"ငါတို့ နိုင်ပြီဟေ့..."
"ကျွန်မတို့ အဖွဲ့ခေါင်းဆောင်ကတော့ ထုံးစံအတိုင်းပဲ... တကယ်ကို အံ့သြဖို့ကောင်းတာပဲ..."
ရှုကျင်းမင်က အဖွဲ့ကို ဦးဆောင်ပြီး မဂျစ်စီးတီး တက္ကသိုလ်၏ ထိုင်ခုံနေရာဆီသို့ ပြန်လာသောအခါ ဆုရုယွန်းနှင့် တခြား အရန်ကစားသမားများ၏ ဂုဏ်ပြုစကားများကို ချက်ချင်းပင် လက်ခံရရှိတော့သည်။ သူတို့၏ မျက်နှာထက်တွင် တောက်ပသော အပြုံးများက နေရာယူထားကြပြီး အလွန်အမင်း ပျော်ရွှင်နေကြကြောင်း ထင်ရှားနေသည်။
အဆုံးတွင်တော့ ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်၍ ဤအရန်ကစားသမားများသည်လည်း ကျောင်း၏ သမိုင်းစာမျက်နှာတွင် မော်ကွန်းတင်ကျန်ရစ်တော့မည် မဟုတ်ပါလား။ ထို့အပြင် လိဂ်တာဝန်ရှိသူများ ပေးအပ်မည့် ချန်ပီယံဆုလာဘ်များနှင့် ကျောင်းမှ ပေးမည့် Creditဆုကြေးများမှာလည်း အလွန်ပင် ရက်ရောလှပေသည်။
"ကျင်းမင်... မင်း တကယ်တော်တယ်... အခုဆိုရင် နောက်ဆုံး ပွဲစဉ်တစ်ခုပဲ ကျန်တော့တယ်... အဲဒါက ရှင်သန်ခြင်း ပြိုင်ပွဲပဲ... အဲဒီပွဲမှာသာ ငါတို့ ထပ်နိုင်ရင် ပြိုင်ပွဲသုံးခုလုံးမှာ ပထမနေရာကို ရမှာပဲ... ဒါက အမြင့်မားဆုံး ဂုဏ်သိက္ခာရှိတဲ့ ချန်ပီယံဆု ဖြစ်လာလိမ့်မယ်" ဟု ရန်ကျန့်ထျန်းက ပြုံးလျက် ပြောလိုက်သည်။
မဂျစ်စီးတီး တက္ကသိုလ်က အင်အားတောင့်တင်းသည်မှာ မှန်သော်လည်း တခြားကျောင်းများကလည်း အားနည်းသူများ မဟုတ်ကြပေ။ ယခင်ပြိုင်ပွဲများတွင် မဂျစ်စီးတီး တက္ကသိုလ်က တစ်ပြိုင်ပွဲလုံးဆိုင်ရာ ချန်ပီယံဆုကို ရရှိနိုင်ခဲ့သော်လည်း ပွဲစဉ်အမျိုးအစား သုံးခုအနက် နှစ်ခုတွင်သာ ပထမရလေ့ရှိသည်။ ကျန်ရှိသော ပွဲစဉ်တစ်ခု၏ ချန်ပီယံဆုကိုမူ ပေကျင်း တက္ကသိုလ် (သို့မဟုတ်) ကျင်းချန်း တက္ကသိုလ်တို့က ရယူသွားလေ့ရှိသည်။
သို့သော် ယခုနှစ်တွင် ရှုကျင်းမင် ရောက်ရှိလာခြင်းကြောင့် တတိယမြောက် ပွဲစဉ်တွင်ပါ ချန်ပီယံဆုကို သိမ်းပိုက်နိုင်ရန် သူတို့ မျှော်လင့်ချက် ရှိလာခဲ့ပြီဖြစ်သည်။
"ကျွန်တော့်ကိုပဲ ယုံကြည်လိုက်ပါ"
ရှုကျင်းမင်၏ အသံက တည်ငြိမ်ကာ အားမာန်ပါနေပြီး သူ၏ နက်မှောင်ကြည်လင်သော မျက်ဝန်းအစုံက အနည်းငယ် တောက်ပနေခဲ့သည်။ နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ၏ အဓိက ပွဲစဉ်ကြီး သုံးခုအနက် ရှင်သန်ခြင်း ပြိုင်ပွဲက သူအမျှော်လင့်ဆုံး ပွဲစဉ်ပင်။ ထိုအချိန်ရောက်လျှင် သူက သားရဲများကို စိတ်ကြိုက် သုတ်သင်ရှင်းလင်းပြီး စွမ်းရည်အမှတ်များကို အစုလိုက်အပြုံလိုက် ရိတ်သိမ်းနိုင်မည် မဟုတ်ပါလား။
