ဆာရာ အနည်းငယ် အံ့အားသင့်ခဲ့သွားသည်။ သူမ၏ နားလည်မှုအရ လူသားများသည် လျင်မြန်မှုနှင့် ပတ်သက်လျှင် နတ်သူငယ်များကို လုံးဝယှဉ်နိုင်မည် မဟုတ်ပေ။
လေးအတတ်နှင့် ပတ်သက်၍မူ ဆာရာက ပို၍ပင် ယုံကြည်မှု ရှိသေး၏။ သူမ၏ နတ်သူငယ်များမှာ မွေးရာပါ လေးသမားများ ဖြစ်ကြသည်။
ဤရှောင်းယီက မည်သည့်နေရာမှ ထိုကဲ့သို့ ယုံကြည်မှုများ ရရှိနေသနည်း။
အံ့အားသင့်သွားခဲ့သော်လည်း ဆာရာက ပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ၊ ဒါဆိုရင် နင့်ရဲ့ နည်းပြက ငါတို့ နတ်သူငယ်မျိုးနွယ် စစ်သည်တွေကို ဘယ်လိုအနိုင်ယူမလဲဆိုတာ ငါ စောင့်ကြည့်နေမယ်။”
“ကောင်းပြီ။ အချိန်ကျရင် လာကြည့်လို့ရတယ်။”
ရှောင်းယီက ပြန်ဖြေပြီးနောက် ဖုန်းချလိုက်တော့သည်။
ခဏမျှ စဉ်းစားပြီးနောက် ရှောင်းယီသည် ကျန်းယွင်ထျန်းအား ဖုန်းဆက်လိုက်၏။
“အစ်ကိုကျန်း အမှောင်နတ်သူငယ်မျိုးနွယ်စုက သဘောတူလိုက်ပြီ။ ဒါပေမဲ့ သူတို့အားလုံးက ပြဿနာရှာတတ်တဲ့သူတွေပဲ။ သူတို့ကို နည်းနည်းလောက် ယဉ်ပါးအောင် လုပ်ဖို့ လိုလိမ့်မယ်လို့ ငါ ထင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ပြုံးလိုက်သည်။
“ပြဿနာရှာတဲ့သူတွေလား။ ငါက အဲ့လိုမျိုး ပြဿနာရှာတဲ့သူတွေကို တကယ်မကြောက်ဘူး။ သူတို့ကို လာခဲ့ဖို့သာ ပြောလိုက်။”
“ဒါပေမဲ့ သူတို့မှာ မွေးရာပါ အားသာချက်တွေ ရှိတယ်။ မင်းအနေနဲ့ ရူးသွပ်ဆေး တချို့တော့ ပြင်ဆင်ထားသင့်တယ်။ သူတို့ကို မဖြစ်မနေ အနိုင်ယူရမယ်။ မဟုတ်ရင် နောက်ပိုင်းမှာ စီမံခန့်ခွဲရ ခက်သွားလိမ့်မယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
“စိတ်ချပါ ကျွန်းပိုင်ရှင်။ ငါကိုသာ လွှဲထားလိုက်ပါ။ ငါ အားလုံး စီစဉ်လိုက်မယ်။”
ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။ ရှောင်းယီက ကျေနပ်စွာ ခေါင်းငြိမ့်ပြလိုက်သည်။
ဤအချိန်တွင် ရှောင်းယီ ရှာဖွေတွေ့ရှိခဲ့သော တိုက်သစ်ကြီးသည် ပင်လယ်ရေအောက်သို့ တစ်ဝက်ခန့် နစ်မြုပ်နေပြီ ဖြစ်ပြီး တိုက်ကြီးပေါ်ရှိ အဖွဲ့အစည်းအသီးသီးသည်လည်း ၎င်းတို့၏ ကိုယ်ပိုင် ဦးတည်ရာများကို ရှာဖွေတွေ့ရှိထားကြပြီ ဖြစ်သည်။
