နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲက အလွန်အမင်း လူကြိုက်များလှသည်ဖြစ်ရာ မဂျစ်စီးတီး တက္ကသိုလ်၏ အဖွဲ့ခေါင်းဆောင်ဖြစ်သူ ရှုကျင်းမင်က အဖွဲ့ဝတ်စုံကြီးနှင့် အပြင်ထွက်လည်ရန် စိတ်မကူးပေ။ သူက အားကစားကွင်း၏ အဝတ်လဲခန်းထဲတွင် အဝတ်အစားများကို အရင်ဆုံး လဲလှယ်လိုက်သည်။
ထို့နောက် သူနှင့် ဆုန့်ချိုးယွန်းတို့က ဦးထုပ်တစ်လုံးစီ ဆောင်းကာ လျှို့ဝှက်လမ်းမှတစ်ဆင့် ထွက်ခွာခဲ့ကြသည်။ မဟာနွေရာသီ တိုင်းပြည်၏ မြို့တော်ဖြစ်သည့်အတိုင်း ချင်းကျင်မြို့က အလွန်ပင် စည်ကားဝပြောလှပြီး လည်ပတ်စရာ နေရာပေါင်း ဒါဇင်နှင့်ချီ၍ ရှိနေသည်။
ထို့အပြင် စတုရန်းကီလိုမီတာ ၁၀ ကျော် ကျယ်ဝန်းသည့် ဂေဟဗေဒဥယျာဉ် တစ်ခုလည်း ရှိနေသေးသည်။ တောနက်ဇုန်များတွင် သားရဲများ သောင်းကျန်းနေခြင်းကြောင့် သာမန်လူများအတွက် တောတောင်ဒေသများသို့ သွားလာရန်မှာ မဖြစ်နိုင်သလောက်ပင်။ မြို့နေလူထု အများအပြားမှာ အချို့ဆိုလျှင် တစ်သက်လုံး မြို့ထဲတွင်သာ နေထိုင်ကြသူများဖြစ်၍ ထူထပ်သော တောအုပ်ကြီးများကို ကိုယ်တိုင်ကိုယ်ကျ တစ်ခါမျှ မမြင်ဖူးကြပေ။ ထို့ကြောင့် ဤဂေဟဗေဒဥယျာဉ်က ချင်းကျင်မြို့သို့ ရောက်လာသူတိုင်း မဖြစ်မနေ သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခု ဖြစ်နေရခြင်းဖြစ်သည်။
သို့သော် တောနက်ဇုန်များသို့ မကြာခဏ သွားလာနေသည့် ရှုကျင်းမင်နှင့် ဆုန့်ချိုးယွန်းတို့အတွက်မူ ဤဥယျာဉ်က ဘာမှဆွဲဆောင်မှု မရှိပေ။ ထို့ကြောင့် သူတို့က ချင်းကျင်မြို့၏ အစည်ကားဆုံးသော စီးပွားရေးဇုန်သို့ အရင်သွားရန် ဆုံးဖြတ်လိုက်ကြသည်။ ချင်းရွှီမြို့မှ ချင်းကျင်မြို့သို့ အမြန်မြေအောက်ရထားဖြင့် သွားလျှင် တစ်နာရီပင် မကြာပေ။ သို့သော် ရထားပေါ်တွင် လူများလွန်းလှပြီး ဦးထုပ်ဆောင်းထားလျှင်တောင် မှတ်မိသွားနိုင်သဖြင့် သူတို့နှစ်ယောက်မှာ ကားဖြင့်သာ သွားရန် ရွေးချယ်ခဲ့ကြသည်။
"ရောက်ပြီ... ချင်းကျင်မြို့ရဲ့ အစည်ကားဆုံး မြို့လယ်ခေါင်ပဲ..."
