ထိုစာပုဒ်ကို ဖတ်နေစဉ် သီရှီထျန်က ပြင်းထန်စွာ နှလုံးတုန်သွားသည်။ သူက စာအုပ်ထဲမှာ ဈာန်ဝင်စားသွားသည်။ မည်သို့မည်ပုံမသိလိုက်ခင်မှာ သူက စာအုပ်ကို အဆုံးထိ ဖတ်ရှုပြီးသွားသည်။
“ ဟူး ”
သီရှီထျန်က လေပူကို မှုတ်ထုတ်လိုက်သည်။ သူ၏ ကျားမျက်လုံးထဲမှာ အလင်းရောင်က တအိအိလှုပ်ခတ်သွားသည်။ သူက တီးတိုးရေရွတ်လိုက်သည်။
“ သက်စောင့်ဓမ္မလက်နက်… သက်စောင့်ဓမ္မလက်နက်… ဒီလောကမှာ အဲ့လောက်အံ့ဖွယ်ကောင်းတဲ့ လက်နက် တကယ်ရှိတယ်လား… အဲ့ဒါက အံ့ဩစရာပဲ… သက်စောင့်ဓမ္မလက်နက်က တခြားဓမ္မလက်နက်တွေနဲ့ ဓမ္မရတနာတွေရဲ့ စွမ်းအားကို စုပ်ယူဝါးမျိုနိုင်ပြီး အဆင့်မြင့်တတ်နိုင်တယ်… သက်စောင့်ဓမ္မလက်နက်က ဓမ္မရတနာအဖြစ် ဆင့်ကဲပြောင်းလဲနိုင်တယ်… တကယ်လို့ အခွင့်အလမ်းကောင်းနဲ့ တွေ့ကြုံမယ်ဆိုရင် ဝိညာဉ်ရတနာအထိတောင် ဆင့်ကဲပြောင်းလဲသွားနိုင်တယ်… အဲ့ဒါက သန္ဓေပြောင်းဓမ္မလက်နက်ပဲ… မသေမျိုးကျင့်ကြံသူတွေက တကယ် သာမန်မဟုတ်ဘူး… သူတို့က ဒီလောက်အံ့ဖွယ်ကောင်းတဲ့ လက်နက်သန့်စင်ခြင်းနည်းလမ်းကိုတောင် စဉ်းစားနိုင်ကြတယ် ”
သီရှီထျန်သည် သက်စောင့်ဓမ္မလက်နက်အကြောင်း ဖတ်ရှုပြီးနောက် အံ့ဩသွားသည်။ ထို့ပြင် သူ၏ မျက်လုံးထဲမှာ ထွန်းလင်းတောက်ပသော အလင်းရောင် ထွက်ပေါ်လာသည်။ ယင်းက လိုချင်တပ်မက်မှုဖြစ်သည်။
“ မသေမျိုးကျင့်ကြံသူတွေက သူတို့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်နိုင်ကြတယ်… အဲ့ဒါဆို ငါက ဘာလို့ ငါ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို မသန့်စင်နိုင်ရမှာလဲ ”
သူက စိတ်ထဲမှာ တွေးတောလိုက်သည်။
သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်သော နည်းလမ်းက မရှုပ်ထွေးပေ။ အမှန်မှာ ယင်းက အလွန်ရိုးရှင်းသည်။ တစ်စုံတစ်ယောက်သည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ခြေချပြီးသည်နှင့် သက်စောင့်ဓမ္မလက်နက်ကို စတင်သန့်စင်နိုင်လိမ့်မည်။ ချီသန့်စင်ခြင်းနယ်ပယ်မှ အဆင့်နိမ့်ကျင့်ကြံသူများသည်ပင် သက်စောင့်ဓမ္မလက်နက်ကို သန့်စင်နိုင်ကြသည်။ သို့သော်လည်း သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ရန် လိုအပ်သော သတ္ထုပစ္စည်းများက အလွန်တန်ဖိုးကြီးမားသည်။
