တစ်ညတာက ကုန်ဆုံးသွားခဲ့သည်။
"နောက်ထပ် ခဏလောက် ထပ်မအိပ်တော့ဘူးလား" ရှုကျင်းမင်က ပြုံးလျက် မေးလိုက်သည်။
"အင်း..."
ဆုန့်ချိုးယွန်းက မနေ့ညက ဖြစ်ပျက်ခဲ့သမျှ အကြောင်းအရာ အားလုံးကို ပြန်လည် သတိရသွားသည်။
"ဒီနေ့ ပြိုင်ပွဲမရှိဘူးဆိုတော့ မင်း နောက်ထပ် ခဏလောက် အနားယူလို့ ရပါတယ်"
အမှန်တကယ်တော့ သူမအတွက် ပထမဆုံးအကြိမ် ဖြစ်သဖြင့် ဆုန့်ချိုးယွန်းက အနည်းငယ် အားနည်းနေပုံ ရသေးသည်။
"ဪ... ဟုတ်သားပဲ... ငါ့ဆီမှာ မြေကမ္ဘာဝိညာဉ်စမ်းရေ ကျန်သေးတယ်... အဲဒါကို အရင်သောက်လိုက်ဦး"
ယွမ်ရွှေ တောနက်ဇုန်တွင် ရရှိခဲ့သော Sအဆင့် ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန်ရတနာဖြစ်သည့် မြေကမ္ဘာဝိညာဉ်စမ်းရေမှာ လေးပုလင်း ရှိခဲ့သည်။ တစ်ပုလင်းကို သူ၏ စီနီယာအစ်ကို လျူမင်အား ပေးခဲ့ပြီး တစ်ပုလင်းကိုမူ လေ့လာရေးခရီးစဉ်အတွင်း အသက်အန္တရာယ် ကြုံတွေ့ရစဉ် အသုံးပြုခဲ့သဖြင့် ယခု နှစ်ပုလင်း ကျန်ရှိနေခြင်း ဖြစ်သည်။
ထို့ကြောင့် ရှုကျင်းမင်က တွန့်ဆုတ်မနေဘဲ တစ်ပုလင်းကို ထုတ်ယူကာ ဆုန့်ချိုးယွန်းအား တိုက်ကျွေးလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အနည်းငယ် အားနည်းနေပုံရသော သူမက ချက်ချင်းပင် သိသိသာသာ လန်းဆန်းတက်ကြွလာတော့သည်။
"တီ... တီ... တီ..."
ထိုအချိန်တွင် ခုတင်ဘေးရှိ စားပွဲပေါ်မှ ဖုန်းက ရုတ်တရက် မြည်လာသည်။ သူကောက်ကိုင်ကြည့်လိုက်ရာ ရန်ကျန့်ထျန်းထံမှ ဖုန်းခေါ်ဆိုမှု ဖြစ်နေသည်။
"ကျင်းမင်... အင်အားကြီးအဖွဲ့တွေနဲ့ တွေ့ဆုံမယ့်အချိန်ကို သတ်မှတ်လိုက်ပြီ။ မင်း ၁၀ နာရီလောက်မှာ အားကစားကွင်းကို လာခဲ့လို့ ရပြီ..."
သူ ဖုန်းဖြေလိုက်သည်နှင့် တစ်ဖက်မှ ရန်ကျန့်ထျန်း၏ အသံ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့ပါ" ရှုကျင်းမင်က ခေါင်းငြိမ့်ပြပြီး ဖုန်းချလိုက်သည်။
"ကျင်းမင်... ရှင် ၁၀ နာရီမှာ သွားရတော့မှာလား" အားအင်များ ပြန်ပြည့်လာသည့် ဆုန့်ချိုးယွန်းက သူမ၏ ခေါင်းကလေးကို မော့ကြည့်ကာ မေးလိုက်သည်။
"ဟုတ်တယ်... အဲဒီအင်အားကြီးအဖွဲ့တွေနဲ့ တွေ့ပြီး သူတို့ ဘယ်လို အခြေအနေတွေ ကမ်းလှမ်းမလဲဆိုတာ နားထောင်ရဦးမယ်" ရှုကျင်းမင်က ခေါင်းငြိမ့်ပြသည်။
"အခု မနက် ၈ နာရီ ရှိပြီဆိုတော့ ၁၀ နာရီအထိ နှစ်နာရီ လိုသေးတယ်... အဲဒီတော့... အဲဒီအချိန်အတောအတွင်း ရှင် ကျွန်မနားမှာပဲ နေပေးမှာလား"