မဂျစ်စီးတီး တက္ကသိုလ်က ပေကျင်း တက္ကသိုလ်ကို အနိုင်ယူပြီး ကိုးပွဲဆက်တိုက် အောင်ပွဲဖြင့် အဖွဲ့လိုက်ပြိုင်ပွဲ ချန်ပီယံဆုကို အတည်ပြုလိုက်နိုင်ခြင်းကြောင့် အဖွဲ့လိုက်ပွဲစဉ်များ ပြီးဆုံးသွားပြီဟု ပြောနိုင်ပေသည်။ ပရိသတ်အချို့က နေရာမှထကာ ကွင်းအတွင်းမှ ချက်ချင်းပင် စတင် ထွက်ခွာသွားကြသည်။ သို့သော် ယနေ့နံနက်တွင် စုစုပေါင်း ငါးပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး မဂျစ်စီးတီးနှင့် ပေကျင်းတက္ကသိုလ်တို့၏ ပွဲစဉ်မှာ တတိယမြောက် ပွဲစဉ်သာ ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် နှစ်ပွဲ ကျန်ရှိနေသေးသည်။
သာမန်ပရိသတ်များက ထွက်ခွာသွားနိုင်သော်လည်း တက္ကသိုလ်အသီးသီးမှ ကိုယ်စားပြုအဖွဲ့များကမူ လိုအပ်သော လေးစားမှုကို ပြသရမည်ဖြစ်သည်။ ထို့ကြောင့် ရှုကျင်းမင်နှင့် တခြားသူများက မထွက်ခွာသေးဘဲ နောက်ဆုံးပွဲစဉ် ပြီးဆုံးသည်အထိ ထိုင်ကြည့်နေခဲ့ကြသည်။
"အဖွဲ့လိုက်ပြိုင်ပွဲရဲ့ ပဉ္စမအဆင့် ပြီးဆုံးသွားပါပြီ... ဒီပွဲမှာ အနိုင်ရရှိခဲ့တဲ့ ဆုဟန်စွမ်းရည်ပိုင်ရှင် တက္ကသိုလ်ကို ဂုဏ်ပြုပေးလိုက်ကြရအောင်... တစ်ချိန်တည်းမှာပဲ ဒီပွဲဟာ အခုနှစ် အဖွဲ့လိုက်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်... ဆက်လက်ပြီး တက္ကသိုလ်တစ်ခုချင်းစီရဲ့ အဖွဲ့လိုက်ပြိုင်ပွဲ အဆင့်သတ်မှတ်ချက်တွေကို ကြေညာပေးသွားပါမယ်..."
အစီအစဉ်မှူး၏ အသံနှင့်အတူ ကောင်းကင်ယံရှိ ပုံရိပ်ယောင်ပေါ်တွင် အမှတ်ပေးဇယားတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
ပထမနေရာ - မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ် (၉ ပွဲနိုင်၊ ၀ ပွဲရှုံး) ဒုတိယနေရာ - ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ် (၈ ပွဲနိုင်၊ ၁ ပွဲရှုံး) တတိယနေရာ - ကျင်းချန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ် (၇ ပွဲနိုင်၊ ၂ ပွဲရှုံး)
တက္ကသိုလ်တိုင်း၏ အဆင့်သတ်မှတ်ချက်နှင့် အနိုင်/အရှုံးမှတ်တမ်းကို ရှင်းလင်းစွာ ဖော်ပြထားသည်။
"အဆင့်သတ်မှတ်ချက်တွေ ထွက်လာပါပြီ... မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်က ချန်ပီယံဆုကို ရယူသွားခဲ့ပါပြီ... ဒါနဲ့တင် အဖွဲ့လိုက်ပြိုင်ပွဲ ကဏ္ဍက ပြီးဆုံးသွားပါပြီ... လာမယ့် ရှင်သန်ခြင်း ပြိုင်ပွဲကိုတော့ သန်ဘက်ခါ နံနက် ၉ နာရီ တိတိမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်... ပရိသတ်ကြီးအားလုံးကို လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်... ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
အစီအစဉ်မှူး၏ နိဂုံးချုပ်စကားများအကြားတွင် ပရိသတ်များက တတွတ်တွတ် ဆွေးနွေးရင်း နေရာမှထကာ ထွက်ခွာသွားကြသည်။
"ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ... ငါတို့ တစ်ရက်လောက် နားလို့ရပြီ..."
