“ဟင် သူက တကယ်ပဲ သဘောတူလိုက်တာလား” ရှုဖျင်က လင်းရွှမ်၏ ပြန်လည်ဖြေကြားမှုကို ကြားလိုက်ရသောအခါ အလွန်အမင်း အံ့အားသင့်သွားသည်။
“ရှုကျင်းမင်မှာ တစ်ခုခု ဝှက်ဖဲ ရှိနေသေးတာလား... ငါတို့ ကျောင်းနှစ်ကျောင်းရဲ့ ပူးပေါင်းမှုကို ဖိနှိပ်နိုင်လောက်တဲ့အထိလား” ၎င်းမှာ ရှုဖျင်၏ စိတ်ထဲသို့ ပထမဆုံး ဝင်လာသည့် အတွေးဖြစ်သည်။
အခြားနည်းလမ်း မရှိပေ။ ရှုကျင်းမင်၏ တစ်ဦးချင်းပွဲနှင့် အဖွဲ့လိုက်ပွဲစဉ်များရှိ စွမ်းဆောင်ရည်မှာ ကြောက်စရာ ကောင်းလွန်းလှသည်။ ၎င်းက ဒုတိယကျောင်းအုပ်ကြီး၏ စိတ်ထဲတွင်ပင် စိတ်ဒဏ်ရာတစ်ခု ချန်ထားခဲ့သည်။
သို့သော် သူက ပြန်စဉ်းစားကြည့်လိုက်သည်။ ဝမ်ချီနှင့် ဟန်ရှန်း ပူးပေါင်းထားသလို၊ ချင်းကျင်နှင့် ကျင်းချန်း တက္ကသိုလ်တို့မှ အခြားအဖွဲ့ဝင်များလည်း ရှိနေသေးသည်။ ရှုကျင်းမင်တွင် မည်သို့ပင် ဝှက်ဖဲရှိနေပါစေ၊ သူ တစ်ဦးတည်းနှင့် အခြေအနေကို ပြောင်းပြန်လှန်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ “လင်းရွှမ်က အပိုတွေ ပြောနေတာများလား..”
ထိုအချက်ကို သတိပြုမိသွားသောအခါ ရှုဖျင်က သက်ပြင်းတစ်ချက်ကို စိတ်အေးလက်အေး ချလိုက်ပြီး ပြုံးလျက် ခေါင်းငြိမ့်လိုက်သည်။
“ကျောင်းအုပ်ကြီးလင်းက ဒီလောက်တောင် စိတ်အားထက်သန်နေမှတော့ ကျွန်တော်လည်း လိုက်ရမှာပေါ့... SSအဆင့် အရင်းအမြစ် တစ်ခုနဲ့ Sအဆင့် အရင်းအမြစ် တစ်ခု... ကျွန်တော်တို့ ချင်းကျင် တက္ကသိုလ်က ရှင်သန်ခြင်း ပြိုင်ပွဲမှာ အနိုင်ရမယ်ဆိုတာကို လောင်းကြေးထပ်တယ်”
“ကောင်းပြီ” လင်းရွှမ်က သူမ၏ သဘောတူညီမှုကို ပြသရန် ခေါင်းကို အသာအယာ ငြိမ့်ပြလိုက်သည်။
အမှန်တကယ်တော့ ရှုကျင်းမင်၏ အစွမ်းအပေါ် သူမ၏ နားလည်မှုအရဆိုလျှင် သူ အနိုင်ရရန်မှာ အမှန်တကယ်ပင် မဖြစ်နိုင်ပေ။ သို့သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ရှုကျင်းမင်တွင် အံ့ဖွယ်အမှုများကို ဖန်တီးနိုင်စွမ်း ရှိသည်ဟု သူမ ခံစားနေရခြင်း ဖြစ်သည်။
ပရိသတ်များ ခန့်မှန်းထားသည့်အတိုင်းပင် ချင်းကျင်နှင့် ကျင်းချန်း တက္ကသိုလ်တို့ ပူးပေါင်းပြီးနောက် သူတို့က အမှန်တကယ်ပင် အင်အားတောင့်တင်းလှသည်။ နှစ်ရက်၊ သုံးရက်အတွင်းမှာပင် သူတို့က ချင်းကျင်နှင့် ကျင်းချန်းမှ မဟုတ်သည့် တွေ့သမျှ ပြိုင်ပွဲဝင် အားအားလုံးကို သုတ်သင်ရှင်းလင်းခဲ့ကြသည်။