ဆုန့်ချိုးယွန်းက သူမ၏ ကြည်လင်တောက်ပသော မျက်ဝန်းအစုံဖြင့် မျက်တောင်တခတ်ခတ် လုပ်ကာ မေးလိုက်သည်။ တစ်ဖက်တွင်မူ တက္ကသိုလ် အိပ်ဆောင်ဝင်းအတွင်း၌ ပေကျင်း တက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး ရှုဖျင်က ကျင်းချန်း တက္ကသိုလ်၏ ဒုတိယကျောင်းအုပ်ကြီး ကျန်းမူကို တစ်ဦးတည်း သီးသန့် လာရောက်တွေ့ဆုံခဲ့သည်။
"ကျောင်းအုပ်ကြီးရှု... ကျွန်တော့်ဆီကို တစ်ခုခု ကိစ္စရှိလို့ လာတာလား"
ဗီလာ၏ ဧည့်ခန်းအတွင်းတွင် ကျန်းမူက လက်ဖက်ရည်ကို အသာအယာ တစ်ငုံသောက်လိုက်ပြီး သူ၏ ရှေ့ရှိ ဆိုဖာပေါ်တွင် ထိုင်နေသော ရှုဖျင်ကို တည်ငြိမ်သော အမူအရာဖြင့် ကြည့်ကာ မေးလိုက်သည်။
"တခြားတော့ မဟုတ်ပါဘူး... ခင်ဗျားတို့ ကျင်းချန်း တက္ကသိုလ်နဲ့ တစ်ကြိမ်လောက် ပူးပေါင်းချင်လို့ပါ" ဟု ရှုဖျင်က ပြုံးလျက် ပြန်ဖြေသည်။
"ရှင်သန်ခြင်း ပြိုင်ပွဲအတွက်လား" ကျန်းမူ၏ မျက်ခုံးများက အနည်းငယ် မြင့်တက်သွားသည်။ ဤအကြောင်းအရာမှလွဲ၍ ရှုဖျင်က သူ၏ထံသို့ အခြားကိစ္စအတွက် လာစရာအကြောင်း မရှိဟု သူက တွေးလိုက်သည်။
ထင်သည့်အတိုင်းပင် ရှုဖျင်က လက်မထောင်ပြကာ ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။ "တကယ်ကို ထက်မြက်တာပဲ..."
စကားပြောပြီးနောက် သူက ချက်ချင်းပင် ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ "မဂျစ်စီးတီး တက္ကသိုလ်ရဲ့ အရှိန်အဝါက ဒီတစ်ခါမှာ တကယ်ကို ကြောက်စရာကောင်းလွန်းတယ်... ငါတို့သာ မပူးပေါင်းဘူးဆိုရင် ရှင်သန်ခြင်း ပြိုင်ပွဲရဲ့ ချန်ပီယံဆုကလည်း သူတို့လက်ထဲကိုပဲ ရောက်သွားမှာ သေချာသလောက် ရှိနေပြီ..."
"သူတို့ ရသွားလည်း ရသွားတာပေါ့..."
ကျန်းမူက ထိုကိစ္စအပေါ် အေးစက်စက်ပင် နေနေသည်။ အဆုံးတွင်တော့ သူတို့၏ ကျင်းချန်း တက္ကသိုလ်သည် အမြဲတမ်း တတိယနေရာမှာသာ ရှိနေခဲ့ခြင်းဖြစ်ပြီး ယခုတစ်ကြိမ် အဖွဲ့လိုက်ပြိုင်ပွဲတွင်ပါ ရှုံးနိမ့်ခဲ့ပြီးနောက် သူတို့ လုံးဝ လက်လျှော့ထားပြီးသား ဖြစ်သည်။
"အရင် လိဂ်ပြိုင်ပွဲတွေမှာ မဂျစ်စီးတီး တက္ကသိုလ်က ချန်ပီယံဆု နှစ်ခုပဲ ရခဲ့တာ... တကယ်လို့ သူတို့က ဒီနှစ်မှာ သုံးခုလုံးကို သိမ်းပိုက်သွားရင် ငါတို့ ကျောင်းနှစ်ကျောင်းရဲ့ နောင်နှစ် ကျောင်းသားသစ် လက်ခံရေးကိုပါ အကြီးအကျယ် သက်ရောက်မှု ရှိလာလိမ့်မယ်... အဲဒီပြဿနာကို ခင်ဗျား မစဉ်းစားဖူးဘူးလား" ဟု ရှုဖျင်က မရမက တိုက်တွန်းနေသည်။
သို့သော် ကျန်းမူက ဘာမှပြန်မပြောဘဲ သူ၏ လက်ဖက်ရည်ခွက်ကိုသာ အသာအယာ မပြီး ထပ်မံ တစ်ငုံသောက်လိုက်သည်။
“ဒီမြေခွေးအိုကြီးကတော့...”
