"နှလုံးသွေး..."
ဝူဟောက်သည် အံ့အားသင့်သွားပုံ ပေါ်၏။ ဝိညာဉ်မြေခွေး ကိုးမြီး၏ အဆင့်တက်မည့် နည်းလမ်းသည် ဤသို့ ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ဝူဟူက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါတယ်... ဝိညာဉ်မြေခွေး ကိုးမြီး မျိုးနွယ်စုရဲ့ စွမ်းအားက ကျွန်မတို့ရဲ့ အမြီးတွေဆီကနေ လာတာပါ... လူသားအင်မော်တယ် အောက်မှာဆိုရင် ကျွန်မတို့ရဲ့ အမြီးတွေကို ဝိညာဉ်အမြီးတွေလို့ ခေါ်ပါတယ်... အမြီးကိုးချောင်းစလုံး အသက်ဝင်လာမှသာ ဝိညာဉ်မြေခွေး ကိုးမြီးလို့ ခေါ်လို့ ရတာပါ..."
"မြေခွေး ကိုးမြီးရဲ့ အထွတ်အထိပ်က မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ပါ... တကယ်လို့ ကျွန်မတို့က ဒီထက်ပိုပြီး ရှေ့ဆက်ချင်တယ်ဆိုရင် ကျွန်မတို့ရဲ့ အမြီးတွေကို နောက်တစ်ဆင့်ကို တက်လှမ်းစေပြီး နတ်ဘုရားအမြီး အဖြစ် အဆင့်မြှင့်တင်ဖို့ လိုပါတယ်..."
"ဝိညာဉ်အမြီး တစ်ခုကို နတ်ဘုရားအမြီး အဖြစ် ဘယ်လို အဆင့်မြှင့်တင်ရမလဲ ဆိုတာနဲ့ ပတ်သက်လို့ကတော့ အင်မော်တယ် ချီ အမြောက်အမြားကို စုပ်ယူဖို့ လိုအပ်ပါတယ်... ကောင်းကင်နဲ့ မြေကြီး ရတနာတွေလို အရာမျိုးတွေ ရှိပေမဲ့ အလွယ်ကူဆုံး နည်းလမ်းကတော့ သန်မာတဲ့ ပုဂ္ဂိုလ် တစ်ယောက်ရဲ့ နှလုံးသွေးကို စုပ်ယူတာပါပဲ..."
"အဲဒီလိုလား... ဒီသယံဇာတတွေက မင်းရဲ့ အမြီးငါးချောင်းကို နတ်ဘုရားအမြီးတွေ အဖြစ် ပြောင်းလဲဖို့ လုံလောက်လောက်တယ်... ဒါတွေကို အရင် သုံးထားလိုက်... မင်း သုံးလို့ ပြီးသွားရင် ငါ့ကို ပြန်ပေး..."
ဝူဟောက်သည် စကားပြောပြီးနောက် သယံဇာတများပါဝင်သည့် သိုလှောင်ကွင်း တစ်ခုကို ပစ်ပေးလိုက်၏။
အထဲရှိ သယံဇာတများကို မြင်လိုက်ရသည်နှင့် ဝူဟူ၏ အသက်ရှူနှုန်းပင် မြန်ဆန်လာကာ ၊ ထို့နောက် တွန့်ဆုတ်မနေဘဲ ဝူဟောက်ကို ကြည့်ကာ ကျေးဇူးတင်စွာဖြင့် ဦးညွှတ်လိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်... တကယ်လို့ သခင့်အိပ်ရာကို နွေးပေးဖို့ ကျွန်မကို လိုအပ်ရင် အချိန်မရွေး တောင်းဆိုလိုက်ပါ..."
"မင်း ဘာတွေ တွေးနေတာလဲ... ငါက အိမ်ထောင်သည် တစ်ယောက်လေ... မင်း ကိုယ့်ကိုယ်ကိုယ် ကျင့်ကြံဖို့ပဲ အာရုံစိုက်ပြီး အမြန်ဆုံး တက်လှမ်းနိုင်အောင် ကြိုးစားစမ်းပါ..."
