"ဝမ်ချီ သတိလစ်သွားပါပြီ... ဒီပွဲစဉ်မှာ ရှုကျင်းမင် အနိုင်ရရှိသွားပါတယ်"
"မဂျစ်စီးတီး တက္ကသိုလ်က ရှုကျင်းမင်ကို ဂုဏ်ပြုပေးကြပါ... နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ တစ်ဦးချင်းပြိုင်ပွဲမှာ ချန်ပီယံဆုကို ဆွတ်ခူးသွားတဲ့အတွက် သူ့ကို ဂုဏ်ပြုလိုက်ပါတယ်"
"ဒါ့အပြင် ဒီလောက် အံ့မခန်းကောင်းမွန်တဲ့ တိုက်ပွဲကို ဖန်တီးပေးခဲ့ကြတဲ့ ပြိုင်ပွဲဝင် နှစ်ဦးစလုံးကိုလည်း ကျေးဇူးတင်ရှိပါတယ်"
ဝမ်ချီ မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့် တစ်ပြိုင်နက် အစီအစဉ်မှူး ဖုန်းလဲ့က ပွဲစဉ်ရလဒ်ကို စူးရှကျယ်လောင်သော အသံဖြင့် ချက်ချင်း ကြေညာလိုက်သည်။ ထိုအခါ တိတ်ဆိတ်နေသော အားကစားကွင်းကြီးက ချက်ချင်းပင် ပေါက်ကွဲထွက်လာတော့သည်။
"မိုးကြိုးဧကရာဇ်... ချန်ပီယံဟေ့..."
"မိုးကြိုးဧကရာဇ်... အသန်မာဆုံးပဲ..."
သောင်းနှင့်ချီသော ပရိသတ်များက အော်ဟစ် အားပေးလိုက်ကြရာ သူတို့၏ အသံများက အားကစားကွင်း တစ်ခုလုံးကိုပင် ပြောင်းပြန်လှန်ပစ်တော့မည့်အလား ကျယ်လောင်နေတော့သည်။
အသက် ဆယ့်ကိုးနှစ်။ တတိယအဆင့်မြင့် စွမ်းရည်ပိုင်ရှင်။
နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ မစတင်မီက မဂျစ်စီးတီး တက္ကသိုလ်မှ ဤအဖွဲ့ခေါင်းဆောင်အပေါ် မည်သူကမျှ အကောင်းမြင် မျှော်လင့်ထားခဲ့ခြင်း မရှိပေ။ လူအများစုက သူ့ကို မဂျစ်စီးတီး တက္ကသိုလ်က လူအထင်ကြီးအောင် သက်သက် ထုတ်ကြွားထားသည့် Sအဆင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်မျှသာဟုပင် ထင်မှတ်ထားခဲ့ကြသည်။
သို့သော် လူတိုင်း၏ ထင်မှတ်မထားမှုများနှင့်အတူ ရှုကျင်းမင်က ပြိုင်ပွဲတစ်လျှောက် အပြတ်အသတ် လွှမ်းမိုးသွားခဲ့ပြီး မရေမတွက်နိုင်သော လူများ၏ လေးစားအားကျမှုများကို ရယူသွားခဲ့သည်။ သူက ဗိုလ်လုပွဲတွင် အဆင့်ကြီးတစ်ခုကိုပင် ကျော်လွန်ကာ ကျင်းချန်း တက္ကသိုလ်၏ အသန်မာဆုံး နံပါတ်တစ် ကျောင်းသားကို အနိုင်ယူလိုက်သေးသည်။
"ကျင်းမင် ပထမရသွားပြီ..."
