ထိုစကားသည် ဤပြဿနာ၏ သော့ချက်ပင်။
လီနန်ခယ့်၏ မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
မိသားစုအကျိုးစီးပွား ရှုထောင့်က ကြည့်လျှင် သူဌေးကြီးလင်သည် သမီးဖြစ်သူကို ဝမ်မိသားစု၏သမီးကြီးနှင့် အဆင်ပြေနေသည်ကို မြင်ချင်လှမည်ပင်။
"မမလေးကျင်းအာကတော့..."
ရှန်းအာက သက်ပြင်းချသည်။
"သူ့မိသားစုရဲ့ အပယ်ခံ ဖြစ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ သူ့အစ်ကိုကလွဲရင် ကျန်တဲ့ဝမ်မိသားစုဝင်တွေက သူ့ကို လုံးဝဂရုမစိုက်ကြဘူး၊ ပြီးတော့ သူ့အကျင့်စရိုက်ကလည်း တော်တော်လေးသိုသိပ်ပြီး လူကငြိမ်ငြိမ်အေးအေးလေးရယ်၊ စိတ်မလုံခြုံမှုတွေလည်းများတယ်"
"အမှန်တော့ မမလေးကျင်းအာမှာလည်း ဂုဏ်ပကာသနမက်မောတဲ့စိတ် ရှိပါတယ်၊ သူက မမလေးတို့ အသိုင်းအဝိုင်းထဲ ဝင်ဆန့်နိုင်ဖို့နဲ့ အထက်တန်းလွှာကလူတွေနဲ့ အဆက်အသွယ်ရဖို့ ကြိုးစားရောနှောနေတာပါ။ ထုတ်မပြောပေမဲ့ မျက်လုံးရှိတဲ့သူတိုင်း မြင်နိုင်တဲ့အကြောင်းရင်းပဲ။"
"ဒါကြောင့် ဝမ်ယင်းယင်းက သူ့ကို အမြဲအထင်တသေးဆက်ဆံတတ်တာပေါ့"
လီနန်ခယ့် အလုံးစုံနားလည်သွားသည်။
သန်းကြွယ်သူဌေးတွေမှာ သူတို့ကျင်လည်ရာ ကိုယ်ပိုင်အသိုင်းအဝိုင်းရှိသလို ကုဋေကြွယ်သူဌေးတွေမှာလည်း သီးသန့်အသိုင်းအဝိုင်းတစ်ခု ရှိတတ်ကြသည်သာ။
အဆင့်အတန်းချင်းမတူဘဲ အတင်းဝင်တိုးရန် ကြိုးစားခြင်းမှာ လူပြက်တစ်ယောက်လို လှောင်ပြောင်ခွဲခြားဆက်ဆံခံရခြင်းကိုသာ ရရှိပေလိမ့်မည်။
ရှန်းအာထံမှ သွန်ကျလာသော အတွင်းရေးအချက်အလက်များအရ ဤမမလေးသုံးယောက်အဖွဲ့သည် အပြင်ပန်းတွင်မြင်နေရသလို ချစ်ခင်စည်းလုံးခြင်းမရှိဘဲ မကျေလည်မှုများစွာဖြင့် ရစ်ပတ်ဖွဲ့စည်းထားခြင်းသာဖြစ်ကြောင်း လီနန်ခယ့်နားလည်လိုက်သည်။
လင်ကျောက်ယွဲ့က မာန်မာနကြီးသည်။
ဝမ်ယင်းယင်းက စိတ်ကူးပေါက်ရာထလုပ်တတ်သော စရိုက်ရှိသည်။
ဝမ်ကျင်းအာက မိမိကိုယ်ကိုယုံကြည်မှုမရှိသူ အပယ်ခံတစ်ယောက်။