မဂျစ်စီးတီးမှ ပြိုင်ပွဲဝင်များ အနေဖြင့်မူ အကယ်၍ ချင်းကျင် (သို့မဟုတ်) ကျင်းချန်းမှ ပြိုင်ပွဲဝင် တစ်ဦးတည်းနှင့် ဆုံလျှင် အနိုင်မရလျှင်တောင် ထွက်ပြေးနိုင်ကြသေးသည်။ သို့သော် ယခုအခါ ကျောင်းနှစ်ကျောင်း ပူးပေါင်းထားပြီး လူအများအပြား၏ ဝိုင်းရံမှုအောက်တွင် မဂျစ်စီးတီး ပြိုင်ပွဲဝင်များမှာ ထွက်ပြေးရန်ပင် မစွမ်းသာကြတော့ပေ။
သူတို့က လျင်မြန်စွာ သုတ်သင်ခြင်း ခံခဲ့ရပြီး နောက်ဆုံးတွင် ရှုကျင်းမင်၊ ခုန်းရှီနှင့် ကုဝမ်တို့ သုံးဦးသာ ကျန်ရှိတော့သည်။ ထိုသို့ဖြင့် ရှင်သန်ခြင်း ပြိုင်ပွဲမှာ ခုနစ်ရက်မြောက်နေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ထိုနေ့ နံနက် ၉ နာရီတွင် ပြိုင်ပွဲဇုန်၏ မြေပုံနှင့် ပြိုင်ပွဲဝင် အားလုံး၏ တည်နေရာကို ကြေညာပေးမည် ဖြစ်သည်။ ရှင်သန်ခြင်း ပြိုင်ပွဲသည်လည်း အကြမ်းတမ်းဆုံးသော သတ်ဖြတ်မှု အဆင့်သို့ ရောက်ရှိလာတော့မည် ဖြစ်သည်။ သို့သော် ၈ နာရီ မထိုးမီမှာပင် မဂျစ်စီးတီးမှ ခုန်းရှီကို ဝမ်ချီနှင့် တခြားသူများက ရှာတွေ့သွားခဲ့ကြသည်။
“ဝမ်ချီ... ဟန်ရှန်း... ကျိုးထိုက်ကျိ... ဒီကာလအတွင်းမှာ ခင်ဗျားတို့ရဲ့ အမှတ်တွေက ဘာလို့ တရိပ်ရိပ် တက်နေတာလဲလို့ စဉ်းစားနေတာ... ခင်ဗျားတို့က ပူးပေါင်းထားကြတာကိုး”
ထူထပ်သော တောအုပ်ထဲတွင် ခုန်းရှီက သူ၏ စွမ်းရည်ကို အသက်သွင်းထားသည်။ ဝက်ဝံအသွင် ပြောင်းလဲထားသော သူ၏ ခန္ဓာကိုယ်မှာ ၃ မီတာကျော် မြင့်မားနေသည်။ သူ၏ ညာဘက်လက်တွင် တိုက်ပွဲဝင် ဓားမကြီးတစ်လက်ကို ကိုင်ထားပြီး ဘယ်ဘက်လက်တွင်မူ တံခါးချပ်ကြီးတစ်ခုကဲ့သို့ ဒိုင်းလွှာကြီးကို ကိုင်ထားသည်။ သူ၏ ရှေ့ မလှမ်းမကမ်းတွင်မူ ဝမ်ချီ ဦးဆောင်သော ကျောင်းနှစ်ကျောင်း ပူးပေါင်းအဖွဲ့ ရှိနေသည်။
ရက်အနည်းငယ်ကြာ ရှာဖွေပြီးနောက် ယခုအခါ တစ်ဖွဲ့လုံးတွင် အဖွဲ့ဝင် ၁၁ ဦးအထိ ရှိနေသည်။ သူတို့ထဲတွင် ချင်းကျင် တက္ကသိုလ်မှ ၆ ဦးနှင့် ကျင်းချန်း တက္ကသိုလ်မှ ၅ ဦး ပါဝင်သည်။ လူတိုင်းက သူတို့၏ စွမ်းရည်များကို အသက်သွင်းထားကြပြီး သူတို့၏ အရှိန်အဝါများမှာ ပြင်းထန်လှပေသည်။
“ခုန်းရှီ... အရှုံးပေးလိုက်စမ်းပါ... မင်း ငါတို့ကို မနိုင်ပါဘူး” ဟု ဝမ်ချီက တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။