တစ်နာရီအကြာတွင် ရှုကျင်းမင်နှင့် ဆုန့်ချိုးယွန်းတို့က အားကစားကားပေါ်မှ ဆင်းလာခဲ့ကြသည်။ သူတို့၏ မျက်စိရှေ့တွင် မြင်တွေ့လိုက်ရသည်မှာ ကောင်းကင်ယံအထိ မြင့်မားသော အဆောက်အအုံကြီးများနှင့် ကားများဖြင့် ပြည့်နှက်နေသည့် စည်ကားလှသော လမ်းမကြီးများပင်။ လမ်းဘေးဝဲယာတွင် သာမန်လူများအတွက် အဝတ်အထည်နှင့် လက်ဝတ်ရတနာဆိုင်များသာမက စွမ်းရည်ပိုင်ရှင်များအတွက် နတ်ဆေးပင်ဆိုင်များနှင့် လက်နက်ကိရိယာဆိုင်များလည်း ရှိနေသည်။
ခြုံငုံကြည့်ရလျှင် ဤနေရာက အစုံအလင်ရှိသော စီးပွားရေးဇုန်တစ်ခု ဖြစ်သည်။ ၎င်းက သာမန်လူများကိုသာမက စွမ်းရည်ပိုင်ရှင်များကိုပါ ဆွဲဆောင်နိုင်သဖြင့် အမြတ်အစွန်းကို အမြင့်ဆုံး ရရှိစေသည်။ ယေဘုယျအားဖြင့် ဤကဲ့သို့သော နေရာများသည် ညဘက်တွင် လူပိုစည်လေ့ရှိသော်လည်း ယခု မွန်းလွဲ ၁ နာရီမှာပင် လမ်းမတစ်ခုလုံးမှာ လူများဖြင့် ပြည့်နှက်ကာ သက်ဝင်လှုပ်ရှားနေသည်။
ထိုလူများထဲတွင် အသက် ၂၀ ဝန်းကျင် တက်ကြွလှုပ်ရှားနေသော လူငယ်များစွာ ပါဝင်သည်။ အားကစားကားတစ်စီး လမ်းဘေးတွင် ဆိုက်ကပ်လိုက်သည်ကို မြင်သောအခါ သူတို့အားလုံးက စပ်စုသော မျက်လုံးများဖြင့် လှမ်းကြည့်ကြသည်။ သူတို့က ကားရှေ့တွင် ရပ်နေသော ရှုကျင်းမင်နှင့် ဆုန့်ချိုးယွန်းတို့ကို ချက်ချင်းပင် မြင်လိုက်ရသည်။
ရှုကျင်းမင်၏ မျက်နှာကို ဦးထုပ်ဖြင့် ဖုံးကွယ်ထားသဖြင့် အောက်ပိုင်းတစ်ဝက်ကိုသာ မြင်ရသောကြောင့် မည်သူမျှ သိပ်သတိမထားမိကြပေ။ သို့သော် ဆုန့်ချိုးယွန်းမှာမူ ဘေ့စ်ဘောဦးထုပ် ဆောင်းထားသော်လည်း သူမ၏ မျက်နှာတစ်ဝက်ကို မြင်ရရုံနှင့်ပင် လူများကို ရင်သပ်ရှုမော ဖြစ်စေရန် လုံလောက်နေသည်။ အထူးသဖြင့် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် ယောက်ျားလေး အများအပြား၏ အကြည့်များက သူမထံသို့ စုပြုံရောက်ရှိလာကြသည်။
အချို့ယောက်ျားလေးများက ရှုကျင်းမင်ကို မနာလိုသော မျက်လုံးများဖြင့် ကြည့်နေကြပြီး မိန်းကလေးများမှာမူ သူမနှင့် အသာတကြည် နှိုင်းယှဉ်ကြည့်ပြီးနောက် မသိမသာ ရင်အုပ်ကို မတ်လိုက်ကြသည်။ သို့သော်လည်း သူတို့ကြားမှ ကွာခြားချက်မှာ ပန်းသီးနှင့် ဂရိတ်ဖရုသီးကဲ့သို့ ကွာခြားလွန်းလှပေသည်။
"ဝါး... အဲဒီမျက်နှာနဲ့ ခန္ဓာကိုယ်ကတော့ ထိပ်တန်းအဆင့်ပဲ..."