ရှုဖျင်၏ မျက်နှာက ပျက်သွားသည်။ လက်တွေ့ကျသော အကျိုးအမြတ်တစ်ခုခု မပေးလျှင် တစ်ဖက်လူကို လှုပ်ရှားအောင် ပြုလုပ်ရန် မဖြစ်နိုင်ကြောင်း သူသိလိုက်သည်။ ထို့ကြောင့် သူက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်ရတော့သည်။
"တကယ်လို့ ခင်ဗျားတို့ ကျင်းချန်း တက္ကသိုလ်က ရှင်သန်ခြင်း ပြိုင်ပွဲမှာ မဂျစ်စီးတီးကို အရင်ဆုံး သုတ်သင်ရှင်းလင်းဖို့ ငါတို့ ပေကျင်း တက္ကသိုလ်နဲ့ ပူးပေါင်းမယ်ဆိုရင်... ခင်ဗျားတို့ ကိုယ်စားပြုအဖွဲ့ဝင် တစ်ယောက်ချင်းစီကို ထိပ်တန်း Aအဆင့် ကျင့်ကြံရေး အရင်းအမြစ် တစ်ခုစီ ပေးပါ့မယ်..."
"တစ်ယောက်ကို တစ်ခုဆိုတော့... ထိပ်တန်း Aအဆင့် ကျင့်ကြံရေး အရင်းအမြစ်၈ခုပေါ့ ခင်ဗျား တကယ်ကို ရက်ရောတာပဲ" ကျန်းမူက အနည်းငယ် အံ့သြသွားသည်။
ဤကဲ့သို့သော ထိပ်တန်းAအဆင့် အရင်းအမြစ် ၈ ခု၏ တန်ဖိုးမှာ အနည်းဆုံး သန်း ၁၀၀၀ ကျော် ရှိပေလိမ့်မည်။ ထို့ပြင် ဤအရာများမှာ ရှုဖျင်၏ ကိုယ်ပိုင်အိတ်ကပ်ထဲမှ ထွက်လာရမည်ဖြစ်ပြီး ပေကျင်း တက္ကသိုလ်က ပြန်ပေးရန် နည်းလမ်းမရှိပေ။
"ငါကရော ပေးချင်လို့ ထင်နေလား" ဟု ရှုဖျင်က မျက်လုံးလှန်ပြလိုက်သည်။ ဒုတိယကျောင်းအုပ်ကြီးများတွင်လည်း စွမ်းဆောင်ရည် မှတ်တမ်းများ လိုအပ်သည် မဟုတ်ပါလား။
ယခု ပညာသင်နှစ်တွင် သူက ပေကျင်း တက္ကသိုလ်၏ ကိစ္စအားလုံးကို တာဝန်ယူ ကိုင်တွယ်နေရခြင်း ဖြစ်သည်။ လေ့လာရေးခရီးစဉ်တွင် ရှုံးနိမ့်ခဲ့ခြင်းက ကိစ္စမရှိပေ၊ အရင်နှစ်များကလည်း မဂျစ်စီးတီးကသာ နိုင်နေခဲ့ခြင်း ဖြစ်သည်။ သို့သော် နိုင်ငံတော် လိဂ်ပြိုင်ပွဲမှာမူ မတူညီပေ။ ပေကျင်း တက္ကသိုလ်သည် ပြီးခဲ့သည့်နှစ်က ချန်ပီယံ ဖြစ်ခဲ့သည်။ ယခုနှစ်တွင် သူ၏ ဦးဆောင်မှုအောက်၌ ရှုံးနိမ့်ခဲ့ရခြင်းမှာ သူ ထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုးကို အလွန်ပင် လေးလံစေသည်။
ယခုအခါ တစ်ဦးချင်းပွဲနှင့် အဖွဲ့လိုက်ပွဲစဉ်များတွင် ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးဖြစ်ရာ ပြန်လည် ကုစားရန် နည်းလမ်း မရှိတော့ပေ။ သူက ရှင်သန်ခြင်း ပြိုင်ပွဲတွင် ချန်ပီယံဆု ရရှိရန်သာ အစွမ်းကုန် ကြိုးစားနိုင်တော့မည်ဖြစ်ပြီး ထိုဆုကိုသာ ရရှိခဲ့လျှင်ပင် အနည်းဆုံးတော့ အစီရင်ခံစာ တင်ပြရန် လက်ခံနိုင်စရာ အကြောင်းပြချက် တစ်ခု ရှိလာမည် ဖြစ်သည်။
