မှင်တက်နေသော ဟေအာကို ဂရုမစိုက်တော့ဘဲ ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့သည် သူတို့ အနိုင်ယူလိုက်သော အမှောင်နတိသူငယ်တစ်ဦးချင်းစီကို ပြိုင်ပွဲပြီးဆုံးပြီဖြစ်ကြောင်း လိုက်လံအကြောင်းကြားပြီးနောက် တောအုပ်ထဲမှ ထွက်လာခဲ့ကြသည်။
အပြင်ဘက်တွင် ရလဒ်ကို စောင့်ဆိုင်းနေကြသော ရှောင်းယီနှင့် အခြားသူများသည် ထိုနှစ်ဦး ထွက်လာသည်ကို မြင်သော်လည်း နိုင်သလား ရှုံးသလားဟူသည်ကိုမူ မခန့်မှန်းနိုင်ကြသေးပေ။
“နည်းပြက အရင်ထွက်လာတာဆိုတော့ ကျုပ်တို့ နိုင်သွာစတာပေါ့ ဟုတ်တယ်မလား။”
“သေချာတာပေါ့။ နည်းပြက တောတွင်းစစ်ဆင်ရေးမှာ ဘယ်လောက်တော်လဲဆိုတာ မင်းတို့အသိပဲ။ နတ်သူငယ်တွေ အားလုံးပေါင်းတိုက်ရင်တောင် သူ့နဲ့ ကျန်းရွှဲ့ကို နိုင်မှာမဟုတ်ဘူး။”
“ဟုတ်တယ်။ အမှောင်နတ်သူငယ်တွေ ဘယ်လိုခံစားနေရမလဲဆိုတာ သိချင်မိတယ်။”
သူတို့ထွက်လာသည်ကို မြင်သောအခါ ဆာရာက မေးလိုက်သည်။
“ရှင်တို့ ပြိုင်ပွဲက ထွက်လိုက်ရတာလား။”
“မဟုတ်ဘူး... မင်းလူတွေဘက်ကိုပဲ ကြည့်လိုက်ပါဦး။ ဒါဆို ဘယ်သူတွေ ရှုံးသွားလဲဆိုတာ သိရလိမ့်မယ်။”
ရှောင်းယီက စိတ်ပျက်လက်ပျက်ဖြင့် လျှောက်လာနေသော အမှောင်နတ်သူငယ် ဆယ်ဦးကို လက်ညှိုးထိုးပြရင်း ပြုံး၍ ပြောလိုက်သည်။
ဆာရာသည် ခေါင်းငိုက်စိုက်ကျလျက် ချဉ်းကပ်လာသော ဟေအာကို ကြည့်ကာ အံ့အားသင့်သွားခဲ့၏။
“မင်းတို့အားလုံး အနိုင်ယူခံလိုက်ရတာလား။”
ဟေအာက ခေါင်းငြိမ့်ပြလိုက်သော်လည်း ကန့်ကွက်လိုက်လေသည်။
“သူတို့က ပုန်းနေရင်းကနေပဲ ချောင်းမြောင်းတိုက်ခိုက်နေတာ။ ဒါက တကယ့်ပြိုင်ပွဲ မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ရယ်မောလိုက်သည်။
“စစ်မြေပြင်မှာ ရှင်သန်ခြင်းကသာ အမှန်တရားပဲ။ မင်း ကြိုက်တဲ့ အောက်တန်းကျတဲ့နည်းလမ်းတွေကို သုံးနိုင်တယ်။ အသက်ရှင်နေတာက သေသွားတာထက် သာတယ်လေ။”
“ဟမ့်... ငါတို့က ဒီလက်နက်တွေနဲ့ မရင်းနှီးလို့ပဲ။ မဟုတ်ရင် နင်တို့ကို အနိုင်ယူနိုင်တယ်။”
အခြားအမှောင်နတ်သူငယ်တစ်ဦးက ညည်းတွားလိုက်သည်။
“အို... မရင်းနှီးလို့တဲ့လား။”
ကျန်းယွင်ထျန်းက ပြုံးလျက် ခေါင်းခါလိုက်သည်။
“ဒါဆို မင်းတို့ရဲ့ လေးနဲ့မြှားက ငါတို့ဟာနဲ့ မတူဘူးလို့ ပြောချင်တာလား။”
