အမှော်နတ်သူငယ်များ၏ ခက်ထန်မာနကြီးသော စရိုက်အရ လူသားတို့၏ လေ့ကျင့်ပေးမှုကို နာခံရန်မှာ အနည်းငယ် ခက်ခဲနိုင်ပေသည်။
ရှောင်းယီသည် ထိုအခြေအနေကို သိသော်လည်း ဤအချက်အလက်အပေါ် လျှော့ပေးမည်မဟုတ်ပေ။
အမှောင်နတ်သူငယ်များကို မဟာမိတ်အဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့တွင် ပါဝင်ခွင့်ပြုရန် ဆုံးဖြတ်ပြီးကတည်းက စုစည်းထားသော ကွပ်ကဲမှုစနစ်တစ်ခု ရှိရမည်ဖြစ်သည်။ ၎င်းတို့အား စိတ်ကြိုက် လှုပ်ရှားခွင့်ပေးရန်မှာ မဖြစ်နိုင်ပေ။
“ဒါက နောက်ဆုံးစည်းပဲ။ ဘာလို့လဲဆိုတော့ မနာခံမှုတစ်ခုခု ဖြစ်လာရင် ငါတို့မဟာမိတ်အဖွဲ့အတွင်း လုံခြုံရေးပြဿနာတွေ တက်လာနိုင်လို့ပဲ။”
ရှောင်းယီက ရှင်းပြလိုက်သည်။
“အကယ်၍ မင်းတို့ ဒါကို မလုပ်နိုင်ဘူးဆိုရင် ကျွန်းပေါ်က တခြားတောအုပ်တွေထဲက သားရဲတိရစ္ဆာန်တွေကိုပဲ သွားရောက်အမဲလိုက်ရမယ်။”
ဆရာက ခေါင်းငြိမ့်လိုက်သည်။
“အင်း ငါ နားလည်ပြီ။ သူတို့နဲ့ ဆွေးနွေးကြည့်ပါဦးမယ်။”
“ကောင်းပြီ...။ ဆုံးဖြတ်ချက်ချပြီးတာနဲ့ ငါ့ကို အကြောင်းကြားဖို့ မမေ့ပါနဲ့။”
ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။
“သေချာပေါက်ပဲပေါ့။ ကျွန်မမှာ လက်ကိုင်ဖုန်း ရှိနေပြီဆိုတော့ အမြန်ဆုံး အကြောင်းကြားပါ့မယ်။”
ဆာရာကလည်း ပြုံးကာ ပြန်ဖြေလိုက်သည်။
“အင်း ဒါဆို ဖုန်းချပြီ။”
ဖုန်းချပြီးနောက် ဟေးလ်သည် အံ့အားသင့်နေရာမှ သတိပြန်ဝင်လာပြီး မေးလိုက်သည်။
“စောစောက တကယ်ပဲ ကျွန်းပိုင်ရှင်လား။”
“ဒါပေါ့။ သူ့အသံကို နင် မမှတ်မိဘူးလား။”
ဆာရာက ပြန်မေးလိုက်၏။ ထိုအခါမှဟေးလ်က ခေါင်းငြိမ့်လိုက်သည်။
“မှတ်မိတာပေါ့။ ဒါပေမဲ့ ဒါက တကယ်ကို မယုံနိုင်စရာပဲ။”
ထို့နောက်ဆာရာသည် ရှောင်းယီ ပြောပြထားသည့်အတိုင်း လက်ကိုင်ဖုန်း၏ အလုပ်လုပ်ပုံကို ဟေးလ်အား အကျဉ်းချုပ် ရှင်းပြလိုက်၏။
ဟေးလ်သည် အဓိပ္ပာယ်ကို အပြည့်အဝ နားမလည်သော်လည်း အကြမ်းဖျင်းအားဖြင့်တော့ သဘောပေါက်သွားခဲ့သည်။
“ဒီပစ္စည်းက တကယ်ပဲ လူနှစ်ယောက်ကို ဒီလောက်အဝေးကြီးကနေ ဆက်သွယ်ပေးနိုင်တာလား။ တကယ်ကို အံ့သြဖို့ကောင်းတာပဲ။”
ဟေးလ်က စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်သည်။