"ဒီနေ့မွန်းလွဲပိုင်း မြို့ထဲသွားမယ့်သူ ရှိလား... ငါတို့ အတူတူသွားလို့ရတယ်လေ..."
"ကျွန်တော်... ကျွန်တော် လိုက်မယ်... ကျွန်တော် သွားချင်တယ်..."
"ငါကတော့ မလိုက်တော့ဘူး... ဗီလာမှာပဲ အေးအေးဆေးဆေး နားဖို့ စဉ်းစားထားတယ်..."
"အဟက်... ပျင်းစရာကြီး...."
မဂျစ်စီးတီး ကိုယ်စားပြုအဖွဲ့ဝင်များက သူတို့၏ အားလပ်ရက် အစီအစဉ်များကို စတင် ရေးဆွဲနေကြသည်။ ယောင်ဖန်နှင့် ရှန်ဒုံလင်းကဲ့သို့ တက်ကြွလှုပ်ရှားသူများက စည်ကားသော မြို့လယ်ခေါင်တွင် လျှောက်သွားချင်ကြသော်လည်း ခုန်းရှီကဲ့သို့ အေးအေးဆေးဆေး နေလိုသူများကမူ ဗီလာတွင်သာ နေလိုကြသည်။
ရန်ကျန့်ထျန်းက သူတို့ အပန်းဖြေနေသည်ကို ကြည့်နေသော်လည်း ဘာမှဝင်မပြောပေ။ ကိုးရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရပြီးနောက် သူတို့ တကယ်ပင် အနားယူရန် လိုအပ်နေပေသည်။
အမှန်တကယ်တော့ မဂျစ်စီးတီးက လိဂ်ချန်ပီယံဆုကို လက်တွေ့ကျကျ အတည်ပြုပြီးသား ဖြစ်နေသောကြောင့်လည်း ပါသည်။ အကယ်၍ ပြီးခဲ့သည့်နှစ်က ကိုယ်စားပြုအဖွဲ့သာဆိုလျှင်...
“နားမယ်...” “ဘာကို နားမှာလဲ...” “ပြိုင်ပွဲတစ်ခု ကျန်နေသေးတာကို ဘယ်လိုလုပ်ပြီး နားရဲပါ့မလဲ...”
"အဖွဲ့ခေါင်းဆောင်... ကျွန်တော်တို့ ဒီနေ့မွန်းလွဲပိုင်း မြို့ထဲသွားမလို့... လိုက်ဦးမလား" ဟု ကုဝမ်က ပြုံးလျက် လာမေးသည်။
"မင်းတို့ပဲ သွားကြပါ" ဟု ရှုကျင်းမင်က ခေါင်းခါပြလိုက်သောအခါ ဘေးနားမှ ယောင်ဖန်က လှောင်ပြောင်လိုက်သည်။
"အဖွဲ့ခေါင်းဆောင်ရဲ့ ချစ်သူက စောင့်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ... သူက ငါတို့နဲ့ လိုက်လာမယ်လို့ မင်း ထင်နေတာလား... အိပ်မက်မက်နေလိုက်"
"ဪ... ဟုတ်သားပဲ... ငါ့မှတ်ဉာဏ်ကိုက တစ်ခုခုဖြစ်နေပြီထင်တယ်"
ကုဝမ်နှင့် တခြားသူများက ဆုန့်ချိုးယွန်း၏ တည်ရှိမှုကို သိထားကြပြီးသားဖြစ်သည်။ သတိပေးလိုက်မှသာ သူတို့ အမှားကို သတိရသွားပြီး ဝင်နှောက်ယှက်မိသည့်အတွက် တောင်းပန်လိုက်ကြသည်။
"ဒါဆို အဖွဲ့ခေါင်းဆောင်... ကျွန်တော်တို့ သွားတော့မယ်နော်..."
