SSအဆင့် ဝိညာဉ်သန့်စင်ရေး တိုက်ခိုက်ရေးနည်းစနစ်များက မိုးကြိုးသိုင်းသင်တန်းကျောင်း တစ်ခုတည်းမှာသာ သီးသန့်ရှိနေသောကြောင့် အရူးတစ်ယောက်ပင်လျှင် မည်သည့်နေရာသို့ သွားရမည်ကို သိနိုင်ပေသည်။ သို့သော် ရှုကျင်းမင်၏ စကားများက ရန်ကျန့်ထျန်းကို အနည်းငယ် အံ့အားသင့်သွားစေသည်။
"မင်းက မိုးကြိုးသိုင်းသင်တန်းကျောင်းကို ရွေးချယ်လိုက်ပြီပေါ့... ငါထင်ထားတာ မင်းက စွမ်းအင်ပညာရှင်တွေရဲ့ အဝေးကနေ ဗုံးကြဲတိုက်ခိုက်တဲ့ ပုံစံကို သဘောမကျဘူးလို့"
"ဘယ်လိုလုပ် အဲဒီလိုဖြစ်နိုင်မှာလဲ... သဘောမကျရင် ကျွန်တော်က ကောင်းကင်မိုးကြိုးကျင့်စဉ်နဲ့ မိုးကြိုးနတ်ဘုရား လက်ချောင်းဆိုတဲ့ ဒီတိုက်ခိုက်ရေးနည်းစနစ် နှစ်ခုကို ဘာလို့ သင်ယူထားရမှာလဲ"
ရှုကျင်းမင်က ပြုံးလျက် ပြောလိုက်သည်။ စွမ်းအင်ပညာရှင် ဆိုသည်မှာ တကယ်တမ်းတွင် အွန်လိုင်းဂိမ်းများထဲမှ မှော်ဆရာများနှင့် အနည်းငယ် ဆင်တူသည်။ အွန်လိုင်းဂိမ်း ကစားသည့်အခါ မီးလုံးများ ပစ်လွှတ်ရခြင်း၏ သွေးဆောင်မှုကို မည်သူကများ ငြင်းဆန်နိုင်မည်နည်း။ သူက မိုးကြိုးလုံးများ ပစ်လွှတ်ခြင်းသာ ဖြစ်သော်လည်း အခြေခံသဘောတရားကတော့ အတူတူပင် ဖြစ်သည်။
ထို့အပြင် သူ၏ Systemက စွမ်းရည်အမှတ်များ ပိုမိုရရှိရန် သားရဲ အမြောက်အမြားကို သတ်ဖြတ်ရန် လိုအပ်သည်။ အကယ်၍ သူက အနီးကပ် တိုက်ရည်ခိုက်ရည်ကိုသာ အားကိုးနေမည်ဆိုလျှင် သားရဲ တစ်ထောင်ကျော်ကို သတ်ဖြတ်ရန် အနည်းဆုံး တစ်ရက် သို့မဟုတ် နှစ်ရက်၊ ထိုထက်မက အချိန်ယူရပေလိမ့်မည်။
သို့သော် အဝေးပစ် မန္တန်အမျိုးအစား တိုက်ခိုက်ရေးနည်းစနစ်များကတော့ မတူညီပေ။ နည်းစနစ်တစ်ခုတည်းဖြင့်ပင် သတ်ဖြတ်မှုကို အပြီးသတ်နိုင်သည်။ နောက်ပိုင်း သူ၏ အဆင့် ပိုမြင့်လာသောအခါ ကီလိုမီတာ ဆယ်ဂဏန်းအထိ လွှမ်းခြုံနိုင်သော နည်းစနစ်တစ်ခုတည်းကပင် တောနက်ဇုန် တစ်ခုလုံးကို ပြောင်သလင်းခါသွားစေရန် လုံလောက်ပေလိမ့်မည်။ ထိုသို့သော ထိရောက်မှုမျိုးကို အနီးကပ် တိုက်ရည်ခိုက်ရည်ဖြင့် လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့် သူက စွမ်းအင်ပညာရှင် လမ်းကြောင်းကို သေချာပေါက် ရွေးချယ်ရမည် ဖြစ်သည်။ ထို့အပြင် အပြာရောင်နက်ရှိုင်း စနစ် ရှိနေသောကြောင့် သိုင်းပညာရှင်နှင့် စွမ်းအင်ပညာရှင် နှစ်ခုစလုံးကို မျှတအောင် လေ့ကျင့်ရန်မှာ အလွန်တရာ ရိုးရှင်းလွယ်ကူလှသည်။
"အဲဒါလည်း ဟုတ်တာပဲ"
ရန်ကျန့်ထျန်းက ရုတ်တရက် သဘောပေါက်သွားပြီးနောက် သံသယအနည်းငယ်ဖြင့် မေးလိုက်သည်။
