စီးပွားရေးဇုန်ထဲသို့ ရောက်ရှိပြီးနောက် ရှုကျင်းမင်နှင့် ဆုန့်ချိုးယွန်းတို့က အရင်ဆုံး နေ့လယ်စာ စားကြသည်။ ထို့နောက်တွင်တော့ သူတို့က ချင်းကျင်မြို့၏ ဒေသထွက်ကုန် အများအပြားကို ဝယ်ယူရင်း စျေးဝယ်ထွက်ခဲ့ကြသည်။ နောက်ပိုင်းတွင် နာမည်ကြီး လည်ပတ်စရာနေရာ အချို့သို့ သွားရောက်ခဲ့ကြပြီး ညစာစားပြီးသည့်တိုင်အောင် လည်ပတ်ခဲ့ကြရာ ည ၈ နာရီပင် ထိုးသွားခဲ့ပြီဖြစ်သည်။
ထိုအခါမှသာ သူတို့က ချင်းရွှီမြို့သို့ ပြန်လာခဲ့ကြပြီး ဆုန့်ချိုးယွန်း၏ ဗီလာသို့ ရောက်ရှိချိန်တွင်တော့ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မှောင်အတိကျနေကာ ည ၉ နာရီပင် ကျော်နေခဲ့ပြီဖြစ်သည်။ သို့သော်လည်း အချိန်မှာ သိပ်မနောက်ကျသေးပေ။ ထို့ကြောင့် ရှုကျင်းမင်က ပွပွယောင်းယောင်း လေ့ကျင့်ရေးဝတ်စုံသို့ လဲလှယ်လိုက်ပြီး ဆုန့်ချိုးယွန်းနှင့်အတူ လေ့ကျင့်ရေးခန်းမထဲသို့ ဝင်လာခဲ့သည်။
သူက မပြန်ခင် ခဏတာမျှ လေ့ကျင့်ရန် စီစဉ်ထားခြင်းဖြစ်သည်။
တစ်နာရီအကြာတွင် ဗီလာ၏ လေ့ကျင့်ရေးခန်းမအတွင်းရှိ သတ္တုစပ် ကြမ်းပြင်ပေါ်တွင် ရှုကျင်းမင်က တင်ပျဉ်ခွေလျက် ထိုင်နေသည်။ သူ၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ၏ အသက်ရှူသံမှာ ထူးခြားသော စည်းချက်တစ်ခုအတိုင်း ရှိနေသည်။ ပတ်ဝန်းကျင်လေထုထဲရှိ စွမ်းအင်ဓာတ်များက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူခြင်း ခံနေရပြီး သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်စွမ်းအားကို စဉ်ဆက်မပြတ် အားဖြည့်ပေးနေသည်။
အချိန်အတော်ကြာပြီးနောက် အစွန်းရောက် စွမ်းရည် ကျင့်စဉ် ကို ကျင့်ကြံပြီးသွားသော ရှုကျင်းမင်က သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"ထိပ်တန်းအဆင့် စွမ်းရည်ကျင့်စဉ်က တကယ်ကို စွမ်းအင်စုပ်ယူမှုနှုန်း မြင့်မားတာပဲ... ဒါပေမဲ့ ဒါကိုပဲ အားကိုးပြီး စတုတ္ထအဆင့်ကို တက်လှမ်းဖို့ဆိုရင်တော့ အနည်းဆုံး ခြောက်လလောက် အချိန်ယူရလိမ့်မယ်"
ရှုကျင်းမင်က ခေါင်းခါလိုက်ပြီး သူ၏ စိတ်ထဲမှ အပြာရောင်နက်ရှိုင်း စနစ် ကို ခေါ်ယူလိုက်ရာ အပြာရောင်နက်ရှိုင်းသော ဖန်သားပြင် ပုံရိပ်တစ်ခု သူ၏ အသိစိတ်ထဲတွင် ချက်ချင်း ပေါ်လာတော့သည်။
