တစ်ဖက်လူက ရှောင်းယီ၏ တောင်းဆိုချက်အား သဘောတူလိုက်သည်ကို မြင်သောအခါ ဆုဝမ်သည် ၎င်းတို့ လဲလှယ်ပေးပို့လာသော အုတ်မြစ်ကျောက်များကို ချက်ချင်း လက်ခံလိုက်လေသည်။
ထို့နောက် ရှောင်းယီကလည်း ကျန်းယွင်ထျန်းကို အကြောင်းကြားလိုက်တော့သည်။
“အစ်ကိုကျန်း... တခြား မဟာမိတ်အဖွဲ့တစ်ခုမှာလည်း သမိုင်းမတင်မီ ရှေးဦးဧရာမသားရဲတစ်ကောင်ရဲ့ တိုက်ခိုက်ခြင်းကို ခံနေရတယ်။ တော်ပီဒို အချို့ယူပြီး အခြေအနေကို သွားကြည့်လိုက်ပါ။”
“ဟုတ်ကဲ့။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကိုယ်ကျပ်ဝတ်စုံကို ဝတ်ထားပြီး ဘေးကင်းအောင်နေပါ။”
ရှောင်းယီက သတိပေးလိုက်သည်။
“ကောင်းပြီ။”
ကျန်းယွင်ထျန်းက ထပ်မံဖြေကြားလိုက်၏။
တော်ပီဒို အနည်းငယ်နှင့် ကိုယ်ကျပ်ဝတ်စုံကို ယူဆောင်ပြီးနောက် ကျန်းယွင်ထျန်းသည် တစ်ဖက်လူ ပေးပို့ထားသော မြို့ပြန်ကျောက်ကို အသုံးပြု၍ ရှေးဟောင်းသိုင်းပညာမိသားစုဖြစ်သော ကျိမိသားစု၏ မဟာမိတ်ကျွန်းသို့ ရောက်ရှိသွားတော့သည်။
ကျိကျန့်ထျန်းသည် ကျန်းယွင်ထျန်းနှင့် အခြားသူများ ကိုယ်ကျပ်ဝတ်စုံများ ဝတ်ဆင်ထားသည်ကို မြင်သော်လည်း အထူးတလည် အံ့သြသွားခြင်းမရှိပေ။ သူက ရှေ့သို့တက်ကာ နှုတ်ဆက်လိုက်သည်။
“မင်္ဂလာပါ ကျုပ်မျိုးရိုးက ဝမ်ပါ။ အားလုံးက ကျုပ်ကို ဦးလေးဝမ်လို့ ခေါ်ကြပါတယ်။ ကျုပ်က ဒီမဟာမိတ်အဖွဲ့ရဲ့ တာဝန်ခံပါ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ရှေးဦး ဧရာမသားရဲက ဘယ်မှာလဲ။ ကျုပ်တို့ အမြန်ဆုံး သွားဖြေရှင်းသင့်တယ်။”
“ကောင်းပြီ...ကျုပ်နောက်ကို လိုက်ခဲ့ပါ။”
ကျိကျန့်ထျန်းသည် ကျန်းယွင်ထျန်းကို တောင်ဘက်အရပ်ဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် တစ်စုံတစ်ယောက်က သူ့ကို ချောင်းကြည့်နေသလို ခံစားလိုက်ရသဖြင့် ရုတ်တရက် ခေါင်းလှည့်ကာ တစ်နေရာသို့ ကြည့်လိုက်၏။
ကျန်းယွင်ထျန်း၏ လှုပ်ရှားမှုကို မြင်သောအခါ ကျိကျန့်ထျန်းက နားမလည်သလို မေးလိုက်သည်။
“ဘာဖြစ်လို့လဲ။”
“ဘာမှမဟုတ်ပါဘူး။ သွားရအောင်။”
ကျန်းယွင်ထျန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။
“ခင်ဗျားကို ဘယ်လိုခေါ်ရမလဲဆိုတာ သိခွင့်ရှိမလား။”
ကျိကျန့်ထျန်းက မေးလိုက်သည်။