"ဒါပေမဲ့ မင်းက မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံကို ဘယ်တုန်းက သင်လိုက်တာလဲ။ ဘာလို့ ငါ မသိရတာလဲ"
မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ ဆိုသည်မှာ မဂျစ်စီးတီး တက္ကသိုလ်၏ တိုက်ခိုက်ရေးနည်းစနစ် ကျမ်းတိုက်ထဲတွင် အလွန် ခက်ခဲသော Sအဆင့် ထိပ်တန်း နည်းစနစ်တစ်ခု ဖြစ်သည်။ ထိုစဉ်က သူကိုယ်တိုင်ပင်လျှင် ၎င်းကို သင်ယူရန် ခြောက်လကျော် အချိန်ယူခဲ့ရသည်။
"လိဂ်ပြိုင်ပွဲ မစခင် ရက်အနည်းငယ်အလိုကမှ ကျွန်တော် သင်လိုက်တာပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော် ဆက်ပြီး လေ့ကျင့်လို့ မရနိုင်တော့ဘူးလို့ တွေးမိလို့ ဆရာ့ကို မပြောပြခဲ့တာပါ"
ရှုကျင်းမင်က ပြန်ဖြေလိုက်သည်။ လျှပ်စီးအရိပ်ခန္ဓာနှင့် မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ နှစ်ခုစလုံးကို အလယ်အလတ် ရောက်မှ သူ သင်ယူခဲ့ခြင်း ဖြစ်သည်။ အကယ်၍ သူသာ ၎င်းတို့ကို ထုတ်ဖော်ပြောပြခဲ့ပါက သူ့ကို အလိုက်သင့် ဖြစ်စေရန် အဖွဲ့လိုက်ပြိုင်ပွဲ လေ့ကျင့်ရေးအစီအစဉ်များကို ပြန်လည် ညှိနှိုင်းရမည်ဖြစ်ပြီး ယင်းက အလွန် ရှုပ်ထွေးသွားပေလိမ့်မည်။ ထို့ကြောင့် နောက်ပိုင်း လေ့ကျင့်ရေးများတွင် သူက ၎င်းတို့ကို ရိုးရှင်းစွာပင် ထုတ်ဖော်မပြခဲ့ခြင်း ဖြစ်သည်။
"လိဂ်ပြိုင်ပွဲ မစခင် ရက်အနည်းငယ်အလိုကမှ ဟုတ်လား... ကောင်းကင်ဘုံကြီးရေ... Sအဆင့် ထိပ်တန်း နည်းစနစ်တစ်ခုကို သင်ယူတာက မင်းဆီကနေ ကြားရတော့ ဘာလို့ ဒီလောက်တောင် ရိုးရှင်းလွယ်ကူနေရတာလဲ"
ရန်ကျန့်ထျန်းမှာ အံ့ဩတကြီးဖြင့် မရေရွတ်ဘဲ မနေနိုင်တော့ပေ။ သတ္တမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ဦးအနေဖြင့် သူက ပါရမီရှင်များစွာကို မြင်တွေ့ခဲ့ဖူးပြီး သူတို့အများစုက သူတို့၏ ပါရမီနှင့် ပတ်သက်၍ ရှင်းလင်းသော လက္ခဏာများကို ပြသလေ့ရှိကြသည်။ သို့သော် ရှုကျင်းမင်၏ မိစ္ဆာဆန်တဲ့ ပါရမီကမူ သူ နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့သည်။ ၎င်းက ရိုးရှင်းစွာပင် တစ်ခါမှ မကြားဖူးလောက်အောင် အံ့မခန်း ဖြစ်နေသည်။
"အာ... ဟုတ်သားပဲ ဆရာ... ကျွန်တော် ဘယ်အချိန်လောက် စောစော ကျောင်းဆင်းပြီး မိုးကြိုးသိုင်းသင်တန်းကျောင်းကို သွားသင့်တယ်လို့ ထင်လဲ" မိုးကြိုးသိုင်းသင်တန်းကျောင်းကို သွားရန် ဆုံးဖြတ်ပြီးဖြစ်သောကြောင့် ရှုကျင်းမင်က သူ၏ဆရာနှင့် ဦးစွာ တိုင်ပင်ဆွေးနွေးလိုသည်မှာ သဘာဝပင်။
