"ရှုကျင်းမင်ရဲ့ အမှတ်က တကယ်ပဲ ဒီလောက်တောင် မြင့်နေတာလား..."
အမှတ်စာရင်း အဆင့်သတ်မှတ်ချက်ကို မြင်လိုက်ရသော ဝမ်ချီ၏ မျက်လုံးများက တဖျပ်ဖျပ် တုန်ယင်သွားသည်။ သူက ၂,၁၂၁ မှတ် ရရှိထားပြီး ရှုကျင်းမင်ကမူ ၆,၃၁၀ မှတ် ရရှိထားရာ သူနှင့် ရှုကျင်းမင်ကြားတွင် လေးထောင်ကျော်ပင် ကွာဟနေသည်။
၎င်းမှာ သူက အသင်းဖော်များကို လိုက်ရှာနေရသဖြင့် သားရဲများကို အလေးအနက်ထား၍ မမဲမလိုက်နိုင်ခဲ့ခြင်းကြောင့်လည်း ပါဝင်သည်။ သို့သော် သူ၏ ခန့်မှန်းချက်အရ သူသာ အစွမ်းကုန် တိုက်ခိုက်ခဲ့လျှင်ပင် သူ၏ အမှတ်မှာ သုံးထောင်ဝန်းကျင်သာ ရှိနိုင်ပြီး ရှုကျင်းမင်ကိုမူ မှီရန် ဝေးနေသေးသည်။ သူ တကယ်ပင် ဝန်မခံချင်သော်လည်း သားရဲများကို သတ်ဖြတ်သည့် အပိုင်းတွင် ရှုကျင်းမင်က သူ၏ထက် အများကြီး ပိုမို သန်မာသည်မှာ အမှန်ပင် ဖြစ်သည်။
"စကားမစပ်... ရှုကျင်းမင်က မနေ့ညကတင် အမှတ်တစ်ထောင်ကျော် ထပ်ရခဲ့တာ... သူ တစ်ညလုံး နားပုံမရဘူး" ဟု ဟန်ရှန်းက တွေးဆဆဖြင့် ပြောလိုက်သည်။
"ခင်ဗျား ဒါကို ဘယ်လိုလုပ်ပြီး ဒီလောက် အတိအကျ သိနေတာလဲ" ဟု ကျိုးထိုက်ကျိက မချင့်မရဲဖြင့် ညည်းတွားလိုက်သည်။
ရှင်သန်ခြင်း ပြိုင်ပွဲအတွင်း လူအများစုမှာ မိမိတို့၏ အဆင့်ကိုသာ အာရုံစိုက်လေ့ရှိကြပြီး အလုံးစုံ အဆင့်သတ်မှတ်ချက်ကိုမူ ခုနစ်နာရီ (သို့မဟုတ်) ရှစ်နာရီခြား တစ်ခါလောက်သာ စစ်ဆေးလေ့ရှိသည်။ ရှုကျင်းမင်၏ အမှတ်က မြင့်သည်ကို သူသိသော်လည်း ဤမျှအထိ ကြိုးစားနေမည်ဟုမူ သူ တကယ် မထင်ထားခဲ့ပေ။
ညဘက်က သားရဲများ အတက်ကြွဆုံး အချိန်ဖြစ်ကြောင်း သိထားရမည်။ သတိထားနိုင်ရန်အတွက် သူနှင့် ဝမ်ချီတို့မှာ လွန်ခဲ့သော နှစ်ညလုံး တစ်ဦးကင်းစောင့်လျှင် တစ်ဦးက အနားယူသည့် စနစ်ဖြင့်သာ သွားခဲ့ကြသည်။
"ခင်ဗျားသာ ငါ့လို ဂူတစ်ခုထဲမှာပဲ ပုန်းနေရမယ်ဆိုရင် ဒီကိစ္စတွေကို ဒီထက်တောင် ပိုပြီး အတိအကျ သိလာလိမ့်မယ်လို့ ငါ ယုံကြည်တယ်" ဟု ဟန်ရှန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
လွန်ခဲ့သော နှစ်ရက်လုံး သူက နေရာအနှံ့ ပုန်းရှောင်နေခဲ့ရသည်။ စွမ်းရည်ကျင့်စဉ်ကို ကျင့်ကြံနေချိန်မှလွဲ၍ သူ သေမတတ် ပျင်းနေခဲ့သည်။ အလုံးစုံ အဆင့်သတ်မှတ်ချက်ကို ကြည့်ရုံတင်မကဘဲ စမတ်လက်ပတ်၏ လမ်းညွှန်စာအုပ်ကိုပင် အခါခါ ဖတ်နေခဲ့မိသည်။ သူက အဆင့်သတ်မှတ်ချက်ကို မိနစ်အနည်းငယ်ခြားတိုင်း တစ်ခါ စစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။
