မတ်လ ၂၀ ရက်။
နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ စတင်ခဲ့သည်မှာ ၁၁ ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လိဂ်ပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်ဖြစ်သော ရှင်သန်ခြင်း ပြိုင်ပွဲ သည်လည်း ယနေ့တွင် စတင်တော့မည် ဖြစ်သည်။
ယခုအခါ နံနက် ၈ နာရီ ၄၃ မိနစ် ရှိနေပြီဖြစ်ရာ ပြိုင်ပွဲစတင်မည့် ၉ နာရီသို့ ရောက်ရန် ၁၀ မိနစ်ကျော်သာ လိုတော့သည်။ သို့သော်လည်း နံနက်ခင်း နေရောင်ခြည်အောက်တွင် တောက်ပနေသော အားကစားကွင်း တစ်ခုလုံးမှာ ပရိသတ်များဖြင့် ပြည့်နှက်နေသည်။
"ရောက်လာပြီဟေ့... ရောက်လာပြီ... ရှင်သန်ခြင်း ပြိုင်ပွဲ... အကြမ်းတမ်းဆုံးနဲ့ အသွေးအသား အရင်းနှီးဆုံး တိုက်ပွဲတွေ... စိတ်လှုပ်ရှားစရာ အကောင်းဆုံး ပွဲစဉ်ကြီးပဲ..."
"ငါတော့ တကယ်ကို ရင်ခုန်နေပြီ... ဘယ်သူက သားရဲတွေကို ပိုပြီး သတ်နိုင်မလဲဆိုတာ သိချင်လှပြီ..."
"မေးနေစရာတောင် မလိုပါဘူး... အစွမ်းထက်ဆုံး မိုးကြိုးဧကရာဇ်ပဲ ဖြစ်မှာပေါ့..."
"အဲဒီလိုလည်း မဟုတ်သေးပါဘူး... ပေကျင်း တက္ကသိုလ်က ကျောက်တုံးဘုရင် ကလည်း မခေဘူးနော်... အလှည့်အပြောင်းတွေ ရှိလာနိုင်သေးတယ်"
ရှင်သန်ခြင်း ပြိုင်ပွဲကို အားကစားကွင်းအတွင်း ကျင်းပခြင်း မဟုတ်ဘဲ ချင်းရွှီမြို့အနီးရှိ နတ်ဆိုးဂူအတွင်း၌ ကျင်းပခြင်း ဖြစ်သည်။ ထို့ကြောင့် ရောက်ရှိနေသော ပရိသတ်များက တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့်သာ ကြည့်ရှုနိုင်မည် ဖြစ်သည်။ သို့သော် သာမန် ထုတ်လွှင့်မှုများနှင့်မတူဘဲ ပြိုင်ပွဲဝင်များ သားရဲများကို သတ်ဖြတ်သည့် လုပ်ငန်းစဉ်များကို လုံးဝ ဖြတ်တောက်ထားခြင်း မရှိပေ။ အချို့သော အချိန်များတွင် ဖန်သားပြင်တစ်ခုလုံး သွေးအိုင်များဖြင့် ပြည့်နေတတ်သည်။
သို့သော် သားရဲများအပေါ် ထားရှိသော နက်ရှိုင်းသည့် အာဃာတများကြောင့် ပရိသတ်များက စိတ်မသက်မသာ ဖြစ်ရမည့်အစား ပို၍ပင် စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် မည်သူက ပိုမိုများပြားစွာနှင့် ပိုမိုမြန်ဆန်စွာ သတ်ဖြတ်နိုင်မည်ကိုပင် ခန့်မှန်းနေကြလေတော့သည်။
"ရှင်သန်ခြင်း ပြိုင်ပွဲ... ငါကြားတာတော့ အထဲမှာ ပဉ္စမအဆင့် သားရဲတွေကိုတောင် လွှတ်ထားတယ်ဆိုလား... ကျင်းမင်အတွက် အန္တရာယ် မရှိနိုင်ဘူးလား"
အတွင်းဘက် ပရိသတ်ထိုင်ခုံများတွင် အဒေါ် ရှုချင်းဝမ်၏ မိသားစုနှင့် ကျိုးမင်ယန်တို့ ရောက်ရှိနေကြပြီဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သော သားရဲများနှင့် တိုက်ခိုက်ရမည့် ပွဲဖြစ်သဖြင့် အဒေါ် ရှုချင်းဝမ်မှာ ရှုကျင်းမင်၏ ဘေးကင်းရေးအတွက် စိုးရိမ်မကင်း ဖြစ်နေရသည်။