"ဝိညာဉ်သန့်စင်ရေး တိုက်ခိုက်ရေးနည်းစနစ်တွေကို သင်ယူဖို့ အနည်းဆုံး စိတ်ဝိညာဉ်စွမ်းအား ၆၀၀၀ ဟတ်ဇ် လိုအပ်တယ်... ဒီတော့ မင်း သိပ်ပြီး လောနေစရာ မလိုပါဘူး... ငါတို့ မဂျစ်စီးတီး တက္ကသိုလ်က အဆင့်မြင့် စွမ်းရည်ပိုင်ရှင်တွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာ မိုးကြိုးသိုင်းသင်တန်းကျောင်းကို မယှဉ်နိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမဲ့... အဆင့်နိမ့် စွမ်းရည်ပိုင်ရှင်တွေကို ပြုစုပျိုးထောင်တဲ့ နေရာမှာတော့ ငါတို့ တော်တော်လေး ယုံကြည်မှု ရှိပါတယ်... မင်း စတုတ္ထအဆင့်လတ် ဒါမှမဟုတ် စတုတ္ထအဆင့်မြင့်ကို ရောက်သွားတဲ့အခါလောက်မှ စောစော ကျောင်းဆင်းခွင့်ကို လျှောက်ထားလို့ ရလောက်ပါတယ်"
ရန်ကျန့်ထျန်းက စဉ်းစားခန်း ဝင်လိုက်သည်။ စတုတ္ထအဆင့်မြင့် ဆိုသည်မှာ အကြမ်းဖျင်းအားဖြင့် မဂျစ်စီးတီး တက္ကသိုလ် ကျောင်းဆင်းများ ရောက်ရှိနိုင်သော အမြင့်ဆုံး ကန့်သတ်ချက်ပင် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်သွားသည်နှင့် မဂျစ်စီးတီး တက္ကသိုလ်၏ အရင်းအမြစ် ကျမ်းတိုက်မှ Creditများဖြင့် ဝယ်ယူနိုင်သော ကျင့်ကြံရေး အရင်းအမြစ်များ၏ တန်ဖိုးက အလွန်အမင်း ကျဆင်းသွားတော့သည်။ Creditများ ရှာဖွေရန် အချိန်ဖြုန်းနေမည့်အစား အရင်းအမြစ်များ ပိုမို ကြွယ်ဝပြီး ရရှိရန် ပိုမို လွယ်ကူသော မိုးကြိုးသိုင်းသင်တန်းကျောင်းသို့ တိုက်ရိုက် သွားရောက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
"စတုတ္ထအဆင့်မြင့် ဟုတ်လား... သဘောပေါက်ပါပြီ"
ရှုကျင်းမင်က ခေါင်းညိတ်လိုက်ပြီး တစ်ဝက်နောက် တစ်ဝက်တည်ဖြင့် ပြောလိုက်သည်။
"ဒါဆို ဆရာ... ကျွန်တော် မိုးကြိုးသိုင်းသင်တန်းကျောင်းကို ရောက်တဲ့အခါ ကျောင်းအုပ်ကြီး ဆုချင်းလီကို ဆရာအဖြစ် ခံယူမှာနော်.... ဆရာက အဲဒါကို စိတ်မဆိုးဘူး မဟုတ်လား"
"သေချာပေါက် စိတ်မဆိုးပါဘူး"
ရန်ကျန့်ထျန်းက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
"အခုက ရှေးခေတ်ကာလမှ မဟုတ်တော့တာ... ဘယ်စွမ်းရည်ပိုင်ရှင်ကများ သူ့နောက်ကွယ်မှာ ဆရာ သုံးလေးယောက် မရှိဘဲ နေမှာလဲ... မင်းရဲ့ ဆရာဖြစ်တဲ့ ငါ့မှာတောင် ဆရာ လေးယောက် ရှိတယ်ကွ... ဒါ့အပြင် မင်းက နဝမအဆင့် သိုင်းသူတော်စင် တစ်ယောက်ကို ဆရာအဖြစ် ခံယူနိုင်တယ်ဆိုရင် နောင်တစ်ချိန် တခြားလူတွေ အဲဒီအကြောင်း ပြောကြတဲ့အခါ မင်းရဲ့ အရှိန်အဝါနဲ့ ငါတောင် မျက်နှာပွင့်ဦးမယ်"