တစ်နေ့သ၌ ဂီတသမားလူချောလေး ဟယ့်ချင်းယွီက ဤပြဿနာအုပ်စုထဲမှာ ဝင်မွှေမိသော် အပေါ်ယံခြုံလွှမ်းထားသော ညီအစ်မသဖွယ်ချစ်ခင်မှုများမှာလည်း အနှစ်သာရကင်းမဲ့ကုန်ပေမည်။
"ဝမ်ကျင်းအာသေပြီးတဲ့နောက် ဝမ်မိသားစုကတစ်ယောက်ယောက် အိမ်တော်ကိုလာခဲ့သေးသလား"
လီနန်ခယ့်က ဆက်လက်စုံစမ်းသည်။
ရှန်းအာတွန့်ခနဲဖြစ်သွားသည်။ ထုတ်ပြောရမလား၊ မပြောရမလား ဝေခွဲမရဖြစ်နေဟန်ပင်။
သို့သော် ထိုအမျိုးသား၏ ငြင်းဆန်ဖွယ်ရာမရှိသော မျက်နှာချောချောကို အနီးကပ်မြင်မိသောအခါ တစ်ဆို့နေသောစကားလုံးများ လွှတ်ခနဲထွက်ကျကုန်ကြ၏။
"လာတယ်၊ မမလေးကျင်းအာရဲ့အစ်ကို ပညာသင်ဝမ် လာတာပါ"
လီနန်ခယ့် ထပ်မပေးနိုင်ခင်မှာပင် ရှန်းအာက အဖြစ်အပျက်အစအဆုံးကို အသေးစိတ် ပြန်လည်ပြောပြလာသည်။
"ရှစ်လပိုင်းငါးရက်နေ့မှာ ပညာသင်ဝမ်က မမလေးကိုတွေ့ဖို့ဆိုပြီး အိမ်တော်ဆီလာခဲ့ပါတယ်။ မမလေးကလည်း မမလေးကျင်းအာအကြောင်း ပညာသင်ဝမ်နဲ့ နှစ်ကိုယ်တည်းဆွေးနွေးစရာရှိတယ်လို့ပြောပြီး ကျွန်မတို့အစေခံတွေကို အပြင်မှာပဲစောင့်ခိုင်းခဲ့ပါတယ်"
"နောက်တော့ ပညာသင်ဝမ် အကျယ်ကြီးအော်လိုက်တဲ့အသံကြားလိုက်ရပြီး မမလေးကလည်း အော်ဟစ်အကူအညီတောင်းလာတာပဲ"
"ကျွန်မတို့ အခန်းထဲအပြေးဝင်သွားတဲ့အချိန် ပညာသင်ဝမ်က မမလေးရဲ့လည်ပင်းကိုညှစ်ထားပြီး 'မင်းသူ့ကိုဘာလို့မကာကွယ်ပေးခဲ့တာလဲ' 'တကယ်တမ်းသေသင့်တဲ့သူက မင်းနဲ့ဝမ်ယင်းယင်းပဲ' ဒီလိုစကားတွေ ထပ်ခါထပ်ခါအော်နေခဲ့ပါတယ်"
"အဲ့ကျမှ မမလေးက အငိုရပ်ပြီး 'တောင်းပန်ပါတယ်' လို့ပြောလာတယ်"
"နောက်တော့ သခင်ကြီးရောက်လာပြီး ပညာသင်ဝမ်ကို ဆွဲထုတ်သွားခိုင်းလိုက်သည်။ ပညာသင်ဝမ်ကတော့ အိမ်ပြင်ရောက်သွားတဲ့အထိ မမလေးနဲ့ဝမ်ယင်းယင်းကို သူ့လက်နဲ့ကိုယ်တိုင်သတ်မယ်လို့ အော်ဟစ်နေတုန်းပဲ"
အနီးတွင် နားထောင်နေသော လိန်ရှင်းနန်၏မျက်နှာလှလှမှာ ရေခဲရိုက်ထားသည့်အလား အေးစက်မာကျောလျက်။
"ဒီသူဌေးလင်ကတော့ စိတ်လွတ်နေပြီထင်တယ်။ ဒီလောက်အရေးကြီးတဲ့ကိစ္စကို တစ်ချိန်လုံးဖုံးထားခဲ့တာပဲ။ သံမဏိ မင်းသွားလိုက်"