“အင်း။”
ဆာရာက ဆိုသည်။
“ကဲ နင်တို့ရဲ့ လက်ကိုင်ဖုန်းတွေကို ထုတ်လိုက်။ အခြေခံ အသုံးပြုပုံတွေကို ငါသင်ပေးမယ်။”
မကြာမီ ဆာရာ၏ အခန်းထဲတွင် အင်တာနက်စွဲလမ်းနေသော မိန်းကလေး သုံးဦး ပေါ်ပေါက်လာခဲ့ပြီး အသီးသီး မိမိတို့၏ဖုန်းများကို လေ့လာနေကြတော့လေသည်။
“ဒါက အရမ်းအစွမ်းထက်တာပဲ။ ဗီဒီယိုတွေတောင် ကြည့်လို့ရတယ်။ ကြည့်စမ်း ဒါက ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ပြင်ပတိုက်ပွဲ ဗီဒီယိုနဲ့တူတယ်။ ဗန်ပိုင်းယားတွေတောင် ပါတယ်လား။”
ဟေးလ်သည် ဗန်ပိုင်းယားများ ထိန်းချုပ်ထားသော မဟာမိတ်အဖွဲ့ကို တိုက်ခိုက်သည့် ဗီဒီယိုအား မတော်တဆ တွေ့ရှိသွားကာ အံ့အားသင့်စွာ ပြောလိုက်၏။
“ဘာ... ငါ့ကို ပေးကြည့်ဦး။”
ဆာရာ အမြန်တိုးကြည့်လိုက်သည်။ ဗီဒီယိုကို မြင်ပြီးနောက် သူမ အလေးအနက် စဉ်းစားခန်း ဝင်သွားခဲ့လေသည်။
ဖုန်းကို ခဏတာ ထပ်မံလေ့လာပြီးနောက် ဟေးလ်နှင့် အခြားနှစ်ဦးမှာ ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ ဆာရာသည် သူတို့ကို မတားတော့ဘဲ ကိုယ်တိုင်ပင် လိုက်လံပို့ဆောင်ပေးခဲ့သည်။
၎င်းတို့ ထွက်သွားပြီးနောက် ဆာရာသည် အနည်းငယ်စဉ်းစားကာ ကိုယ့်ကိုယ်ကိုယ် အကျယ်ချုပ်ချထားသော အကြီးအကဲများရှိရာသို့ ဦးတည်သွားလိုက်သည်။
“အကြီးအကဲတို့ ကျွန်မ ရင်ဆိုင်နေရတဲ့ အခြေအနေတစ်ခုအတွက် အကြံဉာဏ် လိုချင်ပါတယ်။”
ဆာရာက လိုရင်းကို တိုက်ရိုက်ပြောလိုက်၏။
“အခု မင်းက အမှောင်နတ်သူငယ်မျိုးနွယ်စုအတွက် ဆုံးဖြတ်ချက်အားလုံး ချနိုင်နေပြီပဲ။ ဘာလို့ ငါတို့ကို လာတိုင်ပင်နေသေးတာလဲ။”
အကြီးအကဲချုပ်က သူမကို နားမလည်နိုင်စွာ ကြည့်ရင်း မေးလိုက်သည်။
“ကျွန်မတို့ အမှောင်နတ်သူငယ်မျိုးနွယ်စုရဲ့ သွေးထဲမှာ တိုက်ခိုက်ရေးဗီဇတွေ အမြဲရှိနေခဲ့တာပါ။ အခုဘဝက အရမ်းအေးချမ်းလွန်းနေတယ်။ ကျွန်မတို့ တိုက်ပွဲတွေကနေ လှုံ့ဆော်မှုအချို့ လိုအပ်နေတယ်။”
ဆာရာက ရှင်းပြလိုက်သည်။
“ပြီးတော့ ဒီမှာရှိတဲ့ တစ်ခုတည်းသော တိုက်ပွဲက ပြင်ပတိုက်ပွဲတွေပဲ။ အဲ့ဒါကြောင့် ကျွန်မတို့ အမှောင်နတ်သူငယ်တွေအနေနဲ့ ယီရန်ပင်း မဟာမိတ်အဖွဲ့ရဲ့ ပြင်ပတိုက်ပွဲတွေမှာ ပါဝင်စေချင်တယ်။”