လူအုပ်ထဲတွင် ဆံပင်ကို နောက်စေ့တွင် ကျစ်ဆံမြီးသေးသေးလေး ကျစ်ထားသော အလယ်အလတ်အရွယ် လူတစ်ယောက်၏ မျက်လုံးများက တောက်ပသွားသည်။ သူက အမြန်လျှောက်လာပြီး စကားစလိုက်သည်။
"နေကောင်းလား မင်းသမီးလေး... ကျွန်တော်က ဒါရိုက်တာ လီကိုင်မိုပါ... ရုပ်ရှင်မင်းသမီး လုပ်ဖို့ စိတ်ဝင်စားလားဗျ..."
"ဝါး... ဒါရိုက်တာလီက ဒီကို ရောက်နေတာလား..."
"ဟုတ်တယ်... ခုနကတောင် မမြင်မိဘူး..."
"ဒီမိန်းကလေးတော့ ကံထူးပြီပဲ... ချက်ချင်းကို စတားဖြစ်တော့မှာ..."
"ဒါပေမဲ့ သူ့မျက်နှာနဲ့ ကိုယ်လုံးနဲ့တင် ဖျော်ဖြေရေးလောကမှာ နေရာတစ်ခု ရဖို့ လုံလောက်နေပါပြီ..."
စည်ကားသော မြို့လယ်ခေါင်တွင် စွမ်းရည်ရှာဖွေသူများက အမြဲတမ်းရှိနေတတ်ပြီး ဤလီကိုင်မိုမှာ နာမည်ကြီး ဒါရိုက်တာတစ်ယောက်ပင် ဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ လူများက ဆုန့်ချိုးယွန်း၏ ကံကောင်းမှုကို မနာလိုဖြစ်နေကြသည်။ ဤဒါရိုက်တာ၏ ရွေးချယ်ခြင်းကို ခံရသည်မှာ စတားဖြစ်ရန် သေချာသလောက် ရှိနေပြီ မဟုတ်ပါလား။
ဘေးပတ်ဝန်းကျင်မှ ပြောဆိုနေကြသည်ကို နားထောင်ရင်း လီကိုင်မိုက ကျေနပ်သလို ပြုံးလိုက်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ "ကျွန်တော် အခု ရင်းနှီးမြှုပ်နှံမှု သန်း ၁၀၀၀ ရှိမယ့် ရုပ်ရှင်တစ်ကားကို ပြင်ဆင်နေတယ်... မင်းရဲ့ ပုံစံက ငါတို့ရုပ်ရှင်ထဲက မင်းသမီးပုံစံနဲ့ အရမ်းကို ကိုက်ညီတယ်... မင်းသာ ပါဝင်ချင်တယ်ဆိုရင် သန်းနဲ့ချီတဲ့ သရုပ်ဆောင်ခကို ရဖို့က လုံးဝ ပြဿနာမရှိဘူး..."