မိန်းကလေးများဆိုသည်မှာ သဘာဝအရ ခွန်အားကြီးမားမှုကို စွဲလမ်းတတ်ကြသည်သာ။ အရပ်ရှည်ရှည် ရုပ်ချောချောဖြင့် ကွင်းထဲတွင် ရပ်ကာ မရေမတွက်နိုင်သော အားပေးသံများကို လက်ခံရယူနေသည့် ရှုကျင်းမင်ကို ကြည့်ရင်း ဆုန့်ချိုးယွန်း၏ နူးညံ့သော မျက်နှာလေးမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲနေပြီး သူမ၏ အကြည့်များက မီးတောက်တစ်ခုအလား ပူပြင်းတောက်လောင်နေတော့သည်။
"သူ နိုင်သွားပြီ.... ကျင်းမင် ပထမရသွားပြီ"
"ငါ သိသားပဲ... ကျင်းမင်က ဘယ်တော့မှ ရှုံးမှာမဟုတ်ဘူးလို့"
အဒေါ် ရှုချင်းဝမ်နှင့် ဦးလေး တန်သောက်လင်းတို့မှာလည်း သိသိသာသာကို စိတ်လှုပ်ရှားနေကြသည်။
"ဘယ်လောက်တောင် တောက်ပလိုက်သလဲ..." တန်ချီ၊ ကျိုးမင်ယန်နှင့် မုန့်တီတို့က အံ့ဩမင်တက်စွာဖြင့် ရင်ထဲမှ သက်ပြင်းချလိုက်မိကြသည်။
သူတို့အားလုံး ကျန်းချန်းမြို့က လာခဲ့ကြသူများ ဖြစ်သော်လည်း ရှုကျင်းမင်ကမူ ယခုအခါ နိုင်ငံတော်အဆင့် စင်မြင့်ထက်တွင် ရပ်တည်ကာ အမြင့်မားဆုံး ဂုဏ်ကျက်သရေကို ရယူနေသည်။ သူတို့မှာမူ သူတို့ကျောင်း၏ တူညီသော အတန်းအဆင့်တွင်ပင် ထိပ်တန်း ၁၀ ယောက်စာရင်းထဲ မဝင်နိုင်သေးပေ။ သူတို့ကြားရှိ ကွာဟချက်က အမှန်ပင် ကြီးမားလွန်းလှသည်။
"ဒီစာသင်နှစ်မှာ ငါ့အတန်းရဲ့ ထိပ်တန်း ၅၀ စာရင်းထဲ ဝင်နိုင်ရင်ကို တော်တော်လေး ကောင်းနေပါပြီ" ကျိုးမင်ယန်က ခေါင်းခါယမ်းလိုက်ပြီး ထိုအကြောင်းကို ဆက်မတွေးတော့ပေ။
သိုင်းပညာ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ရှုကျင်းမင်က ကျန်းနန်ပြည်နယ်၏ ပြည်နယ်ချန်ပီယံ ဖြစ်လာခဲ့ချိန်ကတည်းက သူတို့နှင့် ကမ္ဘာတစ်ထပ်တည်း မကျတော့ကြောင်း ကံကြမ္မာက သတ်မှတ်ပေးပြီးသား ဖြစ်ပေသည်။
"စီနီယာအစ်ကို ပထမရသွားပြီဟေ့" ဝေးကွာလှသော မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်တွင်မူ ဆံပင်ဖြူဖြူ ကောင်မလေး ကျန်းချူရွှမ်၏ မျက်နှာလေးမှာလည်း နီရဲနေလေသည်။
"မဖြစ်သေးဘူး... ငါ ဆက်ပြီး လေ့ကျင့်မှရမယ်... ဒီက တတိယအဆင့် အဂ္ဂိရတ်ပညာရှင် စာမေးပွဲ ပြီးတာနဲ့ သူ့ကိုရှာဖို့ ချင်းရွှီမြို့ကို ချက်ချင်း သွားရမယ်"
