"ရတာပေါ့"
လင်းရွှမ်၏ လှပသော မျက်နှာထက်တွင် အပြုံးရေးရေးလေးတစ်ခု ပေါ်လာသည်။ ပရိသတ်ခုံတန်း၏ အရှေ့ဆုံးတွင်၊ ကွင်းထဲမှ ယခုလေးတင် ဆင်းလာသော ရှုကျင်းမင်မှာ တစ်ခုခုတုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ လင်းရွှမ်၏ ပခုံးလှမ်းကိုင်ခြင်းကို ခံလိုက်ရသည်။ ဟင်းလင်းပြင်က လက်ခနဲ ဖြစ်သွားပြီး သူတို့သုံးဦးစလုံး မဂျစ်စီးတီး တက္ကသိုလ်၏ ပရိသတ်ခုံတန်းမှ ချက်ချင်း ပျောက်ကွယ်သွားကြသည်။
"ပြီးပါပြီကွာ... သူတို့က ငါတို့ထက်တောင် လက်ဦးသွားသေးတယ်"
"လင်းရွှမ်နဲ့ ဆုချင်းလီက ရင်းနှီးတဲ့ ဆက်ဆံရေးရှိတယ်လို့ ကောလာဟလ ကြားဖူးတယ်... အခုတော့ ဒါက အမှန်ပဲဖြစ်ပုံရတယ်"
"တကယ်ပဲ အခုတော့ သူတို့ စကားပြောလို့ ပြီးတဲ့အထိ ငါတို့ စောင့်နေရုံပဲ ရှိတော့တယ်"
"ပထမဆုံး အခွင့်အရေးကို လက်လွတ်လိုက်ရတာ နှမြောစရာပဲ..."
အင်အားစုများစွာ၏ ဒုတိယ အကြီးအကဲများက ယူကျုံးမရဖြစ်နေသော အမူအရာများကို ပြသနေကြသည်။ သေချာသည်ကတော့ သူတို့သုံးဦး ဟင်းလင်းပြင် စွမ်းရည်ကို အသုံးပြုပြီး ထွက်မသွားခဲ့လျှင်တောင် နဝမအဆင့် သိုင်းသူတော်စင် တစ်ဦးဖြစ်သော ဆုချင်းလီကို သူတို့ ဝင်လုရဲမည် မဟုတ်ပေ။ တက္ကသိုလ် အိပ်ဆောင်ဇုန်ရှိ ဒုတိယကျောင်းအုပ်ကြီး၏ ဗီလာ ဧည့်ခန်းထဲတွင် ဟင်းလင်းပြင်က လက်ခနဲ ဖြစ်သွားပြီးနောက် ရှုကျင်းမင်နှင့် အမျိုးသမီးနှစ်ဦး၏ ပုံရိပ်များက တဖြည်းဖြည်း ပေါ်လာသည်။
"ရှုကျင်းမင်... မင်းကို မိတ်ဆက်ပေးရဦးမယ်... ဒါက မိုးကြိုးသိုင်းသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဆုချင်းလီပဲ... မင်း သူမအကြောင်းကို ကြားဖူးမှာပါ"
လင်းရွှမ်၏ အသံက ထွက်ပေါ်လာသည်။ ဟင်းလင်းပြင် ခရီးသွားလာခြင်း၏ ဘေးထွက်ဆိုးကျိုးများမှ ယခုလေးတင် ပြန်လည်သက်သာလာသော ရှုကျင်းမင်က သူ၏ မျက်နှာချင်းဆိုင်ရှိ ဆုချင်းလီကို ကြည့်လိုက်သည်။ စောစောက အားကစားကွင်းထဲတွင် အဝေးမှ လှမ်းကြည့်လိုက်ကတည်းက ဆုချင်းလီတွင် လှပသော မျက်နှာတစ်ခု ရှိနေကြောင်း သူ သိထားပြီး ဖြစ်သည်။
ယခုလို အနီးကပ် ကြည့်လိုက်ရချိန်တွင်မူ ဆုချင်းလီ၏ ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် သိမ်မွေ့လှပသော အသွင်အပြင်များကို သူ ပို၍ ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ဆုန့်ချိုးယွန်း၏ ညှို့ဓာတ်ပြင်းသော အလှအပမျိုးနှင့် မတူဘဲ ဤသည်က နတ်သမီးတစ်ပါးကဲ့သို့ ဖြူစင်သန့်ရှင်းသော အလှတရားမျိုး ဖြစ်သည်။