ကျန်းယွင်ထျန်းသည် ကိုယ်ကျပ်ဝတ်စုံ ဝတ်ထားသောကြောင့် သူ့ကို ရင်းနှီးကျွမ်းဝင်ခြင်း မရှိသူများအနေဖြင့် မှတ်မိရန် ခဲယဉ်းလှပေသည်။ ကျန်းယွင်ထျန်းသည် ယခုအခါ ယီရန်ပင်း လက်အောက်ရှိ ထိပ်တန်းစစ်ဗိုလ်ချုပ်တစ်ဦးအဖြစ် ကျော်ကြားနေသော်လည်း ကျိကျန့်ထျန်းက သူ့ကို မမှတ်မိသေးပေ။
“ကျန်းယွင်ထျန်း”
ကျန်းယွင်ထျန်းက သူ၏အမည်ရင်းကို ဖုံးကွယ်မထားခဲ့ပေ။
“အို... ကျန်းယွင်ထျန်းကိုး။ ခင်ဗျားရဲ့သတင်းတွေကို ကျုပ် ကြားဖူးပါတယ်။”
ကျိကျန့်ထျန်းက ချက်ချင်းပင် မြှောက်ပင့်ပြောဆိုလိုက်လေသည်။
ကျန်းယွင်ထျန်းက လက်ကိုဝှေ့ယမ်းကာ မလိုအပ်ကြောင်း ပြလိုက်သည်။
ကျန်းယွင်ထျန်း ခုနက ကြည့်လိုက်သည့်အရပ်တွင် ဖခင်ဖြစ်သူ ကျိပါ့ထျန်း နှင့် သားဖြစ်သူ ကျိကျိယင်တို့သည် အခန်းတစ်ခန်းထဲ၌ ပုန်းကွယ်နေကြခြင်းဖြစ်လေသည်။
“ဘယ်လောက်တောင် ထက်မြက်တဲ့ အာရုံခံစားမှုလဲ။”
ကျိပါ့ထျန်းက မျက်လုံးများကို မှေးစင်းရင်း ပြောလိုက်၏။
“ဒီတစ်ခါ ယီရန်ပင်း ကိုယ်တိုင်ရောက်မလာဘူးပဲ။ သူသာ ရောက်လာရင် သူ့ကို ကျုပ်ရဲ့ပညာတွေကို ပြလိုက်မယ်။”
ကျိကျိယင်က အေးစက်စွာ ပြောလိုက်သည်။
“ယင်းအာ... စိတ်လိုက်မာန်ပါမလုပ်နဲ့။ အခု ငါတို့ဖြေရှင်းရမယ့် ပြဿနာက အဲဒီဧရာမသားရဲပဲ။ ယီရန်ပင်းနဲ့ ရန်ဖြစ်လိုက်ရင် အဲဒီစွမ်းအားမြင့်လက်နက်တွေမပါဘဲ ဒီလောက်ကြီးတဲ့ သားရဲကို ငါတို့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။”
ကျိပါ့ထျန်းက အကြံပေးလိုက်သည်။
“စိတ်မပူပါနဲ့ အဖေ။ ဘယ်အရာက အရေးကြီးတယ်ဆိုတာ ကျုပ် သိပါတယ်။”
ကျိကျိယင်းက ပြန်ပြောလိုက်သည်။
“မင်းသိရင် ပြီးတာပါပဲ။”
ကျိပါ့ထျန်းက ခေါင်းငြိမ့်လိုက်ပြီး ကျန်းယွင်ထျန်းတို့ ထွက်ခွာသွားသော လမ်းကြောင်းသို့ လှမ်းကြည့်လိုက်၏။
“ဦးလေးဝမ်...ကျုပ် မေးပါရစေ။ ခင်ဗျားတို့ မဟာမိတ်အဖွဲ့မှာ မကြာသေးခင်က ထူးထူးခြားခြား တစ်ခုခု ဖြစ်ခဲ့တာရှိလား။”
လမ်းတွင် ကျန်းယွင်ထျန်းက မေးလိုက်သည်။ ကျိကျန့်ထျန်းက အနည်းငယ် စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။
“ထူးထူးခြားခြားတော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ဘာကြောင့် ဒီဧရာမသားရဲက ကျုပ်တို့ကို ပစ်မှတ်ထားသလဲဆိုတာကို ကျုပ်တို့လည်း မသိဘူး။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ထပ်မမေးတော့ပေ။