“သေချာတာပေါ့ “
ထိုအမှောင်နတ်သူငယ်က ဂုဏ်ယူစွာ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် မင်းရဲ့လေးကို ခဏလောက် ငှားလို့ရမလား။”
ကျန်းယွင်ထျန်းက မေးလိုက်၏။
အမှောင်နတ်သူငယ်သည် ခဏတာ တွန့်ဆုတ်သွားပြီးနောက် သူ၏လေးနှင့်မြှားကို ကျန်းယွင်ထျန်းထံသို့ တည့်တည့်ပစ်ပေးလိုက်လေသည်။
ကျန်းယွင်ထျန်းသည် လေး၏အလေးချိန်ကို စမ်းကြည့်ပြီး ကျန်းရွှဲ့ကို ခေါင်းငြိမ့်ပြလိုက်ရာ သူမက ကျောက်တုံးတစ်တုံးကို လေထဲသို့ ချက်ချင်း မြှောက်တင်ပေးလိုက်၏။ သူသည် မြှားအိမ်ထဲမှ ထိပ်ဖူးမပါသော လေ့ကျင့်ရေးမြှားတစ်စင်းကို ဆွဲထုတ်ကာ လေထဲရှိ ကျောက်တုံးကို စတင်ပစ်ခတ်တော့လေသည်။
ပထမမြှား - စင်တီမီတာ အနည်းငယ် လွဲချော်သွားခဲ့သည်။
ဒုတိယမြှား - ကျောက်တုံး၏ အောက်ခြေကို ထိမှန်သွားပြီး ကျောက်တုံးကို ပို၍ မြင့်တက်သွားစေခဲ့သည်။
တတိယ၊ စတုတ္ထ၊ ပဉ္စမ... ကျောက်တုံးသည် မြေပြင်ပေါ်သို့ မကျဘဲ လေထဲတွင် ကခုန်နေသကဲ့သို့ ဖြစ်နေခဲ့၏။
နတ်သူငယ်စစ်သည်တိုင်း၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြလေသည်။ ကျန်းယွင်ထျန်းသည် နောက်ဆုံးလေ့ကျင့်ရေးမြှားဖြင့် ကျောက်တုံးကို ဖုန်မှုန့်များအဖြစ် လေထဲတွင်ပင် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားစေခဲ့သည်။
ခွမ်း
ကျောက်စရစ်ခဲများ မိုးသကဲ့သို့ ရွာကျလာစဉ် သူက လေးကို ပြန်ပေးလိုက်ပြီး ပြောလိုက်လေသည်။
“တကယ့်တိုက်ပွဲမှာ မင်းတို့ အကြိုက်ဆုံးလက်နက်ကို အမြဲရနေမှာ မဟုတ်ဘူး။ လိုက်လျောညီထွေဖြစ်အောင် သင်ယူကြရမယ်။ နားလည်လား။”
အမှောင်နတ်သူငယ်သည် ဆွံ့အလျက် ခေါင်းငြိမ့်လိုက်မိ၏။ နတ်သူငယ်တို့၏ လေးများသည် လူသားတို့၏ လေးများနှင့် ကွဲပြားပြီး သူသည် ကိုက်ညီသော မြှားများကိုပင် မသုံးခဲ့ဘဲ လေ့ကျင့်ရေးမြှားတံများကိုသာ သုံးခဲ့ခြင်းဖြစ်သည်။ ပထမဆုံးအကြိမ် လွဲချော်လုနီးပါးဖြစ်ခဲ့သည်မှအပ ကျန်ရှိသော အချက်တိုင်းမှာ ထိမှန်ခဲ့ရာ နတ်သူငယ်လူမျိုးများမှာ ထိုပစ်ခတ်မှုစွမ်းရည်ကို အထင်ကြီးလေးစားသွားကြရုံသာ ရှိတော့သည်။ သူတို့၏ ရင်းနှီးသော လေးနှင့်မြှားများဖြင့်ဆိုလျှင် ဤကဲ့သို့ လုပ်ဆောင်နိုင်ကောင်း လုပ်ဆောင်နိုင်မည် ဖြစ်သော်လည်း လက်နက်တစ်ခုခု ပြောင်းလဲသွားသည်နှင့် သူတို့ ရှုံးနိမ့်သွားမည်မှာ သေချာပေသည်။ သူတို့ကိုယ်တိုင်လည်း မရင်းနှီးသော လေ့ကျင့်ရေးလက်နက်များဖြင့် ပစ်ခတ်မှုမှာ အလွန်ပင် ညံ့ဖျင်းခဲ့သည် မဟုတ်ပါလော။