အမည် : ရှုကျင်းမင် အဆင့် : တတိယအဆင့်မြင့် စွမ်းရည် : ဒုထျန်း နတ်ဘုရား မိုးကြိုး (SS) ခန္ဓာကိုယ် : ၄၁၁၂ သွေးစွမ်းအင် (+) စိတ်ဝိညာဉ် : ၂၆၂၀ ဟတ်ဇ် (+) တိုက်ခိုက်ရေးနည်းစနစ်များ : လှံသိုင်း (ဆရာသခင်)၊ လက်သီးသိုင်း (ဆရာသခင်)၊ မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ (အခြေခံ)၊ ကောင်းကင်မိုးကြိုး ကျင့်စဉ် (အခြေခံ)၊ ငရဲမိုးကြိုး သံချပ်ကာ (အခြေခံ)၊ မိုးကြိုးနတ်ဘုရား လက်ချောင်း (အခြေခံ)၊ မိုးကြိုးနဂါး လက်သီး (အခြေခံ)၊ လျှပ်စီးအရိပ်ခန္ဓာ (အခြေခံ)၊ မိုးကြိုးလှံ (အဆင့်မြင့်)၊ လျပ်စီးဆက်လှံ (အလယ်အလတ်)၊ မိုးကြိုးလျှပ်တစ်ပြက် (အဆင့်မြင့်)၊ မိုးကြိုးထောင်ချောက် (အလယ်အလတ်)၊ လျှပ်စီးမုန်တိုင်း ခွဲချက် (ဆရာသခင်)၊ အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့်မြင့်) ခန္ဓာကိုယ်ကြံ့ခိုင်ရေး : မသေနိုင်သော မိုးကြိုးခန္ဓာ (ပဉ္စမအလွှာ) စွမ်းရည်အမှတ် : ၁၁၂၃
"စွမ်းရည်အမှတ်တွေက သိပ်နည်းနေသေးတာပဲ... အမျိုးသား ပညာရေးဦးစီးဌာနက ပြိုင်ပွဲဇုန်ထဲကို စတုတ္ထအဆင့် သားရဲတွေ ပိုပြီး ထည့်ပေးဖို့ပဲ မျှော်လင့်ရတော့မယ်... မဟုတ်ရင် သတ်ရတာ အားရမှာ မဟုတ်ဘူး"
စနစ်ပေါ်ရှိ သနားစရာကောင်းလောက်အောင် နည်းပါးနေသော စွမ်းရည်အမှတ်များကို ကြည့်ရင်း ရှုကျင်းမင်က သန်ဘက်ခါတွင် ကျင်းပမည့် ရှင်သန်ခြင်း ပြိုင်ပွဲကို မအောင့်အီးနိုင်အောင် မျှော်လင့်မိသွားသည်။ ထို့နောက် သူ၏ ဖုန်းကို ကောက်ကိုင်ကာ အချိန်ကို ကြည့်လိုက်ရာ ည ၁၀ နာရီ ၂၃ မိနစ် ရှိနေပြီဖြစ်သည်။
ဗီလာ၏ အပြင်ဘက်တွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး မှောင်အတိကျနေပြီး လမ်းဘေးမီးတိုင် အချို့မှသာ အလင်းရောင် အနည်းငယ် ထွက်ပေါ်နေသည်။ ပုံမှန်ဆိုလျှင် ဤအချိန်၌ သူက တက္ကသိုလ် အိပ်ဆောင်ဝင်းဆီသို့ ပြန်ရန် ပြင်ဆင်နေရပြီ ဖြစ်သော်လည်း မနက်ဖြန်မှာ အားလပ်ရက်ဖြစ်၍ ရှုကျင်းမင်အနေဖြင့် ဤမျှစောစော ပြန်ရန် မလိုအပ်ပေ။
"မသေနိုင်သော မိုးကြိုးခန္ဓာကို ခဏလောက် ထပ်ပြီး ကျင့်ကြံလို့ ရသေးတယ်..."