သို့သော် ရှုကျင်းမင်၏ အစွမ်းက ကြောက်စရာကောင်းလွန်းလှပြီး အလွန်အစွမ်းထက်သော မိုးကြိုးဓာတ် စွမ်းရည်ကို ပိုင်ဆိုင်ထားသည်။ သားရဲများကို သတ်ဖြတ်သည့် အရှိန်တွင် ဝမ်ချီပင်လျှင် သူ့ကို မယှဉ်နိုင်ပေ။ သို့သော် ကံကောင်းထောက်မစွာဖြင့် ပြိုင်ပွဲဝင်များကို သုတ်သင်နိုင်သည့် စည်းမျဉ်းရှိနေသေးသည်။
အင်အားကြီး တက္ကသိုလ် နှစ်ခု ပူးပေါင်းပြီး မဂျစ်စီးတီးကို အရင်ဆုံး ရှင်းထုတ်နိုင်သရွေ့ သူတို့၏ ပေကျင်း တက္ကသိုလ်အတွက် ချန်ပီယံဆုရရန် အခွင့်အရေး ရှိနေသေးသည်။ အမှန်စင်စစ် ရှင်သန်ခြင်း ပြိုင်ပွဲတွင် ကျောင်းအချင်းချင်း ပူးပေါင်းခြင်းကို တားမြစ်ထားသည့် စည်းမျဉ်း မရှိသောကြောင့်သာ သူ ဤသို့ လုပ်ရဲခြင်း ဖြစ်သည်။ မဟုတ်လျှင်မူ ၎င်းကို လိမ်လည်မှုဟု သတ်မှတ်ခံရပေလိမ့်မည်။
အမှန်တကယ်တော့ ယခင် ရှင်သန်ခြင်း ပြိုင်ပွဲများတွင်လည်း ကျန်ရှိသော တက္ကသိုလ် ၇ ခုက ပူးပေါင်းပြီး ထိပ်တန်း တက္ကသိုလ် ၃ ခုကို ရင်ဆိုင်ခဲ့သည့် အခြေအနေများ ရှိခဲ့ဖူးသည်။ သို့သော်လည်း ထိပ်တန်း တက္ကသိုလ် ၃ ခု၏ ဖိနှိပ်ခြင်းကိုသာ ခံခဲ့ကြရသည်။ ရှင်သန်ခြင်း ပြိုင်ပွဲ၏ ရှင်သန်ခြင်း ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာလည်း ဤနေရာတွင် ရှိနေခြင်းဖြစ်သည်။ ၎င်းမှာ ပြိုင်ပွဲဝင်များသည် သားရဲများထံမှ ဖိအားများကိုသာမက တခြားတက္ကသိုလ်များမှ ပြိုင်ပွဲဝင်များ၏ တိုက်ခိုက်မှုများကိုပါ ရင်ဆိုင်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
"ဒါဆိုရင်တော့ ကောင်းပြီလေ... ကျွန်တော့်အဖွဲ့ဝင်တွေကို မေးကြည့်ပြီး ဒီနေ့မွန်းလွဲပိုင်းမှာ အဖြေပေးပါ့မယ်" ဟု ကျန်းမူက ခေါင်းငြိမ့်လိုက်သည်။
ပေကျင်း တက္ကသိုလ်နှင့် ပူးပေါင်းရန်မှာ ပြဿနာ မရှိသော်လည်း အခြေခံအချက်မှာ အဖွဲ့ဝင်များက သဘောမတူဘဲ မနေရန် ဖြစ်သည်။
"ကောင်းပြီ" ဟု ဆိုကာ ရှုဖျင်က သက်ပြင်းတစ်ချက်ကို စိတ်အေးလက်အေး ချလိုက်သည်။ မည်သူမျှ ကျင့်ကြံရေး အရင်းအမြစ် ပိုရမည်ကို မုန်းမည်မဟုတ်ပေ။ ထိပ်တန်းAအဆင့် အရင်းအမြစ် တစ်ခုဆိုလျှင် ကျင်းချန်း ကိုယ်စားပြုအဖွဲ့ဝင်များကို စည်းရုံးရန် လုံလောက်သင့်ပေသည်။ အဆုံးတွင်တော့ ၎င်းမှာ မဂျစ်စီးတီးကို ကိုင်တွယ်ရန် ပူးပေါင်းခြင်းသာ ဖြစ်ပြီး သူတို့ကို ချန်ပီယံ ဖြစ်အောင် တိုက်ရိုက် ကူညီပေးရမည် မဟုတ်ပေ။ မဂျစ်စီးတီးကို ရှင်းထုတ်ပြီးနောက်တွင်တော့ သူတို့ တက္ကသိုလ် နှစ်ခုလုံးက ဆက်လက် ယှဉ်ပြိုင်ကြရဦးမည် မဟုတ်ပါလား။
***