ရန်ကျန့်ထျန်း၏ လေယူလေသိမ်းတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်လေး တစ်ခု ပါဝင်နေသည်။ ခွန်အားကိုသာ လေးစားကြသော ဤကမ္ဘာကြီးတွင် သတ္တမအဆင့် အထွတ်အထိပ် ဆရာကြီးနှင့် အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးဆိုသည်မှာ လုံးဝ ကွဲပြားခြားနားသော အယူအဆ နှစ်ခု ဖြစ်သည်။ သူက သတ္တမအဆင့် အထွတ်အထိပ်မှာ ရှိနေလျှင်တောင် အတူတူပင် ဖြစ်သည်။
အဋ္ဌမအဆင့်သို့ မရောက်ရှိဘဲနှင့် အခြားသော အထွတ်အထိပ် ဆရာကြီးများက သူ့ကို တည့်တည့်ပင် ကြည့်ကြမည် မဟုတ်ပေ။ ဥပမာအားဖြင့် လျူမင်၏ ဂိုဏ်း မျိုးဖြုတ်ခံလိုက်ရစဉ်က အကယ်၍ သူသာ အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ဦး ဖြစ်နေခဲ့မည်ဆိုပါက ထို အဋ္ဌမအဆင့် ဆရာကြီး ဝမ်လင်းရန်ကို သွားရောက် ရင်ဆိုင်ချိန်တွင် သူ ထိုမျှလောက်အထိ ကူကယ်ရာမဲ့ ဖြစ်နေမည် မဟုတ်ပေ။ ထို့အပြင် အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးထက် မြင့်မားသော နဝမအဆင့် သိုင်းသူတော်စင် တစ်ဦးမှာ မဟာနွေရာသီ တိုင်းပြည် တစ်ခုလုံးတွင် အကြွင်းမဲ့ အာဏာကို ကိုင်စွဲထားသူ ဖြစ်သည်။ မိုးကြိုးသိုင်းသင်တန်းကျောင်း ကဲ့သို့သော ဧရာမ အဖွဲ့အစည်းကြီးကို သူမ ထိန်းချုပ်ထားသည်ဆိုခြင်းကတော့ ဆိုဖွယ်ရာပင် မရှိတော့ပေ။ ရှုကျင်းမင်အနေဖြင့် ဆုချင်းလီကို ဆရာအဖြစ် ခံယူနိုင်ခြင်းက ထိုအကြောင်း ပြောဆိုကြသည့်အခါ သူ့ကိုလည်း မျက်နှာပွင့်စေမည် ဖြစ်သည်။
"မိုးကြိုးသိုင်းသင်တန်းကျောင်း ကိစ္စကတော့ ပြီးသွားပြီ... ဒါပေမဲ့ တခြား အင်အားစု အများအပြားကလည်း မင်းနဲ့ တွေ့ဆုံဖို့ ဖိတ်စာတွေ ပို့ထားကြတယ်... ဒီတစ်ခေါက်တော့ မင်းကိုယ်စား ငါ ငြင်းပေးလို့ မရတော့ဘူး... မင်း မတွေ့ချင်ဘူးဆိုရင်တော့ ကျောင်းအုပ်ကြီးလင်းကို ပြောပြတာ အကောင်းဆုံးပဲ"
ခေတ္တရပ်ပြီးနောက် ရန်ကျန့်ထျန်းက အနည်းငယ် ခေါင်းကိုက်စွာဖြင့် ပြောလိုက်သည်။ ပြီးခဲ့သည့် အကြိမ်က တွေ့ဆုံရန် ဖိတ်ကြားမှုများကို သူ ပြတ်ပြတ်သားသား ငြင်းပယ်နိုင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ်တွင် ဖိတ်စာပို့လာသူများ အားလုံးက အနည်းဆုံး အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီးများ ဖြစ်ကြသည်။ သတ္တမအဆင့် အထွတ်အထိပ် ဆရာကြီး တစ်ဦးအနေဖြင့် ရိုးသားစွာ ပြောရလျှင် သူတို့ကို ငြင်းပယ်ပိုင်ခွင့်ပင် သူ့မှာ မရှိပေ။ ငြင်းပယ်ရန်အတွက် ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်သာ ရှေ့ထွက်၍ ရနိုင်မည် ဖြစ်သည်။