“ဒါက အတော်လေး ကောင်းတယ်မဟုတ်ဘူးလား။”
အကြီးအကဲချုပ်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
“ဒါပေမဲ့ ကျွန်းပိုင်ရှင်က ပြောတယ်။ ကျွန်မတို့ဘက်က လူသားတွေရဲ့ လေ့ကျင့်ပေးမှုနဲ့ စုစည်းထားတဲ့ ကွပ်ကဲမှုကို လက်ခံရမယ်။ ကျွန်မတို့ မျိုးနွယ်စုဝင်တွေ ဒါကို လုပ်နိုင်ပါ့မလားလို့ စိုးရိမ်မိတယ်။”
“လူသားတွေရဲ့ လေ့ကျင့်ပေးမှုကို လက်ခံရမယ် ဟုတ်လား။ ဟမ့်... သူတို့က ငါတို့ အမှောင်နတ်သူငယ်တွေရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကို သိလို့လား။”
“အတိအကျပဲ။ အဲဒီ အထူးလက်နက်တွေသာ မရှိရင် သူတို့က ငါတို့ရဲ့ ပြိုင်ဘက်တောင် မဟုတ်ဘူး။ သူတို့မှာ ငါတို့ကို လေ့ကျင့်ပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ။”
“ဒါက တကယ်ပဲ လူအများကို နားချဖို့ မလွယ်ဘူး။”
အကြီးအကဲ အသီးသီးက သူတို့၏ အမြင်များကို ထုတ်ဖော်ပြောဆိုလိုက်ကြသည်။ ခြုံငုံကြည့်လျှင် လူသားများသည် ၎င်းတို့၏ အမှောင်နတ်သူငယ်မျိုးနွယ်စုကို လေ့ကျင့်ပေးရန် အရည်အချင်းမရှိဟု ယုံကြည်နေခဲ့ကြလေသည်။
ဆာရာက တည်ငြိမ်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ သူတို့ရဲ့ ပြင်ပတိုက်ပွဲတွေမှာ ဗန်ပိုင်းယားတွေနဲ့ တွေ့ခဲ့ရတယ်။”
ထိုစကားကို ကြားသောအခါ အကြီးအကဲများအားလုံး အံ့အားသင့်စွာ အာမေဍိတ်သံများ ထွက်ပေါ်လာခဲ့ကြပြီး မတ်တတ်ထရပ်ကုန်ကြသည်။
“သူတို့ တကယ်ပဲ ဗန်ပိုင်းယားတွေနဲ့ တွေ့ခဲ့တာလား။”
အကြီးအကဲချုပ်က ထိတ်လန့်တုန်လှုပ်စွာ မေးလိုက်၏။
“ဟုတ်ပါတယ်။”
ထို့နောက် ဆာရာသည် စောစောက ဗီဒီယိုကို ရှာဖွေပြီး အကြီးအကဲများကို ပြသလိုက်လေသည်။
အကြီးအကဲများသည် ဆာရာ့လက်ထဲမှ ဖုန်းကို စိတ်ဝင်စားနေကြသော်လည်း ဗီဒီယိုထဲမှ ဗန်ပိုင်းယားများက သူတို့၏ အာရုံကို ပိုမိုဆွဲဆောင်နေခဲ့သည်။
“တကယ်ကို ဗန်ပိုင်းယားတွေ ရှိနေတာပဲ။ ဒါဆိုရင် ငါတို့ အဲဒီ ပြင်ပတိုက်ပွဲတွေမှာ သေချာပေါက် ပါဝင်ရမယ်။”
“မှန်တယ်၊ ငါတို့နဲ့ ဗန်ပိုင်းယားတွေက ပြန်လည်သင့်မြတ်လို့မရတဲ့ ရန်သူတွေပဲ။ ဗန်ပိုင်းယားတွေရဲ့ အသိုက်အကို ရှာဖို့ ရှောင်းယီနောက်ကို လိုက်ရမယ်။”