"အမေ... မစိုးရိမ်ပါနဲ့... ပြိုင်ပွဲဝင်တိုင်းမှာ အရေးပေါ် အချက်ပြမီးနဲ့ အရေးပေါ် ဘေးကင်းရေး ဘောလုံးတွေ ပါပါတယ်... ဒါ့အပြင် အဋ္ဌမအဆင့် အထွတ်အထိပ် ဆရာကြီး အများအပြားနဲ့ စွမ်းရည်ပိုင်ရှင် အဖွဲ့တွေကလည်း တစ်ပြိုင်ပွဲလုံး အတိုင်းအတာနဲ့ ကယ်ဆယ်ရေးအတွက် အသင့်ရှိနေကြတာပါ... ဘာမှ မဖြစ်နိုင်ပါဘူး" ဟု ဝမ်းကွဲအစ်ကို တန်သောက်လင်းက နှစ်သိမ့်လိုက်သည်။
နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲတွင် ပါဝင်နိုင်သော ပြိုင်ပွဲဝင်များမှာ ထိုနှစ်အတွက် မဟာနွေရာသီ တိုင်းပြည် တစ်ဝန်းလုံးရှိ အထူးချွန်ဆုံး ကျောင်းသားသစ်များပင် ဖြစ်သည်။ သူတို့ တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ တိုင်းပြည်၏ အဓိက အစောင့်အရှောက်များ ဖြစ်လာကြမည် မဟုတ်ပါလား။ ၎င်းမှာ ပြိုင်ပွဲတစ်ခုသာဖြစ်၍ ပညာရေးဌာန အနေဖြင့်လည်း သူတို့ကို အဆုံးရှုံးခံမည် မဟုတ်ပေ။ ကာကွယ်ရေး အစီအမံ အားလုံးကို အကောင်းဆုံး ပြင်ဆင်ထားပြီးသား ဖြစ်သည်။
"ကာကွယ်ရေး အစီအမံတွေ ရှိတယ်ဆိုရင်တော့ အေးရောပဲ..." ရှုချင်းဝမ်က နောက်ဆုံးမှ သက်ပြင်းချကာ စိတ်အေးသွားတော့သည်။
"အဒေါ်... ဝမ်းကွဲအစ်ကို မင်္ဂလာရှိသော နံနက်ခင်းပါရှင်..."
ထိုအချိန်တွင် သာယာနာပျော်ဖွယ် အသံလေးနှင့်အတူ ဆုန့်ချိုးယွန်းက လမ်းကြားမှ လျှောက်လာခဲ့သည်။ ယခု မတ်လသို့ ရောက်ပြီဖြစ်၍ ရာသီဥတုမှာ အတန်ငယ် ပူနွေးလာသည်။ ထို့ကြောင့် ပရိသတ်အများစုမှာ ပေါ့ပေါ့ပါးပါးပင် ဝတ်ဆင်ထားကြသည်။ ဆုန့်ချိုးယွန်းမှာလည်း ထူးမခြားနားဘဲ ဂျင်းဘောင်းဘီနှင့် ခေါင်းစွပ်အင်္ကျီကိုသာ ဝတ်ဆင်ထားသည်။
သို့သော် သူမ၏ ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်နှင့် သူမ၏ မျက်နှာထက်မှ အပြုံးနုနုကလေးမှာ တန်သောက်လင်းနှင့် တခြားသူများကို ရင်သပ်ရှုမော ဖြစ်စေရန် လုံလောက်နေဆဲပင်။ သူမမှာ မူလလူပင် ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ရက်ကထက် ပိုမို လှပလာသည်ဟု ခံစားနေရသည်။ ပို၍ ရင့်ကျက်သော အလှမျိုး ရရှိသွားသလိုပင်။
"မင်္ဂလာပါ"
ခဏအကြာတွင်မှ ဝမ်းကွဲအစ်ကို တန်သောက်လင်းက သတိပြန်ဝင်လာပြီး နှုတ်ဆက်လိုက်သည်။ တစ်ဖက်တွင်မူ အဒေါ် ရှုချင်းဝမ်က တစ်စုံတစ်ခုကို သတိထားမိသွားပုံရပြီး သူမ၏ မျက်နှာထက်တွင် စဉ်းစားဟန် အမူအရာတစ်ခု ပေါ်လာသည်။ သို့သော် သူမက တိုက်ရိုက် မမေးဝံ့ပေ။ ပြုံးရုံသာ ပြုံးပြလိုက်ပြီး မေးလိုက်သည်။
"ကျင်းမင်က ပြိုင်ပွဲကွင်းထဲကို ရောက်သွားပြီ မဟုတ်လား..."