နဝမအဆင့် သိုင်းသူတော်စင် တစ်ဦး၏ သိမ်မွေ့ပြီး ထူးခြားလှသော အရှိန်အဝါနှင့် ပေါင်းစပ်လိုက်သောအခါ မည်သူ့ကိုမဆို မရိုမသေ ပြုလုပ်လိုစိတ် အနည်းငယ်မျှပင် မဖြစ်ပေါ်လာစေနိုင်တော့ပေ။ တစ်ချက်မျှ ကြည့်ပြီးသည်နှင့် ရှုကျင်းမင်က သူ၏ အကြည့်ကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ရိုသေလေးစားစွာဖြင့် နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ ကျောင်းအုပ်ကြီး"
"အဲဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး... ကျောင်းအုပ်ကြီးလင်းနဲ့ ငါက မိတ်ဆွေဟောင်းတွေလေ... မင်းက သူ့ရဲ့ ကျောင်းသားဆိုတော့ ငါ့ရဲ့ ကျောင်းသား တစ်ဝက်လို့ ပြောလို့ရပါတယ်... ထိုင်ပါဦး ငါတို့ အေးအေးဆေးဆေး စကားပြောကြတာပေါ့"
သူမ၏ အေးစက်စက် အသွင်အပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဆုချင်းလီ၏ လေယူလေသိမ်းက အလွန်တရာ နူးညံ့သိမ်မွေ့နေသည်။ ဤသည်က ရှုကျင်းမင်ကိုပင် အံ့အားသင့်သွားစေသည်။ နောက်ဆုံးအကြိမ် သူ နဝမအဆင့် သိုင်းသူတော်စင် တစ်ဦးဖြစ်သော ကောင်စီဝင် လျူယွီရှန်းနှင့် တွေ့ဆုံခဲ့စဉ်က တစ်ဖက်လူမှာ စိတ်ဝိညာဉ် ဖိနှိပ်မှုကို ချက်ချင်း အသုံးပြုခဲ့သေးသည် မဟုတ်ပါလော။
ထို့ကြောင့် သူက နဝမအဆင့် သိုင်းသူတော်စင်များကို အနည်းငယ် သတိထားနေမိပြီး အလားတူ ဖိနှိပ်မှုမျိုးအတွက် ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း ထင်မှတ်မထားစွာဖြင့် မည်သည့်အရာမှ ဖြစ်မလာခဲ့ပေ။ သေချာသည်ကတော့ ဘာမှဖြစ်မလာတာက ပို၍ပင် ကောင်းသေးသည်။ လင်းရွှမ်က ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီးနောက် ရှုကျင်းမင်ကလည်း လင်းရွှမ်နှင့် သိပ်မဝေးလှသော နေရာတစ်ခုတွင် ဝင်ထိုင်လိုက်သည်။
ဤကျောင်းအုပ်ကြီး ဆုချင်းလီက သူမနှင့် လင်းရွှမ်တို့က မိတ်ဆွေဟောင်းများ ဖြစ်သည်ဟု ပြောခဲ့သော်လည်း ဤသို့နေခြင်းက ရှုကျင်းမင်အတွက် ပို၍ လုံခြုံသည်ဟု ခံစားရစေသည်။ ဆုချင်းလီက ရှုကျင်းမင်၏ သေးငယ်သော အမူအရာလေးကို ဂရုမစိုက်ပေ။ သူ ထိုင်လိုက်သည်နှင့် တပြိုင်နက် သူမ၏ ကြည်လင်တောက်ပနေသော မျက်ဝန်းဝိုင်းကြီးများက လှမ်းကြည့်လာပြီး ဖုံးကွယ်မထားနိုင်သော ချီးကျူးမှုများဖြင့် ပြောလိုက်သည်။
"တတိယအဆင့်မြင့် စွမ်းရည်ပိုင်ရှင်က စတုတ္ထအဆင့်မြင့် စွမ်းရည်ပိုင်ရှင်ကို အနိုင်ယူနိုင်တယ်... SSအဆင့် စွမ်းရည်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သလို Aအဆင့်နဲ့ Sအဆင့် တိုက်ခိုက်ရေးနည်းစနစ် များစွာကိုလည်း တတ်မြောက်ထားသေးတယ်...”
