လင်ကျောက်ယွဲ့က ရှန်းအာကမ်းပေးလာသော လက်ကိုင်ပဝါလေးကို လက်ခံယူလိုက်ပေသည့် မျက်ရည်များအား သုတ်ချမပစ်။ ထိုအစား ပဝါစကို လက်တွင်းကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားပြီး လှောင်သံဖြင့်ရယ်မောလေသည်။
"အဲ့ဒီလူက ကျွန်မကျင်းအာကို လုံးဝမကာကွယ်ခဲ့ဘူးလို့ထင်နေတာလေ။ ကျွန်မကိုပါ ကျင်းအာနဲ့အတူ တမလွန်ကိုပို့လိုက်ချင်နေတာပေါ့။ ကျွန်မဟာလည်း သေဖို့ထိုက်တန်တဲ့သူပါ။ ကျွန်မကျင်းအာကိုမ မလွှတ်တမ်းဆွဲထားခဲ့သင့်တာကို"
လီနန်ခယ့် ထိုမိန်းကလေးကို တိတ်ဆိတ်စွာစိုက်ကြည့်နေရင်း သူမ၏ရင်တွင်းဝေဒနာအား ထုတ်ဖော်ပြလာမည့်အချိန်ကို စောင့်ဆိုင်းပေးနေခဲ့သည်။
"တကယ်တော့ စောစောက ကျွန်မပြောမထွက်ခဲ့တဲ့ကိစ္စတွေ ရှိပါတယ်"
လင်ကျောက်ယွဲ့က အပေါ်ကိုမော့ကာ စကားခဏရပ်လိုက်သည်။ ပြည့်အိုင်လာသောမျက်ရည်များကို မျက်တောင်ခတ်ကာထိန်းထားရင်း အက်ရှရှလေသံဖြင့် စကားဆက်၏။
"ယင်းယင်းနဲ့ကျင်းအာက ပြဿနာတစ်ခုမဟုတ်တစ်ခု အမြဲဖြစ်နေခဲ့ကြတာ။ ယင်းယင်းက ကျင်းအာကို ဟယ့်ချင်းယွီနဲ့တိတ်တဆိတ်ပက်သက်နေပြီး သူ့လူကိုလုဖို့ကြိုးစားနေတယ်လို့ သံသယဝင်နေတာ"
"တစ်ခါက ကျွန်မမှတ်မိသေးတယ်။ သူတို့နှစ်ယောက် ကတောက်ကဆကနေ လက်တွေပါကုန်ကြပြီး ကျင်းအာဒဏ်ရာရသွားခဲ့တယ်။ ဒီအဖြစ်က နှစ်ဖက်မိသားစုတွေကို သတိပေးလိုက်သလိုပဲ။ နောက်ဆုံးမှာတော့ ကျင်းအာရဲ့မိသားစုပဲ လာရောက်တောင်းပန်ခဲ့ရပါတယ်"
"နောက်တော့ ကျွန်မပြန်ပြီးစေ့စပ်ပေးတာနဲ့ သူတို့နှစ်ယောက် ပြန်သင့်မြတ်သွားပြီး သူငယ်ချင်းတွေအဖြစ် ပြန်နေခဲ့ကြတယ်"
"ဒီဆက်ဆံရေးကလည်း အရေခြုံတစ်ခုသက်သက်ပါ။ ကျင်းအာက ဟယ့်ချင်းယွီကို သူမကြိုက်ပါဘူးလို့ အထပ်ထပ်အခါခါကျိန်ဆိုနေပါစေ ယင်းယင်းက ဘယ်တော့မှမယုံခဲ့ဘူးလေ"
"တစ်ခါတလေဆို ယင်းယင်းက သူကြိုက်နေတဲ့ယောက်ျားကို လိုက်ပြိုင်လုတဲ့အပြင်လူများရှိရင် ပေါ်တင်ခြိမ်းခြောက်တတ်သေးတယ်။ သူ့လူကိုလုရင် အကုန်သတ်ပစ်မှာတဲ့"
"အထက်စီးဆန်ပြီး ရိုင်းစိုင်းလိုက်တဲ့ကလေးမ" လိန်ရှင်းက မျက်မှောင်ကြုတ်လျက်ဆိုသည်။
သူဌေးကြီးလင်က ဝင်ပြောလာ၏။
"အဲ့မိန်းကလေးက မိသားစုဆီက တရားလွန်အလိုလိုက်ခံထားရတာလေ။ တကယ်ကိုမောက်မာလွန်းပါတယ်။ တုန်းချီခရိုင်ထဲမှာ သူ့အကြောင်း မသိတဲ့သူမရှိဘူး"
လီနန်ခယ့်လည်း ထိုမိန်းကလေး၏စကားများ တမင်ချဲ့ကားထားခြင်းမဟုတ်ကြောင်း ယုံကြည်သည်။