ဝူဟောက်သည် မသင့်တော်သော စကားတစ်ခွန်းကို ဆိုပြီးနောက် ပျောက်ကွယ်သွားခဲ့ရာ၊ မျက်ဝန်းထဲမှ အချစ်ရိပ်တို့ကို မနည်းဖိနှိပ်ထိန်းချုပ်နေရသော ဝူဟူတစ်ယောက်တည်းသာ ထိုနေရာ၌ ကျန်ရစ်ခဲ့တော့သည်။
ဝူဟောက်ကတော့ ဤကိစ္စကို မသိခဲ့ပေ။ အကယ်၍သာ သူ သိခဲ့မည်ဆိုလျှင်... ကျင့်ကြံခြင်းအဆင့် တစ်နေရာသို့ ရောက်ရှိသွားသူတစ်ယောက်အနေဖြင့် မျိုးဆက်ပွားခြင်းဆိုင်ရာ ကန့်သတ်ချက်များကို ကျော်လွှားနိုင်စွမ်း ရှိ၊ မရှိ ဆိုသည်ကို သူ သိချင်စိတ် ပြင်းပြသွားလောက်ပေသည်။
လင်းမိသားစု နေအိမ်သို့ ပြန်ရောက်ရောက်ချင်း လင်းထျန်းအန်သည် လူတိုင်းနှင့် အစည်းအဝေး တစ်ခုကို ချက်ချင်း ခေါ်ယူလိုက်၏။
"အစ်ကိုကြီး.. အစ်ကိုကြီးက ရူဖုန်းစံအိမ်ကနေ ပြန်လာပြီဆိုတော့... အဲ့လူက ဘယ်သူလဲဆိုတာ အစ်ကို သိပြီးပြီလို့ ဆိုလိုတာလား..."
လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့ နှစ်ဦးစလုံးက အော်ဟစ်လိုက်ကြ၏။ မည်သို့ပင်ဖြစ်စေ ထိုလူမှာ တွမ့်မိသားစုမှ ဖြစ်ကြောင်း သူတို့ သိလိုက်ရသည်နှင့် လင်းထျန်းယွီနှင့် လင်းထျန်းချင်တို့သည် အခြား ဘာကိုမှ ဂရုမစိုက်နိုင်တော့ချေ။ အရေးအကြီးဆုံး ကိစ္စမှာ တစ်ဖက်လူကို အရင်ဆုံး ရှင်းလင်းပစ်ရန်သာ ဖြစ်၏။
မိသားစု ခေါင်းဆောင် ဖြစ်လာရေးနှင့် ပတ်သက်၍မူ ၊ သူတို့သည် လှုပ်ရှားရန် အခွင့်အရေးကိုသာ စောင့်ဆိုင်းနေနိုင်တော့သည်။
ဤစကားကို ကြားသောအခါ လင်းထျန်းအန်သည် သက်ပြင်းချလိုက်ပြီးနောက် အလွန် လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
"ငါတို့ လင်းမိသားစုက ဒီကိစ္စကို ဆက်ပြီး လိုက်လို့ မရတော့ဘူး..."
"ဘာ... အစ်ကိုကြီး... ဘာကို ဆိုလိုတာလဲ... သူတို့က ငါတို့ လင်းမိသားစုကို မျိုးဖြုတ်ပစ်တာကို အစ်ကိုကြီးက ဒီတိုင်း ကြည့်နေတော့မလို့လား..."
ဤစကားကို ကြားသည်နှင့်၊ လင်းထျန်းယွီ၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားပြီး မတ်တတ်ရပ်ကာ ဒေါသတကြီးဖြင့် ပြစ်တင် ပြောဆိုလိုက်၏။
သို့သော်လည်း လင်းထျန်းအန်သည် ကူကယ်ရာမဲ့စွာ ခံစားနေရသည်။ သူ့အနေဖြင့် ဘာလုပ်နိုင်မည်နည်း။ အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် ပင်လျှင် ရိုးရှင်းသော တွက်ချက်မှု တစ်ခု လုပ်ရုံဖြင့် ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည် မဟုတ်လော။
မကြာမီ ထိုနေရာတွင် ရှိနေသူ အားလုံးက လင်းထျန်းအန် ရူဖုန်းစံအိမ်တွင် ကြားခဲ့ရသည်များကို ကြားသိသွားကြပြီး အားလုံး တိတ်ဆိတ်သွားကြ၏။
သို့သော်လည်း အလျင်အမြန်ပင် လင်းထျန်းယွီက မတ်တတ်ရပ်ကာ အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ၏ စကားများထဲတွင် ခေါင်းမာမှုများဖြင့် ပြည့်နှက်နေသည်။
"ငါ လင်းထျန်းယွီက ငါ့ရဲ့ ကံကြမ္မာကို ဘယ်တော့မှ လက်ခံမှာ မဟုတ်ဘူး... ငါတို့ ကျင့်ကြံသူတွေက သေရမှာကို ကြောက်စရာ အကြောင်းမရှိဘူး... သူတို့က ငါတို့ လင်းမိသားစုကို ဖျက်ဆီးချင်နေမှတော့ လင်းမိသားစုကို သူတို့ မဖျက်ဆီးနိုင်ခင် ငါက သူတို့ကို အရင် ဖျက်ဆီးပစ်မယ်..."