သို့မဟုတ်ဘဲ အကယ်၍ တစ်စုံတစ်ယောက်က သာမန်သတ္ထုပစ္စည်းများကို အသုံးပြု၍ သက်စောင့်ဓမ္မလက်နက်ကို ဖန်တီးသန့်စင်မည်ဆိုလျှင် သက်စောင့်ဓမ္မလက်နက်၏ ဆင့်ကဲပြောင်းလဲနိုင်သော စွမ်းရည်က ပျောက်ဆုံးသွားလိမ့်မည်။ ထိုအခါ သက်စောင့်ဓမ္မလက်နက်ကို သန့်စင်ခြင်းက မည်သို့အဓိပ္ပာယ်ရှိတော့မည်နည်း။
သီရှီထျန်၏ စိတ်ထဲမှာ သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို ပိုင်ဆိုင်ချင်သော အတွေးက ထွက်ပေါ်လာသည်။ ထိုအတွေးသည် ထွက်ပေါ်လာသည်နှင့်ချက်ချင်း သူ၏ စိတ်ထဲမှာ တဝဲလည်လည် ရှိနေ၏။ ယင်းကို ပိုပြီးသူတွေးကြည့်လေ သူက ပိုပြီးစိတ်ဓာတ်ပြတ်သားလာလေ ဖြစ်သည်။
အတိတ်မှာ သူသည် မသေမျိုးကျင့်ကြံသူများက ဓမ္မလက်နက်များဖြင့် လေပေါ်မှာ ပျံသန်းနေကြောင်း မြင်ခဲ့သည်။ ဓမ္မလက်နက်တစ်ခုစီသည် အံ့ဖွယ်စွမ်းရည်ကို ပိုင်ဆိုင်ထားကြသည်။ ယင်းတို့ကို သူမလိုချင်ကြောင်း ပြောလျှင် လိမ်ညာရာကျလိမ့်မည်။ ဓမ္မလက်နက်ကို မည်သို့သန့်စင်ရမည်ဖြစ်ကြောင်း ယခင်က သူမသိထားရုံမျှသာ ဖြစ်၏။ အကယ်၍ သူက တခြားမသေမျိုးကျင့်ကြံသူများထံမှ ဓမ္မလက်နက်တချို့ကို လုယက်မည်ဆိုလျှင် ထိုဓမ္မလက်နက်များ၏ စွမ်းအားသည် သူ့ကိုယ်ပိုင်သားရဲခန္ဓာကိုယ်ထက် မသာလွန်နိုင်ပေ။
အဆင့်နိမ့်ဓမ္မလက်နက်များက သူ့အတွက် တန်ဖိုးအနည်းငယ်သာရှိပြီး သူ့အတွက် မသင့်တော်ပေ။ အနာဂတ်မှာ သူက ထိုဓမ္မလက်နက်များကို သူ၏ လက်အောက်ငယ်သားများအား ဆုလာဘ်အဖြစ် ချီးမြှောက်လိမ့်မည်။
ထို့ကြောင့် အနာဂတ်မှာ အကယ်၍ အခွင့်အရေးတစ်ခုရှိမည်ဆိုလျှင် အစွမ်းထက်ဓမ္မလက်နက်တစ်ခု သို့မဟုတ် ဓမ္မရတနာတစ်ခုကို သူရှာဖွေမည်ဟု တွေးခဲ့သည်။ လောလောဆယ်တွင် သူအလျင်မလိုသေးပေ။ လက်နက်သန့်စင်နိုင်သော သတ္ထုပစ္စည်းတချို့ကို သူစုဆောင်းထားနိုင်လျှင် သူ့အတွက် လုံလောက်ပေသည်။
သို့သော်လည်း ယခု အကန့်အသတ်မဲ့ အလားအလားကို ပိုင်ဆိုင်ထားသော သက်စောင့်ဓမ္မလက်နက်သန့်စင်နည်းက သူ၏ အရှေ့သို့ ရောက်ရှိလာသည်။ ထို့ကြောင့် သီရှီထျန်သည် သူ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်တစ်ခုကို ပိုင်ဆိုင်ချင်လာသည်။
“ ငါ့ကိုယ်ပိုင် သက်စောင့်ဓမ္မလက်နက်ကို သန့်စင်မယ်ဆိုရင် ငါ့ဆီမှာ သင့်တော်တဲ့ သတ္ထုပစ္စည်းရှိမနေမှာ စိုးရိမ်တယ်… ငါစဉ်းစားကြည့်ဦးမယ်… ”