"ဒီလိုဆိုမှတော့ သူတို့အားလုံးနဲ့ တွေ့လိုက်ပါ့မယ်" ရှုကျင်းမင်က ပြုံးလျက် ပြောလိုက်သည်။
မိုးကြိုးသိုင်းသင်တန်းကျောင်းသို့ သွားရန် တရားဝင် မဟုတ်သေးသော်လည်း အကြမ်းဖျင်း ဆုံးဖြတ်ထားပြီး ဖြစ်သော်ငြား အခြား အင်အားစုများ၏ ကမ်းလှမ်းချက်များကို နားထောင်ကြည့်ခြင်းက အကျိုးယုတ်စရာ မရှိပေ။ ပိုကောင်းတဲ့ အရာတစ်ခုခုများ ရှိနေရင် ဘယ်လိုလုပ်မလဲ။
"ဒါလည်း ကောင်းပါတယ်… မနက်ဖြန် အဖွဲ့လိုက်ပြိုင်ပွဲ ပြီးရင် တစ်ရက် နားရမှာဆိုတော့ သန်ဘက်ခါကျမှ တွေ့ဆုံမှုတွေ အားလုံးကို ငါ စီစဉ်ပေးလိုက်မယ်" ရန်ကျန့်ထျန်းက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ကျန်ရှိနေသော အချိန်များတွင် ရှုကျင်းမင်က သိုင်းပညာရှင်များနှင့် စွမ်းအင်ပညာရှင်များအကြောင်း ပိုမို အသေးစိတ်ကျသော အချက်အလက်များကို ဆရာရန်ထံမှ မေးမြန်းပြီးနောက် နှုတ်ဆက် ထွက်ခွာလာခဲ့သည်။ ဗီလာထဲမှ ထွက်လာပြီးနောက် ရှုကျင်းမင်က သူ၏ အိပ်ဆောင်သို့ မပြန်ဘဲ ဆုန့်ချိုးယွန်း၏ နေရာသို့ သွားခဲ့သည်။ ဆုန့်ချိုးယွန်း၏ လေ့ကျင့်ရေးခန်းက ပိုမို ကျယ်ဝန်းပြီး ကျင့်ကြံရန်အတွက် ပိုမို အဆင်ပြေသည်။
ထို့အပြင် နေ့စဉ် စွမ်းရည်ကျင့်စဉ် လေ့ကျင့်မှုနှင့် လှံသိုင်း၊ လက်သီးသိုင်း လေ့ကျင့်မှုများကလည်း မရှိမဖြစ် လိုအပ်လှသည်။ သူက ညဆယ်နာရီအထိ ထိုနေရာတွင် နေပြီးမှသာ မဂျစ်စီးတီး တက္ကသိုလ်၏ အိပ်ဆောင်ဇုန်သို့ ပြန်လာခဲ့လေသည်။
နောက်တစ်နေ့ မတ်လ ၁၈ ရက်နေ့မှာ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ ကိုးရက်မြောက်နေ့ ဖြစ်ပြီး အဖွဲ့လိုက်ပြိုင်ပွဲစဉ်၏ နောက်ဆုံးနေ့လည်း ဖြစ်သည်။ အဖွဲ့လိုက်ပြိုင်ပွဲ ချန်ပီယံဆုအတွက် ယှဉ်ပြိုင်ခွင့်ရှိသော တက္ကသိုလ် နှစ်ခုသာ ကျန်ရှိတော့သည်။
မဂျစ်စီးတီး တက္ကသိုလ်... ၈ ပွဲနိုင်၊ ၀ ပွဲရှုံး။
ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်... ၈ ပွဲနိုင်၊ ၀ ပွဲရှုံး။ ယနေ့ နံနက်ပိုင်း ပွဲစဉ်များက မည်သည့် တက္ကသိုလ်က ပိုမို အားကောင်းသနည်း ဆိုသည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။ အကယ်၍ မဂျစ်စီးတီး တက္ကသိုလ်သာ ချန်ပီယံဆုကို ရရှိခဲ့မည်ဆိုလျှင် ပြိုင်ပွဲနှစ်ခု၏ ချန်ပီယံဆုများကို ဆွတ်ခူးထားသော မဂျစ်စီးတီး တက္ကသိုလ်အနေဖြင့် ဤနိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ နောက်ဆုံး အောင်ပွဲကို စောစီးစွာပင် သိမ်းပိုက်နိုင်မည် ဖြစ်သည်။ ထိုသို့သော ပွဲစဉ်အတွက် ပရိသတ်များက မျှော်လင့်ချက် ကြီးစွာဖြင့် စောစောစီးစီးပင် ရောက်ရှိနေကြသည်မှာ သဘာဝပင်။