ဆာရာသည်လည်း ကျန်းယွင်ထျန်းကို အံ့အားသင့်စွာ စိုက်ကြည့်နေမိ၏။
“ရှင်တို့ရဲ့ စစ်စခန်းက လူတိုင်း ဒီလိုလုပ်နိုင်ကြတာလား။”
“တချို့က လုပ်နိုင်ကြတယ်။ ဒါက လေ့ကျင့်မှုကနေတစ်ဆင့် ရလာတဲ့ ရလဒ်ပဲ။ မင်း နတ်သူငယ်တွေမှာ အဲဒီလို ပါရမီတွေ ရှိနေရက်နဲ့ အဲဒါကိုပဲ အားကိုးနေကြတာကတော့ နှမြောစရာပဲ။”
ဆာရာသည် သူ၏စကားများကို ပြန်လည်စဉ်းစားနေမိသည်။
“ငါ့ရဲ့ လေးပစ်အတတ်က လူသားတွေထဲမှာ အတော်ဆုံးတော့ မဟုတ်ဘူး။ ငါ့ဇနီးက ပိုတော်တယ်။ သူမရဲ့ ခန္ဓာကိုယ်အဆင့်က A အဆင့်ပဲ ရှိသေးလို့သာ ငါ့ထက် နည်းနည်းလေး နောက်ကျနေတာ။”
ဟေအာ အံ့ဩတုန်လှုပ်သွား၏။
“ဘာ..။ အဲဒီအမျိုးသမီးက A အဆင့်ပဲ ရှိတာလား။ မဖြစ်နိုင်တာ။”
“မဖြစ်နိုင်တာ ဘာမှမရှိဘူး။ အချိန်သာပေးရင် သူတစ်ယောက်တည်းနဲ့ ဒီက နတ်သူငယ်အားလုံးကို ချေမှုန်းနိုင်တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
နတ်သူငယ်အားလုံးသည် တိတ်ဆိတ်နေသော ကျန်းရွှဲ့ကို မယုံကြည်နိုင်စွာဖြင့် ပါးစပ်အဟောင်းသား ကြည့်လိုက်မိကြ၏။ သို့သော် မည်သူမျှ ငြင်းခုံခြင်း မပြုရဲကြပေ။ ပြိုင်ပွဲအတွင်း၌ သူမသည် ပုန်းလျှိုးကွယ်လျှိုးလုပ်ခြင်း၊ လုပ်ကြံခြင်းနှင့် ထောင်ချောက်ဆင်ခြင်းစသည့် စွမ်းရည်များကို ပြသခဲ့ပြီးဖြစ်သည်။ နတ်သူငယ်များအနေဖြင့် ထိုကျွမ်းကျင်မှုများကို မတတ်မြောက်မချင်း သူမကို အနိုင်ယူနိုင်လိမ့်မည် မဟုတ်ပေ။
“ငါတို့ သဘောတူညီချက်အရ မင်းရဲ့ နတ်သူငယ်တွေဟာ လေ့ကျင့်မှုနဲ့ စီမံခန့်ခွဲမှုကို လက်ခံရမယ်။ မဟုတ်ရင် မဟာမိတ်အဖွဲ့ရဲ့ ကာကွယ်ရေးတပ်ကနေ နှုတ်ထွက်ရလိမ့်မယ်။”
ကျန်းယွင်ထျန်းက ဆာရာကို ပြောလိုက်သည်။
“ကျွန်မတို့ လက်ခံပါတယ်။”
ဆာရာက တွန့်ဆုတ်ခြင်းမရှိဘဲ ပြောလိုက်၏။ ထိုအခါ ရှောင်းယီက ပြုံးကာ ရှေ့တက်လာခဲ့သည်။
“နတ်သူငယ်တွေက အားကောင်းပြီးသားပါ။ ငါတို့ရဲ့ စနစ်တကျ လေ့ကျင့်မှုနဲ့ဆိုရင် လေ့ကျင့်ရေးပြီးသွားတဲ့ သမနဝံပုလွေတွေလိုမျိုး ပိုပြီးတော့တောင် အားကောင်းလာလိမ့်မယ်။”