ကျန်းချူရွှမ်က တိုက်ရိုက်ထုတ်လွှင့်မှုကို အမြန်ပိတ်လိုက်ပြီး ဆေးဝါးဖော်စပ်ခြင်းလုပ်ငန်းစဉ်တွင် နစ်မြုပ်သွားတော့သည်။ တစ်ဦးချင်းပြိုင်ပွဲနှင့် အဖွဲ့လိုက်ပြိုင်ပွဲများကို သူမ မမီလိုက်သော်လည်း ရှင်သန်ခြင်း ပြိုင်ပွဲအတွက်မူ အားပေးရန် သူမ သေချာပေါက် သွားရမည် ဖြစ်သည်။
"အဖွဲ့ခေါင်းဆောင် နိုင်သွားပြီ"
"အစ်ကိုကျင်းမင်ဆိုတဲ့အတိုင်းပဲ"
မဂျစ်စီးတီး တက္ကသိုလ်၏ ပရိသတ်ခုံတန်းဘက်တွင်မူ ကုဝမ်နှင့် အခြားသူများအားလုံး ဝမ်းသာပျော်ရွှင်နေကြသည်။ နည်းပြဖြစ်သူ ရန်ကျန့်ထျန်းကလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ လိဂ်ပြိုင်ပွဲရှိ ပြိုင်ပွဲသုံးခုအနက် တစ်ဦးချင်းပြိုင်ပွဲကို သူတို့ သေချာပေါက် ရယူနိုင်ခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ပြိုင်ပွဲတစ်ခုကိုသာ ထပ်မံ အနိုင်ရရှိခဲ့မည်ဆိုပါက ယခုနှစ် လိဂ်ပြိုင်ပွဲ၏ အလုံးစုံချန်ပီယံဆုကို မဂျစ်စီးတီး တက္ကသိုလ်က ရရှိသွားမည် ဖြစ်သည်။ မဂျစ်စီးတီး တက္ကသိုလ်နှင့် ထိုက်တန်သော ဂုဏ်ကျက်သရေကို ပြန်လည် သိမ်းပိုက်နိုင်မည် ဖြစ်သည်။
"ရှုံးသွားပြီ"
"သူတို့ တကယ်ကြီး ရှုံးသွားတာပဲ"
"ဟူး... SSအဆင့် စွမ်းရည်က တကယ်ကြီး အဲဒီလောက်တောင် အားကောင်းတာလား"
မဂျစ်စီးတီး တက္ကသိုလ်၏ အောင်ပွဲခံနေသော လေထုနှင့် နှိုင်းယှဉ်လိုက်လျှင် ကျင်းချန်း တက္ကသိုလ်၏ ခံစားချက်က အလွန်အမင်း ကျဆင်းနေခဲ့သည်။ ရှုကျင်းမင်က ကျောင်းသားသစ် တစ်ယောက်သာ ရှိသေးသည်။ ထို့ကြောင့် ယခုနှစ်က မဂျစ်စီးတီး တက္ကသိုလ်ကို အနိုင်ယူရန် သူတို့အတွက် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ နောက်ထပ် တစ်နှစ်ကြာသွားပါက သူတို့တွင် အနိုင်ရရန် အခွင့်အရေး လုံးဝ ရှိတော့မည် မဟုတ်ပေ။ သို့တိုင် သူတို့ ရှုံးနိမ့်သွားခဲ့ရဆဲပင်။
"SSအဆင့် စွမ်းရည်က အားကောင်းလွန်းလို့ မဟုတ်ပါဘူး... ရှုကျင်းမင် ကိုယ်တိုင်ကကို အံ့မခန်း အားကောင်းလွန်းနေလို့ပါ"
