လိန်ရှင်းနန်သည် လီနန်ခယ့်၏လုံခြုံရေးကို အမှန်တကယ် စိတ်ပူရမိသည်ပင်။
လတ်တလောတွင် ထိုမိစ္ဆာသတ္တဝါသည် လင်မိသားစုကို အမြဲမပြတ်နှောင့်ယှက်နေသည်ဖြစ်သောကြောင့် တစ်ယောက်ယောက်ကိုသတ်ဖို့ အချိန်မရွေးပြန်ရောက်လာနိုင်သည်။ လီနန်ခယ့်နှင့်သာ တည့်တည့်တိုးလျှင် ထိုသူဘေးကင်းဖို့ကို အာမမခံနိုင်တော့။
မိစ္ဆာနှင့်ထိပ်တိုက်တွေ့ချိန်တွင် မှော်လက်နက်ကိုင်ဆောင်ထားလျှင်ပင် လုံးဝဘေးကင်းမည်ဟု တပ်အပ်ပြောလို့မရနိုင်။
ထို့အပြင် လိန်ရှင်းနန်၏ ကျင့်ကြံရေးဆိုင်ရာ ဗဟုသုတအရ မည်မျှကောင်းမွန်သန့်စင်သောမှော်လက်နက်ပင်ဖြစ်ပါစေ အသုံးပြုသည့်အကြိမ်အရေအတွက် အကန့်အသတ်ရှိတတ်သည်။
မှော်လက်နက်အများစုမှာ တစ်ကြိမ်တစ်ခါသာ အသုံးပြုနိုင်လေသည်။
တစ်ကြိမ်သုံးပြီးသည်နှင့် အမှိုက်သာသာဖြစ်သွားရသည်ပင်။
ထို့ကြောင့် ကျင့်ကြံသူအများစုမှာ ရှားပါးသောမှော်လက်နက်များကို တွင်တွင်စုဆောင်းကြသော်ငြား အရေးကြီးသည့်အချိန်မှသာ ထုတ်သုံးတတ်ကြသည်။
ဖြုန်းတီးရာကျလွန်းလှသည်မဟုတ်လော။
တစ်ခါသုံးပြီးတာနဲ့ အမှိုက်ဖြစ်သွားမဲ့ ပစ္စည်းပဲလေ။
ငွေရေးကြေးရေးအခြေအနေကိုလည်း ထည့်တွက်ရပေဦးမည်။
လီနန်ခယ့် ထိုမှော်လက်နက်ကို ဘယ်ကရလို့ရလာမှန်း လိန်ရှင်းနန်မသိပါသော်ငြား အကြိမ်များများအသုံးခံမည့်ပုံမပေါ်မှန်းတော့ သိသည်။ မိစ္ဆာနှင့် နောက်တစ်ခေါက်တွေ့ချိန်တွင် လီနန်ခယ့်ပြေးစရာမြေ မရှိလောက်တော့။
ကျိုးကြောင်းဆီလျော်မှုအရရော၊ ခံစားချက်အရပါ ဒီလူ၏ဘေးကင်းမှုအတွက် သူမတာဝန်ယူရမည်ဖြစ်သည်။
လော့ချန်းချိုးကိုလည်း ခင်ပွန်းဖြစ်သူအား ကြည့်ရှုစောင့်ရှောက်ထားလိုက်ပါမည်ဟု ကတိပေးခဲ့သည့်အတွက် ဒီလူတစ်ခုခုဖြစ်ခဲ့လျှင် သူမကိုယ်တိုင်လည်း မျက်နှာပြနိုင်မည်မဟုတ်တော့။
သူမကိုယ်တိုင်လည်း ယခုအချိန် အပြင်းအထန်ဒဏ်ရာရထားသည် ဆိုပေမဲ့ပေါ့။
အသက်ရှူနိုင်သရွေ့တော့ သက်တော်စောင့်တာဝန်ကို ထမ်းဆောင်ရပေဦးမည်။
သူတို့သုံးဦးသား လင်အိမ်တော်သို့ပြန်ရောက်လာခဲ့ကြသည်။ သူဌေးကြီးလင်က ဇနီးဖြစ်သူ၏ ပျောက်ဆုံးမှုအခြေအနေကို မေးရန်ပြင်လိုက်သော်ငြား လိန်ရှင်းနန်၏ တိုက်ရိုက်စစ်မေးခြင်းနှင့်သာ တည့်တည့်တိုးလေသည်။