သက်စောင့်ဓမ္မလက်နက်တစ်ခု သန့်စင်ရန် တန်ဖိုးကြီးမားသော သတ္ထုပစ္စည်းများကို လိုအပ်သည်။ သို့သော်လည်း ယခု သီရှီထျန်က ထိုအကြောင်းကို စဉ်းစားလိုက်သည့်အခါ သတ္ထုပစ္စည်းများက သူ့ဆီမှာ အလွန်နည်းပါးနေကြောင်း ရှာတွေ့သွားသည်။ ယင်းတို့ကို သူက မသေမျိုးကျင့်ကြံသူများဆီမှ လုယက်ခဲ့ခြင်း ဖြစ်သည်။ အများစုသည် သာမန်သတ္ထုပစ္စည်းများသာ ဖြစ်ကြသည်။ ယင်းတို့ကို သက်စောင့်ဓမ္မလက်နက်အဖြစ် မသန့်စင်နိုင်ပေ။ မည်သို့ဖြစ်ပါစေ သက်စောင့်ဓမ္မလက်နက်သည် သူ့တစ်ဘဝလုံး သူ့ကို အဖော်ပြုပေးမည့်အရာ ဖြစ်သည်။ ထို့ကြောင့် သက်စောင့်ဓမ္မလက်နက်ကို ပေါပေါပဲပဲ သတ္ထုပစ္စည်းများဖြင့် သူမဖန်တီးချင်ပေ။
သူ့ကို စိတ်ကျေနပ်စေသည့် တစ်ခုတည်းသော ပစ္စည်းသည် ကျားရဲတောင်တန်းဒေသမှာ သူရရှိခဲ့သော ကျောက်စိမ်းသန္ဓေသား ဖြစ်သည်။
ကျောက်စိမ်းသန္ဓေသား၏ အံ့ဖွယ်ထူးခြားချက်ကို နောက်ထပ် ပြောရန် မလိုပေ။ ယင်းက သူ့အသက်ကို မကြာခဏ ကယ်တင်ပေးခဲ့သည်။ ထိုမျှသာ မဟုတ်ပေ။ ကျောက်စိမ်းသန္ဓေသားက အလွန်မာကျောပြီး ယင်းထဲမှာ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအား ရှိသည်။ ယင်းက သေချာပေါက် အထွတ်အမြတ်ရတနာ ဖြစ်သည်။
ယင်းကို သက်စောင့်ဓမ္မရတနာအဖြစ် သန့်စင်မည်ဆိုလျှင်…
သီရှီထျန်၏ မျက်လုံးထဲမှာ မသေချာသော အရိပ်အယောင် ထွက်ပေါ်လာသည်။ ထိုသို့အတွေးက သူ၏ စိတ်ထဲမှာ ထွက်ပေါ်လာပြီးလျှင် အချိန်အတော်ကြာသည်အထိ မပျောက်ကွယ်သွားနိုင်ပေ။ ယင်းကို ပိုပြီးသူတွေးကြည့်လေ သူက ပိုပြီးစိတ်လှုပ်ရှားလာလေ ဖြစ်သည်။ သူက ကောင်းကင်ဘုံတုန်လှုပ်စေမည့် မိစ္ဆာဓမ္မလက်နက်ကို သန့်စင်နိုင်လိမ့်မည်ဟု အာရုံခံစားမိနေသည်။
သို့သော် ကျောက်စိမ်းသန္ဓေသားက အလွန်ရှည်လျားသည်။ မည်သို့သော မိစ္ဆာဓမ္မလက်နက်ကို သူဖန်တီးသန့်စင်သင့်သနည်း။
အချိန်တစ်ခဏကြာ စဉ်းစားပြီးသည့်တိုင် ဓမ္မလက်နက်၏ ပုံပန်းသဏ္ဍာန်က သူ့ခေါင်းထဲမှာ မထွက်ပေါ်လာသေးပေ။
ထိုစဉ် ခြေလှမ်းသံများက လှိုဏ်ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။ အသံကို သီရှီထျန် နားထောင်လိုက်လေရာ သူတို့က ချီဟောင်နှင့် တခြားသားရဲဘုရင်များဖြစ်ကြောင်း သူသိလိုက်သည်။
မကြာမီ ချီဟောင်၏ အော်သံက လှိုဏ်ဂူအပြင်ဘက်မှ ထွက်ပေါ်လာသည်။
“ အရှင်မင်းကြီး ”
“ အထဲဝင်လာခဲ့ပါ ”
သီရှီထျန်က လေးနက်သော အသံဖြင့် ပြောသည်။