ယခုအချိန်တွင် သူတို့ တိုက်ကြီးပေါ်၌ ဆက်ရှိနေရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ ထိုနေရာရှိ သယံဇာတများကို အပြည့်အဝ မထုတ်ယူရသေးခြင်းကြောင့် ဖြစ်ပြီး ဤနောက်ဆုံးအချိန်ကာလအတွင်း အပြိုင်အဆိုင် တူးဖော်နေကြခြင်း ဖြစ်သည်။
ယခင်က ရှောင်းယီကို လိုက်လံတိုက်ခိုက်ခဲ့သော သွေးစုပ်ဖုတ်ကောင် ချာလီသည်လည်း ထိုအထဲတွင် ပါဝင်ပေသည်။
သူသည် ယခင်မျိုးဆက် အသက်ရှင်ကျန်ရစ်သူ၏ ကျွန်းအနီးသို့ ရောက်သည်အထိ ရှောင်းယီနောက် လိုက်လံတိုက်ခိုက်ခဲ့စဉ်က ထိုနေရာအား တိုက်ကြီး၏ “းတားမြစ်နယ်မြေဖြစ်ကြောင်း သတိရမိသွားကာ ချက်ချင်းပင် ကြောက်လန့်ပြီး ဆုတ်ခွာသွားခဲ့ရသည်။
ရက်အနည်းငယ် ကြာပြီးနောက်တွင်လည်း ချာလီသည် အလျှော့မပေးလိုသေးသဖြင့် စစ်သည်အဖွဲ့တစ်ဖွဲ့ကို ခေါ်ဆောင်ကာ တားမြစ်နယ်မြေ၏ အစွန်အဖျားသို့ ပြန်လာခဲ့၏။
သို့သော် ဤတစ်ကြိမ်တွင် ချာလီမှာ မှင်တက်သွားခဲ့ရလေသည်။ တားမြစ်နယ်မြေသည် ဧရာမ ရေကန်ကြီးတစ်ခု ဖြစ်နေခဲ့ချေပြီ။
“တားမြစ်နယ်မြေက ဘယ်ရောက်သွားတာလဲ။”
ချာလီသည် မိမိမျက်လုံးကိုယ်တိုင်ပင် မယုံနိုင် ဖြစ်သွားခဲ့၏။ သူနှင့်အတူ ပါလာသော စစ်သည်များမှာလည်း ဆွံ့အသွားခဲ့ကြသည်။ တိုက်ကြီးပေါ်ရှိ တားမြစ်နယ်မြေကို လူတိုင်း သိကြသော်လည်း ယခုအခါ ၎င်းမှာ ပျောက်ကွယ်သွားပြီလော။
တစ်ချိန်တည်းမှာပင် အဖွဲ့အစည်းအတော်များများသည်လည်း တားမြစ်နယ်မြေ ပျောက်ကွယ်သွားသည်ကို တွေ့ရှိသွားခဲ့ကြပြီး စတင်သံသယဝင်လာကြတော့သည်။
“ပင်လယ်ရေက တားမြစ်နယ်မြေကို အရင်ဆုံး လွှမ်းမိုးသွားတာလား။”
“ဒါပေမဲ့ တားမြစ်နယ်မြေ ပျောက်ကွယ်သွားတာက မကောင်းတဲ့အချက်တော့ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အထဲက အဆင့်မြင့် သားရဲတိရစ္ဆာန်တွေ ထွက်လာမှာကို စိုးရိမ်စရာ မလိုတော့ဘူးပေါ့။”
“မှန်တယ်။ ဒါပေမဲ့ အပြင်လူတွေ ရောက်လာကတည်းက ဒီတိုက်ကြီးပေါ်မှာ ထူးဆန်းတဲ့အရာတွေ အကုန်ဖြစ်ပျက်နေခဲ့တာ။ အဲ့ဒီအပြင်လူတွေကမှ တကယ့်ကို ဂြိုဟ်ဆိုးတွေပဲ။”