"အဘိုးချင်ကိစ္စနဲ့ပက်သက်ပြီး ဘာလို့အမှန်အတိုင်းပြောမပြတာလဲ"
သူဌေးကြီးလင်မှာ အံ့သြဆွံ့အသွားရသည်။ အနောက်မှကုပ်ကုပ်လေးပါလာသော ရှန်းအာကိုတစ်ချက်ကြည့်မိလိုက်ချိန်တွင် ထိုမိန်းကလေး အမှန်အတိုင်းဝန်ခံခဲ့ပြီဖြစ်ကြောင်း နားလည်လိုက်တော့၏။
သူလည်း သက်ပြင်းအလေးကြီးတစ်ချက်ချကာ ခါးသီးစွာ ဝန်ခံရတော့သည်။
"ခေါင်းဆောင်လိန်၊ ဒီငယ်သားလည်း တမင်တကာဖုံးကွယ်ထားတာမဟုတ်ရပါဘူး။ အဖြစ်မှန်က သမီးငယ်ရဲ့ဂုဏ်သတင်းနဲ့လည်း သက်ဆိုင်နေတဲ့အတွက် လူအများဝေဖန်ကဲ့ရဲ့ကြမှာကို အဖေတစ်ယောက်အနေနဲ့ မခံစားနိုင်လို့ပါ"
"ဒီအဖြစ်ဆိုးတွေအားလုံးရဲ့ အရင်းခံက ရှင့်ရဲ့တစ်ကိုယ်ကောင်းစိတ်ပဲ"
လိန်ရှင်းနန်က ပြတ်ပြတ်သားသား ကြိမ်းမောင်းလိုက်သည်။
သူဌေးကြီးလင်မှာ မျက်နှာနီမြန်းလျက် ငြိမ်ကုပ်သွားသည်။
"နောက်ပြီး ပညာသင်ဝမ်ရဲ့အကြောင်းကိုရော ဘာကြောင့်စောစောထည့်မပြောခဲ့တာလဲ" လိန်ရှင်းနန်က မေးခွန်းဆက်ထုတ်သည်။
သူဌေးကြီးလင်မှာ တိတ်မြဲတိတ်လျက်သားပင်။
ထို့နောက် ခန်းမအပြင်ဘက်မှ ပင်ပန်းနွမ်းနယ်နေဟန်အသံတစ်ခု ထွက်ပေါ်လာသည်။
"ကျွန်မတောင်းပန်ပါတယ်။ အဖေ့ကို အဲ့အကြောင်းထည့်မပြောဖို့ ကျွန်မကပြောခဲ့တာပါ။ ဒီကိစ္စထဲမှာ ကျင်းအာရဲ့အစ်ကိုကိုပါ ဆွဲမထည့်ချင်လို့ပါ"
တရားလွန်ငိုယိုထားသဖြင့် မျက်လုံးများ နီမြန်းဖောင်းအစ်နေပြီး နွမ်းလျနေဟန်ရှိသော လင်ကျောင်ယွဲ့သည် အစေခံမလေးတစ်ဦး၏ တွဲကူမှုဖြင့် ဧည့်ခန်းထဲသို့ဝင်လာသည်။
အနောက်တွင် ယုန်မလေးမုန့်နှင့် ဆိုင်ယွင်နှင့်ဆိုင်ယွဲ့ ညီအစ်မနှစ်ဦးက ကပ်လျက်လိုက်ပါလာကြ၏။
"ကျွန်တော် တိုတိုပဲရှင်းပြပါမယ်"
လီနန်ခယ့်က လင်ကျောက်ယွဲ့ကို ထိုင်ဖို့အချက်ပြပြီး တည်ငြိမ်စွာရှင်းပြလာသည်။
"မိန်းကလေးကိုလိုက်နေတဲ့အဲ့ဒီမိစ္ဆာက ဘယ်သူလဲဆိုတာ ကျွန်တော်တို့သိခဲ့ပြီးပါပြီ။ အဘိုးချင်ဖြစ်ဖို့ ကိုးဆယ်ရာခိုင်နှုန်းသေချာပါတယ်။ မိန်းကလေးတို့ စနောက်လှောင်ပြောင်နေကျလူပေါ့"
"သူတဲ့လား"
သူဌေးကြီးလင်မှာ နေရာတွင် တောင့်ခဲသွားခဲ့သည်။
လီနန်ခယ့်၏မျက်လုံးများက လင်ကျောက်ယွဲ့အပေါ် မလွှဲမဖယ်စူးစိုက်ကြည့်နေရင်း သူမ၏တုံ့ပြန်ပုံကို အကဲခတ်နေသည်။