ထိုသို့ ပြောပြီးနောက် လင်းထျန်းယွီသည် လှည့်ထွက်သွားသလို လင်းထျန်းချင်ကလည်း ထိုနည်းတူပင် ဖြစ်၏။
လင်းထျန်းအန်သည် အလျင်အမြန် လက်ဝှေ့ယမ်းပြလိုက်သည်။
"မင်းတို့ အားလုံး အရင် ထွက်သွားကြ... ငါ့ကို ငြိမ်ငြိမ်သက်သက်လေး နေခွင့်ပြုပါဦး..."
မကြာမီ လင်းမိသားစု ခန်းမထဲတွင် လင်းထျန်းအန် တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့၏။ လင်းထျန်းအန်သည် မိသားစု ခေါင်းဆောင် နေရာတွင် လေးနက်စွာ ထိုင်နေပြီး သူ၏ နောက်ထပ် လှုပ်ရှားမှုအတွက် တွေးတောနေသည်။
သေချာပေါက် သူသည် သူ့ကံကြမ္မာကို လက်ခံမည်မဟုတ်ပေ။
အင်မော်တယ် အရှင်မြတ် အထွတ်အထိပ်အဆင့်၏ တွက်ချက်မှု ပင်လျှင် ပေါက်ကွဲ သေဆုံးမှုဖြင့် အဆုံးသတ်သွားခဲ့ပြီး ယခုအခါ တစ်ဖက်လူကို သူ ရှာမတွေ့နိုင်တော့ချေ။ သူ့အနေဖြင့် ဘာလုပ်သင့်သနည်း။
လင်းထျန်းအန် အကူအညီမဲ့နေချိန်မှာပင် အေးစက်သော ရယ်သံနှင့် ရောယှက်နေသည့် တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာ၏။
"မင ကြည့်ရတာ အတော်လေး ဒုက္ခရောက်နေပုံ ရတယ်... ငါ့အကူအညီ လိုအပ်လား..."
စကားသံ ပျောက်ကွယ်သွားသည်နှင့် လင်းထျန်းအန်သည် ကြီးမားလှသော ခြိမ်းခြောက်မှု တစ်ခုကို ခံစားလိုက်ရသကဲ့သို့ သူ၏ ကျောရိုးတစ်လျှောက် ေအးစိမ့်သွားသည်ကို ခံစားလိုက်ရသည်။
"မင်းက ဘယ်သူလဲ..."
ရုတ်တရက် ပုံရိပ်တစ်ခုက လင်းထျန်းအန်၏ ရှေ့၌ပေါ်ထွက်လာသည်။ ၎င်းသည် ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် ဝတ်ရုံဖြင့် လွှမ်းခြုံထားကာ ဤသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ ဝတ်စုံပင် ဖြစ်၏။
"ငါက ဘယ်သူလဲဆိုတာ အရေးမကြီးပါဘူး... ဒါပေမဲ့ အခု အရေးကြီးတာက မင်းရဲ့ လင်းမိသားစုက မျိုးဖြုတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရပုံ ပေါ်တယ်... ငါက မင်းရဲ့ လင်းမိသားစုကို ကူညီပေးနိုင်တယ်... ပြီးတော့ မင်းရဲ့ လင်းမိသားစုကို အထက်ကမ္ဘာ တစ်ခုလုံးမှာ ထင်ပေါ်ကျော်ကြားလာအောင်တောင် လုပ်ပေးနိုင်တယ်..."
တစ်ဖက်လူ၏ စကားများကို ကြားသောအခါ လင်းထျန်းအန်သည် လှောင်ရယ် ရယ်လိုက်ပြီး ပြောလိုက်၏။
"အရှင်က ဘယ်သူမှ သတိမထားမိဘဲ ငါ့ရှေ့မှာ ပေါ်လာနိုင်လောက်အောင် အလွန် သန်မာတယ်ဆိုတာကိုတော့ ငါ ဝန်ခံပါတယ်... အရှင်က အင်မော်တယ် မဟာဧကရာဇ် တစ်ပါး ဖြစ်လောက်တယ်... ဒါပေမဲ့ အထက်ကမ္ဘာ တစ်ခုလုံးကို အထင်သေးနိုင်တဲ့ အဆင့်အထိဆိုတာကတော့ အရှင်က စိတ်ကူးယဉ်နေတာပါပဲ..."