"ဟုတ်ကဲ့... အားကစားကွင်း အဝင်ဝမှာတင် ကျွန်မတို့ လမ်းခွဲခဲ့ကြတာပါ" ဟု ဆုန့်ချိုးယွန်းက ပြုံးလျက် ပြန်ဖြေသည်။
ရှင်သန်ခြင်း ပြိုင်ပွဲကျင်းပမည့် နေရာမှာ နတ်ဆိုးဂူထဲတွင် ဖြစ်သဖြင့် ပါဝင်ယှဉ်ပြိုင်မည့်သူ အားလုံးမှာ ကွင်းအတွင်းသို့ ကြိုတင်ဝင်ရောက်ရပြီး သတ်မှတ်ထားသော နေရာအသီးသီးသို့ ပို့ဆောင်ခြင်း ခံရမည် ဖြစ်သည်။ ပြိုင်ပွဲ စတင်သည့် အချက်ပေးသံ ထွက်လာမှသာ လွတ်လပ်စွာ လှုပ်ရှားခွင့် ရကြမည် ဖြစ်သည်။
"ပြိုင်ပွဲကလည်း နီးလာပြီဆိုတော့... ကျင်းမင် နေရတာ အဆင်ပြေရဲ့လား" ဟု ရှုချင်းဝမ်က မျက်တောင်တစ်ခတ်ခတ်ဖြင့် အဓိပ္ပာယ်ပါပါ မေးလိုက်သည်။
အကယ်၍ ယခင်ကဆိုလျှင် ဆုန့်ချိုးယွန်းက အဒေါ်သည် ရှုကျင်းမင်၏ ကျန်းမာရေးကို စိုးရိမ်နေသည်ဟုသာ ထင်မိပေလိမ့်မည်။ သို့သော် ယခုအခါ သူမမှာ ထိုမျှအထိ အပြစ်ကင်းစင်သူ မဟုတ်တော့ပေ။ ထို့ကြောင့် သူမ၏ ဖြူစင်သော မျက်နှာကလေးမှာ ချက်ချင်းပင် အနည်းငယ် နီမြန်းသွားပြီး တိုးညင်းသော အသံဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... သူ အရမ်း အဆင်ပြေပါတယ်..."
ချိုမြိန်သော အရသာကို မြည်းစမ်းပြီးသွားလျှင် ထင်းခြောက်နှင့် မီးတောက်ကို ငြှိမ်းသတ်ရန်မှာ မလွယ်ကူတော့ပေ။ သူမက ယနေ့ပြိုင်ပွဲအကြောင်းကို စဉ်းစားပြီး မနေ့ညက လေ့ကျင့်မှု ပြီးဆုံးသောအခါ ရှုကျင်းမင်အား အိပ်ဆောင်သို့ ပြန်ခိုင်းရန် ရည်ရွယ်ခဲ့သော်လည်း ရှုကျင်းမင်က ဒီလောက် ပြင်းထန်မှုမျိုးက ဘာမှမဟုတ်ပါဘူး ဟု ပြောကာ သူမကို အိပ်ခန်းထဲသို့ ပွေ့ချီသွားခဲ့သည်။ ရှုကျင်းမင် ပြောသကဲ့သို့ပင် ညဉ့်နက်ပိုင်းအထိ တိုက်ပွဲဝင်ပြီးနောက် သူမသာလျှင် အရင်ဆုံး အရှုံးပေးခဲ့ရသည်။ ယနေ့ နိုးလာချိန်တွင်ပင် သူက အားအင်အပြည့် ဖြစ်နေဆဲပင်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့..."