အဘိုးချင်ဟူသောနာမည်ကို ကြားလိုက်ရသည်နှင့် လင်ကျောက်ယွဲ့လည်း သူမဖခင်နည်းတူ အံ့သြထိတ်လန့်သွားကာ ကိုယ့်နားများကိုယ်ပင် မယုံနိုင်တော့သလို ခံစားရသည်။ တုန်ယင်ယိုင်နဲ့နေသော လင်ကျောက်ယွဲ့ကို အစေခံမလေးတစ်ယောက်က ကူတွဲထိုင်ခိုင်းပြီးမှ သူမဆီက ထစ်ထစ်ငေါ့ငေါ့စကားသံထွက်လာသည်။
"ဒါ-ဒါ....မဖြစ်နိုင်ပါဘူး။ အဘိုးချင်က ဘယ်လိုလုပ်...ဘယ်လိုလုပ် မိစ္ဆာတစ်ကောင်ဖြစ်သွားနိုင်ပါ့မလဲ"
လီနန်ခယ့်က အသံတိတ်နေသဖြင့် လိန်ရှင်းနန်က အေးတိအေးစက်ဝင်ပြောသည်။
"အဘိုးချင်ရဲ့ ဆေးပင်တွေထဲ မိုးနီကိုတွေ့ခဲ့ရတယ်။ မိုးနီရေ အလွန်အကျွံသုံးစွဲမှုကြောင့် ဗီဇပြောင်းလဲသွားတယ်လို့ ခန့်မှန်းရတာပဲ"
"ဒါကြောင့် ချူဟုန်တောင်မှာ မင်းတို့ကိုတည့်တည့်မတ်မတ်ခိုက်ခဲ့တဲ့ အဲ့ဒီမိစ္ဆာက လင်အိမ်တော်ထိပါ မပြတ်လိုက်နှောင့်ယှက်နေတာပေါ့"
"အဲ့ဒီတုန်းကသာ မင်းကိုသူ့ကိုအေးဆေးလွှတ်ထားခဲ့မယ်ဆိုရင် သူလည်း ဒုက္ခိတဖြစ်ရမှာမဟုတ်သလို ဂုဏ်သတင်းလည်းကျဆင်းရမှာမဟုတ်ဘူး။ ဒီလိုအခြေအနေနဲ့ မတရားမောင်းထုတ်ခံလိုက်ရမှာတော့ လက်စားပြန်ချေဖို့ ကြံစည်တော့တာပေါ့"
"နောက်ပြီး သူဌေးလင်၊ ရှင်က ငွေအားနဲ့ အားနည်းသူကိုဖိနှိပ်ပြီး အဘိုးချင်ကို မတရားမှုတွေ ဆက်လက်ခံစားစေခဲ့တယ်။ ပြဿနာဖြေရှင်းရာမှာတော့ တော်တော်လေးကျွမ်းကျင်တဲ့ပုံပဲ"
လိန်ရှင်းနန်၏ လှောင်ပြောင်ခနဲ့မှုကြောင့် သူဌေးလင်က ခါးသီးစွာငြင်းဆန်လာသည်။
"ခေါင်းဆောင်လိန်၊ ကျွန်တော်လည်းဒီလိုဖြစ်ရပ်မျိုးကို မလိုချင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီအကြောင်းတွေသာ အပြင်ကိုပျံ့နှံ့သွားရင် ကျွန်တော်တို့လင်မိသားစုရော သမီးလေးပါ နာမည်ပျက်ရမှာပါ"
"နောက်ပြီး ကျွန်တော် အဘိုးချင်ကို ငွေစအမြောက်အများပေးခဲ့ပါသေးတယ်။ သူကသာ ခေါင်းမာမာနဲ့ ငြင်းဆန်ခဲ့တာပါ။ ကျွန်တော်တို့လင်မိသားစုနဲ့ သမီးငယ်နဲ့ ဝမ်မိသားရဲ့ သမီးကြီး နှစ်ဦးစလုံး သူ့ကိုသေချာပြန်တောင်းပန်ပြီး အပြစ်ကင်းစင်ကြောင်းဖြေရှင်းပေးမှ ခွင့်လွှတ်မယ်လို့ ပြောခဲ့တာပါ။ ခေါင်းဆောင်ပဲစဥ်းစားကြည့်..."