“ရှုကျင်းမင်... မင်းက တကယ်ကို ထူးချွန်လွန်းပါတယ်...”
”ပြီးတော့ ငါတို့ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းကလည်း မင်းလို ထူးချွန်တဲ့ ပါရမီရှင်တွေကို လိုအပ်နေတာပဲ... ငါတို့ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းကို ဝင်ဖို့ မင်း စိတ်ဝင်စားမှု ရှိမရှိ သိပါရစေ"
ဆုချင်းလီက စကားကို လှည့်ပတ်မနေတော့ဘဲ သူမ၏ ရည်ရွယ်ချက်ကို တိုက်ရိုက်ပင် ဖွင့်ပြောလိုက်သည်။
"ကျွန်တော် မဂျစ်စီးတီး တက္ကသိုလ်ကနေ ကျောင်းမဆင်းရသေးတော့ လောလောဆယ် အဲဒီလောက်အထိ အဝေးကြီး မတွေးရသေးပါဘူး" ရှုကျင်းမင်က စဉ်းစားခန်း ဝင်လိုက်သည်။
သူက ကျောင်းသားသစ် တစ်ယောက်သာ ရှိသေးပြီး တက္ကသိုလ်တွင် သင်ယူရန် သုံးနှစ်ကျော် အချိန်ကျန်နေသေးသည်။ ဤမျှ ရှည်လျားသော ကာလအတွင်း လမ်းခရီးတွင် မည်သည့် အပြောင်းအလဲများ ဖြစ်ပေါ်လာမည်ကို မည်သူ သိနိုင်မည်နည်း။
ထို့အပြင် ကျောင်းဆင်းပြီးနောက် မည်သည့်နေရာသို့ သွားမည်ဆိုသည်ကို သူ ဤမျှစောစော ဆုံးဖြတ်ချက် မချလိုသေးပေ။ ထိုသို့လုပ်ခြင်းက မိမိကိုယ်ကိုယ် မလိုအပ်ဘဲ ကန့်သတ်ချက် တစ်ခု ထပ်တိုးလိုက်သလို ဖြစ်သွားပေမည်။
"ကျောင်းဆင်းဖို့လား... တကယ်တော့ ဆန္ဒရှိမယ်ဆိုရင် မင်း အချိန်မရွေး မဂျစ်စီးတီး တက္ကသိုလ်ကနေ စောစော ကျောင်းဆင်းခွင့် ရနိုင်ပါတယ်"
ဆုချင်းလီ၏ ကြည်လင်သော အသံက ထပ်မံ ထွက်ပေါ်လာသည်။
"စောစော ကျောင်းဆင်းခွင့်လား... မဂျစ်စီးတီး တက္ကသိုလ်မှာ ဒီလို မူဝါဒမျိုး ရှိလို့လား" ရှုကျင်းမင်က အနည်းငယ် အံ့ဩသွားသည်။