"ဪ... ဟုတ်လား... ငါက သွေးဝိညာဉ်ဂိုဏ်းက အဖွဲ့ဝင် တစ်ယောက်ဆိုရင်ကော ဘယ်လိုလဲ..."
တစ်ဖက်လူ၏ စကားများကို ကြားသောအခါ လင်းထျန်းအန်၏ သူငယ်အိမ်များက ရုတ်တရက် ကျဉ်းမြောင်းသွား၏။ သူ့အနေဖြင့် ထိုဖြစ်တည်မှုကို အဘယ့်ကြောင့် မသိရှိမည်နည်း။
သွေးဝိညာဉ်ဂိုဏ်း... ရှေးဟောင်း ခေတ်ကာလက အထက်ကမ္ဘာ တစ်ခုလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။
လွန်ခဲ့သော အချိန်ကာလက သွေးဝိညာဉ်ဂိုဏ်း၏ တည်နေရာကို သိရှိပြီးနောက် အထက်ကမ္ဘာရှိ သန်မာလှသော ပုဂ္ဂိုလ်များ အားလုံးသည် အင်အားအလုံးအရင်းဖြင့် ချီတတ်တိုက်ခိုက်ခဲ့သော်လည်း၊ သွေးဝိညာဉ်ဂိုဏ်းမှ လူများသည် လွတ်မြောက်သွားနိုင်ခဲ့သည်။ ထိုအရာကို ကြည့်လျှင်ဖြင့် သွေးဝိညာဉ်ဂိုဏ်းသည် မည်မျှ စွမ်းအားကြီးမားကြောင်းကို ပြသရန် လုံလောက်ပေသည်။
"ဘာ... ဒီသွေးဝိညာဉ်ဂိုဏ်းက လူယုတ်မာတွေက ခုလို ပေါ်ပေါ်ထင်ထင် ထွက်လာရဲတယ်ပေါ့လေ... မင်းတို့ကို တိုက်ခိုက်ဖို့ မဟာမြင့်မြတ်နယ်မြေ ငါးခုကို ငါ ဆက်သွယ်မှာ မကြောက်ဘူးလား..."
လင်းထျန်းအန်သည် မတ်တတ်ရပ်လိုက်ပြီး အချိန်မရွေး လှုပ်ရှားရန် အသင့်ဖြစ်နေ၏။ သူ၏ ပြိုင်ဘက်သည် အင်မော်တယ် မဟာဧကရာဇ် ဖြစ်နေလျှင်ပင်၊ အနိုင်ရရန် အခွင့်အရေး မရှိလျှင်ပင် သူသည် လှုပ်ရှားရမည် ဖြစ်သည်။ ရိုးရိုးရှင်းရှင်း ဆိုရလျှင်ဖြင့်၊ သူသည် ဖြောင့်မတ်သော လမ်းစဉ်က ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုစကားကို ကြားလိုက်ရချိန်တွင် သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲက အားရပါးရ ရယ်မောလေသည်။
"ဟားဟားဟား... တကယ်လို့ မင်း ပြောချင်တယ်ဆိုရင်တော့ သွားပြောလိုက်လေ... ဒါပေမဲ့ မင်းရဲ့ လင်းမိသားစုကို မျိုးဖြုတ်ပစ်ဖို့ ငါ လှုပ်ရှားမှာ မဟုတ်ဘူးလို့ အာမမခံနိုင်ဘူးနော်... မဟာမြင့်မြတ်နယ်မြေ ငါးခုက လူတွေ သတိမထားမိခင်မှာ ဒီအရာတွေ အားလုံးကို လုပ်ဆောင်နိုင်တဲ့ စွမ်းရည် ငါ့မှာ ရှိတယ်ဆိုတာ မင်း သိပါတယ်..."
"ဒါ့အပြင် မင်းရဲ့ လင်းမိသားစုက အခု မျိုးဖြုတ်ခံရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာလေ..."
"အခု ငါက လင်းမိသားစုနဲ့အတူ မင်း ရှင်သန်နိုင်ဖို့နဲ့ အထက်ကမ္ဘာမှာ ထိပ်တန်း အင်အားစု တစ်ခု ဖြစ်လာဖို့ အခွင့်အရေး တစ်ခု ပေးနေတာပဲ..."
"မင်းရဲ့ လင်းမိသားစုကို မျိုးဖြုတ်မခံရစေချင်ဘူး မဟုတ်လား..."