ဆုန့်ချိုးယွန်း၏ အမူအရာကို မြင်လိုက်ရသောအခါ ရှုချင်းဝမ်က သူမ၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိလိုက်သည်။ ထို့ကြောင့် သူမ၏ မျက်နှာထက်မှ အပြုံးမှာ ပို၍ပင် ကျယ်ပြန့်လာတော့သည်။
"ပရိသတ်ကြီးအားလုံးကို နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲ ပွဲစဉ်တွေကို ဆက်လက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်... ဒီနေ့မှာတော့ လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ရှင်သန်ခြင်း ပြိုင်ပွဲ ကို စတင်တော့မှာ ဖြစ်ပါတယ်..."
အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားပြီး မကြာခင်မှာပင် ၉ နာရီ ထိုးသွားခဲ့ပြီ ဖြစ်သည်။ စင်နောက်ကွယ်မှ ထွက်လာသော အစီအစဉ်မှူးဖုန်းလဲ့က ထုံးစံအတိုင်း အားမာန်ပါလှသော ကြိုဆိုနှုတ်ခွန်းဆက် စကားကို ပြောကြားပြီးနောက် ရှင်သန်ခြင်း ပြိုင်ပွဲ၏ စည်းမျဉ်းများကို မိတ်ဆက်ပေးလိုက်သည်။
"ရှင်သန်ခြင်း ပြိုင်ပွဲကျင်းပမည့် နေရာသည် နတ်ဆိုးဂူအတွင်းရှိ စတုရန်းကီလိုမီတာ ၄၀၀ ခန့် ကျယ်ဝန်းသော အထူးသတ်မှတ်ထားသည့် နေရာတစ်ခု ဖြစ်ပါတယ်... ဒီနေရာမှာ ကျွန်တော်တို့ ပွဲစီစဉ်သူတွေက တတိယအဆင့်၊ စတုတ္ထအဆင့်နဲ့ ပဉ္စမအဆင့် သားရဲပေါင်း ထောင်နဲ့ချီပြီး လွှတ်ပေးထားပါတယ်... ၁၀ ရက်ကြာမြင့်မယ့် ရှင်သန်ခြင်း ပြိုင်ပွဲအတွင်းမှာ တက္ကသိုလ် ၁၀ ခုက ပြိုင်ပွဲဝင် ၈၀ လုံးဟာ ဒီသားရဲတွေကို အစွမ်းကုန် တိုက်ခိုက်ကြရမှာ ဖြစ်ပါတယ်... ဘယ်သူက သားရဲတွေကို ပိုပြီး သတ်နိုင်သလဲ၊ အဆင့်မြင့် သားရဲတွေကို ဘယ်လောက်အထိ သတ်နိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အမှတ်တွေ ပိုပြီး ရရှိမှာ ဖြစ်ပါတယ်”
“ဒါ့အပြင် ရှင်သန်ခြင်း ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်အချင်းချင်း တိုက်ခိုက်မှုကိုလည်း တားမြစ်ထားခြင်း မရှိပါဘူး.. မိမိဘာသာ အရှုံးပေးသူ ဘေးကင်းရေး ဘောလုံး ပွင့်သွားသူတွေကို ရှုံးနိမ့်သူအဖြစ် သတ်မှတ်မှာဖြစ်ပြီး သူတို့ရရှိထားတဲ့ အမှတ်ရဲ့ တစ်ဝက်ကို အနိုင်ရရှိသူက ရရှိမှာ ဖြစ်ပါတယ်... ပြိုင်ပွဲဝင် တစ်ယောက်ချင်းစီရဲ့ လှုပ်ရှားမှုတွေကို ပိုပြီး ကောင်းကောင်း မြင်ရဖို့အတွက် ကျွန်တော်တို့ ပြိုင်ပွဲဇုန် တစ်ခုလုံးရဲ့ အထက်မှာ အဆင့်မြင့် ကင်မရာတွေကို တပ်ဆင်ပေးထားပါတယ် ကဲ... အခုဆိုရင် ကွင်းအတွင်း ရောက်ရှိနေတဲ့ ပြိုင်ပွဲဝင်တွေကို ကြည့်လိုက်ကြရအောင်..."
“ဝုန်း... ဝုန်း...”