"မင်း တကယ်ပဲ စောစော ကျောင်းဆင်းခွင့် လျှောက်ထားလို့ ရပါတယ်... ဒါပေမဲ့ ကျောင်းကနေ သေချာ စိစစ်ပြီး အတည်ပြုချက် ရယူဖို့တော့ လိုလိမ့်မယ်" လင်းရွှမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ရှုကျင်းမင်ကဲ့သို့ ထူးချွန်သော ကျောင်းသားတစ်ဦးကို မဂျစ်စီးတီး တက္ကသိုလ်အနေဖြင့် ဤမျှစောစော ကျောင်းဆင်းသွားစေချင်မည် မဟုတ်သည်မှာ သေချာလှသည်။ သို့သော် အကယ်၍ ရှုကျင်းမင်က စောစော ကျောင်းဆင်းရန် ဆန္ဒရှိနေပါကလည်း ကျောင်းဘက်မှ ငြင်းဆန်နိုင်ခြေ သိပ်မရှိပေ။
"စောစော ကျောင်းဆင်းခွင့် မူဝါဒက တစ်ပိုင်းပေါ့... တခြားတစ်ဖက်မှာလည်း မင်း မဂျစ်စီးတီး တက္ကသိုလ်မှာ လေးနှစ် အပြည့် နေနိုင်လိမ့်မယ်လို့ ငါ မယုံဘူး"
ဆုချင်းလီက ညင်သာစွာ ပြောလိုက်သည်။ "မဂျစ်စီးတီး တက္ကသိုလ်က ငါတို့ မဟာနွေရာသီ တိုင်းပြည်မှာ ထိပ်တန်း တက္ကသိုလ်တစ်ခု ဖြစ်ပေမဲ့ ကျောင်းကနေ ထောက်ပံ့ပေးနိုင်တဲ့ အရင်းအမြစ်တွေက စတုတ္ထအဆင့်အောက် စွမ်းရည်ပိုင်ရှင်တွေအတွက်ပဲ အသုံးဝင်တာပါ...
စွမ်းရည်ပိုင်ရှင်တစ်ယောက်က စတုတ္ထအဆင့်ကို ရောက်သွားတာနဲ့ မဂျစ်စီးတီး တက္ကသိုလ် ကိုယ်တိုင် ထောက်ပံ့ပေးနိုင်တဲ့ အရင်းအမြစ်တွေက တကယ်တော့ အရမ်း ကန့်သတ်ချက် ရှိသွားပြီ...”
“မင်းက အခုမှ ကျောင်းသားသစ်လေးပဲ ရှိသေးတယ် ဒါပေမဲ့ တတိယအဆင့်မြင့်ကို ရောက်နေပြီ...”
“လာမယ့် သုံးနှစ်အတွင်းမှာ မင်း စတုတ္ထအဆင့်ကိုတောင် မရောက်နိုင်ဘူးဆိုတာ ငါ မယုံဘူး... မင်း စတုတ္ထအဆင့်ကို ဝင်ရောက်သွားတာနဲ့ ပိုများပြားတဲ့ အရင်းအမြစ်တွေကို ဘယ်လို ရယူရမလဲဆိုတဲ့ အခက်အခဲကို ရှောင်လွှဲလို့မရဘဲ ရင်ဆိုင်ရလိမ့်မယ်... အဲဒီအချိန်ကျရင် မင်း မဂျစ်စီးတီး တက္ကသိုလ်ကနေ မထွက်ခွာဘဲ နေနိုင်ဖို့ဆိုတာ ခက်ခဲသွားလိမ့်မယ်"
“အရင်းအမြစ်ဆိုင်ရာ အခက်အခဲလား...”