"နောက်ဆုံး တိုက်ပွဲဟေ့"
"ဒီအဖွဲ့လိုက်ပြိုင်ပွဲကို နိုင်ရင် ဒီချန်ပီယံဆုက ငါတို့အတွက်ပဲ"
"တိုက်ဟေ့..."
မဂျစ်စီးတီး တက္ကသိုလ်၏ ပရိသတ်ခုံတန်းများတွင် ကုဝမ်နှင့် အခြားသူများ၏ မျက်နှာပေါ်၌လည်း မြင့်မားသော တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေကြသည်။ ရှုကျင်းမင်က အဖွဲ့၏ အရှေ့ဆုံးတွင် တည်ငြိမ်စွာ ရပ်နေသည်။ သူ ရှိနေသရွေ့ မဂျစ်စီးတီး တက္ကသိုလ်က နောက်ဆုံး အဖွဲ့လိုက်ပြိုင်ပွဲတွင် သေချာပေါက် အနိုင်ရမည် ဖြစ်သည်။ ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်၏ ပရိသတ်ခုံတန်းတွင်မူ ဝမ်ချီနှင့် အခြားသူများကလည်း သူတို့၏ နောက်ဆုံး နည်းဗျူဟာများကို ဆွေးနွေးနေကြသည်။
"ရှုကျင်းမင်ကို ငါ ကိုင်တွယ်မယ်... ကျန်တာကတော့ မင်းတို့အပေါ်မှာပဲ မူတည်တယ်" ဝမ်ချီက ဩရှရှ အသံဖြင့် ပြောလိုက်သည်။ သတ္တမအဆင့် အထွတ်အထိပ် ပံ့ပိုးမှု စွမ်းရည်ပိုင်ရှင် တစ်ဦး၏ တစ်ညလုံး ကုသပေးမှုအပြီးတွင် မိုးကြိုးလှံ ဖောက်ထွင်းခံထားရသော သူ၏ ရင်အုံမှ အပေါက်ကြီးမှာ လုံးဝ ပြန်လည်ကောင်းမွန်နေပြီ ဖြစ်သည်။
သို့သော် သူ၏ မျက်နှာက အနည်းငယ် ဖြူဖျော့နေဆဲဖြစ်ပြီး သူ၏ ခွန်အားကလည်း အထွတ်အထိပ် အခြေအနေသို့ ပြန်မရောက်သေးပေ။ သို့သော် ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ် ကိုယ်စားပြုအဖွဲ့၏ ဝိညာဉ်တစ်ခုအနေဖြင့် သူသာ ဝင်မပါလျှင် ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်က သေချာပေါက် ရှုံးနိမ့်မည် ဖြစ်သည်။ သူ ဝင်ပါလျှင်တောင် အခွင့်အရေး အနည်းငယ်သာ ရှိသည်။
"နားလည်ပါပြီ"
"စိတ်မပူပါနဲ့ အစ်ကိုချီ... တခြားလူတွေကို ကျွန်တော်တို့ဆီသာ လွှဲထားလိုက်ပါ"
ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ် အဖွဲ့ဝင်များကလည်း လေးနက်သော အမူအရာများဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"လိဂ်ပြိုင်ပွဲရဲ့ ၉ ရက်မြောက်နေ့ကို အားလုံးပဲ ကြိုဆိုပါတယ်... ဒီနေ့ မနက်မှာ အဖွဲ့လိုက်ပြိုင်ပွဲ ၅ ပွဲ ယှဉ်ပြိုင်သွားမှာပါ... အဖွဲ့လိုက်ပြိုင်ပွဲစဉ်ရဲ့ ချန်ပီယံကိုလည်း ဒီနေ့ မနက်မှာပဲ ဆုံးဖြတ်သွားမှာ ဖြစ်ပါတယ်... အခု ပထမဆုံး ပွဲစဉ်ကတော့..."
