုရား မိုးကြိုးကို အစွမ်းကုန် ညှစ်ထုတ်လိုက်သည်။ မိုးကြိုးအထွတ်အထိပ် အခြေအနေ၏ ပံ့ပိုးမှုအောက်တွင် ရွှေရောင် မိုးကြိုးများက အားကောင်းသော အရှိန်အဝါများကို ဖန်တီးလိုက်သည်။ မိုးကြိုးများ ပြည့်နှက်နေသော အနက်ရောင်နှင့် ရွှေရောင်စပ် လေလွင့်တိမ်တိုက် ရွှေရောင်လှံကြီးက မျက်စိကျိန်းမတတ် ရွှေဝါရောင် အလင်းတန်းများကို ဖြာထွက်နေသည်။
လှံကိုင်ထားသူ တစ်ဦးနှင့် ဓားကိုင်ထားသူ တစ်ဦး၊ ရွှေရောင် ပုံရိပ်ယောင်တစ်ခုနှင့် အဝါရောင် ပုံရိပ်ယောင်တစ်ခုတို့ အသွင်ပြောင်းကာ လျင်မြန်စွာ တိုက်ခိုက်ကြတော့သည်။
“ထန်း... ထန်း... ထန်း...”
သူတို့၏ အမြန်နှုန်းက အလွန်တရာ လျင်မြန်လှပေသည်။ သာမန်လူများအနေဖြင့် သူတို့၏ လှုပ်ရှားမှုများကို သာမန်မျက်စိဖြင့် ရှင်းလင်းစွာ မမြင်နိုင်ကြတော့ဘဲ လက်နက်ချင်း ရိုက်ခတ်သံများကိုသာ ဆက်တိုက် ကြားနေရသည်။ စတုတ္ထအဆင့်မြင့် အထက်ရှိ စွမ်းရည်ပိုင်ရှင်များသာ အချို့သော အသေးစိတ် အချက်အလက်များကို ဝိုးတဝါး မြင်နိုင်ကြသည်။ သို့သော် အတိအကျ သိရှိနိုင်ရန်အတွက်မူ ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်များ၏ အနှေးပြကွက်များကို အားကိုးနေရဆဲပင်။
"ဘယ်လောက်တောင် အနုစိတ်တဲ့ လှံသိုင်းလဲ... တကယ်ကို ဆရာသခင်အဆင့်ပဲ"
"လက်သီးသိုင်းရော လှံသိုင်းရောက ဆရာသခင်အဆင့်တဲ့လား... ရှုကျင်းမင်ရဲ့ နားလည်နိုင်စွမ်းက ဘယ်လိုလုပ် ဒီလောက်တောင် မြင့်မားနေရတာလဲ"
"ကြောက်စရာကောင်းလိုက်တာ"
ပရိသတ်များနှင့် ယှဉ်လျှင် ဆရာများက အသေးစိတ် အချက်အလက်များကို ပိုမို သိမြင်နိုင်ကြသည်မှာ သဘာဝပင်။ တစ်ချိန်တည်းမှာပင် ရှုကျင်းမင်၏ လှံသိုင်းက အမှန်တကယ်ပင် ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။
"သူ့ရဲ့ အနီးကပ် တိုက်ရည်ခိုက်ရည်က ဒီလောက်တောင် ကြောက်စရာကောင်းနေတာလား..."
မိုးကြိုးသိုင်းသင်တန်းကျောင်း၏ ပရိသတ်ခုံတန်းတွင် ထိုင်နေသော ညွှန်ကြားရေးမှူး ဆုချင်းလီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဤသည်က သူမ ကျွမ်းကျင်သော အဝေးမှနေ၍ ဗုံးကြဲတိုက်ခိုက်သည့် နည်းစနစ်နှင့် အနည်းငယ် ကွဲလွဲနေသလို ခံစားရသောကြောင့် ဖြစ်သည်။ သူတို့နှစ်ဦး ရူးသွပ်စွာ တိုက်ခိုက်နေကြပြီး အကြိမ်ကြိမ် ထိပ်တိုက်ရင်ဆိုင်မှုများ ပြုလုပ်သော်လည်း မည်သူကမျှ အနိုင်မယူနိုင်ခဲ့ပေ။
နောက်ထပ် တစ်ကြိမ် ရိုက်ခတ်မှုအပြီးတွင် ဝမ်ချီက နောက်သို့ ဆုတ်သွားကာ အဝေးတစ်နေရာတွင် ရပ်လျက် အသက်ပြင်းပြင်း ရှူနေရသည်။ ရှုကျင်းမင်ကလည်း ရပ်တန့်သွားပြီး သူ၏ တိုက်ခိုက်မှုကို ဆက်မလုပ်တော့ပေ။