နာမည်ထုတ်ခေါ်လိုက်ပြီးမှ သံမဏိလည်းမရှိတော့ကြောင်းကို သူမသတိရသွားပြီး ခြေထောက်လေးကို မြေပြင်တွင် မကျေမနပ်ဆောင့်ချကာ လီနန်ခယ့်ကိုပြောလိုက်သည်။
"ဝမ်မိသားစုဆီသွားကြရအောင်"
"ဟုတ်ပြီ"
လီနန်ခယ့်ခေါင်းညိတ်လိုက်သည်။
သဲလွန်စအသစ်က ပညာသင်ဝမ်ကို ညွှန်ပြနေသည်မဟုတ်လော။
ချူဟုန်တောင်ပေါ်တွင် လင်ကျောင်ယွဲ့တို့ကို လိုက်လံတိုက်ခိုက်နေသောမိစ္ဆာမှာ အဘိုးချင်ဖြစ်ကြောင်း အစောပိုင်းက ကောက်ချက်ချခဲ့ပြီး ဖြစ်သော်လည်း ဝမ်ယင်းယင်းနှင့် လင်ကျောင်ယွဲ့တို့ မိုးနီနှင့် မည်သို့ထိတွေ့ခဲ့ကြောင်း ဆက်လက်စုံစမ်းရန် လိုအပ်နေသေးသည်။
အမှန်တော့ အဘိုးချင်မိစ္ဆာအဖြစ်ပြောင်းကာ ထိုမိန်းကလေးနှစ်ယောက်ကို သတ်ချင်သည်ဆိုလျှင်ပင် မိုးနီကိုအသုံးပြုဖို့ မလိုအပ်ပေ။
ဤသို့ဖြင့် ပညာသင်ဝမ်သည် အဓိကသံသယရှိသူ ဖြစ်လာခဲ့၏။
သို့သော် လီနန်ခယ့် အခန်းပြင်သို့ ထွက်လိုက်စဉ်မှာပင် တစ်ခုခုကိုသတိပြုမိသွားဟန်ဖြင့် ရုတ်တရက် ရပ်တန့်သွားသည်။ ထို့နောက် နောက်သို့နှစ်လှမ်းဆုတ်ကာ သူ၏အကြည့်က တံခါးခုံပေါ်သို့ ကျရောက်သွားခဲ့သည်။
တံခါးခုံ၏ ကြားထဲတွင် လျှော်ကြိုးမျှင်လေးတစ်ခု ရှိနေသည်။
လျှော်ကြိုး၏အရောင်မှာ ဟောင်းနွမ်းနေသောတံခါးခုံနှင့် မြေကြီးအရောင်တို့ဖြင့် ဆင်တူရောနှောနေသောကြောင့် သေသေချာချာမကြည့်ပါက မျက်စိချော်သွားနိုင်သည်။
"တစ်ခုခုဖြစ်လို့လား"
လိန်ရှင်းနန်က လျှော်ကြိုးကိုကောက်ယူကာ တစ်ချက်အနံ့ခံလိုက်ပြီး မျက်မှောင်ရေးရေးကြုတ်သွားသည်။
"သေရည်နံ့နည်းနည်းရတယ်။ သေရည်အိုးချည်တဲ့ကြိုးဖြစ်ရမယ်"
"သေရည်အိုးလား"
ထိုစကားကိုကြားသော် လီနန်ခယ့်သည် တစ်ခန်းလုံးကို ထပ်မံရှာဖွေစစ်ဆေးပြန်၏။
သို့သော် တစ်ခန်းလုံး နှံ့နှံ့စပ်စပ် မွှေနှောက်ပြီးသည်အထိ မည်သည့်သေရည်အိုးကိုမှမတွေ့ခဲ့ရသလို သေရည်အိုးအုပ်သော စက္ကူစလောက်မျှပင် မတွေ့ခဲ့ရ။
လီနန်ခယ့်က လျှော်ကြိုးကိုသိမ်းဆည်းထားလိုက်ပြီး သက်ပြင်းဖွဖွချကာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ညည်းညူမိသည်။