"ရှုကျင်းမင်က ဘာလို့ ဒီလောက်တောင် သားရဲတွေကို သတ်နေတာလဲ... နောက်ဆုံး ရလဒ်က နောက်ဆုံး သုံးရက်ရဲ့ တိုက်ပွဲရလဒ်အပေါ်မှာပဲ မူတည်တာပါ"
ဝမ်ချီ၏နောက်မှ လိုက်ပါလာသော ပေကျင်း တက္ကသိုလ် အဖွဲ့ဝင် နောက်တစ်ဦးကမူ ဤအချက်ကို သိပ်ဂရုမစိုက်ပုံရသည်။ ၁၀ ရက်ကြာမြင့်မည့် ရှင်သန်ခြင်း ပြိုင်ပွဲတွင် အစောပိုင်းကာလများ၌ မြေပုံနှင့် ပြိုင်ပွဲဝင် တစ်ဦးချင်းစီ၏ တည်နေရာကို ကြေညာပေးမည် မဟုတ်ပေ။
သို့သော် ခုနစ်ရက်မြောက်နေ့သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ပြိုင်ပွဲဇုန် တစ်ခုလုံး၏ မြေပုံနှင့်အတူ ပြိုင်ပွဲဝင် အားလုံး၏ တည်နေရာ အချက်အလက်များကို လူသိရှင်ကြား ထုတ်ပြန်ပေးမည် ဖြစ်သည်။ ထိုအချိန်ရောက်လျှင် ပြိုင်ပွဲဝင် အားလုံးနီးပါးသည် သားရဲများကို သတ်ဖြတ်ခြင်းအား လက်လျှော့လိုက်ကြပြီး တခြားပြိုင်ပွဲဝင်များကို အနိုင်ယူကာ အမှတ်များကို လုယူရန်သာ ရွေးချယ်ကြလိမ့်မည်။
"ဟုတ်တယ်... ရှုကျင်းမင် ရရှိထားသမျှ ဒီအမှတ်တွေအားလုံးက ငါတို့အတွက်ပဲ ဖြစ်လာမှာပါ။ သွားကြစို့... ကျန်တဲ့ အသင်းဖော်တွေကို သွားရှာရအောင်..."
ဝမ်ချီက ခေါင်းခါလျက် ကျင်းချန်း အဖွဲ့ခေါင်းဆောင် ဟန်ရှန်း အပါအဝင် လူအုပ်စုကို ဦးဆောင်ကာ ထိုနေရာမှ အမြန် ထွက်ခွာသွားတော့သည်။
"တောက် မိုးကြိုးဧကရာဇ်က သားရဲတွေကို သတ်တဲ့ အရှိန်ကတော့ တကယ်ကို ကြောက်စရာပဲ"
"ဘုရားရေ မနေ့ညက ငါ ပြန်သွားတော့လည်း မိုးကြိုးဧကရာဇ်က သားရဲတွေကို သတ်နေတုန်းပဲ... ဒီမနက် ငါ ပြန်ရောက်လာတော့လည်း သူက သတ်နေတုန်းပဲလား"
အားကစားကွင်းအတွင်းသို့ တစ်ဖွဲဖွဲ ပြန်လည် ရောက်ရှိလာကြသော ပရိသတ်များက ရှုကျင်းမင်၏ အမှတ်များ ပြောင်းလဲသွားသည်ကို ကြည့်ကာ အံ့သြတုန်လှုပ်သံများ ထွက်ပေါ်နေကြသည်။ ရှုကျင်းမင်၏ အမှတ်မှာ ဒုတိယနှင့် တတိယရရှိသူ နှစ်ဦး၏ အမှတ်ပေါင်းထက်ပင် ပို၍ များပြားနေသည်။
"မိုးကြိုးဧကရာဇ်က လူလား စက်ရုပ်လား... ငါ ဒီမှာ နှစ်ရက်နဲ့ နှစ်ညလုံး ကြည့်နေတာ... သူ တစ်ခဏလေးတောင် အနားယူတာကို မတွေ့သေးဘူး"