နည်းပြလျူအန်းက ထိုအရာများထက် ပို၍ မြင်နေသည်။ ဝမ်ချီ ရှုံးနိမ့်သွားခြင်းအတွက် သူလည်း ယူကျုံးမရ ဖြစ်နေမိသော်လည်း နည်းပြတစ်ယောက်အနေဖြင့် ဤသို့သော ခံစားချက်များကို မျက်နှာပေါ်တွင် မပြသသင့်ပေ။ ထို့ကြောင့် သူက လက်ခုပ်တီးကာ အားပေးစကား ပြောလိုက်သည်။
"အားလုံးပဲ စိတ်မပျက်ကြပါနဲ့... မနက်ဖြန် မဂျစ်စီးတီး တက္ကသိုလ်နဲ့ ယှဉ်ပြိုင်ရမယ့် အဖွဲ့လိုက်ပြိုင်ပွဲ ကျန်ပါသေးတယ်.... ဝမ်ချီရဲ့ ဒဏ်ရာတွေက သိပ်မပြင်းထန်ပါဘူး... တစ်ညလောက် နားလိုက်ရင် သက်သာသွားမှာပါ... တစ်ဦးချင်းပြိုင်ပွဲမှာ သူတို့ကို မနိုင်ရင်တောင် အဖွဲ့လိုက်ပြိုင်ပွဲမှာတော့ ငါတို့ နိုင်ကို နိုင်ရမယ်"
"အဖွဲ့လိုက်ပြိုင်ပွဲ... ဟုတ်တယ်... ငါတို့ကိုယ်ငါတို့ သက်သေပြဖို့ အဖွဲ့လိုက်ပြိုင်ပွဲ ကျန်သေးတယ်"
နည်းပြ၏ အားပေးစကားကြောင့် ကျင်းချန်း တက္ကသိုလ်အဖွဲ့မှ အဖွဲ့ဝင်များလည်း အနည်းငယ် တက်ကြွလာကြသည်။ သို့သော် သူတို့၏ မျက်ခုံးများကြားတွင်မှု စိုးရိမ်ပူပန်မှု အရိပ်အယောင်လေး တစ်ခုက ကျန်ရစ်နေဆဲပင်။ ဘယ်လိုမှ တတ်နိုင်မည် မဟုတ်ပေ။ အဖွဲ့ခေါင်းဆောင် ရှုံးနိမ့်သွားခြင်းက သူတို့အတွက် ကြီးမားလွန်းသော ထိုးနှက်ချက်တစ်ခု ဖြစ်သွားခဲ့သည်။
"တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံဆု ရသွားတဲ့အတွက် မဂျစ်စီးတီး တက္ကသိုလ်ကို ဂုဏ်ပြုပါတယ်... ရှုကျင်းမင်ရဲ့ အနာဂတ်ကတော့ အတိုင်းအဆမရှိ တောက်ပနေတော့မှာပါပဲ"
ဆရာများ ထိုင်သည့်နေရာတွင် ဆရာအများအပြားက ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်ကို တညီတညွတ်တည်း ဝိုင်းဝန်း ဂုဏ်ပြုနေကြသည်။ ကျင်းချန်း တက္ကသိုလ်မှ ရှုဖျင်မှာမူ ခေါင်းကိုက်စွာဖြင့် သူ၏ နားထင်ကို ပွတ်သပ်နေမိသည်။
“ဝမ်ချီတောင် သူ့ကို မနိုင်ဘူးလား... ဒီရှုကျင်းမင်က ထင်မှတ်မထားလောက်အောင် အားကောင်းနေတာပဲ... ပြီးပါပြီ... ဒီနှစ်တင် မကဘူး နောက်ထပ် သုံးနှစ်လောက်အထိ တစ်ဦးချင်းပြိုင်ပွဲတွေမှာ ကျင်းချန်း တက္ကသိုလ်က မဂျစ်စီးတီး တက္ကသိုလ်ရဲ့ အဖိနှိပ်ခံရဖို့ သေချာသွားပြီ...”
