"လင်းမိသားစု ခေါင်းဆောင်... မင်း လာရတဲ့ ရည်ရွယ်ချက်ကို ပြောပါဦး..."
တစ်ချိန်တည်းမှာပင် လင်းထျန်းအန်ကလည်း ရူဖုန်းစံအိမ်သို့ လုံလောက်သော သယံဇာတများကို ယူဆောင်လာခဲ့ပြီ ဖြစ်၏။ ရူဖုန်းစံအိမ်မှ သံတမန်သည် လင်းထျန်းအန်၏ ရှေ့တွင် ထိုင်နေပြီး အနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏ ခန္ဓာကိုယ်ကို မှောင်ရိပ်ထဲတွင် ဖုံးကွယ်ထားသဖြင့် သူ၏ လိင်ကို ခွဲခြား၍ မရနိုင်ချေ။
လင်းထျန်းအန်သည် ထိုအရာများကို ဂရုမစိုက်ခဲ့ပေ။ ရူဖုန်းစံအိမ်မှ သံတမန်တိုင်းသည် အလွန်ပင် လျှို့ဝှက်ဆန်းကြယ်ကြပြီး တရားဝင် မဟုတ်သော သမိုင်းကြောင်းများအရ ရူဖုန်းစံအိမ်သည် မဟာမြင့်မြတ်နယ်မြေ ငါးခုကိုပင် မကြောက်ရွံ့ကြောင်း သိရှိထား၏။
"လူနှစ်ယောက်ရဲ့ အထောက်အထားကို တွက်ချက်ပေးစေချင်တယ်... ပြီးတော့ ဒါတွေက သူတို့ရဲ့ ပုံတူ ပန်းချီကားတွေပဲ..."
လင်းထျန်းအန်သည် ပုံတူ ပန်းချီကား နှစ်ချပ်ကို ချက်ချင်း ထုတ်ပြလိုက်ရာ ၎င်းတို့ထဲတွင် တွမ့်သယ်နှင့် ဝူယီဖန်တို့ကို ရှင်းလင်းစွာ ပုံဖော်ထား၏။ ၎င်းတို့သည် ဤကာလအတွင်း ဝူယီဖန်နှင့် တွမ့်သယ်တို့အကြောင်း လင်းမိသားစုမှ စုဆောင်းထားသော အချက်အလက်များ ဖြစ်သည်။
တွမ့်သယ်နှင့် ဝူယီဖန်တို့၏ ပုံတူ ပန်းချီကားများကို မြင်ပြီးနောက် ရူဖုန်းစံအိမ်မှ သံတမန်က တိုးညင်းစွာ ပြောလိုက်၏။
"လင်းမိသားစု ခေါင်းဆောင်... ငါတို့ ရူဖုန်းစံအိမ်ရဲ့ စည်းကမ်းတွေကို မင်း သိထားသင့်တယ်... အကယ်၍ ပုံတူ ပန်းချီကား တစ်ခုတည်းကနေ တွက်ချက်စေချင်တယ်ဆိုရင် မင်း ပေးဆပ်ရမယ့် တန်ဖိုးက အလွန်တရာ ကြီးမားပြီး အနည်းဆုံး အဆင့်မြင့် အင်မော်တယ်ဝိညာဉ်ကျောက်တုံး ငါးသိန်း ကုန်ကျလိမ့်မယ်..."
သံတမန်၏ စကားကို ကြားသောအခါ လင်းထျန်းအန်သည် ကြိုတင် ပြင်ဆင်ထားသော်လည်း သူ၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်လာသော နာကျင်မှု အရိပ်အယောင် ကိုတော့ မဖုံးကွယ်နိုင်ခဲ့ချေ။ သို့သော်လည်း သူသည် အလျင်အမြန် သွားကြိတ်ကာ ခေါင်းငြိမ့်သဘောတူလိုက်သည်။
"ဒါနဲ့... တစ်ဖက်လူက အခု အင်မော်တယ် ဧကရာဇ် အဆင့်ရှိတဲ့ စွမ်းအားရှင်တွေကိုတောင် သတ်နိုင်နေပြီဆိုတော့ တွက်ချက်တဲ့အခါ သတိထားဖို့တော့ မမေ့နဲ့ဦး..."