ဆာရာက ခေါင်းငြိမ့်ပြလိုက်သည်။
“ကျွန်မတို့ နတ်သူငယ်တွေက ကတိတည်ပါတယ်။ မဟာမိတ်အဖွဲ့ရဲ့ အမိန့်နဲ့ လေ့ကျင့်ရေးကို အပြည့်အဝ နာခံပါ့မယ်။”
“ကောင်းပြီ... ဒါဆိုရင် လေ့ကျင့်ရေးကို စတင်လိုက်ကြတော့။”
ထိုသို့ပြောကာ ရှောင်းယီက လှည့်ထွက်သွားခဲ့သည်။
“ခဏနေပါဦး ကျွန်းပိုင်ရှင် “
ဆာရာက လှမ်းခေါ်လိုက်၏။
“ရှင် ဗန်ပိုင်းယားကို တွေ့ထားတယ်ဆိုရင် အခုချက်ချင်း အရေးယူသင့်တယ်။ မဟုတ်ရင် သူ ထွက်သွားမှာ မဟုတ်ဘူးလား။”
“စိတ်အေးအေးထားပါ။ အဲဒီဗန်ပိုင်းယက ငါ့နောက်ကို လိုက်နေတာ။ သူ့ရဲ့ မာနနဲ့ဆိုရင် သူက တိုက်သစ်မှာပဲ စောင့်နေလိမ့်မယ်။ ငါတို့ တိုက်ခိုက်တဲ့အခါကျရင်တော့ မြန်ဆန်တဲ့ အဆုံးသတ်ဖြစ်စေရပါမယ်။”
“နားလည်ပြီ”
ဆာရာက ပြန်ဖြေလိုက်သည်။ နတ်သူငယ်များအညး လေ့ကျင့်ပေးရမည့် တာဝန်မှာ ကျန်းရွှဲ့ထံသို့ ကျရောက်လာခဲ့သည်။ နတ်သူငယ်အများစုမှာ အမျိုးသမီးများဖြစ်သဖြင့် အမျိုးသားနည်းပြနှင့်ဆိုလျှင် အဆင်မပြေဖြစ်နိုင်သည်မှာ တစ်ကြောင်း၊ ကျန်းရွှဲ့ကိုယ်တိုင်ကလည်း ကျန်းယွင်ထျန်းအား သူတို့ကို လေ့ကျင့်ပေးခွင့် ပြုမည်မဟုတ်သည်မှာ တစ်ကြောင်းကြောင့် ဖြစ်သည်။
ကျန်းယွင်ထျန်းသည်လည်း ရှောင်းယီနှင့်အတူ လေ့ကျင့်ရေးကွင်းမှ ထွက်လာခဲ့လိုက်သည်။ သူက သက်ပြင်းတစ်ချက်ချကာ ပြောလိုက်၏။
“နတ်သူငယ်တွေက တကယ်ကို ကြောက်စရာကောင်းပါတယ်။ သူတို့သာ ရုပ်ဖျက်နည်းအတတ်ကို နည်းနည်းလေး သိခဲ့ရင် ငါနဲ့ ကျန်းရွှဲ့ သူတို့ကို ဒီလောက်လွယ်လွယ်ကူကူ ကိုင်တွယ်နိုင်မှာ မဟုတ်ဘူး။”
“ဟားဟား... မင်းလည်း အရမ်းတော်တာပါပဲ။ အထူးသဖြင့် အဲဒီလေးပစ်ပြကွက်ကြီးပေါ့။”
ရှောင်းယီက ရယ်မောကာ ပြောလိုက်သည်။
“ထွေထွေထူးထူး မဟုတ်ပါဘူး။ ငါတို့ မဟာမိတ်အဖွဲ့ထဲမှာ ဒီလိုလုပ်နိုင်တဲ့သူတွေ အများကြီး ရှိပါတယ်။ မင်းကိုယ်တိုင်ရယ်၊ အန်ရးန်ရယ်၊ ကျန်းရွှဲ့ရယ် အားလုံး လုပ်နိုင်ကြတာပဲ။”
“ဒါတောင်မှ အဲဒီမာနကြီးတဲ့ နတ်သူငယ်တွေကို ငါတို့ ယဉ်ပါးအောင် လုပ်နိုင်ခဲ့ပြီလေ။”
ရှောင်းယီက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
“သူတို့ရဲ့ လေ့ကျင့်ရေးကို အရှိန်မြှင့်ရမယ်။ ချာလီတစ်ခုခု လုပ်လာမှာကို ငါ စိုးရိမ်မိတယ်။”
***