ရင်ထဲမှ သက်ပြင်းချလိုက်ရင်း ရှုဖျင်ကလည်း လင်းရွှမ်ကို ဂုဏ်ပြုစကား ဆိုလိုက်သည်။ "ကျောင်းအုပ်ကြီးလင်း... ဂုဏ်ပြုပါတယ်"
ရှုံးတာက ရှုံးတာပင်။ ဒုတိယကျောင်းအုပ်ကြီး တစ်ယောက်အနေဖြင့် ရှုဖျင်က ဂုဏ်ပြုစကား တစ်ခွန်းကိုပင် မပြောချင်လောက်အောင် သဘောထားသေးသိမ်မည် မဟုတ်ပေ။ လင်းရွှမ်၏ အမူအကျင့်က အေးစက်ပြီး ကင်းကွာနေတတ်သော်လည်း လူမှုဆက်ဆံရေးကို လုံးဝ နားမလည်သူတော့ မဟုတ်ပေ။ ဆရာများစွာ၏ ဂုဏ်ပြုစကားများကို ရင်ဆိုင်ရချိန်တွင် သူမက အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ရှုကျင်းမင် အနိုင်ရရှိသွားခြင်းက သူမ မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူမ၏ တစ်ခုတည်းသော နောင်တမှာ ကျင်းချန်း တက္ကသိုလ်မှ ရှုဖျင်က သူမနှင့် အစောကတည်းက အလောင်းအစား မလုပ်ခဲ့ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက သူမ နောက်ထပ် ငွေတစ်မိုက် ရလိုက်ဦးမည် ဖြစ်သည်။
"ရှုကျင်းမင်က တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲရဲ့ ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါပြီ... နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ အဋ္ဌမမြောက်နေ့ကလည်း ပြီးဆုံးတော့မှာပါ... ညွှန်ကြားရေးမှူးဝူ... ခုနက ကွင်းထဲက ပြိုင်ပွဲဝင် နှစ်ယောက်အပေါ် လူကြီးမင်းရဲ့ အမြင်ကို သိပါရစေ... ဒါက ပရိသတ်အများစု သိချင်နေကြတဲ့ အရာဖြစ်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"
အစီအစဉ်မှူး စင်မြင့်ထက်တွင် အစီအစဉ်မှူး ဖုန်းလဲ့က ထုံးစံအတိုင်း ပွဲသုံးသပ်သူအဖြစ် ဆောင်ရွက်နေသော အမျိုးသား ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဝူယွမ်ကို မေးခွန်းထုတ်လိုက်သည်။
"ကျွန်တော့်အမြင်က ရှင်းပါတယ်... ကျင်းချန်း တက္ကသိုလ်ရဲ့ အဖွဲ့ခေါင်းဆောင် ဝမ်ချီက အရမ်း အားကောင်းပါတယ်... ယခင် လိဂ်ပြိုင်ပွဲတွေမှာဆိုရင် သူက တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံဆုကို သေချာပေါက် ရယူနိုင်ခဲ့မှာပါ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူက ပိုပြီး အားကောင်းလွန်းတဲ့ ရှုကျင်းမင်နဲ့ လာတွေ့နေတယ်...”