မကြာမီ ၎င်းတို့သည် ကျွန်း၏ တောင်ဘက်ကမ်းခြေသို့ ရောက်ရှိလာခဲ့ကြ၏။ အဝေးရှိ ပင်လယ်ပြင်တွင် လှိုင်းဖြူများ ထနေပြီး တစ်စုံတစ်ခုက ကျွန်းဆီသို့ အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေခဲ့သည်။
“ဦးလေးဝမ်... ကောင်းကင်က မိုးပျံပူဖောင်းက ခင်ဗျားတို့ဟာလား။”
ကျန်းယွင်ထျန်းက ကောင်းကင်သို့ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ဟုတ်ပါတယ်။”
ကျိကျန့်ထျန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“ပင်လယ်မျက်နှာပြင်နဲ့ ဝေးဝေးမှာနေဖို့ သူတို့ကို ပြောထားလိုက်ပါ။ အဲဒီဧရာမသားရဲတွေက ရေထဲကနေ ခုန်တက်နိုင်တယ်။”
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။
“သူတို့ဆီမှာ ဖုန်းတွေရှိတယ်မလား။ အဲဒါက ဘာကောင်လဲဆိုတာ သိရအောင် ဓာတ်ပုံအချို့ရိုက်ပြီး ပို့ခိုင်းလိုက်ပါဦး။”
ကျိကျန့်ထျန်းက ချက်ချင်းပင် ဖုန်းဆက်၍ အမိန့်ပေးလိုက်၏။
မိုးပျံပူဖောင်းပေါ်ရှိ လူများသည် ပင်လယ်ထဲရှိ အရိပ်မည်းကြီးကို ဓာတ်ပုံများစွာ ရိုက်ကူးပြီး ပို့ပေးလာခဲ့သည်။ ကျန်းယွင်ထျန်းသည် ထိုပုံများကို ကြည့်ပြီး ဆွံ့အသွားရ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းမှာ ဝေဝါးနေသော အရိပ်မည်းကြီးတစ်ခုသာ ဖြစ်နေပြီး အခြားဘာမှ သေချာမမြင်ရသောကြောင့်ပင်။
“အမြောက်တွေနဲ့ ပစ်လို့ရတဲ့ အကွာအဝေးကို ရောက်တော့မယ်။ အရင်ဆုံး တစ်ချက်ပစ်ကြည့်ပြီး အကျိုးသက်ရောက်မှုကို ကြည့်ရအောင်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“အမြောက်နဲ့ အဆင်ပြေရင် တော်ပီဒိုတွေ သုံးစရာ မလိုတော့ဘူးပေါ့။”
ကျိကျန့်ထျန်းက အမြောက်များ ပစ်ခတ်ရန် ချက်ချင်း အမိန့်ပေးလိုက်၏။
ဝုန်း ဝုန်း ဝုန်း
ကမ်းခြေရှိ အမြောက်များ ပစ်ခတ်လိုက်သော်လည်း ထိုကျည်ဆန်များသည် အရိပ်မည်းကြီးအပေါ်တွင် မည်သည့်သက်ရောက်မှုမှ မရှိသကဲ့သို့ ထိုအရာက ကမ်းခြေဆီသို့ ဆက်လက်တိုးဝင်လာနေခဲ့သည်။
“အလကားပဲ... တော်ပီဒိုတွေကိုပဲ သုံးကြရအောင်။”
ကျိကျန့်ထျန်းက စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