"ငါ့ရဲ့ မြေကမ္ဘာ၏ အစောင့်အရှောက်က အများဆုံး ၅ မိနစ်ပဲ ခံနိုင်မယ်... ဒီထက်ပိုကြာရင် ငါ ဆက်မတောင့်ခံနိုင်တော့ဘူး.... ဒါကြောင့် သူ့ကို မြန်မြန် အပြတ်ရှင်းရမယ်"
ဝမ်ချီက ရှုကျင်းမင်ကို စူးရဲစွာ စိုက်ကြည့်နေသည်။ ပြိုင်ပွဲ မစတင်မီက ရှုကျင်းမင်နှင့် ဤမျှအထိ တိုက်ခိုက်ရလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ပေ။
"ငါ့စွမ်းရည်တွေ တော်တော်ကုန်ခန်းသွားပြီ... ထက်ဝက်ကျော်လောက် ကုန်သွားပြီ... ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကတောင် စပြီး ကျဆင်းလာပြီ ဒါတောင် သူ့ကို မဖြုတ်ချနိုင်သေးဘူး"
ရှုကျင်းမင်လည်း မျက်မှောင်အနည်းငယ် ကြုတ်လိုက်သည်။ ဝမ်ချီက အမှန်တကယ်ပင် ရင်ဆိုင်ရ အလွန်ခက်ခဲသော ပြိုင်ဘက်တစ်ဦး ဖြစ်ကြောင်း သူ ဝန်ခံရမည် ဖြစ်သည်။ တစ်ဖက်လူကို ရင်ဆိုင်ရန် အလွန်ခက်ခဲကြောင်း သူတို့နှစ်ဦးစလုံး ခံစားလိုက်ရပြီး ပွဲကြည့်စင် တစ်ခုလုံးရှိ ပရိသတ်များအားလုံးမှာလည်း အသက်အောင့်ထားမိကြသည်။ အနိုင်အရှုံးကို ဆုံးဖြတ်မည့် အရေးကြီးသော အချိန်အခါသို့ ရောက်ရှိလာပြီဖြစ်ကြောင်း သူတို့ သိရှိနေကြသည်။
"ရှုကျင်းမင်... မင်းကို နောက်ထပ် တစ်နှစ်လောက် အချိန်ပေးလိုက်မယ်ဆိုရင် ငါ မင်းကို သေချာပေါက် နိုင်တော့မှာ မဟုတ်ဘူး"
"ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ မင်းထက် ၃ နှစ် ပိုကြီးနေတာက ငါ့ရဲ့ ကြီးမားတဲ့ အားသာချက်ပဲ"
ဝမ်ချီ၏ ဩရှရှ အသံက အားကစားကွင်း တစ်ခုလုံး ပဲ့တင်ထပ်သွားပြီး သူ၏ အနက်ရောင် တိုက်ပွဲဝင် ဓားမကြီးကို အနည်းငယ် မြှောက်လိုက်သည်။
"ငါ တစ်ခါမှ ထုတ်မသုံးဖူးသေးတဲ့ နည်းစနစ်တစ်ခု ရှိတယ်... မင်း ဒါကို တားနိုင်ရင် မင်း နိုင်ပြီ"
"အို... တိုက်ဆိုင်လိုက်တာ... ငါလည်း တစ်ခါမှ ထုတ်မသုံးဖူးသေးတဲ့ နည်းစနစ်တစ်ခု ရှိတယ်... မင်း ဒါကို ခံနိုင်ရင် မင်း နိုင်ပြီ"
ရှုကျင်းမင်၏ နှုတ်ခမ်းထောင့်က အနည်းငယ် တွန့်ကွေးသွားပြီး လေလွင့်တိမ်တိုက် ရွှေရောင်လှံပေါ်ရှိ ရွှေရောင် မိုးကြိုးများက မှိန်ဖျော့ဖျော့ ခုန်ပေါက် လက်လာသည်။
"သိပ်ကောင်းတယ်... ဒါဆို ဘယ်သူ့နည်းစနစ်က ပိုအားကောင်းလဲ ကြည့်ကြတာပေါ့"
ဝမ်ချီက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး ရုတ်တရက် ပြေးဝင်သွားတော့သည်။
"တောင်ဖြိုမြေခွဲ ခုတ်ချက်"
“ဝှစ်...” ဓားအလင်းတန်းများ လက်ခနဲ ဖြစ်သွားသည်။ ထက်မြက်လှသော ဓားအရှိန်အဝါများ ရစ်ပတ်နေသည့် တိုက်ပွဲဝင် ဓားမကြီးက ရှုကျင်းမင်ဆီသို့ ရုတ်တရက် ခုတ်ပိုင်းကျလာတော့သည်။
“တောင်ဖြိုမြေခွဲ ခုတ်ချက်...”