ရှုကျင်းမင်က သူ၏ မျက်စိသူငယ်အိမ်များကို အနည်းငယ် ကျုံ့လိုက်သည်။ အမှန်ပင် မဂျစ်စီးတီး တက္ကသိုလ်တွင် အရင်းအမြစ်များစွာ ရှိသော်လည်း ၎င်းတို့က အဓိကအားဖြင့် အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်များ အသုံးပြုနိုင်သည့် အရာများသာ ဖြစ်သည်။
အဆင့်က စတုတ္ထအဆင့်သို့ ရောက်သွားသည်နှင့် ကျောင်း၏ အရင်းအမြစ်တွင် Credit အမြောက်အမြား အသုံးပြု၍ ဝယ်ယူရသော အရင်းအမြစ်များက တန်ဖိုးနှင့် နှိုင်းယှဉ်လျှင် တွက်ချေမကိုက်တော့ပေ။ သေချာသည်ကတော့ ဤသည်မှာလည်း သာမန်ကိစ္စတစ်ခုသာ ဖြစ်သည်။
တက္ကသိုလ်ဆိုသည်မှာ စွမ်းရည်ပိုင်ရှင်များအတွက် အစပျိုးအဆင့်တစ်ခုသာ ဖြစ်သည်။ နောက်ဆက်တွဲ အဆင့်တက်မှုများက အများအားဖြင့် တပ်မတော်များနှင့် ဂိုဏ်းများတွင်သာ ပြုလုပ်လေ့ရှိကြသည်။
ထို့အပြင် စတုတ္ထအဆင့်သို့ ရောက်ရှိနိုင်သော ကျောင်းသားများမှာလည်း စီနီယာ ကျောင်းသားကြီးများသာ ဖြစ်ကြသဖြင့် စောစော ကျောင်းဆင်းရေး ကိစ္စကို ထည့်သွင်းစဉ်းစားရန် မလိုအပ်တော့သည်မှာ သဘာဝပင်။ သူတို့ဘေးတွင်ရှိသော မဂျစ်စီးတီး တက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်မှာလည်း ထိုစကားများကို ကြားသော်လည်း မည်သို့မျှ ဝင်ရောက် ငြင်းခုံခြင်း မရှိခဲ့ပေ။ မည်သို့ပင်ဆိုစေ ဆုချင်းလီ ပြောခဲ့သည့်အရာများက အမှန်တရားပင် ဖြစ်နေသည်။
"မဂျစ်စီးတီး တက္ကသိုလ်မှာ ကန့်သတ်ချက်တွေ အများကြီး ရှိတယ်... ဒါပေမဲ့ ငါတို့ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းကတော့ မတူဘူး... တက္ကသိုလ်တွေနဲ့ ယှဉ်လိုက်ရင် ငါတို့ရဲ့ ဩဇာလွှမ်းမိုးနိုင်တဲ့ နယ်ပယ်က ပိုကျယ်ပြန့်တယ်..”
“မိုးကြိုးသိုင်းသင်တန်းကျောင်း ခွဲတွေက မဟာနွေရာသီ တိုင်းပြည်ရဲ့ မြို့တိုင်းမှာ ဖြန့်ကြက်တည်ရှိနေပြီး နိုင်ငံရပ်ခြားမှာတောင် ရှိသေးတယ်... မိုးကြိုးသိုင်းသင်တန်းကျောင်း အတွင်းမှာဆိုရင် နဝမအဆင့် သိုင်းသူတော်စင် အများအပြားနဲ့ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး ဒါဇင်နဲ့ချီပြီး ရှိနေတယ်... အင်အားက အံ့မခန်းပဲ....”
“ဒါနဲ့ လိုက်ဖက်စွာပဲ ငါတို့ရဲ့ အရင်းအမြစ် ဘဏ္ဍာတိုက်ကလည်း ပိုပြီး ကြွယ်ဝတယ်... မဂျစ်စီးတီး တက္ကသိုလ်မှာ မရှိတဲ့ အရင်းအမြစ်တွေ ငါတို့ဆီမှာ ရှိတယ်... မဂျစ်စီးတီး တက္ကသိုလ်မှာ မရှိတဲ့ တိုက်ခိုက်ရေးနည်းစနစ်တွေလည်း ငါတို့ဆီမှာ ရှိတယ်...”
“ပိုအရေးကြီးတာက ငါ့ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းက ယခင် ကျောင်းအုပ်ကြီး အဆက်ဆက် အားလုံးဟာ မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင်တွေချည်းပဲ... ကျောင်းအုပ်ကြီး တစ်ယောက်စီက သူတို့ တာဝန်ထမ်းဆောင်စဉ် ကာလအတွင်းမှာ မိုးကြိုးဓာတ် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာအမြောက်အမြားကို စုဆောင်းခဲ့ကြပြီး တချို့ တိုက်ခိုက်ရေးနည်းစနစ်တွေကို ကိုယ်တိုင်တောင် ဖန်တီးခဲ့ကြသေးတယ်...”
“ငါ့ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းက စတင်တည်ထောင်ကတည်းကဆိုရင် ၁၆၇ နှစ်တောင် သက်တမ်းရှိနေပြီ.... ငါ့ကိုပါ ထည့်တွက်မယ်ဆိုရင် မိုးကြိုးသိုင်းသင်တန်းကျောင်းက ကျောင်းအုပ်ကြီး သုံးဆက်ကို ဖြတ်သန်းခဲ့ပြီးပြီ....”