“ဟားဟားဟား အဲဒီလိုတော့ ပြောလို့မရဘူး။ အနည်းဆုံးတော့ သူတို့က ငါတို့ဆီကို နတ်ဘုရားရဲ့ မျက်နှာသာပေးမှုတွေကို ယူဆောင်လာပေးခဲ့တယ်လေ။ အခုဆို ငါတို့မှာလည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေ ရှိနေပြီ။ ဒါက ငါတို့အတွက် အကြီးမားဆုံး အကျိုးအမြတ်ပဲ။”
“မမှားဘူး။ ကြည့်ရတာ ငါတို့က ဒီအပြင်လူတွေကို ကျေးဇူးတင်တောင် ရဦးမယ်ထင်တယ်။”
တားမြစ်နယ်မြေ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ ချာလီသည် အခြားသူများထက် ပို၍ တွေးတောနေမိ၏။
“အဲဒီနေ့က ယီရန်ပင်း တားမြစ်နယ်မြေထဲ ဝင်သွားတာကို ငါ မြင်လိုက်တယ်။ အခု တားမြစ်နယ်မြေက ပျောက်သွားပြီဆိုတော့ ဒါက အဲ့ဒီအပြင်လူနဲ့ ပတ်သက်နေမလား။”
ချာလီတစ်ယောက် မျက်မှောင်ကျုံ့ကာ စဉ်းစားလိုက်မိသည်။
“တားမြစ်နယ်မြေထဲမှာ တခြား လျှို့ဝှက်ချက်တွေ ရှိနေတာလား။”
အကယ်၍ သူ၏ အတွေးသာ မှန်ကန်ပါက ထိုအပြင်လူသည် တားမြစ်နယ်မြေ၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိသွားခဲ့သည်မှာ သေချာပေသည်။
“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အဲဒီအပြင်လူရဲ့ အင်အားက အဲလောက် မကြီးမားသင့်ဘူး မဟုတ်လား။”
ချာလီက သူ့ဘာသာ တွေးတောနေမိ၏။
သူကိုယ်တိုင်လည်း တားမြစ်နယ်မြေအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ဖူးပေသည်။ သို့သော်လည်း မီတာ နှစ်ရာပင် မပြည့်မီ အတွင်းရှိ ကြောက်မက်ဖွယ် သားရဲများ၏ တိုက်ထုတ်ခြင်းကို ခံခဲ့ရသည်။ ထိုအပြင်လူ၏ ခွန်အားသည် သူ့ထက် အနည်းငယ် အားနည်းသင့်သည်ဖြစ်ရာ တားမြစ်နယ်မြေ၏ အတွင်းပိုင်းအထိ မဝင်ရောက်နိုင်သင့်ပေ။
“ဒါမှမဟုတ် တားမြစ်နယ်မြေက အပြင်လူတွေကို မျက်နှာသာပေးထားတာလား။”
ချာလီက နောက်ဆုံးတွင် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားမိခဲ့လေသည်။
“သေစမ်း...အပြင်လူတွေရဲ့ အားသာချက်က တကယ့်ကို ကြီးမားလွန်းတယ်။”
ထိုသို့တွေးရင်းဖြင့် ချာလီသည် သူ၏လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားတော့သည်။ သူသည် ယခုအခါ ဟွာရှားမှ ဆင်းသက်လာသော မဟာမိတ်အဖွဲ့ (၇) ဖွဲ့ ကို ထိန်းချုပ်ထားပြီး ဖြစ်သည်။ ထိုမဟာမိတ်အဖွဲ့ ခေါင်းဆောင်အားလုံးမှာ သူ၏ “ပွေ့ဖက်ခြင်း” (အယုံသွင်းခြင်း) ကို ခံယူခဲ့ရပြီး မြင့်မြတ်သော သွေးမျိုးနွယ်စုအဖြစ် ပြောင်းလဲသွားကြပြီ ဖြစ်သည်။