“အရှုံးပေးရမယ် ငါက အဲဒီလိုလူမျိုးလို့ မင်း ထင်နေတာလား” ခုန်းရှီ၏ ဧရာမ ဝက်ဝံမျက်နှာကြီးတွင် လှောင်ပြောင်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ “မင်း ငါ့ရဲ့ အမှတ်တွေကို လိုချင်ရင် ကိုယ်တိုင်လာယူလှည့် သောင်းကျန်းမှုအသွင်”
သူ၏ ဧရာမ ခန္ဓာကိုယ်မှာ နောက်ထပ် တစ်ဆင့် ထပ်မံ ကြီးထွားလာပြီး သူ၏ မျက်လုံးများမှာ သွေးရောင်လွှမ်းသွားကာ သူ၏အတွင်း၌ သွေးစွမ်းအင်များ တရိပ်ရိပ် တက်လာတော့သည်။
“သောင်းကျန်းမှုအသွင်”
၎င်းမှာ သားရဲများထံမှ ဆင်းသက်လာသော အစွမ်းထက်သည့် Sအဆင့် တိုက်ခိုက်ရေးနည်းစနစ် ဖြစ်သည်။ ဤနည်းစနစ်ကို အသုံးပြုပြီးနောက် ခန္ဓာကိုယ်မှာ အလွန်အမင်း သန်မာလာမည်ဖြစ်သော်လည်း ဆင်ခြင်တုံတရားမှာမူ ရူးသွပ်မှုထဲသို့ ကျရောက်သွားကာ အသင်းဖော်များကိုပါ မှားယွင်း တိုက်ခိုက်မိတတ်သည်။ သို့သော် ယခုအချိန်တွင် အသင်းဖော်များ မရှိသဖြင့် ခုန်းရှီအနေဖြင့် စိုးရိမ်စရာ မလိုပေ။
“မဂျစ်စီးတီးက လူတွေက ဘာလို့ အရှုံးပေးဖို့ ဒီလောက်တောင် ဝန်လေးနေကြတာလဲ”
ဝမ်ချီက ခေါင်းခါလျက် သူကိုယ်တိုင်လည်း စွမ်းရည်ကို အသက်သွင်းကာ ရှေ့ဆုံးမှ ပြေးဝင်သွားတော့သည်။ “သွားကြစို့... သူ့ကို အမြန်ဆုံး အပြတ်ရှင်းကြမယ်...”
ခုန်းရှီက ဝမ်ချီ တစ်ဦးတည်းကိုပင် မယှဉ်နိုင်ရာ ယခုကဲ့သို့ ကူညီသူ အများအပြားနှင့်ဆိုလျှင် မပြောနှင့်တော့။ ထို့ကြောင့် သုံးမိနစ်ခန့်အကြာတွင် ခုန်းရှီ ရှုံးနိမ့်သွားတော့သည်။
“ဘေးကင်းရေး ဒိုင်းလွှာ ပွင့်သွားပါပြီ... ခင်ဗျား သုတ်သင်ခံလိုက်ရပါပြီ... ကျေးဇူးပြု၍ ဘေးကင်းရေး ဒိုင်းလွှာအတွင်းမှာပဲ နေထိုင်ပြီး မလှုပ်ရှားပါနဲ့ တရားဝင် ကယ်ဆယ်ရေးအဖွဲ့က ခင်ဗျားကို မကြာခင်မှာ အားကစားကွင်းဆီ ပြန်ပို့ပေးပါလိမ့်မယ်...”
စမတ်လက်ပတ်မှ အသိပေးသံ ထွက်လာပြီး စွမ်းအင်ဒိုင်းလွှာ၏ ကာကွယ်မှုအောက်တွင် ရှိနေသော ခုန်းရှီ၏ မျက်လုံးများထဲမှ သွေးရောင်များမှာလည်း မှေးမှိန်သွားတော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးတွင် နုံးချိမှုများ ခံစားလိုက်ရပြီး ခုန်းရှီသည်လည်း သက်ပြင်းချလိုက်မိသည်။
“ကျောင်းနှစ်ကျောင်း ပူးပေါင်းထားတာလား... အဖွဲ့ခေါင်းဆောင် ဒီတစ်ခါတော့ အစ်ကို့အပေါ်မှာပဲ မူတည်တော့တယ်...”