ချီဟောင်၊ ပိုင်ယွဲ့နှင့် တခြားသားရဲဘုရင်များက လှိုဏ်ဂူထဲသို့ ဝင်ရောက်သွားကြသည်။ ဤတစ်ကြိမ်တွင် သားရဲဘုရင်လေးပါးသာ ရောက်လာကြသည်။ ယွမ်ထျန်းသည် မျောက်မင်းဝိုင်ချက်လုပ်ရန် အလုပ်များနေသောကြောင့် လှိုဏ်ဂူထဲမှာသာ ဆက်နေနေသည်။ သူက အရေးကြီးကိစ္စမရှိလျှင် လှိုဏ်ဂူအပြင်သို့ မထွက်ဝံ့ချေ။
“ အရှင်မင်းကြီး… မသေမျိုးကျင့်ကြံသူတွေက အရေအတွက်အရမ်းများပါတယ်… ယင်းခုန်းရဲ့ အမျိုးအနွယ်တွေရဲ့ ထောက်လှမ်းမှုအရ အခုချိန်မှာ ကျင့်ကြံသူတစ်ထောင်ခန့်က တောင်တန်းဒေသထဲ ဝင်ရောက်လာကြပါတယ်… သူတို့က တောင်တန်းဒေသရဲ့ နေရာတိုင်းမှာ ပျံ့နှံ့နေကြပါတယ်… တောင်တန်းဒေသထဲက ဝိညာဉ်သားရဲအများကြီးက အဖမ်းခံလိုက်ရပါတယ်… တချို့က နေရာမှာတင် အသတ်ခံလိုက်ကြရပါတယ် ”
ချီဟောင်၏ မျက်လုံးက နီရဲနေသည်။ စကားပြောလိုက်စဉ် သူ၏ အသက်ရှူသံက ပြင်းထန်နေသည်။ သူ၏ ကလေးက သူ့မျက်စိအရှေ့မှာတင် မသေမျိုးကျင့်ကြံသူများ၏ အသတ်ခံလိုက်ရသည်။ သားရဲဘုရင်များထဲတွင် မသေမျိုးကျင့်ကြံသူများအပေါ် သူ၏ အမုန်းတရားက အနက်ရှိုင်းဆုံး ဖြစ်သည်။
မသေမျိုးကျင့်ကြံသူတစ်ထောင်ခန့်က တောင်တန်းဒေသထဲသို့ ဝင်ရောက်လာကြောင်း သူကြားသောအခါ သူဖိနှိပ်ထားသော ဒေါသမီးတောက်က ပြန်တောက်လောင်လာသည်။ သူက လှိုဏ်ဂူထဲသို့ ဝင်ရောက်ပြီးလျှင် သီရှီထျန်ကို အရင်ဦးစွာ ဦးညွတ်လိုက်သည်။ ထို့နောက် သူက တောင်တန်းဒေသထဲမှ လတ်တလော အပြောင်းအလဲများကို တင်ပြသည်။
“ ဟုတ်ပါတယ် အရှင်မင်းကြီး… အဲ့ဒီကျင့်ကြံသူတွေက တောင်တန်းဒေသအတွက် ကြီးမားတဲ့ အန္တရာယ်ပါ… ယင်းခုန်းနဲ့ ပိုင်စုစုတောင် သူတို့ရဲ့ လက်ထဲမှာ အဖမ်းခံရလုနီးပါးဖြစ်ခဲ့ပါတယ်… အဲ့ဒီကျင့်ကြံသူတွေကို သင်ခန်းစာပေးဖို့ အရှင်မင်းကြီးကို ကျွန်တော် အသနားခံပါတယ် ”
ပိုင်ယွဲ့က စကားပြောလိုက်သည့်အခါ အစိမ်းရောင်အလင်းက သူ၏ မျက်လုံးထဲမှာ လင်းလက်သွားသည်။
ဤတစ်ကြိမ်တွင် ယင်းခုန်းနှင့် ပိုင်စုစု တွေ့ကြုံခဲ့ရသော အဖြစ်အပျက်က သူတို့အားလုံးကို အကြီးအကျယ် ဒေါသထွက်စေသည်။ သူတို့ငါးယောက်သည် သီရှီထျန်၏ လက်အောက်မှာ အမှုထမ်းနေကြသည်။ နေရာပြောင်းရွှေ့သော ခရီးတစ်လျှောက်တွင် သူတို့ကြားမှာ နက်ရှိုင်းသော ဆက်ဆံရေးရှိလာသည်။ ထို့ကြောင့် သူတို့က ဤကိစ္စကို အလွယ်တကူ မပြီးဆုံးစေချင်ပေ။
ထို့ကြောင့် သူတို့က မသေမျိုးကျင့်ကြံသူများကို သင်ခန်းစာပေးရန် သီရှီထျန်ကို လာရောက်အသနားခံကြခြင်း ဖြစ်သည်။
“ ဟမ် ”