သားရဲများ ရှိနေခြင်းကြောင့် မဟာနွေရာသီ တိုင်းပြည်တွင် သိုင်းပညာ ထွန်းကားရုံသာမက ဖျော်ဖြေရေး လုပ်ငန်းသည်လည်း အတော်အတန် တိုးတက်နေသည်။ အဆုံးတွင်တော့ ဖိအားများအောက်တွင် လူတိုင်းက အပန်းဖြေရန် လိုအပ်သည် မဟုတ်ပါလား။ သူကဲ့သို့ လူမျိုး ဒါရိုက်တာလုပ်သည့် ရုပ်ရှင်ဆိုလျှင် ရင်းနှီးမြှုပ်နှံမှု သန်း ၁၀၀၀ ကျော် ရရန်မှာ မခဲယဉ်းပေ။ သာမန်လူတစ်ယောက်ဖြစ်၍ သရုပ်ဆောင်မှု မကျွမ်းကျင်မည်ကိုလည်း သူက ဂရုမစိုက်ပေ။ ဤကဲ့သို့ ရုပ်ရည်နှင့် ခန္ဓာကိုယ်မျိုးရှိလျှင် ပိတ်ကားထက်တွင် ပေါ်လာရုံနှင့်တင် လူများက လက်မှတ်ဖိုး တန်သည်ဟု ခံစားကြရမည်ဖြစ်သည်။
"ဒီ ၁၀ သန်းကို ကျွန်မက မရှိဘူးလို့ ရှင် ထင်နေတာလား" ဟု ဆုန့်ချိုးယွန်းက ရယ်မောကာ ပြောလိုက်သည်။ သူမက ယခင်ကလည်း ဤကဲ့သို့သော စွမ်းရည်ရှာဖွေသူများနှင့် ကြုံဖူးပြီး ငြင်းဆိုရန် နည်းလမ်းများကို ကောင်းကောင်း ကျွမ်းကျင်နေပြီးသားဖြစ်သည်။
"မာစီးဒီး-ဘန့်ဇ်ရဲ့ နောက်ဆုံးပေါ် အားကစားကား တန်ဖိုး ၈.၄ သန်းတန်ကို စီးနိုင်တဲ့သူဆိုတော့ တကယ်ပဲ ပိုက်ဆံမရှိတဲ့သူတော့ မဟုတ်ဘူးပဲ" ဟု သူမနောက်က ကားကို တစ်ချက်ကြည့်ကာ လီကိုင်မိုက ပြောလိုက်သည်။ သို့သော် သူက လက်မလျှော့သေးဘဲ ဆက်ပြောသည်။
"ဒါပေမဲ့ ဒီ သန်း ၁၀ ကျော်ဆိုတာ အစပဲ ရှိသေးတာပါ... မင်းသာ အနုပညာလောကထဲကို ဝင်မယ်ဆိုရင် တကယ်ကို နာမည်ကြီးလာမှာ သေချာတယ်... အဲဒီအချိန်ကျရင် ကြော်ငြာတွေနဲ့ တံဆိပ်မျိုးစုံ ရောက်လာပြီး တစ်နှစ်ကို သန်း ၁၀၀၀ ကျော် ရှာဖို့က ဘာမှမခက်တော့ဘူး..."
လီကိုင်မို၏ စကားများက ယုံကြည်မှု အပြည့်ရှိနေသည်။ ဘယ်သူ့ဆီက ပိုက်ဆံရှာရတာ အလွယ်ဆုံးလဲ။ မိန်းကလေးတွေဆီကပေါ့။ သူတို့ထဲမှာမှ အချမ်းသာဆုံးက အမျိုးသမီး စွမ်းရည်ပိုင်ရှင်တွေပင်။ ဆုန့်ချိုးယွန်း၏ ခန္ဓာကိုယ် အားသာချက်ဖြင့် နာမည်ကြီးလာပြီးနောက် အမျိုးသမီး တိုက်ပွဲဝင်ဝတ်စုံများ သို့မဟုတ် အလှကုန်ပစ္စည်းများကို ကြော်ငြာပေးရုံနှင့်တင် ပိုက်ဆံရှာရသည်မှာ အလွန်လွယ်ကူလိမ့်မည်။ ထို့ပြင် နာမည်ကြီးချင်သည့် စိတ်ကို မည်သည့်အမျိုးသမီးမှ မတွန်းလှန်နိုင်ဟုလည်း သူက ယုံကြည်ထားသည်။ အထူးသဖြင့် အသက် ၂၀ မပြည့်သေးသည့် မိန်းကလေးမျိုးဆိုလျှင်ပေါ့။
"စိတ်မကောင်းပါဘူး... ကျွန်မ စိတ်မဝင်စားဘူး" ဆုန့်ချိုးယွန်းက ခေါင်းခါပြလိုက်ဆဲပင်။ သူမ၏ မိသားစုကိုယ်တိုင်က လက်နက်ကိရိယာနှင့် တိုက်ပွဲဝင်ဝတ်စုံများကို ရောင်းချနေခြင်းဖြစ်သည်။ ဤပိုက်ဆံလေးကို သူမက လိုချင်ပါ့မလား။
လီကိုင်မိုမှာ ဆွံ့အသွားရသည်။ “သူမက တကယ်ပဲ ငြင်းလိုက်တာလား... တစ်နှစ်ကို သန်း ၁၀၀၀ ကျော် ဝင်ငွေရမှာကိုလေ...” သူက အမြန်ဆက်ပြောလိုက်သည်။ "မင်း တကယ်ပဲ ပြန်မစဉ်းစားတော့ဘူးလား..."