လင်းထျန်းအန်က တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် သတိပေးလိုက်၏။
ဤစကားကို ကြားသောအခါ ရူဖုန်းစံအိမ်မှ သံတမန်၏ အမူအရာကို မမြင်နိုင်သော်လည်း သူ၏ လေသံတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေကြောင်း ရှင်းလင်းစွာ သိနိုင်ပေသည်။
"လင်းမိသားစု ခေါင်းဆောင်... မင်းက အင်မော်တယ် ဝိညာဉ်ကျောက်တုံးတွေကိုပဲ ပြင်ဆင်ထားဖို့ လိုတယ်... ရူဖုန်းစံအိမ်က တွက်ချက်လို့ မရတဲ့ လူတွေဆိုတာ လုံးဝ မရှိဘူး..."
လင်းထျန်းအန်သည် သေချာ စဉ်းစားကြည့်ပြီးနောက် သဘောတူလိုက်၏။ မည်သို့ပင်ဆိုစေကာမူ၊ ရူဖုန်းစံအိမ်သည် ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော တွက်ချက်မှု စွမ်းရည်များကြောင့် အထက်ကမ္ဘာတွင် အကြီးမားဆုံးသော ထောက်လှမ်းရေး ပွဲစားအဖြစ် နာမည်ကြီးသည် မဟုတ်လော။
ဤသို့ တွေးမိသောအခါ လင်းထျန်းအန်သည် လှောင်ရယ် ရယ်လိုက်သည်။
ဝူယီဖန်နဲ့ တွမ့်သယ်... မင်းတို့တော့ သေပြီသာ မှတ်တော့..
မကြာမီ လင်းထျန်းအန်ကို ဧည့်ခံရန် တာဝန်ယူထားသော အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် တစ်ဦးသည် သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ သူသည် တွမ့်သယ်၏ ပုံတူ ပန်းချီကားကို အရင်ဆုံး တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ စတင် တွက်ချက်တော့သည်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူသည် မျက်လုံးများကို ဖွင့်ကာ ဖြည်းညင်းစွာ ပြောလိုက်၏။
"ဒီကောင်က မျိုးဖြုတ်ခံလိုက်ရတဲ့ တွမ့်မိသားစုရဲ့ သခင်လေး တွမ့်သယ်ပဲ... အခုလောလောဆယ် သူက တောင်ပိုင်းဒေသ၊ နေဝင်ချိန် နယ်မြေငယ်က ကွေ့ကျုံးမြို့မှာ ပုန်းအောင်းနေတယ်..."
အထက်ကမ္ဘာသည် အလွန်တရာ ကျယ်ပြောလှပြီး အောက်ကမ္ဘာထက် အဆပေါင်းများစွာ ပိုမို ကြီးမား၏။ ၎င်းကို အဓိက နယ်မြေကြီး ငါးခုအဖြစ် ခွဲခြားထားပြီး ထိုနယ်မြေကြီး ငါးခု၏ အောက်တွင် အလယ်အလတ် နယ်မြေ သုံးရာ ရှိသည်။ အလယ်အလတ် နယ်မြေ သုံးရာ၏ အောက်တွင် နယ်မြေငယ် သုံးရာ ရှိပြီး နယ်မြေငယ်များ၏ အရွယ်အစားက အောက်ကမ္ဘာနှင့် တူညီသည်။
တစ်ဖက်လူ ပြောသည်ကို ကြားသောအခါ လင်းထျန်းအန်သည် ခေါင်းညိတ်လိုက်ပြီး တွမ့်သယ်ကို ဖမ်းဆီးရန် မျိုးနွယ်စုအတွင်းရှိ အင်မော်တယ် အရှင်မြတ် စွမ်းအားရှင်များကို ဆက်သွယ်လိုက်၏။
တွမ့်သယ်၏ တည်နေရာကို တွက်ချက်ပြီးနောက် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် စွမ်းအားရှင်သည် ဝူယီဖန်၏ ပုံတူ ပန်းချီကားကို တစ်ချက် ကြည့်လိုက်ပြီးနောက် မျက်လုံးများကို မှိတ်ကာ စတင် တွက်ချက်တော့သည်။
မကြာမီ သူသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အနည်းငယ် အံ့အားသင့်နေပုံဖြင့် မပြောဘဲ မနေနိုင်အောင် ဖြစ်သွား၏။
"စိတ်ဝင်စားစရာပဲ... ငါ့ရဲ့ တွက်ချက်မှုတွေနဲ့တောင် တွက်ချက်လို့ မရနိုင်တဲ့ သူတစ်ယောက်နဲ့ တကယ်ပဲ တွေ့ရတယ်ပေါ့လေ... အဲဒီလိုဆိုရင်တော့ ငါ အလေးအနက်ထားပြီး လုပ်တာကို အပြစ်မတင်နဲ့တော့..."