“အဲဒီလိုဆိုရင်တော့ ရှောင်းယီရဲ့ လိုအပ်ချက်တွေကို ငါတို့ လက်ခံရမှာပေါ့။”
ထိုအချိန်တွင် အကြီးအကဲချုပ်က ထပ်မံပြောကြားလိုက်သည်။
“ဗန်ပိုင်းယားတွေကို နှိမ်နင်းနိုင်သရွေ့တော့ ရှောင်းယီရဲ့ လိုအပ်ချက်တွေကို လက်ခံရတာ ဘာဖြစ်သလဲ။ သူတို့မှာ ငါတို့ကို လေ့ကျင့်ပေးဖို့ နည်းလမ်းမရှိရင်တောင် လေ့ကျင့်နေတဲ့ အချိန်မှာ သူတို့ ခက်ခဲတာကို သိသွားတဲ့အခါ သူတို့ဘာသာ နောက်ဆုတ်သွားလိမ့်မယ်။”
“အကြီးအကဲချုပ် ပြောတာ မှန်တယ်။”
အခြားအကြီးအကဲများကလည်း တညီတညွတ်တည်း ထောက်ခံလိုက်ကြသည်။
အနီးအနားတွင် အကျဉ်းချခံထားရသော ဟေအာကလည်း မနေနိုင်ဘဲ ဝင်ပြောလာခဲ့သည်။
“ဘုရင်မ ကျွန်မလည်း တိုက်ပွဲတွေမှာ ပါဝင်လို့ရမလား။”
တစ်နေ့ကုန် ဤနေရာတွင် ထိုင်နေရသည်မှာ တကယ်ကို ပျင်းစရာကောင်းလွန်းလှပေသည်။ ဤအတိုင်းသာ ဆက်သွားရပါက သူ တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မိတော့မည်ဟု ဟေအာ ခံစားနေရသည်။
ထိုအခါ ဆာရာက သူ့ကို တစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“နင် ငါ့အမိန့်ကို ထပ်ပြီး ဖောက်ဖျက်ရဲရင် နင် သေတဲ့အထိ အကျဉ်းချခံထားရလိမ့်မယ်။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဘုရင်မ။”
ဟေအာက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
အကြီးအကဲများ ကန့်ကွက်ခြင်း မရှိတော့သည်ကို မြင်သောအခါ ဆာရာ မတ်တတ်ထရပ်လိုက်၏။
“ကောင်းပြီ ဒါဆို ဆုံးဖြတ်လိုက်ပြီ။ ကျွန်းပိုင်ရှင်နဲ့ ကျွန်မ ဆက်သွယ်လိုက်ပါ့မယ်။”
“ခဏလေး ဘုရင်မ မင်းလက်ထဲက အဲဒီ စက်က ဘာလဲ။”
အကြီးအကဲချုပ်က မနေနိုင်ဘဲ မေးလိုက်ပြန်သည်။
“ဒါကို လက်ကိုင်ဖုန်းလို့ ခေါ်တယ်။”
ဆာရာက အနည်းငယ် ရှင်းပြလိုက်၏။
“အကြီးအကဲတို့ အရင်က ဖြစ်ပျက်ခဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ။ အကယ်၍ ဒီအပြင်လူတွေအကြောင်းကို နားလည်ချင်တယ်ဆိုရင် အပြင်ကို ပိုထွက်ကြည့်သင့်တယ်။ မဟာမိတ်အဖွဲ့ထဲက လူသားတွေက တခြားမျိုးနွယ်စုတွေအပေါ် အရမ်း ဖော်ရွေကြတယ်။ ကျွန်မ သမန်းဝံပုလွေတွေ၊ ရေသူတွေနဲ့ လူပုတွေကိုတောင် တွေ့ခဲ့ရတယ်။ သူတို့က အပန်းဖြေစခန်းမှာ ခဏခဏ ပေါ်လာတတ်ကြတယ်။”