တစ်ဖက်တွင်မူ ခုန်းရှီကို နောက်ဆုံးချက်ဖြင့် သုတ်သင်လိုက်သော ဟန်ရှန်းက ခုန်းရှီ၏ အမှတ်တစ်ဝက်ကို ရရှိလိုက်သည်။
တတိယနေရာ - ဟန်ရှန်း၊ ၁၁၂၃၄ မှတ် (ကျင်းချန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ်)။
ဟန်ရှန်း၏ အမှတ်မှာ ချက်ချင်းပင် ငါးထောင်ခန့် မြင့်တက်သွားပြီး ခုန်းရှီ၏ အဆင့်မှာ နံနက် ၆ နေရာသို့ ကျဆင်းသွားသည်။
“တစ်သောင်းကျော်သွားပြီပဲ... မဆိုးဘူး... မဆိုးဘူး” ဟု ဟန်ရှန်းက ကျေနပ်စွာ ခေါင်းငြိမ့်လိုက်သည်။ ကျင်းချန်းနှင့် ချင်းကျင်တို့ ပူးပေါင်းထားခြင်း ဖြစ်သဖြင့် အမှတ်အားလုံးကို ချင်းကျင်က ယူရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် သူတို့က ကျင်းချန်းကိုလည်း ခွဲဝေပေးရမည်ဖြစ်ရာ သူ ဤမျှအမှတ်များ ရရှိနေခြင်း ဖြစ်သည်။
“ဒါပေမဲ့ ရှုကျင်းမင်နဲ့ ယှဉ်ရင်တော့ အများကြီး ကွာနေသေးတယ်...”
ကျိုးထိုက်ကျိက သူ၏ စမတ်လက်ပတ်မှ ပြသနေသော အဆင့်သတ်မှတ်ချက်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
ပထမနေရာ - ရှုကျင်းမင်၊ ၂၁၃၃၂ မှတ် (မဂျစ်စီးတီး စွမ်းရည်ပိုင်ရှင် တက္ကသိုလ်) ဒုတိယနေရာ - ဝမ်ချီ၊ ၁၃၂၁၀ မှတ် (ချင်းကျင် စွမ်းရည်ပိုင်ရှင် တက္ကသိုလ်) တတိယနေရာ - ဟန်ရှန်း၊ ၁၁၂၃၄ မှတ် (ကျင်းချန်း စွမ်းရည်ပိုင်ရှင် တက္ကသိုလ်)
“နှစ်သောင်းကျော် မှတ်တွေကတော့ တကယ်ကို ကြောက်စရာပဲ... ပြိုင်ပွဲစကတည်းက အခုအထိ သူက တစ်ကြိမ်ပဲ နားဖူးသေးပုံရတယ်” ဟု ဝမ်ချီကလည်း အနည်းငယ် ရင်ခုန်စွာဖြင့် ပြောလိုက်သည်။ ရှုကျင်းမင်၏ အမှတ်မှာ အမြဲတမ်း တရိပ်ရိပ် တက်နေခဲ့ပြီး မနေ့တစ်နေ့က ၈ နာရီခန့်သာ ရပ်တန့်သွားခဲ့ခြင်း ဖြစ်သည်။
“အရင်က ပြောသလိုပါပဲ... ဒီအမှတ်တွေ အားလုံးက ငါတို့အတွက် အလုပ်လုပ်ပေးနေတာပဲလေ” ကျိုးထိုက်ကျိက ရယ်မောလိုက်ပြီး ဝမ်ချီအား စိတ်အားထက်သန်စွာ မေးလိုက်သည်။ “အဖွဲ့ခေါင်းဆောင်... ငါတို့ ရှုကျင်းမင်ကို ဆက်ပြီး လိုက်ရှာကြမလား...”