“ဒါကြောင့် ငါတို့ မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ အတွင်းပိုင်း တိုက်ခိုက်ရေးနည်းစနစ် ကျမ်းတိုက်ထဲမှာဆိုရင် မိုးကြိုးဓာတ် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာပေါင်း သောင်းနဲ့ချီပြီး မှတ်တမ်းတင်ထားတာ ရှိတယ်... မိုးကြိုးဓာတ် စွမ်းရည်ပိုင်ရှင် တစ်ယောက်ဖြစ်တဲ့ မင်းအတွက် ဒီအရာတွေက လိုအပ်နေမယ်လို့ ငါ ထင်တယ်..."
ဆုချင်းလီ စကားပြောပြီးသည်နှင့် တပြိုင်နက် ရှုကျင်းမင်၏ မျက်လုံးများက ချက်ချင်းပင် အရောင်လက်သွားတော့သည်။
Systemရှိနေခြင်းကြောင့် ပြင်ပအရင်းအမြစ်များက သူ့အတွက် တကယ်တမ်းတွင် သိပ်ပြီး အရေးမကြီးလှပေ။ သို့သော် တိုက်ခိုက်ရေးနည်းစနစ်များကတော့ မတူညီပေ။ ၎င်းတို့က Systemအနေဖြင့် မည်သို့မျှ ထောက်ပံ့ပေးနိုင်စွမ်း မရှိသော အရာများ ဖြစ်သည်။
မဂျစ်စီးတီး တက္ကသိုလ်တွင် မိုးကြိုးဓာတ် တိုက်ခိုက်ရေးနည်းစနစ် ကျမ်းစာများစွာ ရှိသော်လည်း မိုးကြိုးသိုင်းသင်တန်းကျောင်း ကဲ့သို့သော နိုင်ငံတော်အဆင့် အဖွဲ့အစည်းကြီး တစ်ခုနှင့်မူ နှိုင်းယှဉ်၍ ရနိုင်ဦးမည် မဟုတ်ပေ။ အချိန်ကျပြီဖြစ်ကြောင်း မြင်လိုက်သည်နှင့် ဆုချင်းလီက သူမ၏ ကမ်းလှမ်းချက်များကို ချက်ချင်း ချပြလိုက်သည်။
"ရှုကျင်းမင်... မင်းသာ ငါတို့ရဲ့ မိုးကြိုးသိုင်းသင်တန်းကျောင်းကို ဝင်ဖို့ ဆန္ဒရှိမယ်ဆိုရင် ငါတို့ဘက်က မင်းကို အဓိက ကမ်းလှမ်းချက် လေးရပ် ပေးချင်ပါတယ်...
၁။ လစဉ် လှုပ်ရှားမှု ရန်ပုံငွေအနေနဲ့ မဟာနွေရာသီသုံးငွေ သန်း ၁၀၀။
၂။ မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ ကမ္ဘာလုံးဆိုင်ရာ ဌာနချုပ်မှာရှိတဲ့ ပါရမီရှင် လေ့ကျင့်ရေးစခန်းမှာ ဝင်ရောက်လေ့လာခွင့်။
၃။ Sအဆင့်၊ SSအဆင့်နဲ့ SSSအဆင့် တိုက်ခိုက်ရေးနည်းစနစ်တွေ အပါအဝင် မိုးကြိုးသိုင်းသင်တန်းကျောင်းရဲ့ တိုက်ခိုက်ရေးနည်းစနစ် အားလုံးကို အခမဲ့ လေ့လာခွင့်။
၄။ မင်းက ငါ့ရဲ့ ကိုယ်ပိုင်တပည့် ဖြစ်လာမယ် ပြီးတော့ သိုင်းသူတော်စင် တစ်ယောက်ဖြစ်တဲ့ ငါ ကိုယ်တိုင်က မင်းကို သီးသန့် လမ်းညွှန်သင်ကြားပေးမယ်"
***