ထိုသို့ ပြောပြီးနောက် သူသည် ပါကွ သံလိုက်အိမ်မြှောင် တစ်ခုကို ထုတ်ယူလိုက်၏။ ၎င်းကို ထုတ်ယူလိုက်သည်နှင့် ပါကွ သံလိုက်အိမ်မြှောင်ပေါ်ရှိ ညွှန်တံသည် ဝူယီဖန်၏ အခြေအနေကို တွက်ချက်ရန် ရူးသွပ်စွာ လည်ပတ်နေတော့သည်။
သို့သော်လည်း မကြာမီ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်သည် ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားပြီး မယုံနိုင်စွာဖြင့် အော်ဟစ်လိုက်၏။
"ရွေးချယ်ခံရသူက တွက်ချက်မှုထက် ကျော်လွန်နေတယ်... ကြောက်စရာကောင်းတဲ့ အလားအလာပဲ... မဖြစ်ဘူး..."
လင်းထျန်းအန်နှင့် ရူဖုန်းစံအိမ်၏ သံတမန်တို့မှာ တုံ့ပြန်ရန် အချိန်မရလိုက်မီမှာပင် ၊ နောက်တစ်စက္ကန့်တွင် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ ထိုအနှီပုဂ္ဂိုလ်မှာ သူတို့၏ မျက်စိရှေ့တွင်ပင် ပေါက်ကွဲသွားပြီး ၊ သူ၏ ခန္ဓာကိုယ်သည် အစအနပင် မကျန်တော့ဘဲ သူ၏ ပါကွ သံလိုက်အိမ်မြှောင် ပင်လျှင် အပိုင်းပိုင်း ကွဲထွက်သွားတော့သည်။
လင်းထျန်းအန်နှင့် ရူဖုန်းစံအိမ်၏ သံတမန်တို့ နှစ်ဦးစလုံးသည် အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်ရှိ ထိုပုဂ္ဂိုလ်မှ ပြောခဲ့သည်များကို ကြားလိုက်ရပြီး သူတို့၏ အမူအရာများသည် အတော်လေး ကြည့်ရဆိုးသွားသည်။
အထူးသဖြင့် ရူဖုန်းစံအိမ်မှ တွက်ချက်၍ မရနိုင်သော လူများ လုံးဝ မရှိကြောင်း ယခုလေးတင် ပြောခဲ့သော ရူဖုန်းစံအိမ်၏သံတမန်မှာ သူ မှားယွင်းသွားကြောင်း ချက်ချင်း သက်သေပြခံလိုက်ရသည်။
သို့သော်လည်း ဤကိစ္စ၏ အရေးပါမှုကို သူ သိရှိထားပြီး ဤသည်က ရူဖုန်းစံအိမ် ဝင်ရောက်စွက်ဖက်၍ မရနိုင်သော ကိစ္စဖြစ်ရာ ၎င်းကို လျစ်လျူရှုလိုက်ခြင်းက အကောင်းဆုံး ဖြစ်ကြောင်း သူ သိလိုက်သည်။
ဤသို့ တွေးမိသောအခါ ရူဖုန်းစံအိမ် သံတမန်သည် လင်းထျန်းအန်ကို တိုက်ရိုက် ကြည့်လိုက်ပြီး သူ၏ လေသံမှာ ယခင်ကလောက် စိတ်အားထက်သန်မှု မရှိတော့ချေ။
"လင်းမိသားစု ခေါင်းဆောင်... ဒီကိစ္စက ရူဖုန်းစံအိမ် ဝင်ရောက်စွက်ဖက်နိုင်တဲ့ စွမ်းရည်ထက် ကျော်လွန်နေပါတယ်... ဒါကြောင့် ကျေးဇူးပြုပြီး ထွက်သွားပေးပါ..."