ချာလီသည် တိုက်ကြီးပေါ်၌ ကိုယ်တိုင်လှည့်လည်နေရသည့် အကြောင်းရင်းမှာ “ပွေ့ဖက်” ရန်အတွက် အပြင်လူများကို ပိုမိုရှာဖွေရန် ဖြစ်သည်။
သွေးစုပ်ဖုတ်ကောင်များတွင် ကြီးမားသော အားသာချက်တစ်ခု ရှိပေသည်။ ၎င်းမှာ “ပွေ့ဖက်ခြင်း” အားဖြင့် အဖွဲ့ဝင်အသစ်များကို တိုးပွားစေနိုင်ခြင်းပင်။ ၎င်းသည် ကူးစက်ရောဂါတစ်ခုကဲ့သို့ပင် ဖြစ်ပြီး နောက်လိုက်အုပ်စုကြီးကို ချက်ချင်း ရရှိစေနိုင်သည်။
ချာလီတွင် ယခုအခါ မဟာမိတ် (၇) ဖွဲ့နှင့် ကျွန်းပေါင်း အနည်းဆုံး (၆၃) ကျွန်းကို ပိုင်ဆိုင်ထားပြီဖြစ်ရာ ၎င်းမှာ ကြီးမားသော အင်အားစုတစ်ခု ဖြစ်နေခဲ့ ချေပြီ။ သို့သော် သူသည် ယင်းကို အားမရသေးဘဲ သူ၏ ဩဇာအာဏာကို ချဲ့ထွင်ရန်အတွက် အပြင်လူအဖွဲ့များကို ဆက်လက် ရှာဖွေနေဆဲပင်။
ချာလီသည် သူ၏အဖွဲ့နှင့်အတူ ဦးတည်ရာတစ်ခုကို ကျပန်းရွေးချယ်ကာ သွားလာနေရင်း မကြာမီမှာပင် အဖွဲ့တစ်ဖွဲ့ကို တွေ့ရှိသွားခဲ့တော့သည်။
“မြို့စားမင်း ရှေ့မှာ အဖွဲ့တစ်ဖွဲ့ ရှိပါတယ်။ သူတို့ရဲ့ အသုံးအဆောင်တွေကို ကြည့်ရရင် ယီရန်ပင်း မဟာမိတ်အဖွဲ့က ဖြစ်ပုံရပါတယ်။”
စစ်သည်တစ်ဦးက အစီရင်ခံလိုက်သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့၏ ကျော်ကြားမှုမှာ ကြီးထွားလာသည်နှင့်အမျှ အဖွဲ့အစည်းအားလုံးနီးပါးက ၎င်းတို့ကို အထူးစုံစမ်း စစ်ဆေးလာခဲ့ကြ၏။ ဧကရာဇ်နိုင်ငံကြီး ၄ ခုပင်လျှင် ယီရန်ပင်း၏ လက်ချက်ဖြင့် နှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ခဲ့ရသဖြင့် ယီရန်ပင်းကို ပို၍ သတိထားလာခဲ့ကြသည်။
အခြားအဖွဲ့အစည်းများသည် ယီရန်ပင်း မဟာမိတ်အဖွဲ့ကို တိုက်ရိုက် မတိုက်ခိုက်ဖူးသော်လည်း တိုက်ကြီးပေါ်တွင် ယီရန်ပင်း၏ အဖွဲ့ငယ်လေးများနှင့် တွေ့ဆုံတိုက်ခိုက်မိတိုင်း အရှုံးနှင့် ရင်ဆိုင်ခဲ့ရသည်ချည်းပင်။ ထို့ကြောင့် သူတို့သည် ယီရန်ပင်းနှင့် ပတ်သက်သည့် အချက်အလက်များကို အလွန်အလေးအနက်ထားကာ စုဆောင်းထားခဲ့ကြ၏။
“ယီရန်ပင်း မဟာမိတ်အဖွဲ့ ဟုတ်လား။ အကောင်းသားပဲ။ ငါလည်း ယီရန်ပင်းကို တားမြစ်ကျွန်းအကြောင်း မေးဖို့ ရှာနေတာ။”