အဖွဲ့လိုက်ပြိုင်ပွဲနှင့် တစ်ဦးချင်းပြိုင်ပွဲများတွင် နေ့စဉ် ပွဲစဉ်များ ပြီးဆုံးသည်နှင့် ကွင်းကို ရှင်းလင်းလေ့ရှိသော်လည်း ရှင်သန်ခြင်း ပြိုင်ပွဲမှာမူ မတူပေ။ ၎င်းမှာ ၁၀ ရက်နှင့် ၁၀ ညလုံးလုံး တိုက်ရိုက် ထုတ်လွှင့်နေသည့် ပွဲစဉ်ဖြစ်သည်။ အားကစားကွင်းမှာ ပိတ်မည်မဟုတ်ဘဲ ပရိသတ်များ အလိုရှိသရွေ့ နေထိုင်နိုင်ကြသည်။
ထို့ကြောင့် ပြိုင်ပွဲကို အလွန်အမင်း ဝါသနာပါသူ အချို့မှာ အိမ်မပြန်ဘဲ ကွင်းထဲတွင်သာ နေထိုင်ရန် ဆုံးဖြတ်လိုက်ကြသည်။ အံ့သြစရာ ကောင်းသည်မှာ ထိုကဲ့သို့သော လူပေါင်းများစွာ ရှိနေခြင်းပင်။ ရှင်သန်ခြင်း ပြိုင်ပွဲ စတင်ခဲ့သည့် သုံးရက်အတွင်း လူပေါင်း ၆၀,၀၀၀ ဆံ့သော အားကစားကွင်းထဲတွင် အနည်းဆုံး လူပေါင်း တစ်သောင်းခန့်မှာ နှစ်ညဆက်တိုက် မအိပ်ဘဲ စောင့်ကြည့်နေခဲ့ကြသည်။
ဤကဲ့သို့ ပြင်းထန်စွာ စောင့်ကြည့်နေစဉ်အတွင်း သူတို့ ထိတ်လန့်တုန်လှုပ်စွာဖြင့် ရှာဖွေတွေ့ရှိလိုက်သည်မှာ သူတို့သာ မအိပ်ဘဲ စောင့်ကြည့်နေခြင်း မဟုတ်ဘဲ ပြိုင်ပွဲဇုန်အတွင်းရှိ ရှုကျင်းမင်မှာလည်း တစ်ညလုံး မအိပ်ဘဲ လှုပ်ရှားနေခြင်းပင် ဖြစ်သည်။ သူက တစ်ချိန်လုံး သားရဲများကို အမဲလိုက်နေခြင်း (သို့မဟုတ်) အမဲလိုက်ရန် လမ်းခုလတ်တွင် ရှိနေခြင်းတို့သာ ပြုလုပ်နေခဲ့သည်။
"တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံဆိုတဲ့အတိုင်း သူရဲ့ ခံနိုင်ရည်ကတော့ အံ့သြစရာကောင်းလောက်အောင် ကြံ့ခိုင်တာပဲ" ဟု တစ်စုံတစ်ယောက်က တိုးညင်းစွာ ရေရွတ်လိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ပြိုင်ပွဲဝင် ၈၀ အနက် အများစုမှာ အနားယူရန်နှင့် သူတို့၏ စွမ်းရည်များကို ပြန်လည် ဖြည့်တင်းရန် အချိန်ယူကြသော်လည်း ရှုကျင်းမင် တစ်ဦးတည်းသာ လှုပ်ရှားမှုကို တစ်ခါမျှ မရပ်တန့်ခဲ့ပေ။ သူက စွမ်းရင်ဖြည့်စွက်စာများကိုပင် ပြေးနေရင်း စားလေ့ရှိသည်။ ထိုသို့ပင် ဖြစ်လင့်ကစား သူ၏ ကြောက်စရာကောင်းသော ရွှေရောင် လျှပ်စီးတန်းများမှာ နည်းနည်းလေးမှ ပင်ပန်းနွမ်းနယ်သည့် အရိပ်အယောင် မပြသခဲ့ပေ။
"ဟော... ဝမ်ချီက ဟန်ရှန်းနဲ့ ဆုံသွားပြီဟေ့"
ရှုကျင်းမင်၏ အစွမ်းကို လူတိုင်း အံ့သြနေစဉ်မှာပင် ပရိသတ်အချို့က တတိယမြောက် ဟိုလိုဂရပ်ဖစ် ဖန်သားပြင်ပေါ်မှ မြင်ကွင်းကို သတိထားမိသွားကြသည်။
"ဟန်ရှန်းတော့ အခု သုတ်သင်ခံရတော့မှာပဲ..."