သူက တစ်ဦးချင်းပြိုင်ပွဲတုန်းက အလဲထိုးခံလိုက်ရသည့် လက်သီးချက်ကို အခုအထိ မှတ်မိနေသေးသည်။ ယခု လက်စားချေရန် အခွင့်အရေး ရပြီဖြစ်၍ သူက အနည်းငယ် စိတ်မရှည် ဖြစ်နေခြင်း ဖြစ်သည်။
“အလောတကြီး လုပ်စရာ မလိုပါဘူး... ၉ နာရီထိုးဖို့ မိနစ် ၅၀ ကျော် လိုသေးတယ်... မြေပုံနဲ့ တည်နေရာ အချက်အလက်တွေ ထွက်လာရင် ရှုကျင်းမင်ကို မတွေ့မှာ စိုးရိမ်စရာ မလိုတော့ဘူး... အခု ဒီမှာပဲ အရင်နားပြီး စွမ်းရည်တွေကို ပြန်ဖြည့်တင်းကြမယ်... ၉ နာရီထိုးတာနဲ့ ရှုကျင်းမင်ကို ချက်ချင်း သွားရှာကြတာပေါ့” ဝမ်ချီက သူ၏ စမတ်လက်ပတ်မှ အချိန်ကို ကြည့်ကာ ညွှန်ကြားလိုက်သည်။
ခြင်္သေ့တစ်ကောင်က ယုန်တစ်ကောင်ကို ဖမ်းလျှင်ပင် အစွမ်းကုန် ထုတ်သုံးတတ်သည် မဟုတ်ပါလား။ သူတို့ အနိုင်ရရန် သေချာနေသည့်တိုင် သတိထားခြင်းက အကောင်းဆုံးပင်။
“ရှပ်...”
ထက်မြက်လှသော အနက်ရောင် ရွှေရောင်သန်းနေသည့် လှံရှည်ကြီးကို ဧရာမ ဝက်ဝံညိုကြီး၏ ဦးခေါင်းအတွင်းမှ ပြန်လည် ဆွဲထုတ်လိုက်သည်။ ချက်ချင်းပင် သွေးများနှင့် ဦးနှောက်အဖြူရောင်များမှာ နေရာအနှံ့ ပန်းထွက်သွားတော့သည်။ ၎င်းမှာ စတုတ္ထအဆင့်မြင့် ဝက်ဝံညိုကြီး တစ်ကောင်ဖြစ်သော်လည်း ဦးခေါင်းကို လှံဖြင့် အပြတ်အသတ် အထိုးခံလိုက်ရခြင်း ဖြစ်သည်။ ထိုချက်ကို ထုတ်သုံးလိုက်သော ရှုကျင်းမင်က သူ၏ စမတ်လက်ပတ်မှ ပြသနေသော အဆင့်သတ်မှတ်ချက်ကို ကြည့်လိုက်သည်။
“စီနီယာခုန်းရဲ့ အမှတ်တွေ တစ်ဝက် လျော့သွားပြီပဲ... အဆင့်လည်း ကျသွားပြီ... မဂျစ်စီးတီးမှာ စီနီယာကုနဲ့ ကျွန်တော်ပဲ ကျန်တော့တာပေါ့...” ရှုကျင်းမင်၏ မျက်လုံးများက အနည်းငယ် ကျုံ့သွားသည်။
အားကစားကွင်းရှိ ပရိသတ်များနှင့်မတူဘဲ သူ၏မှာ အားလုံးကို ခြုံငုံမြင်နိုင်သည့် အမြင်မရှိပေ။ သို့သော် မဂျစ်စီးတီးမှ လူအများအပြား သုတ်သင်ခံလိုက်ရချိန်တွင် ချင်းကျင်နှင့် ကျင်းချန်းမှ လူ ၁၀ဦးကျော်မှာ အသက်ရှင်နေဆဲ ဖြစ်သည်။ ထို့ပြင် မဂျစ်စီးတီး ပြိုင်ပွဲဝင် တစ်ဦး သုတ်သင်ခံရတိုင်း ဝမ်ချီ ဟန်ရှန်း၏ အမှတ်များက တဟုန်ထိုး တက်လာလေ့ရှိသည်။ လူအူတစ်ယောက်ပင်လျှင် ချင်းကျင်နှင့် ကျင်းချန်းတို့က မဂျစ်စီးတီးကို အမဲလိုက်ရန် ပူးပေါင်းထားကြောင်း မြင်နိုင်ပေသည်။