ဆုန့်ချိုးယွန်းက စိတ်အနှောင့်အယှက်ဖြစ်ကာ မျက်မှောင်ကြုတ်လိုက်စဉ်မှာပင် ဘေးနားမှ ရှုကျင်းမင်၏ တည်ငြိမ်သော အသံ ထွက်လာသည်။ "စဉ်းစားဖို့ မလိုတော့ပါဘူး... ကျေးဇူးတင်ပါတယ်... သွားကြရအောင်..."
ရှုကျင်းမင်က သူ၏ လက်ကြီးကို ဆန့်ထုတ်ကာ ဆုန့်ချိုးယွန်း၏ သွယ်လျသော ခါးလေးကို ဖက်လိုက်သည်။ ထိုအခါ သူမ၏ လှပသော မျက်နှာလေးမှာ အနည်းငယ် နီမြန်းသွားပြီး ဘာမှထပ်မပြောတော့ဘဲ သူ့နောက်သို့ လိုက်ပါသွားတော့သည်။
လီကိုင်မိုက ထိုမြင်ကွင်းကို မြင်သောအခါ ပျာပျာသလဲ ဖြစ်သွားပြီး နောက်မှ အမြန်လိုက်ကာ အော်ပြောလိုက်သည်။ "နေဦးလေ... အလျင်စလို မသွားပါနဲ့ဦး..."
"ဘာလဲ... ခင်ဗျားမှာ တခြားကိစ္စ ရှိသေးလို့လား" ရှုကျင်းမင်၏ စူးရှသော မျက်လုံးများက လှည့်ကြည့်လာသည်။ လူများ သတိမထားမိစေရန်အတွက် သူက အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ်ကို အသုံးပြုပြီး သူ၏ အရှိန်အဝါကို ပထမအဆင့်လတ် အထိသာ ချထားသော်လည်း သားရဲများနှင့် အချိန်ကြာမြင့်စွာ တိုက်ခိုက်လာခဲ့သည့် ရက်စက်ကြမ်းကြုတ်သော အရှိန်အဝါကမူ ပျောက်ကွယ်မသွားပေ။
သာမန်လူတစ်ယောက်သာဖြစ်သည့် ဤဒါရိုက်တာကြီးမှာ ကျားတစ်ကောင်၏ အငြိုးဖြင့် အကြည့်ခံလိုက်ရသလို ခံစားလိုက်ရကာ ခြေထောက်များ ပျော့ခွေသွားပြီး လဲကျလုနီးပါး ဖြစ်သွားရသည်။
“ဘယ်လို ကြောက်စရာကောင်းတဲ့ အရှိန်အဝါလဲ...”