တစ်ဖက်လူ၏ စကားများကို ကြားသောအခါ လင်းထျန်းအန်၏ အမူအရာသည် အတော်လေး ကြည့်ရဆိုးသွားပြီး သူသည် အံကြိတ်ကာ 'ယုတ်မာလိုက်တာ' ဟူသော စကားတစ်ခွန်းကို ရေရွတ်လိုက်၏။
သို့သော်လည်း လက်ရှိ အခြေအနေနှင့် လင်းမိသားစုသည် အမှန်တကယ်ပင် ပျက်စီးကိန်း ဆိုက်နေပြီ ဖြစ်ကြောင်းကို နားလည်သွားသောအခါ နောက်ဆုံးတွင် လင်းထျန်းအန်အနေဖြင့် ခေါင်းငုံ့ရုံမှလွဲ၍ ရွေးချယ်စရာ မရှိတော့ချေ။
"မင်း ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
"ငါ ဘာလုပ်ဖို့ စီစဉ်ထားလဲဆိုတာလား... ငါ့ရဲ့ သွေးကျွန် အဖြစ် ခံယူဖို့ မင်း သဘောတူလိုက်... အဲဒါဆို မင်းကို အင်မော်တယ် မဟာဧကရာဇ်အဆင့်ကို ဖောက်ထွက်နိုင်အောင်နဲ့ မင်းရဲ့ လင်းမိသားစုရဲ့ လက်ရှိ ပြဿနာတွေကို ဖြေရှင်းနိုင်အောင် ငါ ကူညီပေးမယ်... ဒါပေမဲ့ မင်းရဲ့ လင်းမိသားစုကို ငါ လိုအပ်တဲ့အခါ မင်းရဲ့ လင်းမိသားစုက တွန့်ဆုတ်မနေဘဲ ရှိပေးနိုင်မလား..."
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲသည် တွန့်ဆုတ်မနေဘဲ ပြောလိုက်ပြီးနောက် သူ၏ ချီအငွေ့အသက်ကို ထုတ်လွှတ်လိုက်၏။
"ပြီးတော့ ငါ့ကို သစ္စာဖောက်ဖို့ တွေးတောင် မတွေးနဲ့... ငါက အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ပဲ... မဟာ မြင့်မြတ်အရှင်သခင် ငါးပါးက ငါ့ရှေ့မှာ ပေါ်လာရင်တောင်မှ သူတို့က ငါ့ပြိုင်ဘက် ဖြစ်လာချင်မှ ဖြစ်လာမှာ..."
"ဘာ..."
တစ်ဖက်လူ၏ စကားများကို ကြားပြီး ၎င်းထံမှ ထွက်ပေါ်လာသော ချီအငွေ့အသက်ကို ခံစားလိုက်ရချိန်တွင်၊ လင်းထျန်းအန်၏ အမူအရာသည် အလွန်အမင်း အံ့အားသင့်သွားသည်။ လက်ရှိ အထက်ကမ္ဘာတွင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် တစ်ယောက်မှ မရှိသေးချေ။ သို့သော် တစ်ဖက်လူသည် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲက လှောင်ရယ် ရယ်လိုက်ပြီး ပြောလိုက်သည်။
"အကယ်၍ ငါတို့ သွေးဝိညာဉ်ဂိုဏ်းအတွက် မင်းက တက်တက်ကြွကြွ အလုပ်လုပ်ပေးမယ်ဆိုရင် အချိန်တန်ရင် မင်းလည်း အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် စွမ်းအားရှင် တစ်ဦး သေချာပေါက် ဖြစ်လာနိုင်တယ်... ဒါ့အပြင် အရင်တစ်ခေါက်က ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ရုတ်တရက် ဖောက်ထွက်သွားပြီး တိုက်ခိုက်လိုစိတ် မရှိခဲ့လို့သာပေါ့... အဲဒီလိုမှ မဟုတ်ရင် မင်းတို့ အထက်ကမ္ဘာရဲ့ အင်မော်တယ် မဟာဧကရာဇ် စွမ်းအားရှင်တွေက ငါတို့ သွေးဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ် လက်ချက်နဲ့ မျိုးဖြုတ်ခံလိုက်ရတာ ကြာလှပြီ..."
သွေးဝိညာဉ်ဂိုဏ်း အကြီးအကဲထံမှ ဤတုန်လှုပ်ဖွယ်ရာ သတင်းကို ကြားလိုက်ရသောအခါ လင်းထျန်းအန်၏ နှလုံးသားသည် ပြင်းထန်စွာ တုန်ယင်လာတော့၏။
အတန်ကြာပြီးနောက် လင်းထျန်းအန်အနေဖြင့် သက်ပြင်းချရုံသာ တတ်နိုင်တော့ပြီး တစ်ဖက်လူကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"လက်အောက်ငယ်သား လင်းထျန်းအန်က သခင်ကို ဂါရဝပြုပါတယ်..."
***