ရှုကျင်းမင်က စဉ်းစားရင်း သူ၏ အင်္ကျီကို ချွတ်လိုက်ရာ အနုပညာလက်ရာတစ်ခုကဲ့သို့ အားမာန်ပါလှသော ခန္ဓာကိုယ်ကြံ့ခိုင်မှုက ချက်ချင်း ပေါ်ထွက်လာသည်။ ထို့နောက် သူက မျက်လုံးများကို အသာမှိတ်လိုက်ရာ မသေနိုင်သော မိုးကြိုးခန္ဓာ ကျင့်စဉ်က စတင် လည်ပတ်လာပြီး သူ၏ အသားအရေပေါ်တွင် ရွှေရောင် လျှပ်စီးတန်းများက ဝင်းလက်ကာ ခုန်ပေါက်နေတော့သည်။ ၎င်းက လက်နက်တစ်ခုကို ပုံသွင်းနေသကဲ့သို့ သူ၏ ခန္ဓာကိုယ်ကို ပိုမို ကြံ့ခိုင်အောင် ပြုလုပ်ပေးနေခြင်း ဖြစ်သည်။
"ကျင်းမင်ရဲ့ ကြွက်သားတွေက..."
မလှမ်းမကမ်းတွင်ရှိသော ဆုန့်ချိုးယွန်းက ရှုကျင်းမင်၏ အပေါ်ပိုင်း ဗလာကျင်းနေသည်ကို တစ်ကြိမ်ထက်မက မြင်ဖူးသော်လည်း သူမ၏ မျက်နှာကလေးမှာ အနည်းငယ် နီမြန်းနေဆဲပင်။ သူ၏ ခန္ဓာကိုယ်ကို အနီးကပ် ထိတွေ့ချင်သည့် စိတ်ဆန္ဒများ သူမ၏ နှလုံးသားထဲတွင် တရိပ်ရိပ် တက်လာသည်။
"ငါ သူ့ကို ဘယ်လိုလုပ်ပြီး ထိတွေ့ရမလဲ" ဟု ဆုန့်ချိုးယွန်းက အလေးအနက် စဉ်းစားနေမိသည်။
အချိန်အတော်ကြာပြီးနောက် သူမ၏ မျက်လုံးများက တစ်စုံတစ်ခုကို သတိရသွားသလို တောက်ပလာပြီး ဝမ်းသာအားရဖြင့် သူမ၏ ကိုယ်ပိုင်လေ့ကျင့်မှုထဲသို့ ခုန်ဝင်လိုက်တော့သည်။ မသေနိုင်သော မိုးကြိုးခန္ဓာ ကို ကျင့်ကြံရန်အတွက် တစ်နာရီသာ လိုအပ်သည်။ အကယ်၍ အချိန်ပိုကြာသွားပါက ကျင့်ကြံမှု အကျိုးကျေးဇူး မရရှိသည့်အပြင် ခန္ဓာကိုယ်ကိုပါ ထိခိုက်စေနိုင်သည်။
ထို့ကြောင့် မိမိကိုယ်ကို တစ်နာရီကြာ လျှပ်စစ်ဓာတ်သွင်း ပြီးနောက် ရှုကျင်းမင်က အချိန်ကိုက်ပင် မျက်လုံးဖွင့်လိုက်သည်။ SSအဆင့် စွမ်းရည်ဖြစ်သော ဒုထျန်း နတ်ဘုရား မိုးကြိုးသည်လည်း သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရုတ်သိမ်းသွားခဲ့ပြီဖြစ်သည်။ သူ၏ တစ်ကိုယ်လုံးရှိ အသားအရေမှာ ရေနွေးပူထဲတွင် စိမ်ထားသကဲ့သို့ အနည်းငယ် နီမြန်းနေသည်။
သူက နေရာမှ ထရန် ပြင်လိုက်စဉ်မှာပင် ဆုန့်ချိုးယွန်းက ကျောက်စိမ်းဖြူ ပုလင်းလေး တစ်လုံးကို ကိုင်ကာ သူ၏ ရှေ့တွင် ပေါ်လာပြီး ပြုံးလျက် ပြောလိုက်သည်။
"မလှုပ်နဲ့ဦး... ဒါက ကျွန်မရဲ့ မိသားစုက မနေ့က ပို့ပေးလိုက်တဲ့ Aအဆင့် ကျင့်ကြံရေး အရင်းအမြစ် ခန္ဓာကိုယ်ကြံ့ခိုင်ရေးအရည်ပဲ... ဒါကို အရေပြားပေါ်မှာ လိမ်းပေးရင် ခန္ဓာကိုယ်ကို ပိုပြီး ကြံ့ခိုင်စေတယ်... ကျွန်မ ရှင်သောက်ဖို့ လိမ်းပေးကြည့်ရမလား"