နံနက် ကိုးနာရီအတိတွင် အစီအစဉ်မှူးဖုန်းလဲ့က အစီအစဉ်မှူး စင်မြင့်ထက်သို့ အချိန်ကိုက် ရောက်ရှိလာခဲ့သည်။ အဖွဲ့လိုက်ပြိုင်ပွဲများကို တရားဝင် စတင်လိုက်ပြီ ဖြစ်သည်။ ပထမ နှစ်ပွဲက သာမန် တက္ကသိုလ်များကြားက တိုက်ပွဲများသာဖြစ်ပြီး မိနစ်လေးဆယ်ကျော် အချိန်ယူကာ ပြီးဆုံးသွားခဲ့သည်။ တတိယပွဲစဉ်ကမူ မဂျစ်စီးတီး တက္ကသိုလ်နှင့် ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်တို့၏ ပွဲစဉ် ဖြစ်သည်။
"နောက်တစ်ခုကတော့ လူတိုင်း မျှော်လင့်စောင့်စားနေကြတဲ့ အဖွဲ့လိုက်ပြိုင်ပွဲရဲ့ တတိယပွဲစဉ်ပဲ ဖြစ်ပါတယ်... မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ် ကိုယ်စားပြုအဖွဲ့နဲ့ ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ် ကိုယ်စားပြုအဖွဲ့တို့ကို စင်မြင့်ထက်ကို ကြိုဆိုလိုက်ပါရစေခင်ဗျာ"
မဂျစ်စီးတီး တက္ကသိုလ်နှင့် ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်တို့ကို မိတ်ဆက်ပေးချိန်တွင် အစီအစဉ်မှူး၏ အသံက သိသိသာသာကို ပိုမို စိတ်လှုပ်ရှားနေခဲ့သည်။
"မဂျစ်စီးတီး တက္ကသိုလ်... အသန်မာဆုံး... မိုးကြိုးဧကရာဇ်က အသန်မာဆုံးပဲ"
"ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်... နိုင်ကို နိုင်ရမယ်... အခြေအနေကို ပြန်လှန်ပစ်လိုက်"
ပရိသတ်များကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ် အားပေးလိုက်ကြသည်။ ထိုသို့သော အားပေးသံ၊ အော်ဟစ်သံများကြားတွင် ရှုကျင်းမင် ဦးဆောင်သော မဂျစ်စီးတီး တက္ကသိုလ်အဖွဲ့နှင့် ဝမ်ချီ ဦးဆောင်သော ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်အဖွဲ့တို့က ဘယ်နှင့် ညာဘက် အသီးသီးမှ တိုက်ခိုက်ရေးကွင်းဆီသို့ လျှောက်လာကြသည်။
"ကျောင်းအုပ်ကြီးရှု... ပြိုင်ပွဲက စတော့မယ်နော်... ကျွန်မနဲ့ အလောင်းအစားတစ်ခု လုပ်ချင်သေးလား"
ဆရာများ ထိုင်သည့် ပရိသတ်ခုံတန်းတွင် တစ်ဦးချင်းပြိုင်ပွဲတုန်းက ရှုဖျင်နှင့် မတွေ့လိုက်ရသော လင်းရွှမ်က ဤတစ်ကြိမ်တွင် သူမဘက်မှ စတင် လှုပ်ရှားရန် ဆုံးဖြတ်လိုက်သည်။ သူမ၏ လှပသော မျက်ဝန်းများက မျှော်လင့်ချက် အရိပ်အယောင်လေး တစ်ခုနှင့်အတူ ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီးထံသို့ လှမ်းကြည့်လာတော့သည်။
***