"ကောင်းပြီ" ဟု ရှုကျင်းမင်က ခေါင်းငြိမ့်ပြလိုက်သည်။ ဆရာရန်နှင့် စကားပြောပြီးနောက် သူသည်လည်း ဆုန့်ချိုးယွန်းတို့ရှိရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
"ရှောင်မင်... ဂုဏ်ပြုပါတယ်နော်..."
"အစ်ကိုကျင်းမင်... အစ်ကိုက တကယ်တော်တာပဲ... တစ်ဦးချင်းရော အဖွဲ့လိုက်ရော နှစ်ခုလုံးမှာ ပထမနေရာကို ရခဲ့တာပဲ..."
သူ လျှောက်သွားလိုက်သည်နှင့် သူ၏ အဒေါ် ရှုချင်းဝမ်၊ ကျိုးမင်ယန်နှင့် တခြားသူများက ဝမ်းသာအားရ ပြုံးလျက် ဂုဏ်ပြုစကားများ ဆိုကြသည်။ ဆုန့်ချိုးယွန်းကလည်း သူမ၏ ထိုင်ခုံမှ ထရပ်လိုက်ပြီး သွယ်လျလှပသော ခြေတံများဖြင့် ရှေ့သို့ လျှောက်လာခဲ့သည်။ သူမက ရှုကျင်းမင်ထံသို့ လျင်မြန်စွာ ရောက်ရှိလာပြီး သူ၏ တိုက်ပွဲဝင်ဝတ်စုံပေါ်မှ အရေးအကြောင်းများကို သူမ၏ နူးညံ့သော လက်ကလေးများဖြင့် ညင်သာစွာ ဆွဲဆန့်ပေးလိုက်သည်။
သူမက ခေါင်းကလေးကို အနည်းငယ် မော့ကြည့်လိုက်ကာ ပန်းတစ်ပွင့်ကဲ့သို့ လှပသော အပြုံးဖြင့် ပြောလိုက်သည်။ "ပင်ပန်းသွားပြီနော်..."
"အဆင်ပြေပါတယ်... တိုက်ပွဲက သိပ်ပြီးတော့ ပြင်းထန်တာ မဟုတ်ပါဘူး" ဟု ရှုကျင်းမင်က ဂရုမထားသလို ပြုံးကာ ပြောလိုက်သည်။ မိုးကြိုး လျှို့ဝှက်နယ်မြေထဲတွင် ခြောက်ရက် ခြောက်ည ဆက်တိုက် သတ်ဖြတ်ခဲ့ရသည်နှင့် ယှဉ်လျှင် ဤမျှ ပြင်းထန်မှုမှာ ဘာမှမဟုတ်ပေ။
"ဒါနဲ့ အဒေါ်... ဝမ်းကွဲအစ်ကို.. ချိုးယွန်းနဲ့ ကျွန်တော် ဒီနေ့မွန်းလွဲပိုင်း မြို့ထဲသွားမလို့ စဉ်းစားထားတယ်... အဒေါ်တို့လည်း လိုက်ဦးမလား..."
ရှုကျင်းမင်က သူ၏ အဒေါ်နှင့် လူအုပ်စုကို လှည့်ကြည့်ကာ မေးလိုက်သည်။ လူဆိုသည်မှာ စက်ရုပ်မှ မဟုတ်ပေ။ ချန်ပီယံဆု နှစ်ခု ရရှိထားပြီးဖြစ်၍ ရှုကျင်းမင်လည်း အနည်းငယ် အပန်းဖြေချင်မိသည်။ သူက ဆုန့်ချိုးယွန်းနှင့် ချင်းကျင်မြို့လယ်ခေါင်သို့ သွားရန် မနေ့ညကတည်းက သဘောတူထားပြီးသား ဖြစ်သည်။ မြို့တော်ကို ရောက်နေမှတော့ မြို့လယ်ခေါင်ကို မလည်ပတ်ရလျှင် နှမြောစရာ ဖြစ်ပေလိမ့်မည်။
"မင်းတို့နှစ်ယောက်ပဲ သွားကြပါ... အဒေါ်တို့ကတော့ မလိုက်တော့ပါဘူး..."