ရှု”ကျင်းမင်နဲ့ ပတ်သက်လို့တော့ ပရိသတ်အများစုက သူ့ရဲ့ စွမ်းအားကို သူ့မှာရှိတဲ့ SSအဆင့် စွမ်းရည်ကြောင့်လို့ ပြောနေကြတာ ကြားလိုက်ရတယ်... အမှန်တော့ ဒါက အကြောင်းရင်း တစ်စိတ်တစ်ပိုင်းပဲ ရှိပါသေးတယ်... သူ့ရဲ့ လက်သီးသိုင်းနဲ့ လှံသိုင်း ကျွမ်းကျင်မှု နှစ်ခုစလုံးက ဆရာသခင်အဆင့်ကို ရောက်ရှိနေပြီ... ဒါက သာမန် စွမ်းရည်ပိုင်ရှင်တွေ တစ်သက်လုံး ကြိုးစားအားထုတ်ရင်တောင် ရောက်ဖို့ မလွယ်တဲ့ အဆင့်ပဲ... ဒါ့အပြင် သူ့ရဲ့ Sအဆင့် ခန္ဓာကိုယ်ကြံ့ခိုင်ရေး တိုက်ခိုက်ရေးနည်းစနစ်ကလည်း အလွန် နက်နဲတဲ့ အဆင့်တစ်ခုအထိ ကျင့်ကြံထားပြီးသား ဖြစ်နေတယ်.... သူ ကျွမ်းကျင်ပိုင်နိုင်ထားတဲ့ အခြားသော Aအဆင့် တိုက်ခိုက်ရေးနည်းစနစ်တွေနဲ့ Sအဆင့် တိုက်ခိုက်ရေးနည်းစနစ်တွေ အကြောင်းကတော့ ကျွန်တော် ထပ်ပြောနေစရာ မလိုပါဘူး... အားလုံးလည်း မျက်မြင်ကိုယ်တွေ့ပဲ... ဒီလို အချက်အလက်ပေါင်းများစွာ ပေါင်းစပ်သွားမှုကပဲ ရှုကျင်းမင်ရဲ့ အံ့မခန်း စွမ်းအားကြီးမားမှုကို ဖန်တီးပေးလိုက်တာပါပဲ"
အမျိုးသား ပညာရေးဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးအနေဖြင့် ဝူယွမ်၏ လေ့လာဆန်းစစ်မှုက အလွန် တိကျမှန်ကန်ကြောင်း ဆိုရမည် ဖြစ်သည်။ SSအဆင့် စွမ်းရည်က အားကောင်းပါသလား။ အမှန်ပင် အားကောင်းလှပါသည်။ သို့သော် SSအဆင့် စွမ်းရည်ကို သက်သက် မှီခိုနေရုံဖြင့် အဆင့်ကြီးတစ်ခုကို ကျော်လွန်ကာ Sအဆင့်အတု စွမ်းရည်ကို ပိုင်ဆိုင်ထားသော ဝမ်ချီအား အနိုင်ယူရန် လုံးဝ လုံလောက်မည် မဟုတ်ပေ။
"တစ်ဦးချင်း စွမ်းအားအရ ပြောရမယ်ဆိုရင် ရှုကျင်းမင်က လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုကျော် အတွင်း နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲမှာ နံပါတ်တစ် ပြိုင်ပွဲဝင်ပဲလို့ ဆိုလို့ရပါတယ်"
ဝူယွမ်က သူ၏ နောက်ဆုံး နိဂုံးချုပ် စကားကို ပြောလိုက်ပြီးနောက် ခေတ္တရပ်ကာ ထပ်လောင်း ပြောဆိုလိုက်သည်။
"ဒါ့အပြင် အကယ်၍ ရှုကျင်းမင်သာ ကျွန်တော်တို့ရဲ့ အမျိုးသား ပညာရေးဦးစီးဌာနမှာ ရာထူးတစ်ခု လက်ခံချင်မယ် ဆိုရင်တော့ ကျွန်တော်တို့ဘက်က အကျေနပ်ဆုံးဖြစ်မယ့် ကမ်းလှမ်းမှုမျိုး သေချာပေါက် ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်"
သူ၏ စကားသံ အဆုံးတွင် ပရိသတ် တစ်ခုလုံး ချက်ချင်းပင် ပေါက်ကွဲသွားပြန်သည်။ “ဆယ်စုနှစ်တစ်ခုကျော်အတွင်း နံပါတ်တစ် အဆင့်တဲ့လား... အမျိုးသား ပညာရေးဦးစီးဌာနက ဖိတ်ခေါ်ကမ်းလှမ်းလိုက်တာပဲ...” ဤသည်က ရှုကျင်းမင်၏ စွမ်းအားကို အတိုက်ရိုက်ဆုံး အသိအမှတ်ပြုလိုက်ခြင်းပင် ဖြစ်သည်မှာ သံသယဝင်စရာ မလိုတော့ပေ။
ပရိသတ်များ ဆူညံသွားချိန်တွင် အခြားသော အင်အားစုများစွာမှ ဒုတိယ အကြီးအကဲများကမူ သူတို့၏ ရင်ထဲတွင် တိတ်တဆိတ် ကျိန်ဆဲလိုက်ကြသည်။ “ဟိုမြေခွေးအိုကြီး... သူက တော်တော် မြန်မြန် လှုပ်ရှားလိုက်တာပဲ...”