ထိုသို့ ပြောပြီးနောက် သူသည် လင်းထျန်းအန် ယခင်က ကမ်းလှမ်းခဲ့သော သယံဇာတများ အားလုံးကို သိမ်းယူလိုက်၏။
ဤသည်ကို မြင်သောအခါ လင်းထျန်းအန်သည် ချက်ချင်း စိုးရိမ်တကြီး ဖြစ်သွားသည်။
"မဖြစ်ဘူး... ဒါက လွန်လွန်းတယ်... မင်းက လက်ဆောင်တွေကိုတော့ ယူထားပြီး ဘာမှ မလုပ်ပေးဘူးပေါ့... အကယ်၍ ဒီသတင်းသာ ပျံ့သွားရင် မင်းတို့ ရူဖုန်းစံအိမ်ရဲ့ ဂုဏ်သတင်းကို ထိခိုက်မှာ မကြောက်ဘူးလား..."
"ဟွန့်... ဂုဏ်သတင်း... မင်းကြောင့် ငါတို့ ရူဖုန်းစံအိမ်ရဲ့ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် ဧည့်သည်တော် အကြီးအကဲ တစ်ယောက် သေဆုံးသွားခဲ့ရတာလေ... ဒီလောက် သယံဇာတ ပမာဏက မင်းအတွက် လျော်ကြေးအနေနဲ့တောင် တန်နေပြီ... မင်းမှာ ပြောစရာ တစ်ခုခု ရှိသေးလား..."
"ပြီးတော့ မင်းရဲ့ မိသားစု ကိစ္စတွေကို အမြန်ဆုံး ဖြေရှင်းဖို့ ပြန်သွားဖို့ ငါ အကြံပေးချင်တယ်..."
သံတမန် စကားဆုံးပြီးနောက် သူသည် လင်းထျန်းအန်ကို ထွက်သွားရန် တိုက်ရိုက် တောင်းဆိုလိုက်၏။
ဤစကားကို ကြားသောအခါ လင်းထျန်းအန်၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားသော်လည်း နောက်ဆုံးတွင် သူ ဘာမှမပြောခဲ့ချေ။ တစ်ဖက်လူ ပြောသည်မှာ မှန်ပေသည်။ လက်ရှိ အရေးအကြီးဆုံး ကိစ္စမှာ ပြန်သွားပြီး ဤကိစ္စကို မည်သို့ ဖြေရှင်းရမည်နည်း ဆိုသည်ကို သူ၏ မျိုးနွယ်စုနှင့် ဆွေးနွေးရန်ပင် ဖြစ်၏။
တစ်ချိန်တည်းမှာပင် လွတ်မြောက်လာသော ဝူယီဖန်သည် နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွားပြီး သူ၏ အမူအရာသည် အလွန် လေးနက်တည်ကြည်နေ၏။
"ငါ့ကံက ဒီလောက် ဆိုးလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး... အင်မော်တယ် အရှင်မြတ် တစ်ပါးနဲ့ တကယ်ကြီး တွေ့ခဲ့ရတာပဲ... ဒါပေမဲ့ ငါက ခြေတစ်လှမ်း စောနေသေးလို့ လွတ်လာတာပဲ... ကြည့်ရတာ ရှေးဟောင်း မြင့်မြတ်ခန္ဓာကိုယ်ကို မဟာတာအိုဖွင့်လှစ်ခြင်း ကောင်းကင်ခန္ဓာ အဖြစ် အဆင့်မြှင့်တင်ဖို့ အချိန်ရောက်ပြီ..."