"သူ နှစ်ရက်လုံး ပုန်းနေတာတောင် အတွေ့ခံလိုက်ရတာပဲ..."
"ပြောရရင် သူက နည်းနည်း ကံဆိုးတာပဲ... အသင်းဖော် တစ်ယောက်နဲ့တောင် မဆုံခဲ့ဘူး..."
ပံ့ပိုးမှု စွမ်းရည်ပိုင်ရှင်များက ရှင်သန်ခြင်း ပြိုင်ပွဲတွင် မည်သည့်အခါမျှ အောင်မြင်မှု မရရှိခဲ့ကြပေ။ ထို့ကြောင့် ကျင်းချန်း အဖွဲ့ခေါင်းဆောင် ဟန်ရှန်း၏ အခြေအနေကို မည်သူမျှ အံ့သြခြင်း မရှိကြပေ။
ဝမ်ချီက ဟန်ရှန်းကို လျင်မြန်စွာ သုတ်သင်လိမ့်မည်ဟု လူတိုင်း ထင်မှတ်ထားခဲ့သော်လည်း ဖန်သားပြင်ပေါ်ရှိ လူအချို့က ခဏတာ စကားပြောဆိုပြီးနောက် အတူတူ ထွက်ခွာသွားကြသည်ကို မြင်လိုက်ရသည်။
ချက်ချင်းပင် အားကစားကွင်း တစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီးနောက် မယုံကြည်နိုင်မှုနှင့် ထိတ်လန့်တုန်လှုပ်မှု အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
"ဒါ ဘာဖြစ်တာလဲ... ပေကျင်း တက္ကသိုလ်နဲ့ ကျင်းချန်း တက္ကသိုလ်က ပူးပေါင်းလိုက်တာလား..."
"သွားပြီ... သွားပြီ... မဂျစ်စီးတီးတော့ ရှုံးတော့မှာပဲ..."
"တောက် ပေကျင်းနဲ့ ကျင်းချန်းကတော့ သိုင်းစိတ်ဓာတ်ကို လုံးဝ ဂရုမစိုက်တော့ဘူးပဲ..."
ကျင်းချန်း အဖွဲ့ခေါင်းဆောင် ဟန်ရှန်းက တစ်ဦးတည်းအနေဖြင့် အားနည်းသော်လည်း အသင်းဖော်တစ်ဦးနှင့် ပူးပေါင်းလိုက်သည်နှင့် သူ၏ စွမ်းအားမှာ အဆင့်အတန်း တစ်ခုသို့ မြင့်တက်သွားလိမ့်မည် ဖြစ်သည်။ ရှင်သန်ခြင်း ပြိုင်ပွဲ၏ အဆင့်သတ်မှတ်ချက်ကို ကျောင်းတစ်ခုချင်းစီရှိ အဖွဲ့ဝင်အားလုံး၏ စုစုပေါင်းအမှတ်အပေါ် မူတည်၍ တွက်ချက်ခြင်း ဖြစ်သည်။
ပေကျင်းနှင့် ကျင်းချန်းတို့ ပူးပေါင်းလိုက်သည်နှင့် သူတို့၏ သားရဲသတ်ဖြတ်မှု အရှိန်မှာ အလျင်အမြန် မြင့်တက်လာလိမ့်မည် ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ကျန်ရှိသော တက္ကသိုလ်များမှ ပြိုင်ပွဲဝင်များမှာလည်း လျင်မြန်စွာ သုတ်သင်ခြင်း ခံရတော့မည် ဖြစ်သည်။ တစ်ဦးချင်းပြိုင်ပွဲ ချန်ပီယံနှင့် အသန်မာဆုံးလူ ဖြစ်သည့် ရှုကျင်းမင်ပင်လျှင် ဤကဲ့သို့သော လူအင်အားကို ရင်ဆိုင်ရန်မှာ မလွယ်ကူပေ။
"အဟက်... ပေကျင်းနဲ့ ကျင်းချန်းက ပူးပေါင်းလိုက်ပြီပဲ... ရှုကျင်းမင် သူတို့အပေါ် ပေးထားတဲ့ ဖိအားက တကယ်ကို ကြီးမားပုံရတယ်"