"ဒါကြောင့် ပြီးပြည့်စုံတဲ့အခင်းနေရာဆိုတာမရှိဘူးလို့ ပြောကြတာပေါ့"
"ဘာတွေပြောနေတာလဲ"
လိန်ရှင်းနန် စကားကိုနားမလည်သော်လည်း ဒီလူ သဲလွန်စတစ်ခုခုထပ်တွေ့လိုက်ပြီဖြစ်ကြောင်း နားလည်လိုက်သည်။
စိတ်တိုစရာကောင်းသည်ကား ထိုလူက သူမကို တမင်သက်သက် ပြောမပြခြင်းပင်။
"အခုထိတော့ ဘာမှရှာမတွေ့သေးဘူး။ အရာရှိလိန်၊ ခင်ဗျားဝမ်မိသားစုဆီသွားပြီး အရင်စုံစမ်းထားလိုက်ပါ။ ကျွန်တော် လင်အိမ်တော်ဆီ တစ်ခေါက်ထပ်သွားချင်သေးတယ်"
"မပြောလည်းနေပေါ့"
အထက်လူကြီးကတော့ မကျေမနပ်ဟန်ဖြင့် ပွစိပွစိဆိုလေသည်။
ထို့နောက် သူရှင်းပြသည်ကိုပင်မစောင့်နေဘဲ ချာခနဲလှည့်ကာ တံခါးဆီထွက်သွားသဖြင့် ပျော့ပျောင်းနူးညံ့သော ဆံမျှင်စများက အမျိုးသား၏နှာတံချွန်ချွန်နှင့် ပါးပြင်ထက် ဝေ့ခနဲထိခတ်သွားလျက် ရနံ့သင်းပျံ့ပျံ့ကို ချန်ရစ်ထားခဲ့လေသည်။
လီနန်ခယ့်မှာ ဘာမှမတတ်နိုင်စွာ ကျန်ခဲ့ရတော့၏။
ရှန်းအာ၏ ထူးထူးဆန်းဆန်းမျက်နှာထားကိုမြင်သော် သူလည်ချောင်းတစ်ချက်ရှင်းကာ ရှင်းပြလိုက်သည်။
"ခေါင်းဆောင်လိန်က ဓမ္မတာလာတဲ့အချိန်ရောက်နေတော့ နည်းနည်းစိတ်ဆတ်နေတာလေ။ ပုံမှန်ဆို အရမ်းနူးညံ့တဲ့သူပါ"
ရှန်းအာက ခေါင်းညိတ်ပြသည်။
သူတို့နှစ်ယောက် လမ်းကြားထဲမှလျှောက်ထွက်လာစဥ် ခပ်စောစောကထွက်သွားသောလိန်ရှင်းနန်က ပြန်လှည့်လာသည်။
"ဘာဖြစ်လို့လဲ"
လီနန်ခယ့်က ပြန်ရောက်လာသောအမျိုးသမီးကို နားမလည်သလိုကြည့်သည်။
အမျိုးသမီးက နှုတ်ခမ်းကိုအသာဖိကိုက်လျက် အေးစက်သောဆွဲဆောင်မှုကြားတွင် ရဲရင့်ကြမ်းတမ်းသောဟန် အနည်းငယ်ပါဝင်နေသည့် မျက်နှာလေးကို အနည်းငယ်မော့ကာ ဘာမှမဖြစ်သလို ပြန်ပြောလာသည်။
"မိစ္ဆာက လင်အိမ်တော်ကိုပြန်ရောက်နေရင် ဘယ်လိုလုပ်မလဲ။ အတူသွားကြတာပေါ့"
"ဪ အဲ့လိုလည်းရတာပါပဲ"
လီနန်ခယ့်ကတော့ ကန့်ကွက်ခြင်းတစ်စုံတစ်ရာမရှိ။
ပွင့်လင်းရဲ့တည့်တိုးဆန်သော ရှန်းအာကတော့ ခေါင်းအသာကုတ်ကာ လှမ်းမေးလာသည်။
"အရာရှိလိန်က အစ်ကိုကြီးလီအန္တရာယ်ဖြစ်မှာကို စိုးရိမ်နေတာမဟုတ်လား"
***