ဆုန့်ချိုးယွန်း၏ မျက်လုံးများထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ရှိနေသည်။ ဤအရည်ကို သူမ၏ မိသားစုက သူမ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအတွက် ပို့ပေးထားခြင်း ဖြစ်သည်။ ၎င်းကို ရေထဲတွင် ထည့်ပြီး စိမ်၍ရသလို အရေပြားပေါ်တွင် တိုက်ရိုက်လိမ်း၍လည်း ရသည်။ သူမအတွက်ကတော့ တိုက်ရိုက်လိမ်းပေးခြင်းက အကောင်းဆုံး ရွေးချယ်မှုပင်။ "ခန္ဓာကိုယ်ကြံ့ခိုင်ရေးအရည်လား... ရပါတယ် လိမ်းပေးကြည့်လေ"
ရှုကျင်းမင်က သိပ်ပြီး စဉ်းစားမနေဘဲ ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။ ထိုအခါ ဆုန့်ချိုးယွန်း၏ မျက်နှာမှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။ သူမက ပုလင်းလေးထဲမှ အရည်အနည်းငယ်ကို လက်ဝါးထဲသို့ လောင်းထည့်ပြီး ပွတ်လိုက်သည်။
"အနည်းငယ် အေးလိမ့်မယ်နော်"
သတိပေးပြီးနောက် ဆုန့်ချိုးယွန်းက နီမြန်းနေသော မျက်နှာလေးဖြင့် ရှုကျင်းမင်၏ နောက်ကျောဘက်သို့ လျှောက်သွားသည်။ ရှုကျင်းမင်မှာ သူမကို ကျောပေးထားသဖြင့် သူမ၏ အမူအရာကို သတိမထားမိပေ။ သူ၏ ကျောပြင်ပေါ်တွင် အေးမြသော ခံစားချက်ကိုသာ ခံစားလိုက်ရပြီး ဆေး၏ အာနိသင်ကြောင့် ကြွက်သားများမှာ အနည်းငယ် ယားကျိကျိ ဖြစ်လာကာ တဖြည်းဖြည်း ကြံ့ခိုင်လာသလို ခံစားရသည်။
"တကယ် အလုပ်ဖြစ်တာပဲ ဒါပေမဲ့ ငါက မင်းရဲ့ ကျင့်ကြံရေး အရင်းအမြစ်တွေကို အမြဲတမ်း အခမဲ့ သုံးနေလို့ မဖြစ်ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်က ငါ့ကို Sအဆင့် မူလစွမ်းအင် ပြန်လည်နိုးထစေသော ဆေးလုံးတစ်လုံး ပေးထားတယ်... အဲဒါကို နောက်မှ မင်းကို ပေးမယ်" ဟု ရှုကျင်းမင်က ပြုံးကာ ပြောလိုက်သည်။
မိုးကြိုး လျှို့ဝှက်နယ်မြေထဲတွင် လေလွင့်တိမ်တိုက် ရွှေရောင်လှံကို ဝယ်ရန်အတွက် သူက ဆုန့်ချိုးယွန်းနှင့် ကျန်းချူရွှမ်တို့ထံမှ သန်း ၁၅၀ နှင့် သန်း ၁၀၀ စီ အသီးသီး ချေးယူခဲ့သည်။ ဆောင်းရာသီ အားလပ်ရက်ကုန်ပြီး ကျောင်းပြန်တက်ချိန်တွင် ကျောင်းတွင်းသုံး ခရက်ဒစ်များဖြင့် ပြန်ဆပ်ရန် သူ ရည်ရွယ်ခဲ့သော်လည်း ကျောင်းပြန်ရောက်သောအခါ သူတို့၏ ဆက်ဆံရေးမှာ အတည်ဖြစ်သွားခဲ့ပြီး သူက ပြန်ဆပ်ရန် ကြိုးစားသည့်အခါ မိန်းကလေး နှစ်ယောက်လုံးက လက်ခံရန် ငြင်းဆိုခဲ့ကြသည်။ ရှုကျင်းမင်က ချစ်သူများဖြစ်နေသည့်တိုင် သူတစ်ပါးအပေါ် အခွင့်အရေးယူတတ်သူ မဟုတ်ပေ။ ယခု ဆုန့်ချိုးယွန်းက Aအဆင့် အရင်းအမြစ်ကို ထုတ်ပေးလာသဖြင့် သူကလည်း တစ်ခုခု ပြန်ပေးရန် လိုအပ်သည်ဟု ခံစားလိုက်ရသည်။
"အင်း... ဟုတ်ကဲ့ပါ...."