ကုမ္ပဏီကြီးတစ်ခုကို ဦးဆောင်ခဲ့သူဖြစ်သည့်အတိုင်း သူ၏ အဒေါ်နှင့် တခြားသူများက လူမှုရေးရာတွင် အလွန်ပင် နားလည်တတ်ကြသည်။ ထိုသို့သော အချိန်မျိုးတွင် သူတို့က ကြားထဲက လိုက်မသွားသင့်ကြောင်း ကောင်းကောင်းသိသည်။
"ကျွန်တော်ကတော့..."
ကျိုးမင်ယန်က လိုက်မည်ဟု ပြောရန် ပြင်လိုက်သော်လည်း သူ စကားမဆုံးခင်မှာပင် မုန့်တီက သူ၏ ခြေသလုံးကို လှမ်းကန်လိုက်သည်။ နာကျင်မှုကြောင့် သူက ခါးကိုကိုင်းကာ ခြေထောက်ကို ဖိထားလိုက်ရသဖြင့် စကား ဆက်မပြောနိုင်တော့ပေ။
ဤအချင်းအရာလေးကို မြင်လိုက်ရသောအခါ ရှုကျင်းမင် မရယ်ဘဲ မနေနိုင်တော့ပေ။ သူက ခေါင်းငြိမ့်ကာ ပြုံးပြီး ပြောလိုက်သည်။ "ဒါဆိုလည်း အဒေါ်တို့ပဲ သီးသန့် အစီအစဉ်ဆွဲလိုက်ကြတော့နော်..."
ထို့နောက် သူက ဆုန့်ချိုးယွန်း၏ လက်ကလေးကို ဆွဲကာ လှည့်ထွက်လာခဲ့သည်။ ယခင်ပွဲစဉ်များတွင် ရှုကျင်းမင်က ဆုန့်ချိုးယွန်းနှင့် အတူထိုင်ကာ ကြည့်လေ့ရှိသော်လည်း လူအများရှေ့တွင် ဤကဲ့သို့ ရင်းနှီးမှုကို တစ်ခါမျှ မပြသခဲ့ဖူးပေ။ ရလဒ်အနေဖြင့် ကွင်းအတွင်းမှ မထွက်ခွာသေးသော ပရိသတ်များအကြားရှိ မိန်းကလေးငယ် အများအပြားမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နှလုံးသားများ ကွဲကြေသွားကြရသည်။
"အား... မိုးကြိုးဧကရာဇ်မှာ ရည်းစားရှိနေတာပဲ..."
"ဘုရားရေ... ငါ့ရဲ့ နတ်ဘုရားလေး..."
"အဲဒီမိန်းကလေးက တော်တော်လေး လှတာပဲ..."
"ဟုတ်တယ်နော်... သူတို့နှစ်ယောက်က ကောင်းကင်က ဖန်တီးပေးထားတဲ့ အစုံအဖက်လိုပဲ..."
မိန်းကလေး အချင်းချင်းဆိုလျှင် ပထမဦးဆုံး ကြည့်ကြသည်မှာ မျက်နှာဖြစ်ပြီး နောက်မှ ခန္ဓာကိုယ်အချိုးအစားကို ကြည့်ကြခြင်းဖြစ်သည်။ သို့သော် မည်သည့် ရှုထောင့်မှပင်ဖြစ်စေ ဆုန့်ချိုးယွန်းနှင့် နှိုင်းယှဉ်လိုက်လျှင် မိန်းကလေး အများအပြားမှာ မိမိကိုယ်ကို နိမ့်ကျသည်ဟု မခံစားရဘဲ မနေနိုင်တော့ပေ။
***