"ငါ မသိတာက... တွမ့်သယ်ရဲ့ ဘက်မှာ အခြေအနေ ဘယ်လို ရှိလဲ ဆိုတာပဲ..."
ဤအခိုက်အတန့်တွင်မှ ဝူယီဖန်သည် တွမ့်သယ်၏ တည်ရှိမှုကို သတိရသွားပြီး အင်မော်တယ် ကျောက်တုံးကို ထုတ်ယူကာ တွမ့်သယ်ကို ဆက်သွယ်လိုက်၏။
မိနစ်များ ကုန်လွန်လာသည်နှင့်အမျှ ဝူယီဖန်၏ စိုးရိမ်ပူပန်မှုမှာ ကြီးထွားလာသော်လည်း ကံကောင်းစွာဖြင့် နောက်ဆုံးတွင် ချိတ်ဆက်နိုင်ခဲ့သည်။ တွမ့်သယ် အဆင်ပြေကြောင်း ကြားလိုက်ရသဖြင့် ဝူယီဖန်သညိ နောက်ဆုံးတွင် သက်ပြင်းတစ်ချက် ချနိုင်သွား၏။
"ကောင်းပြီ... မင်း အခု မြင့်မြတ်နယ်မြေကို ပြန်သွားလိုက်... ငါလည်း ပြန်လာခဲ့မယ်... ငါတို့ မြင့်မြတ်နယ်မြေမှာ ဆုံကြတာပေါ့..."
ထိုသို့ ပြောပြီးနောက် ဝူယီဖန်သည် ဖုန်းချလိုက်ပြီး ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေဆီသို့ ချက်ချင်း ပြန်လည် ထွက်ခွာသွားတော့သည်။ ဤစကားကို ကြားသောအခါ တွမ့်သယ်ကလည်း ချက်ချင်း ထွက်ခွာလာပြီး ရှေးဟောင်းကန္တာရ မြင့်မြတ်နယ်မြေဆီသို့ ဦးတည်သွားတော့၏။
ဝူဟောက်ဘက်တွင်မူ ၊ သူသည် မျက်လုံးများကို ဖွင့်ကာ အလယ်ပိုင်းဒေသဆီသို့ လှမ်းကြည့်လိုက်သည်။ ယခုလေးတင် တစ်စုံတစ်ယောက်က ဝူယီဖန်၏ အချက်အလက်များကို တွက်ချက်နေကြောင်း သူ ခံစားလိုက်ရ၏။ သူသည် ၎င်းကို သတိပြုမိပြီးနောက် အတွေးအာရုံဖြင့် သူ့ကို ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။
"ယီဖန်က အင်မော်တယ် အရှင်မြတ်ရဲ့ ပစ်မှတ် ဘယ်လိုလုပ်ဖြစ်လာလဲဆိုတာကို ငါ မသိပေမဲ့ ...ဒါပေမဲ့ အချိန်က အရမ်း စောလွန်းနေတယ်... ဘိုးဘေးကြီး တစ်ယောက်အနေနဲ့ ငါ အဲ့တာကို တားဆီးပေးတာ ယုတ္တိရှိပါတယ်လေ..."
ဝူဟောက်သည် ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်ပြီးနောက် စူးချောင်ရန်ကို ဖက်ကာ နောက်တစ်ကြိမ် အိပ်မောကျသွားတော့၏။
သို့သော်လည်း ဤအခိုက်အတန့်တွင် အထက်ကမ္ဘာ၏ အရှေ့ပိုင်းဒေသရှိ ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေ၌ အချိန်ကြာမြင့်စွာ ခရီးသွားလာပြီးနောက် ဝူကျန်းအဲ့သည် နောက်ဆုံးတွင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် ဒြပ်စင်ငါးပါး မြင့်မြတ်နယ်မြေသည် ၎င်း၏ ကိုယ်ပိုင် ဂိုဏ်းကို တည်ထောင်ကာ တပည့်သစ်များကို လက်ခံနေလေ၏။
***