လီကိုင်မို၏ နှလုံးခုန်သံမှာ မြန်ဆန်သွားပြီး သူ၏ ပျာယာခတ်နေသော မျက်နှာမှာ ချက်ချင်းပင် ဖော်လံဖား အပြုံးအဖြစ်သို့ ပြောင်းလဲသွားသည်။ "ဘာမှမဟုတ်ပါဘူး... ဒီလမ်းပေါ်မှာ ကားရပ်လို့ မရဘူးဆိုတာ သတိပေးမလို့ပါ... ခင်ဗျားတို့အတွက် ကားပါကင် ကူရှာပေးရမလားလို့..."
"မလိုပါဘူး... ကျေးဇူးပဲ" ရှုကျင်းမင်က ခေါင်းခါပြလိုက်ပြီး ကားသော့မှ ခလုတ်ကို နှိပ်လိုက်သည်။ လမ်းဘေးတွင် ရပ်ထားသော အနီရောင် အားကစားကားမှာ ချက်ချင်းပင် အလိုအလျောက် မောင်းနှင်မှုစနစ်သို့ ပြောင်းလဲသွားပြီး မောင်းထွက်သွားတော့သည်။
"ဟိဟိ... ဒီဒါရိုက်တာက တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ... ကျွန်မတို့ စီချွမ်းပြည်နယ်ကို လာပြီး မျက်နှာပြောင်းလဲခြင်း အနုပညာကို လာသင်သင့်တယ်လို့ ခံစားရတယ်" ဟု ဆုန့်ချိုးယွန်းက သူမ၏ ပါးစပ်ကလေးကို အုပ်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။ ထို့နောက် သူမက ရှုကျင်းမင်၏ လက်မောင်းကို ချိတ်ကာ စည်ကားသော လမ်းမပေါ်သို့ ရင်းနှီးစွာ လျှောက်လှမ်းသွားကြသည်။
"ဟူး... AIပါတဲ့ ဇိမ်ခံကားပဲ..."
"သူဌေးပဲဟေ့..."
"ဒီလိုလူမျိုးကို မင်းသမီးလုပ်ခိုင်းဖို့ စဉ်းစားနေတာ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ်..."
"ဒါရိုက်တာလီ ဒီတစ်ခါတော့ မှားသွားပြီထင်တယ်..."
ဘေးပတ်ဝန်းကျင်မှ လူများက တိုးတိုးတိတ်တိတ် ဆွေးနွေးနေကြသည်။ ချင်းကျင်မြို့တွင် အားကစားကား မြင်ရသည်မှာ မဆန်းသော်လည်း AIတပ်ဆင်ထားသည့် ကားမျိုးမှာမူ ရှားပါးလှသည်။ အလိုအလျောက် မောင်းနှင်နိုင်ပြီး ပါကင်ရှာနိုင်သည့် AIမျိုး ဝယ်ရန်မှာ အနည်းဆုံး သန်းနှင့်ချီ၍ ကုန်ကျမည်ဖြစ်သည်။ ၎င်းက အားကစားကား၏ တန်ဖိုးထက်ပင် ပိုမြင့်နိုင်သည်။ အရေးကြီးသည်မှာ ဘယ်သူဌေးကမှ ဤမျှ အစွမ်းထက်သော အေအိုင်ကို အားကစားကား တစ်စီးတည်းမှာတင် အသုံးမပြုကြပေ။ ဤအချက်တစ်ခုတည်းနှင့်တင် ခုနကမိန်းကလေးမှာ သာမန်နောက်ခံမျိုး မဟုတ်ကြောင်း ထင်ရှားနေသည်။