သီရှီထျန်က ကြီးမြတ်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။ ယင်းက ချီဟောင်နှင့် တခြားသားရဲဘုရင်များကို ချက်ချင်း ခေါင်းငုံ့သွားစေသည်။ သူတို့က နောက်ထပ် စကားဆက်မပြောဝံ့ကြတော့ချေ။
“ ချီဟောင်၊ ပိုင်ယွဲ့… မင်းတို့က ယင်းခုန်းနဲ့ စုစုအတွက် လက်စားပြန်ချေချင်တာ ငါသိတယ်… ဒါပေမဲ့ ဒီကိစ္စက မင်းတို့ထင်သလို မရိုးရှင်းဘူး… အခု တောင်တန်းဒေသထဲ ဝင်ရောက်လာကြတဲ့ မသေမျိုးကျင့်ကြံသူအားလုံးက အုပ်စုဖွဲ့ထားကြတယ်… မင်းတို့ရဲ့ လက်ရှိကျင့်ကြံခြင်းစွမ်းအားအရ သူတို့ကို မင်းတို့မရင်ဆိုင်နိုင်ဘူး… ချိုင့်ဝှမ်းကနေ ထွက်သွားမယ့်အကြောင်း နောက်ထပ် မပြောကြနဲ့တော့… အဲ့ဒါကို ငါသဘောမတူဘူး ”
“ ဟုတ်ကဲ့ပါ အရှင်မင်းကြီး ”
ချီဟောင်နှင့် တခြားသားရဲဘုရင်များသည် အစတွင် စိတ်ဓာတ်ပြင်းထန်နေရာမှ ယင်းကိုကြားသောအခါ လေလျှော့ခံလိုက်ရသော ပူဖောင်းတစ်လုံးနှယ် အားပျော့သွားကြသည်။ သူတို့သည် သီရှီထျန်၏ အမိန့်ကို မနာခံဘဲ မနေဝံ့ကြချေ။
“ ဒီမှာ ဝိညာဉ်ကျောက်တုံးတချို့ ရှိတယ်… မင်းတို့ကျင့်ကြံတဲ့အချိန် အဲ့ဒါကို အနီးနားမှာ ထားပါ… အဲ့ဒါက မင်းတို့ရဲ့ ကျင့်ကြံခြင်းအမြန်နှုန်းကို တိုးမြှင့်ပေးနိုင်တယ်… မင်းတို့ တစ်ယောက်တစ်ခုစီ ရွေးချယ်နိုင်တယ်… ယွမ်ထျန်းအတွက်လည်း ကူရွေးပေးလိုက်ပါ… ပြီးကျရင် ကိုယ့်နေရာဆီ ပြန်သွားပြီး တိတ်တဆိတ် ကျင့်ကြံနေပါ… ဒီအတောအတွင်း ဘယ်သူမှ မိစ္ဆာအသင်္ချေချိုင့်ဝှမ်းကနေ မထွက်သွားရဘူး ”
သီရှီထျန်သည် သူ့အရှေ့၌ စိတ်အားငယ်နေကြသော သားရဲဘုရင်လေးပါးကို ကြည့်လိုက်သည်။ သို့တိုင် သူ၏ အတွေးကို မပြောင်းလဲခဲ့ပေ။ ယင်းအစား သူက ဝိညာဉ်ကျောက်တုံးတစ်တုံး ရွေးချယ်ရန် သူတို့ကို ပြောသည်။
ယင်းကို ကြားသောအခါ ချီဟောင်နှင့် တခြားသားရဲဘုရင်များက မြေကြီးပေါ်မှ ဝိညာဉ်ကျောက်တုံးများကို လှမ်းကြည့်လိုက်သည်။ ထိုကျောက်တုံးများက သူတို့၏ ကျင့်ကြံခြင်းကို အထောက်အကူပေးနိုင်ကြောင်း သိသွားသောအခါ မျှော်လင့်သော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သီရှီထျန်၏ ညွှန်ကြားမှုအတိုင်း သူတို့တစ်ကောင်စီက ဝိညာဉ်ကျောက်တုံးတစ်တုံးကို ရွေးချယ်ကြသည်။
ချီဟောင်က မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်လိုက်သည်။ သူ၏ မွေးရာပါသဘာဝစွမ်းရည်က မီးဒြပ်စင် ဖြစ်သည်။ ထို့ကြောင့် မီးဒြပ်စင်ဝိညာဉ်ကျောက်တုံးက သူနှင့် အသင့်တော်ဆုံး ဖြစ်သည်။