ယင်းက သူ မကြာသေးမီကမှ သင်ယူတတ်မြောက်ထားသော မြေဓာတ်စွမ်းအင် Sအဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သည်။ မြေဓာတ်စွမ်းအင်၏ စွမ်းအားများ စုစည်းထားသော ထိုဓားအရှိန်အဝါ၏ ခုတ်ပိုင်းမှု အမြန်နှုန်းက အသံ၏ အမြန်နှုန်း သုံးဆထက်ပင် သာလွန်နေသည်။ သို့သော် တိုက်ပွဲဝင် ဓားမကြီးက မြန်ဆန်လှသော်လည်း ရှုကျင်းမင်၏ အမြန်နှုန်းက ပို၍ မြန်ဆန်နေဆဲပင်။ လေလွင့်တိမ်တိုက် ရွှေရောင်လှံပေါ်တွင် ရွှေရောင် မိုးကြိုးများ ရုတ်တရက် ဖုံးလွှမ်းသွားကာ ထူးခြားပြီး ခမ်းနားလှသော မျဉ်းပြိုင်ပုံစံတစ်ခု အသွင်ပေါ်လာသည်။
"မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ"
ရွှေရောင် မိုးကြိုးအလင်းတန်းများ ဖြာထွက်နေသော လှံရှည်ကြီးက ရှေ့သို့ ရုတ်တရက် ထိုးစိုက်လိုက်သည်။ ထိုခဏတွင် ဝမ်ချီ၏ နှလုံးသားထဲ၌ ပြင်းထန်သော သေမင်းခေါ်သံကို ရုတ်တရက် ခံစားလိုက်ရသည်။ လှံရှည်ကြီး ရှေ့သို့ ထိုးစိုက်လိုက်သည့် အချိန်၌ပင် လှံရှည်၏ ပတ်လည်ရှိ လေထုက နာကျင်စွာ အော်ဟစ်နေသည်ကို သူ ကြားလိုက်ရသကဲ့သို့ပင်။ ထိုအားကောင်းပြီး ထက်မြက်လှသော အရှိန်အဝါကို လေထုကပင် သည်းမခံနိုင်တော့သည့်အလား ဖြစ်နေသည်။
“ရွှစ်...”
ထိုခံစားချက်များ သူ၏ ခေါင်းထဲတွင် ဖြတ်ပြေးသွားချိန်၌ ဝမ်ချီ တစ်ခုခုတုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။ လျှပ်တစ်ပြက်ကဲ့သို့ မြန်ဆန်လှသော လှံရှည်ကြီးက သူ၏ ညာဘက်ရင်အုံကို ရုတ်တရက် ထိုးဖောက်သွားတော့သည်။ ချက်ချင်းဆိုသလိုပင် လျင်မြန်ပြီး ထူထဲလှသော ရွှေရောင် လျှပ်စီးတန်းများက သူ၏ ရင်အုံကို ဖောက်ထွက်သွားသည်။
သူ၏ မြေထုအားပြင်း ခန္ဓာကိုယ်၊ သူ၏ အားကောင်းလှသော မြေဓာတ်စွမ်းအင် သံချပ်ကာနှင့် Aအဆင့် တိုက်ပွဲဝင်ဝတ်စုံ၏ အကာအကွယ်တို့က ထိုလှံကို အနည်းငယ်မျှပင် မတားဆီးနိုင်ခဲ့ပေ။ အချင်း ဆယ်စင်တီမီတာကျော်ရှိသော မည်းတူးနေသည့် အပေါက်ကြီး တစ်ပေါက်သာ ကျန်ရစ်ခဲ့တော့သည်။
"ဖူး..."
ဝမ်ချီက လတ်ဆတ်သော သွေးတစ်ပွက်ကို အန်ချလိုက်ပြီး သူ တစ်ဝက်တစ်ပျက် ထုတ်လွှတ်ထားသော Sအဆင့် တိုက်ခိုက်ရေးနည်းစနစ်ကလည်း ရုတ်တရက် ငြိမ်းသတ်သွားသည်။ ချွင်ခနဲ အသံနှင့်အတူ သူ၏ တိုက်ပွဲဝင် ဓားမကြီးက မြေပြင်ပေါ်သို့ အားပျော့စွာ ကျဆင်းသွားသည်။
"အရမ်း... အရမ်း မြန်တဲ့ လှံပဲ..."
ဝမ်ချီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဤစကားလုံးများကို ခက်ခဲစွာ ပြောဆိုပြီးနောက် သူက မြေပြင်ပေါ်သို့ ဒုတ်ခနဲ လဲကျသွားတော့သည်။ အားကစားကွင်း တစ်ခုလုံး တိတ်ဆိတ်သွားသည်။ ပရိသတ် ခြောက်သောင်းကျော်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုနေသော သန်းဆယ်ချီသည့် ပရိသတ်များအားလုံး ဤမြင်ကွင်းကို တုန်လှုပ်စွာ ကြည့်နေကြလေတော့သည်။
***