ဆုန့်ချိုးယွန်း၏ စရိုက်အရဆိုလျှင် သူမက ၎င်းကို လက်ခံမည် မဟုတ်သည်မှာ သေချာသည်။ သို့သော် ယခုအချိန်တွင် သူမ၏ အာရုံအားလုံးက ရှုကျင်းမင်၏ ကျောပြင်ပေါ်သို့သာ ရောက်ရှိနေသဖြင့် သူမက မသိစိတ်ဖြင့် ခေါင်းငြိမ့်ကာ သဘောတူလိုက်မိခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် သူမ၏ လက်ကလေးများကလည်း ဖြည်းညင်းစွာ ဆက်လက် လှုပ်ရှားနေဆဲပင်။ အချိန်များ တဖြည်းဖြည်း ကုန်ဆုံးသွားပြီး ဆေးလိမ်းပေးသည်ဟူသော အကြောင်းပြချက်ဖြင့် ဆုန့်ချိုးယွန်းက ရှုကျင်းမင်၏ အပေါ်ပိုင်း တစ်ကိုယ်လုံးနီးပါးကို ထိတွေ့မိသွားသည်။ သူမ၏ လက်များက ရှေ့သို့ ရောက်လေလေ အရှိန်က ပိုနှေးလေလေပင်။ ၁၀ မိနစ်ခန့်သာ ကြာသင့်သော ကိစ္စကို ဆုန့်ချိုးယွန်းက နာရီဝက်နီးပါးအထိ အချိန်ဆွဲလိုက်တော့သည်။
"ပြီးပြီ... အကုန် လိမ်းပြီးသွားပြီ..."
နောက်ဆုံး ဆေးတစ်စက်ကို ရှုကျင်းမင်၏ ကျောပြင်ပေါ်တွင် အနှံ့အပြား လိမ်းပေးပြီးနောက် ဆုန့်ချိုးယွန်းက သူမ၏ ညာဘက်လက်ကို နှမြောတသစွာဖြင့် ပြန်ရုတ်သိမ်းလိုက်သည်။
"နေလို့ ကောင်းသွားတာပဲ"
ရှုကျင်းမင်က မြေပြင်မှ ထရပ်လိုက်ကာ အသက်ကို ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး သူ၏ လက်ပေါ်ရှိ ဟင်းလင်းပြင် လက်စွပ်မှာ အနည်းငယ် လက်ခနဲ ဖြစ်သွားသည်။ ဆေးလုံးပုလင်း တစ်လုံးက သူ၏ ညာဘက်လက်ထဲတွင် လေထဲမှ ပေါ်ထွက်လာပြီး ဆုန့်ချိုးယွန်းထံသို့ ကမ်းပေးလိုက်သည်။
"ဪ... ဟုတ်သားပဲ ဒါက Sအဆင့် မူလစွမ်းအင် ပြန်လည်နိုးထစေသော ဆေးလုံးပဲ... ဒါကို မင်း ယူထားလိုက်..."