ယင်းခုန်းက သတ္ထုဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်လိုက်သည်။ ပိုင်ယွဲ့နှင့် ပိုင်စုစုက ရေဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်လိုက်ကြသည်။ ယွမ်ထျန်းအတွက်တော့ သီရှီထျန်က သတ္ထုဒြပ်စင်ဝိညာဉ်ကျောက်တုံးကို ရွေးချယ်ပေးလိုက်ပြီး ဝိညာဉ်ကျောက်တုံး သွားပို့ပေးရန် ချီဟောင်ကို တာဝန်ပေးလိုက်သည်။
ထို့နောက် ချီဟောင်နှင့် တခြားသားရဲဘုရင်များက လှိုဏ်ဂူထဲမှ ပြန်ထွက်သွားကြသည်။
“ ဒီတစ်ခေါက်ကိစ္စက… ကြည့်ရတာ တစ်စုံတစ်ယောက်က ငါ့ကို ပစ်မှတ်ထားနေတဲ့ပုံပဲ… ကောင်းပြီ ငါမင်းနဲ့ ကစားပေးမယ် ”
အေးစက်စက်အလင်းက သီရှီထျန်၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူက မြေကြီးပေါ်မှ ပစ္စည်းအားလုံးကို သူ၏ သိုလှောင်အိတ်ထဲမှာ ပြန်ထည့်သိမ်းလိုက်သည်။ သူက မကြာသေးမီကမှ မိစ္ဆာသားရဲတစ်ကောင်အဖြစ် အဆင့်တတ်သွားခဲ့ခြင်း ဖြစ်သည်။ အသစ်တိုးပွားလာသော ခွန်အားကို သူမရင်းနှီးသေးပေ။ တောင်တန်းဒေသထဲသို့ ဝင်ရောက်လာသော မသေမျိုးကျင့်ကြံသူများက သူ၏ ခွန်အားအသစ်ကို စမ်းသပ်နိုင်မည့် အခွင့်အရေးတစ်ခု ဖြစ်သည်။
သူက ရန်သူများကို သတ်ပစ်နိုင်မည့်အပြင် သူတို့ထံမှ ရတနာများကိုလည်း လုယက်နိုင်လိမ့်မည်။ ယင်းက ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်သည်။ လှိုဏ်ဂူထဲမှာ အမြဲတမ်း ကျင့်ကြံနေခြင်းက ကောင်းမွန်သောအရာ မဟုတ်ပေ။
သီရှီထျန်သည် ထရပ်လိုက်ပြီး မိစ္ဆာအသင်္ချေချိုင့်ဝှမ်းထဲမှ တိုက်ရိုက် ထွက်ခွာသွားသည်။
ကောင်းကင်ဘုံအဆင့် မိစ္ဆာစံအိမ်၏ အကျိုးကျေးဇူးများအနက် တစ်ခုကို သူရှာတွေ့သွားပြီ ဖြစ်၏။ သူသည် သတ်ဖြတ်ခြင်းမှတဆင့် ကိုယ့်ကိုယ်ကိုယ် အစွမ်းမြှင့်တင်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ရန်သူကို သူသတ်လိုက်လျှင် သူ၏ မိစ္ဆာစံအိမ်က ရန်သူ၏ ခန္ဓာကိုယ်ကို တိုက်ရိုက် စုပ်ယူသွားလိမ့်မည်။ ထို့နောက် သူက မိစ္ဆာစံအိမ်ထဲမှ မိစ္ဆာသန့်စင်ခြင်းမီးဖိုကို အသုံးပြု၍ ခန္ဓာကိုယ်ကို သန့်စင်သော မိစ္ဆာချီအဖြစ် သန့်စင်နိုင်လိမ့်မည်။
သီရှီထျန်သည် ချိုင့်ဝှမ်းထဲမှ ထွက်သွားပြီးနောက် ထူထဲသော တောအုပ်ထဲမှာ ပျောက်ကွယ်သွားသည်။
… … …
***