အကြီးအကဲ ကိုးဦးစလုံး အလွန်အံ့အားသင့်သွားခဲ့ကြသည်။ ထို့နောက် ထွက်ခွာသွားသော ဆာရာ့ကို ကြည့်ရင်း သူတို့ စဉ်းစားခန်းဝင်သွားခဲ့ကြလေသည်။
“အကြီးအကဲချုပ် ကျွန်မတို့ အပြင်ထွက်ပြီး သွားကြည့်သင့်လား။”
အကြီးအကဲချုပ်က အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။
“ကောင်းပြီ အပြင်ထွက်ပြီး သွားကြည့်ကြတာပေါ့။”
ဆာရာသည် အကြီးအကဲများ၏ အကျယ်ချုပ်ဧရိယာထဲမှ ထွက်လာခဲ့ပြီးနောက် သူမ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာခဲ့လေသည်။
အကြီးအကဲများ ထိုဗီဒီယိုကို မြင်လိုက်ရသည်နှင့် အမှောင်နတ်သူငယ်များ မဟာမိတ်အဖွဲ့၏ လုံခြုံရေးတပ်ဖွဲ့တွင် ပါဝင်ရန် သေချာပေါက် သဘောတူမည်ကို သူမ သိထားပြီးဖြစ်သည်။
အမှန်စင်စစ် အမှောင်နတ်သူငယ်များသာမက အလင်းနတ်သူငယ်များပါ လုံခြုံရေးတပ်ဖွဲ့တွင် ပါဝင်ရန် သေချာပေါက် ရွေးချယ်လိမ့်မည်ဖြစ်ကြောင်း ဆာရာ သိနေ၏။
အကြောင်းမှာ ဗန်ပိုင်းယားများသည် နတ်သူငယ်မျိုးနွယ်စုတစ်ခုလုံး၏ ဘုံရန်သူ ဖြစ်သောကြောင့်ပင်။
ဤသို့တွေးရင်းဖြင့် ဆာရာသည် ရှောင်းယီထံသို့ ဖုန်းခေါ်ဆိုလိုက်တော့သည်။
“ဒီလောက် မြန်မြန် အဆင်ပြေသွားပြီလား။ သတင်းကောင်း ဖြစ်မယ်လို့ ငါထင်တယ် ဟုတ်လား။”
ရှောင်းယီက မေးလိုက်သည်။
“တကယ်ကို သတင်းကောင်းပဲ။ ငါတို့ နင့်ရဲ့ လိုအပ်ချက်တွေကို သဘောတူတယ်။ ဒါပေမဲ့ နင် ငါတို့ကို လေ့ကျင့်ပေးနိုင်စွမ်း မရှိဘူးဆိုရင်တော့ ငါတို့ ဒီလေ့ကျင့်မှုကို နာခံမှာမဟုတ်ဘူးနော်။”
ဆာရာက ပြုံးကာ ပြန်ပြောလိုက်၏။
“တစ်နည်းပြောရရင် မင်းတို့ကို လေ့ကျင့်ပေးဖို့ ငါတို့ဘက်က အစွမ်းအစ အချို့ ထုတ်ပြရမယ်ပေါ့ ဟုတ်လား။”
ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားကာ မေးလိုက်သည်။
“အတိအကျပဲ။ ကဲ... နင် သတ္တိရှိရဲ့လား။”
ဆာရာက ရယ်မောရင်း ပြောလိုက်၏။
“ ‘ရှိရဲ့လား’ ဆိုတဲ့ စကားလုံးကို ဖယ်လိုက်စမ်းပါ။ ငါတို့ မလုပ်ရဲတာ ဘာမှမရှိဘူး။ မင်းရဲ့ အဖွဲ့ကိုသာ အဆင်သင့်ပြင်ထားလိုက်။ အချိန်တန်ရင် အစ်ကိုကျန်းကို မင်းဆီ ဆက်သွယ်ခိုင်းလိုက်မယ်။”
ရှောင်းယီက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
***