သူ့စကားပင် မဆုံးသေးမီမှာပင် ပင်လယ်ထဲမှ ဧရာမဦးခေါင်းကြီး တစ်ခု ပေါ်ထွက်လာခဲ့၏။ ၎င်းသည် မိကျောင်းခေါင်းနှင့် တူသလိုလိုရှိသော်လည်း ဒိုင်နိုဆောခေါင်းနှင့်လည်း တူနေခဲ့လေသည်။
ကျန်းယွင်ထျန်းနောက်သို့ လိုက်ပါလာသော စစ်သားက ၎င်းကို ချက်ချင်း ဓာတ်ပုံရိုက်ပြီး ရှောင်းယီထံသို့ ပို့ပေးလိုက်လေသည်။ ရှောင်းယီ ဓာတ်ပုံကို မြင်လိုက်ရသည့်အခါ စနစ် အသိပေးချက် ထွက်ပေါ်လာခဲ့သည်။
[ဧရာမ မိုဆာဆောရပ်စ် (SSS အဆင့်) : အလျား မီတာ ၃၀ ကျော်၊ အလေးချိန် တန် ၃၀ ခန့်ရှိသည်။ ရေမျက်နှာပြင်အနီး ကျက်စားသော အသားစားသတ္တဝါဖြစ်ပြီး အလွန်အန္တရာယ်များသည်။]
“နောက်ထပ် ရှေးဦး ဧရာမသားရဲကြီးတစ်ကောင်ပဲ။ ပြီးတော့ အစစ်အမှန် SSS အဆင့်ကြီးပဲ။”
ရှောင်းယီက မျက်မှောင်ကျုံ့ရင်း ရေရွတ်လိုက်သည်။
“သူတို့ကျွန်းမှာ SSS အဆင့် အသက်ရှင်ကျန်ရစ်သူတစ်ယောက် ပေါ်လာလို့များလား။”
ဒေသခံများဖြစ်စေ၊ အိမ်မွေးတိရစ္ဆာန်များဖြစ်စေ ရှောင်းယီတွင် SSS အဆင့် တိုက်ခိုက်ရေးစွမ်းအားများ ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုအချိန်အထိ SSS အဆင့် ဧရာမသားရဲများနှင့် မတွေ့ဖူးခဲ့ပေ။ သို့သော် သူကိုယ်တိုင် SSS အဆင့်သို့ ရောက်ရှိပြီးနောက်မှသာ ဤကဲ့သို့ သားရဲမျိုးနှင့် တွေ့ဆုံရခြင်းဖြစ်၏။ ၎င်းမှာ တစ်ခုခုတော့ ဆက်စပ်မှုရှိနေရပေမည်။
“ဒီသားရဲတွေက ငါ SSS အဆင့် ရောက်လို့ ပေါ်လာတာဆိုရင်တော့ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို မြန်မြန်မြှင့်တာက သိပ်မကောင်းလှဘူး။ တခြားလက်နက်တွေက လိုက်မမီဘဲ သားရဲနဲ့ တိုးရင်တော့ တစ်ခါတည်း ဂိမ်းအိုဗာ သွားလိမ့်မယ်။”
ရှောင်းယီက သက်ပြင်းချရင်း ပြောလိုက်သည်။
ကံကောင်းထောက်မစွာ သူသည် အဆင့်မြှင့်တင်ခြင်းကတ်များ သုံး၍ အဆင့်မြှင့်တင်ခဲ့သော်လည်း ကျွန်းပေါ်ရှိ လက်နက်များမှာ အားနည်းခြင်းမရှိပေ။ သို့မဟုတ်ပါက အဆင့်မြန်မြန်တက်ခြင်းက မဟာမိတ်အဖွဲ့ကို ချောက်ထဲသို့ တွန်းပို့လိုက်သလို ဖြစ်နေပေလိမ့်မည်။
ရှောင်းယီက သားရဲအကြောင်း အချက်အလက်များကို ကျန်းယွင်ထျန်းထံ ပေးပို့လိုက်ပြီး နောက်ဆုံးတွင် မှာကြားလိုက်သည်။