"ရည်းစားရှိတာက ဘာဖြစ်လဲ... အခုလို အခြေအနေမျိုးမှာဆိုရင် သူက ငါ့ကို လာတောင်းပန်ပြီး သရုပ်ဆောင်ခိုင်းရင်တောင် ငါ သဘောမတူဘူး" ဟု ရှုကျင်းမင်နှင့် ဆုန့်ချိုးယွန်းတို့ အဝေးသို့ ရောက်သွားမှသာ ဒါရိုက်တာ လီကိုင်မိုက တတွတ်တွတ် ဆဲဆိုလိုက်သည်။ အိုင်ဒေါ တစ်ယောက်အတွက် အထူးသဖြင့် ငယ်ရွယ်လှပသည့် မိန်းကလေးတစ်ယောက်အတွက် ရည်းစားရှိခြင်းက အကြီးမားဆုံးသော ချို့ယွင်းချက်ပင်။
"ဒါပေမဲ့... အဲဒီလူက ဘာလို့ ရင်းနှီးနေသလို ခံစားနေရတာလဲ" လီကိုင်မိုက မျက်မှောင်ကြုတ်လိုက်သည်။ တစ်ဖက်လူက ဦးထုပ်ဆောင်းထားသဖြင့် မျက်နှာကို ကောင်းကောင်းမမြင်ရသော်လည်း နောက်ဆုံးကြည့်လိုက်သည့် အကြည့်တွင် သူ၏ ရုပ်ရည်အပြည့်အစုံကို မြင်လိုက်ရသည်။
"နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ အဖွဲ့လိုက်ပွဲစဉ် ပြီးဆုံးသွားပါပြီ ချန်ပီယံကတော့ ရှုကျင်းမင် ဦးဆောင်တဲ့ မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်ပဲ ဖြစ်ပါတယ်..."
ထိုအချိန်တွင် လမ်းတစ်ဖက်ရှိ အဆောက်အအုံကြီးပေါ်မှ ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်ကြီးက ရုတ်တရက် လင်းထိန်လာသည်။ ၎င်းက လီကိုင်မို အပါအဝင် လမ်းသွားလမ်းလာ အများအပြားကို မသိစိတ်ဖြင့် လှမ်းကြည့်မိစေသည်။ ပထမဆုံး ပုံရိပ်မှာ မဂျစ်စီးတီး ကိုယ်စားပြုအဖွဲ့၏ မိတ်ဆက်ပုံရိပ် ဖြစ်သည်။ ထိုပုံရိပ်ထဲတွင် လှံရှည်တစ်လက်ကို ကိုင်ဆောင်ထားသည့် အနက်ရောင်ဝတ်စုံနှင့် အရပ်ရှည်ရှည် လူငယ်ကို မြင်လိုက်ရသောအခါ လီကိုင်မို၏ မျက်လုံးများ ပြူးကျယ်သွားရသည်။
သူက တော်တော်နှင့် ပြန်မတုံ့ပြန်နိုင်ဘဲ ကြောင်အအကြီး ဖြစ်နေသည်။ "တောက်... သူက မဂျစ်စီးတီးရဲ့ အဖွဲ့ခေါင်းဆောင်ပဲလား..."
SSအဆင့် စွမ်းရည်ပိုင်ရှင်။
အသက် ၁၉ နှစ်နဲ့ တတိယအဆင့်မြင့် စွမ်းရည်ပိုင်ရှင်။
ဤသူကား မျိုးဆက်တစ်ခု၏ အထွတ်အထိပ်သို့ ရောက်ရှိမည့် မိစ္ဆာဆန်သော ပါရမီရှင်ပင်။ သူက အဲဒီလိုလူမျိုးကို ခုနက သွားပြီး နှောင့်ယှက်နေခဲ့သည်လား။
"ဟူး... ဒီနေ့ အပြင်ထွက်တာ မကောင်းဘူးထင်တယ်... မဖြစ်ဘူး... ငါ အိမ်ပြန်ပြီး အရင်နားမှ ဖြစ်မယ်..." လီကိုင်မိုက အမြန်ပင် လစ်ထွက်သွားတော့သည်။ အလားအလာ အကန့်အသတ်မရှိသည့် ဤကဲ့သို့သော စွမ်းရည်ပိုင်ရှင် တစ်ယောက်နှင့် ယှဉ်လိုက်လျှင် နာမည်ကြီး ဒါရိုက်တာဆိုသည်မှာ ဘာမှမဟုတ်တော့ပေ။
***