"ညွှန်ကြားရေးမှူးဝူက ပြိုင်ပွဲဝင် နှစ်ယောက်စလုံးအပေါ် အတော်လေး အထင်ကြီးနေပုံရပါတယ်... သူတို့နှစ်ဦးစလုံး သူတို့ လိုချင်တဲ့ လမ်းကြောင်းကို ရွေးချယ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်... ဒါကြောင့် နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ တစ်ဦးချင်းပြိုင်ပွဲက ဒီနေရာမှာပဲ တရားဝင် ပြီးဆုံးသွားပါပြီ... ပြိုင်ပွဲဆုလာဘ်တွေကိုတော့ လိဂ်ပြိုင်ပွဲကြီး တစ်ခုလုံး ပြီးဆုံးသွားတဲ့အခါ တစ်ပြေးညီ ပေးအပ်သွားမှာ ဖြစ်ပါတယ်... ဒါ့အပြင် အဖွဲ့လိုက်ပြိုင်ပွဲရဲ့ နောက်ဆုံးနေ့အတွက် မနက်ဖြန် မနက် ကိုးနာရီ အတိမှာ အားလုံးကို ပြန်လည် ကြိုဆိုသွားမှာပါ... အခုတော့ လမ်းပြတွေရဲ့ ညွှန်ကြားမှုအောက်မှာ စည်းကမ်းတကျ ထွက်ခွာပေးကြပါခင်ဗျာ"
အစီအစဉ်မှူးက ပြိုင်ပွဲ ပြီးဆုံးကြောင်း အမြန် ကြေညာလိုက်ပြီး တစ်နေကုန် ပြိုင်ပွဲများကို ကြည့်ရှုခဲ့ကြသော ပရိသတ်များက စိတ်လှုပ်ရှားစွာ ဆွေးနွေးရင်း ထွက်ခွာသွားကြတော့သည်။ ထိုစဉ် အမျိုးမျိုးသော အင်အားစုများမှ ဒုတိယအကြီးအကဲများက ချက်ချင်း လှုပ်ရှားလာကြပြီး မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်ဘက်သို့ အပြေးအလွှား သွားရောက်ကြသည်။
သို့သော် ထိုအချိန်မှာပင် ကောင်းကင်ပြာရောင် လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး အရပ်ရှည်ရှည်နှင့် ကျော့ရှင်းလှသော ပုံရိပ်တစ်ခုက မဂျစ်စီးတီး တက္ကသိုလ်၏ ပရိသတ်ခုံတန်းဘက်သို့ ရောက်ရှိလာခဲ့သည်။ တိတိကျကျ ပြောရလျှင် သူမက မဂျစ်စီးတီး တက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ အရှေ့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။
"ကျောင်းအုပ်ကြီးလင်း... မတွေ့ရတာ ကြာပြီနော်... ကျွန်မ ရှုကျင်းမင်နဲ့ စကားလေး တစ်ခွန်းလောက် ပြောခွင့်ရမလား"
ဆုချင်းလီ၏ နူးညံ့ပြီး သာယာနာပျော်ဖွယ်ကောင်းသော အသံလေး ထွက်ပေါ်လာကာ စမ်းရေပေါက်ကဲ့သို့ ကြည်လင်နေသော သူမ၏ မျက်ဝန်းများက လှမ်းကြည့်လာတော့သည်။
***