စက်ကိရိယာများ လည်ပတ်သံနှင့်အတူ အားကစားကွင်း၏ ကောင်းကင်ယံတွင် ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင် ၈၀ စလုံး ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ပုံရိပ်ယောင် တစ်ခုချင်းစီတွင် ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ ပုံရိပ်များကို မြင်တွေ့ရသည်။ ထိုပုံရိပ်ယောင်များထဲတွင် အရှေ့ဆုံးမှ ပုံရိပ်ကြီး ၅ ခုမှာ ကျန်ရှိသော ပုံရိပ်များထက် သိသိသာသာ ပို၍ ကြီးမားနေသည်။
ပထမဆုံး ဖန်သားပြင်ပေါ်တွင် အရပ်ရှည်ရှည်နှင့် အနက်ရောင် တိုက်ပွဲဝင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် တောအုပ်တစ်ခု၏ မြေလွတ်နေရာတွင် ရပ်နေသည်။ သူ၏ လက်ထဲတွင်မူ အနက်ရောင် ရွှေရောင်သန်းနေသော အားမာန်ပါလှသည့် လှံရှည်ကြီး တစ်လက်ကို ကိုင်ဆောင်ထားသည်။ သူကတော့ တခြားသူ မဟုတ်ဘဲ မဂျစ်စီးတီး အဖွဲ့ခေါင်းဆောင် ရှုကျင်းမင်ပင် ဖြစ်သည်။
ဒုတိယ ဖန်သားပြင်ပေါ်တွင် ပေကျင်း တက္ကသိုလ် အဖွဲ့ခေါင်းဆောင်ဝမ်ချီကို မြင်ရပြီး သူ၏နောက်တွင် တခြား တက္ကသိုလ်ကြီးများမှ အဖွဲ့ခေါင်းဆောင်များကို တွေ့ရသည်။ ဖန်သားပြင် တစ်ခုချင်းစီ၏ ညာဘက်အပေါ်ထောင့်တွင် အမည်၊ တက္ကသိုလ်၊ အမှတ်နှင့် အဆင့်သတ်မှတ်ချက် စသည့် အခြေခံ အချက်အလက်များကို ပြသထားသည်။ ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်ကြီး၏ ညာဘက်ခြမ်းတွင်မူ မြေပုံအသေးစားကြီး တစ်ခုလည်း ရှိနေသေးသည်။ ထိုမြေပုံပေါ်တွင် ပြိုင်ပွဲဝင် ၈၀ ၏ တည်နေရာကို ဖော်ပြထားသည့် အလင်းစက်လေးများမှာ တဖျပ်ဖျပ် တောက်ပနေကြသည်။
မြေပုံအရ ပြိုင်ပွဲဝင် တစ်ဦးချင်းစီမှာ ပြိုင်ပွဲဇုန်အတွင်း မတူညီသော နေရာအသီးသီးသို့ ရောက်ရှိနေကြပြီး တစ်ဦးနှင့်တစ်ဦး အလွန်ပင် ဝေးကွာနေကြသည်ကို မြင်တွေ့ရသည်။
"မိုးကြိုးဧကရာဇ်က တကယ်ကို ချောတာပဲ..."
"မဂျစ်စီးတီးက အင်အားအတောင့်တင်းဆုံးပဲ..."
"ပေကျင်း တက္ကသိုလ်... အစွမ်းကုန် ကြိုးစားကြ..."
ဟိုလိုဂရပ်ဖစ် ပုံရိပ်ယောင်များ ပေါ်လာပြီးနောက် အားကစားကွင်း တစ်ခုလုံးမှာ ဆူညံသွားတော့သည်။ အားပေးသံများနှင့် အော်ဟစ်သံများမှာ ကောင်းကင်ယံအထိ ပဲ့တင်ထပ်နေခဲ့သည်။ ဤကဲ့သို့ စိတ်လှုပ်ရှားဖွယ် အားပေးသံများအကြားတွင် အစီအစဉ်မှူး ဖုန်းလဲ့က အကျယ်လောင်ဆုံး အော်ဟစ် ကြေညာလိုက်သည်။
"နိုင်ငံတော် တက္ကသိုလ်ပေါင်းစုံ လိဂ်ပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်... ရှင်သန်ခြင်း ပြိုင်ပွဲကို အခုပဲ စတင်လိုက်ပါပြီ...."
***