“တော်ပီဒိုတွေကို သုံးလိုက်တော့။ သူ့ကို ပါးစပ်ဟအောင် မျှားနိုင်ရင် အကောင်းဆုံးပဲ။ မဟုတ်ရင် အပြင်ကနေ ပစ်ရတာ ခက်လိမ့်မယ်။”
ရှောင်းယီ၏ သတင်းစကားကို မြင်သောအခါ ကျန်းယွင်ထျန်းက ကျိကျန့်ထျန်းကို ချက်ချင်း ပြောလိုက်သည်။
“မိုးပျံပူဖောင်းပေါ်ကလူတွေကို အသားစိမ်းတွေ ပေးလိုက်ပါ။ သွေးချင်းချင်းနီနေရင် ပိုကောင်းတယ်။ မိုဆာဆောရပ်စ် ရှေ့မှာ ချကျွေးပြီး ပါးစပ်ဟအောင် လုပ်ရမယ်။ ဒါမှ တော်ပီဒိုက အထိရောက်ဆုံး အလုပ်လုပ်နိုင်မှာ။ အပြင်ကနေ ပေါက်ကွဲရင်တော့ သူ့ကို သတ်ဖို့ ခက်လိမ့်မယ်။”
ကျိကျန့်ထျန်းကလည်း သူ၏လူများကို အသားစိမ်းနှင့် သွေးအင်တုံတစ်လုံးကို မိုးပျံပူဖောင်းပေါ်သို့ ချက်ချင်း လဲလှယ်ပေးပို့စေခဲ့သည်။
အကွာအဝေးကို တွက်ချက်ပြီးနောက် ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ကမ်းခြေကနေ မီတာ ၅၀၀ အကွာရောက်ရင် အသားတွေကို ပစ်ချခိုင်းလိုက်။”
ကျိကျန့်ထျန်းက အမိန့်ပေးလိုက်၏။
မိုးပျံပူဖောင်းသည် ကမ်းခြေဘက်သို့ ပျံသန်းလာပြီး မီတာ ၅၀၀ အရောက်တွင် အသားနှင့် သွေးများအားလုံးကို ပင်လယ်ထဲသို့ သွန်ချလိုက်တော့လေသည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းနှင့် အခြားသူများသည် သူတို့ယူဆောင်လာသော တော်ပီဒိုငါးလုံးကို အသားများရှိရာ အရပ်သို့ တစ်ပြိုင်နက် ပစ်လွှတ်လိုက်ကြတော့၏။
သွေးနံ့မှာ ပင်လယ်ရေထဲသို့ ပြန့်နှံ့သွားခဲ့သည်။ အဝေးမှ ဧရာမ မိုဆာဆောရပ်စ်ကြီးသည် သွေးနံ့ကို ရရှိသွားပြီးနောက် ရူးသွပ်စွာဖြင့် ကူးခတ်လာတော့သည်။
“ကျန်းယွင်ထျန်း... ခင်ဗျားပြောတဲ့ သားရဲနာမည်က မိုဆာဆောရပ်စ် ဟုတ်လား။”
ကျိကျန့်ထျန်းက အားလပ်ချိန်ရသွားသဖြင့် မေးလိုက်သည်။
“အင်း... ဓာတ်ပုံကို ကြည့်ပြီးတော့ ကျွန်းပိုင်ရှင် ပြောပြခဲ့တာပဲ။ ဒါက ဧရာမ မိုဆာဆောရပ်စ်ပဲ။ သူ့ရဲ့ ခန္ဓာကိုယ်အရှည်က...”
ကျန်းယွင်ထျန်းက မိုဆာဆောရပ်စ်၏ အချက်အလက်များကို အကျဉ်းချုပ် ရှင်းပြနေစဉ်မှာပင်...
ပင်လယ်မျက်နှာပြင်ပေါ်တွင် မိုဆာဆောရပ်စ်သည် ၎င်း၏ ဧရာမပါးစပ်ကြီးကို ဟလိုက်ပြီး အသားများကို ကိုက်ခဲစားသောက်ရန် ကြိုးပမ်းလိုက်၏။
ထိုအချိန်တွင်ပင်... တော်ပီဒိုများသည်လည်း အချိန်ကိုက် ရောက်ရှိလာတော့သည်။
***