ချာလီက လှောင်ပြုံးဖြင့် ပြောလိုက်သည်။
“သွားကြ သူတို့ကို ဖမ်းလိုက်။”
ချာလီနှင့် သူ၏လူများ ပေါ်လာသည်နှင့် ယီရန်ပင်း မဟာမိတ်အဖွဲ့က ချက်ချင်း သတိပြုမိသွားခဲ့လေသည်။
“အဲဒီမှာ ရပ်လိုက်စမ်း။ မင်းတို့က ဘယ်သူတွေလဲ။”
“ငါတို့က မင်းတို့ရဲ့ အသက်ကို လာယူတဲ့သူတွေပဲ။”
ချာလီက ပြောပြောဆိုဆိုနှင့်ပင် သူ၏ခန္ဓာကိုယ်မှာ ထိုနေရာမှ ပျောက်ကွယ်သွားခဲ့သည်။
ယီရန်ပင်း မဟာမိတ်အဖွဲ့၏ တုံ့ပြန်မှုမှာလည်း မနှေးလှပေ။ သူတို့သည် ရှေ့တည့်တည့်သို့ ချက်ချင်း သေနတ်များဖြင့် ပစ်ခတ်တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း
သို့သော် သူတို့၏ တိုက်ခိုက်မှုများမှာ လွဲချော်ကုန်၏။ သူတို့ တုံ့ပြန်နိုင်ချိန်တွင်မူ ချာလီသည် ထိုအဖွဲ့ငယ်လေး၏ တစ်ဦးတည်းသော အပြင်လူ အဖွဲ့ဝင်ကို ဖမ်းဆီးထားပြီး ဖြစ်သည်။
ထိုလူမှာ အပြင်းအထန် ရုန်းကန်ရင်း အော်ဟစ်နေ၏။
“ငါ့ကိုလွှတ်စမ်း။ ငါတို့က ယီရန်ပင်း မဟာမိတ်အဖွဲ့ဝင်တွေပဲ။ ငါ့ကို တစ်ခုခုလုပ်ရင် ငါတို့ရဲ့ ကျွန်းပိုင်ရှင်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး။”
“ဟုတ်လား။”
ချာလီက နှာခေါင်းရှုံ့လိုက်သည်။
“ငါလည်း ယီရန်ပင်းကို ရှာနေတာ။ သူက ငါ့ကို အလွတ်မပေးမှာ မဟုတ်ဘူး။ ငါကသာ သူ့ကို အလွတ်မပေးမှာ။”
ထိုလူမှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ကျယ်လောင်စွာ ရယ်မောတော့လေသည်။
“မင်းက ငါတို့ ကျွန်းပိုင်ရှင်ကို ဒုက္ခပေးမလို့ဟုတ်လား။ ငါ မင်းကို အကြံပေးပါရစေ။ ငါတို့ ကျွန်းပိုင်ရှင်ကို မနှောင့်ယှက်တာ မင်းအတွက် အကောင်းဆုံး ဖြစ်လိမ့်မယ်။”
ချာလီက လှောင်ရယ်လိုက်၏။
“ဟုတ်လား။ ဒါဆိုရင် ငါ့ကိုယ်စား မင်း အရင်သွားနှင့်လိုက်တော့။”
ထိုလူမှာ ကြောင်အသွား၏။ ချာလီ ဆိုလိုသည့်အရာကို သူ နားမလည်မီမှာပင် သူ၏ လည်ပင်း၌ စူးရှသော နာကျင်မှုကို ခံစားလိုက်ရတော့လေသည်။
ချာလီသည် ထိုလူ၏ လည်ပင်းကို ကိုက်ချလိုက်၏။ ထိုလူသည် မိမိ၏ သွေးများ အလျင်အမြန် ဆုတ်ယုတ်သွားသလို ခံစားလိုက်ရပြီး မျက်လုံးများမှာလည်း တဖြည်းဖြည်း ပြာဝေလာတော့လေသည်။
***