“အရင်ကဆိုရင်တော့ ငါ မင်းတို့ကို တကယ် မနိုင်လောက်ဘူး... ဒါပေမဲ့ ကံဆိုးတာက... မင်းတို့ ငါ့ကို လွန်ခဲ့တဲ့ ရက်ပိုင်းက မတွေ့ခဲ့တာပဲ... အခုတော့ မင်းတို့မှာ ရှိတဲ့ နောက်ဆုံး အခွင့်အရေးကို ဆုံးရှုံးသွားပြီ...” ရှုကျင်းမင်၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်သွားကာ ပြောလိုက်သည်။
“System”
အမည် : ရှုကျင်းမင် အဆင့် : တတိယအဆင့်မြင့် (+) စွမ်းရည် : ဒုထျန်း နတ်ဘုရား မိုးကြိုး (SS) ခန္ဓာကိုယ် : ၄၁၁၅ သွေးစွမ်းအင် (+) စိတ်ဝိညာဉ် : ၂၆၂၄ ဟတ်ဇ် (+) တိုက်ခိုက်ရေးနည်းစနစ်များ : လှံသိုင်း (ဆရာသခင်)၊ လက်သီးသိုင်း (ဆရာသခင်)၊ မိုးကြိုးထိုးစစ် နတ်ဆိုးသုတ်သင်လှံ (အခြေခံ +)၊ ကောင်းကင်မိုးကြိုး ကျင့်စဉ် (အခြေခံ +)၊ ငရဲမိုးကြိုး သံချပ်ကာ (အခြေခံ +)၊ မိုးကြိုးနတ်ဘုရား လက်ချောင်း (အခြေခံ +)၊ မိုးကြိုးနဂါး လက်သီး (အခြေခံ +)၊ လျှပ်စီးအရိပ်ခန္ဓာ (အခြေခံ +)၊ မိုးကြိုးလှံ (အဆင့်မြင့် +)၊ လျပ်စီးဆက်လှံ (အလယ်အလတ် +)၊ မိုးကြိုးလျှပ်တစ်ပြက် (အဆင့်မြင့် +)၊ မိုးကြိုးထောင်ချောက် (အလယ်အလတ် +)၊ လျှပ်စီးမုန်တိုင်း ခွဲချက် (ဆရာသခင် +)၊ အသက်ရှူသံ ဖုံးကွယ်ခြင်း ကျင့်စဉ် (အဆင့်မြင့် +) ခန္ဓာကိုယ်ကြံ့ခိုင်ရေး : မသေနိုင်သော မိုးကြိုးခန္ဓာ (ပဉ္စမအလွှာ +) စွမ်းရည်အမှတ် : ၅၁၂၈၃
ယနေ့က ရှင်သန်ခြင်း ပြိုင်ပွဲ၏ ခုနစ်ရက်မြောက်နေ့ဖြစ်ပြီး ပြီးခဲ့သော ခြောက်ရက်အတွင်း ရှုကျင်းမင်က တစ်ကြိမ်သာ နားခဲ့ပြီး ကျန်အချိန်များတွင် နေ့ရောညပါ သားရဲများကို သတ်ဖြတ်နေခဲ့ခြင်း ဖြစ်သည်။ သူ သတ်ဖြတ်ခဲ့သော တတိယအဆင့်နှင့် စတုတ္ထအဆင့် သားရဲပေါင်းမှာ ခုနစ်ရာ၊ ရှစ်ရာခန့် ရှိနေသည်။
ခုနကတင် သူက ဤစတုတ္ထအဆင့်မြင့် ဝက်ဝံညိုကြီးကို သတ်ဖြတ်ပြီးနောက် စွမ်းရည်အမှတ် ၃၁၂မှတ် ထပ်မံ ရရှိခဲ့သည်။ သူ စုဆောင်းထားသော စွမ်းရည်အမှတ်မှာ ၅၁,၀၀၀ ကျော်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ စနစ်ဖန်သားပြင်ပေါ်ရှိ သူ၏ အဆင့်၏ နောက်ကွယ်တွင် အမှတ်ပေါင်းထည့်ရန် သင်္ကေတ (+) မှာ နောက်ဆုံးတွင် ပေါ်ထွက်လာခဲ့သည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ System... အမှတ်ပေါင်းထည့်မယ်”
ရှုကျင်းမင်က သူ၏ စိတ်ထဲမှ အမိန့်ပေးလိုက်ပြီး သူ၏ အဆင့်နောက်ကွယ်မှ အပေါင်းလက္ခဏာကို ပြင်းပြင်းထန်ထန်ပင် နှိပ်လိုက်တော့သည်။
***