ထိုအခါမှသာ ရှုကျင်းမင်က ဆုန့်ချိုးယွန်းမှာ ပုံမှန်မဟုတ်သော အခြေအနေသို့ ရောက်ရှိနေကြောင်း သတိထားမိသွားသည်။ "မင်း နေကောင်းရဲ့လား" ဟု သူက ဝေခွဲမရစွာဖြင့် မေးလိုက်သည်။
"ဘာ... ဘာမှမဖြစ်ပါဘူး... ခုနက လေ့ကျင့်တာ နည်းနည်း များသွားလို့ ထင်တယ်" ဆုန့်ချိုးယွန်းက သူမ၏ စိတ်ကို ရိပ်မိသွားမည် စိုးသဖြင့် အမြန်ပင် ခေါင်းခါပြလိုက်ကာ ရှုကျင်းမင်၏ လက်ထဲမှ ဆေးလုံးကို အလုအယက် လှမ်းယူလိုက်သည်။
"အင်း... ဒါဆိုလည်း ကောင်းပြီ... အချိန်လည်း နည်းနည်း နောက်ကျနေပြီဆိုတော့ ငါ အခုပဲ ပြန်တော့မယ်..."
သူက လက်ဝှေ့ယမ်းပြပြီး သူ၏ အင်္ကျီကို ဝတ်ကာ လှည့်ထွက်ရန် ပြင်လိုက်သည်။ သူမက လက်ထဲရှိ ဆေးလုံးကို တစ်ချက်ကြည့်လိုက်ပြီး ရှုကျင်းမင်၏ ကျောပြင်ကြီးကို လှမ်းကြည့်လိုက်သည်။ ဆုန့်ချိုးယွန်း၏ ခန္ဓာကိုယ်မှာ မသိစိတ်ဖြင့် လှုပ်ရှားသွားပြီး သူ၏နောက်သို့ အပြေးလိုက်သွားကာ ပြောသည်။
"ခဏလေးပါဦး..."
"ဟင် ဘာဖြစ်လို့လဲ" ရှုကျင်းမင်က နားမလည်နိုင်စွာဖြင့် လှည့်ကြည့်လိုက်သည်။
သူ လှည့်ကြည့်လိုက်သည်နှင့် မွှေးပျံ့သော လေပြေတစ်ခုက သူ့ထံသို့ တိုးဝင်လာပြီး သူ ဘာမှမတုံ့ပြန်နိုင်ခင်မှာပင် ဆုန့်ချိုးယွန်း၏ တစ်ကိုယ်လုံးမှာ သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။
"ချိုးယွန်း... ဒါက ဘာဖြစ်တာလဲ..."
ရှုကျင်းမင်က သူ၏ ရင်ခွင်ထဲမှ နူးညံ့သော ခံစားချက်ကြောင့် အနည်းငယ် ကြောင်အသွားရသည်။ ထိုအချိန်တွင် ဆုန့်ချိုးယွန်း၏ လှပသော မျက်နှာကလေးမှာ နားရွက်များအထိ နီမြန်းနေပြီး သူမ၏ ခေါင်းကလေးကို အနည်းငယ် မော့ကာ ပြောလိုက်သည်။
"ကျင်း...မင် ဒီည မပြန်လို့ မရဘူးလား။"
သူမ၏ အသံမှာ အလွန်ပင် တိုးညင်းလှပြီး ခြင်တစ်ကောင်၏ တဝီဝီ မြည်သံလောက်သာ ရှိသည်ဟု ပြောလျှင်ပင် အပိုမဖြစ်နိုင်ပေ။ သို့သော် တတိယအဆင့်မြင့် စွမ်းရည်ပိုင်ရှင် တစ်ယောက်ဖြစ်သော ရှုကျင်းမင်မှာမူ သူမ၏ စကားလုံးများကို ရှင်းလင်းစွာ ကြားလိုက်ရလေတော့သည်။
***