သူဌေးကြီးလင်သည် ပြောရင်းပြောရင်း သပွတ်အူလိုက်ကာ မည်သို့ရှင်းပြရမည်မှန်း မသိတော့စွာဖြင့် သူ့ပါးသူရိုက်ချလိုက်ကာ နောင်တများစွာဖြင့်ဆိုလေသည်။
"ဟုတ်ပါတယ် အားလုံးကျုပ်အမှားပါ ကျုပ်အမှားချည်းပဲ"
လင်ကျောက်ယွဲ့သည်လည်း နောင်တမျက်ရည်များ မပြတ်ကျဆင်းလျက်။
လင်မျိုးရိုးသားအဖနှစ်ယောက်၏ နောင်တ,တပွေ့တပိုက်မှာ သရုပ်ဆောင်နေခြင်းလော စစ်မှန်ရိုးသားခြင်းပေလော ခွဲခြားမရသော်ငြား သူတို့ဘယ်လိုပဲငိုပြနေနေ လက်ရှိအမှုကို ဘာမှအထောက်အကူပြုနိုင်မည်မဟုတ်။
လီနန်ခယ့်သိချင်တာက ဤအမှုနောက်ကွယ်မှ တွန်းအားကိုဖြစ်သည်။
အပြိုင်ကမ္ဘာတွင်ဖြစ်စေ၊ စကြဝဠာတွင်ဖြစ်စေ ကိစ္စတိုင်း၏နောက်ကွယ်တွင် တွန်းအားတစ်ခုကတော့ အမြဲပါရှိသည်။
ထိုတွန်းအားကို ဆုပ်ကိုင်နိုင်မှ အုပ်ဆိုင်းနေသောမြူနှင်းများကိုဖယ်ရှားပြီး အစစ်အမှန်ကို မြင်တွေ့နိုင်ပေမည်။
လိန်ရှင်းနန်ကတော့ သင်္ချိုင်းလူသားကို ချက်ချင်းလိုက်ရှာပြီး ထွက်ပြေးလွတ်မြောက်နေသောမိစ္ဆာကို အမြန်ဖမ်းဆီးချင်စိတ်သာ ပြင်းပြနေခဲ့သည်။
သို့သော် လက်ရှိတွင် ရထားသောသဲလွန်စများမှာ မလုံလောက်သေးပေ။
သို့ပေမဲ့ လီနန်ခယ့်ကို စိတ်ရင်းဖြင့်ယုံကြည်အားကိုးထားလို့ရကြောင်း ခံစားမိနေသဖြင့် ဒီလူကတော့ သူမကို အံ့သြစရာတစ်ခုခုလုပ်ပြနိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။
ထို့ကြောင့် အလျင်စလိုမလုပ်သေးဘဲ လီနန်ခယ့် အမှုကိုဖြေရှင်းမည့်အချိန်အား စောင့်ကြည့်ချင်သေးသည်။
သင်္ချိုင်းလူသားကိုရှာတွေ့ရမည့် ရက်ကန့်သတ်ချက်အား ကျော်လွန်သွားပါကလည်း တာဝန်အားလုံးကို သူမသာခေါင်းခံလိုက်မည်။
"ပညာသင်ဝမ်အကြောင်း ထပ်ပြောကြတာပေါ့"
မျက်ရည်အလူးလူးဖြင့်မိန်းကလေးမှာ သနားစဖွယ်ကောင်းလှပါသော်လည်း လီနန်ခယ့်ကတော့ သူမကိုချော့မြူနှစ်သိမ့်နေရန် အချိန်မရှိတော့သဖြင့် လိုရင်းကိုသာ တိုက်ရိုက်ပြောလိုက်သည်။
"ရှစ်လပိုင်း ငါးရက်နေ့မှာ ပညာသင်ဝမ်က မင်းကိုလာရှာခဲ့တယ်နော်။ အခန်းထဲမှာ နှစ်ယောက်သားဘာတွေဆွေးနွေးခဲ့ကြသလဲ။ သူကဘာလို့ မင်းကို ရုတ်တရတ်ထတိုက်ခိုက်ရတာလဲ။"
မိန်းကလေးက ပြုံးသည်။
ခါးသက်မှုနှင့် နာကျည်းမုန်းတီးမှုတို့ ရောယှက်နေသည့်အပြုံး။
***