အတွင်းဘက် ပရိသတ်ထိုင်ခုံများတွင် ကျောင်းအသီးသီးမှ ဆရာများသည်လည်း အနည်းငယ် အံ့သြသွားကြသည်။ ရှင်သန်ခြင်း ပြိုင်ပွဲတွင် ပူးပေါင်းဆောင်ရွက်မှုကို တားမြစ်ထားခြင်း မရှိသော်လည်း ထိုသို့ပြုလုပ်ခြင်းမှာ မတရားသဖြင့် အနိုင်ယူခြင်းဟု သတ်မှတ်ခံရလေ့ရှိသည်။ ယေဘုယျအားဖြင့် ထိပ်တန်း တက္ကသိုလ်ကြီး နှစ်ခု ဖြစ်သော ပေကျင်းနှင့် ကျင်းချန်းတို့က ဤသို့ပြုလုပ်ရန်မှာ ရှားပါးလှသည်။ သို့သော် ကျောင်းနှစ်ကျောင်း ပူးပေါင်းလိုက်သည်နှင့် ကျန်ရှိသော ကျောင်းများကို ဖယ်ရှားရန်မှာ သေချာသလောက် ရှိနေပြီး မဂျစ်စီးတီးသည်လည်း ချွင်းချက်မဟုတ်ပေ။
ဆရာအများအပြားက မဂျစ်စီးတီး၏ ပရိသတ်ထိုင်ခုံနေရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ဤသတင်းကို ကြားလိုက်ရသောအခါ မဂျစ်စီးတီး၏ ဒုတိယကျောင်းအုပ်ကြီး လင်းရွှမ်၏ တုံ့ပြန်မှုကို သူတို့ မြင်တွေ့ချင်နေကြသည်။
ထင်သည့်အတိုင်းပင် အမြဲတမ်း အေးစက်စက် နေတတ်သော မဂျစ်စီးတီး ဒုတိယကျောင်းအုပ်ကြီးမှာ သူမ၏ လှပသော မျက်ခုံးများကို အနည်းငယ် တွန့်ချိုးထားပြီး ဤအခြေအနေကို ကြိုတင် မမျှော်လင့်ထားကြောင်း ထင်ရှားနေသည်။
"ကျောင်းအုပ်ကြီးလင်း... မနေ့တစ်နေ့က အဖွဲ့လိုက်ပြိုင်ပွဲအတွက် ကျွန်တော့်ရဲ့ လောင်းကြေးကို ခင်ဗျား ငြင်းခဲ့တယ် မဟုတ်လား... အဲဒီတော့ အခု ရှင်သန်ခြင်း ပြိုင်ပွဲအတွက် လောင်းကြေးထပ်ရင်ရော ဘယ်လိုလဲ ကျွန်တော်တို့ ပေကျင်း တက္ကသိုလ် နိုင်မယ်ဆိုတာကို ကျွန်တော် လောင်းတယ်"
ပေကျင်း တက္ကသိုလ် ဒုတိယကျောင်းအုပ်ကြီး ရှုဖျင်က အောင်နိုင်သူ၏ အပြုံးဖြင့် ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။ ကျောင်းနှစ်ကျောင်း ပူးပေါင်းလိုက်ပြီဖြစ်ရာ မည်သူမဆို မဂျစ်စီးတီး အနိုင်ရရန် အခွင့်အရေး မရှိကြောင်း မြင်နိုင်ပေသည်။ သူသည် လင်းရွှမ်က သဘောတူလိမ့်မည်ဟု မမျှော်လင့်ထားဘဲ လွန်ခဲ့သော နှစ်ရက်က သူမ ပြောခဲ့သော စကားကို ပြန်လည် တုံ့ပြန်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် ထိုအချိန်မှာပင် လင်းရွှမ်က အေးစက်စွာ ပြောလိုက်သည်။
"ကောင်းပြီလေ... SSအဆင့် အရင်းအမြစ် တစ်ခု ပြီးတော့ Sအဆင့် အရင်းအမြစ် တစ်ခု ကျွန်မတို့ မဂျစ်စီးတီး နိုင်မယ်ဆိုတာကို ကျွန်မ လောင်းတယ်"
***