သူဌေးကြီးလင်ပြောသည့်အတိုင်းပင် တုန်းချီခရိုင်တစ်ခုလုံး ဝမ်ယင်းယင်း၏ အကျင့်စရိုက်ဆိုးများအား ကြားဖူးနားဝရှိကြလေရာ တစ်ချက်စုံစမ်းလိုက်ရုံဖြင့် အစအနအကုန်ထွက်လာနိုင်သည်ပင်။
လင်ကျောက်ယွဲ့အနေဖြင့်လည်း ဤအချက်ကို တမင်တကာချဲ့ကားပြောနေစရာ အကြောင်းမရှိ။
"ရှစ်လပိုင်း လေးရက်နေ့မတိုင်ခင် အရင်ရက်တွေကတည်းက ယင်းယင်းက ကျွန်မတို့ကို လီချန်ဘုရားကျောင်းဆီ အမွှေးတိုင်လှူပြီးဆုတောင်းဖို့ခေါ်သွားချင်တယ်လို့ တဖွဖွပြောနေခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ ဘယ်လိုဖြစ်တယ်မသိ ချူဟုန်တောင်မှာပါ ရှုခင်းသွားကြည့်ချင်တယ်လို့ ပြောလာပြန်ရော"
လင်ကျောက်ယွဲ့က ဆက်ပြောသည်။
"အစကတော့ ကျွန်မလည်းမသွားချင်ခဲ့ဘူး။ ဒါပေမဲ့ယင်းယင်းက ကျင်းအာနဲ့သူ့ကြား ပဋိပက္ခတွေပြေလည်အောင် စကားကောင်းကောင်းပြောဖို့လိုတယ်လို့ ပြောလာတယ်။ ကျွန်မလည်း သူတို့နှစ်ယောက် ထပ်ပြီးရန်ဖြစ်တိုက်ခိုက်ကြမှာမျိုး မမြင်ချင်ဘူးလေ"
"ဒီတော့ ရွေးချယ်စရာမရှိဘဲ သဘောတူခဲ့ရပါတယ်"
"ချူဟုန်တောင်ထဲကိုဝင်လာတာနဲ့ ယင်းယင်းက လိုရင်းကိုတန်းပြောတာပါပဲ။ ကျင်းအာကို သူနဲ့ဟယ့်ချင်းယွီကြား ထပ်ပြီးဝင်မနှောက်တော့ဖို့မျှော်လင့်တယ်လို့ စကားစလာတယ်"
"ဒါပေမဲ့ ကျင်းအာကတော့ သူဘာဆိုဘာမှမလုပ်ခဲ့ကြောင်း ပြန်ငြင်းတယ်။ ဒီလိုနဲ့ အပြန်အလှန်ငြင်းခုန်ကြရင်း သူတို့နှစ်ယောက် လက်ပါကုန်ကြပြန်ပါရော"
"ကျွန်မလည်း အတတ်နိုင်ဆုံးဖြန်ဖြေဖို့ကြိုးစားပေမဲ့ သူတို့ကနားမဝင်ကြဘူး။ အပြန်အလှန် တွန်းထိုးနေကြရင်းနဲ့ ဒေါသမထိန်းနိုင်ဖြစ်နေတဲ့ ယင်းယင်းက ဝမ်ကျင်းအာကို မြေပြင်ပေါ်တွန်းချလိုက်တယ်။ အဲဒီမှာတင် ကျင်းအာရဲ့ ဦးခေါင်းနောက်စိက ကျောက်တုံးတစ်ခုနဲ့ မတော်တဆရိုက်မိသွားပြီး..."
ထိုနေရာအရောက်တွင် လင်ကျောက်ယွဲ့၏မျက်ရည်များ ထိန်းမနိုင်စွာ ထပ်မံကျဆင်းလာကာ ချယ်ရီရောင်နီရဲသောနှုတ်ခမ်းလွှာမှာ သွေးစိမ့်ထွက်မတတ် ဖိကိုက်ထားခြင်းခံလိုက်ရသည်။
"ကျင်းအာက မြေပြင်ပေါ်လဲကျသွားတယ်။ ကျောက်တုံးနဲ့ရိုက်မိတဲ့ ခေါင်းနောက်စေ့ကနေ သွေးတွေစိမ့်ထွက်လာတော့ ယင်းယင်းလည်း အလန့်တကြားဖြစ်သွားတာပေါ့"
"အဲ့ဒီလို ကျွန်မတို့ ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့အချိန်မှာ ရုတ်...ရုတ်တရတ်မြင်လိုက်ရတာ"
မိန်းကလေးသည် စကားပြောနေရင်း လှုပ်ခတ်လာသောခံစားချက်များအား တည်ငြိမ်အောင်ကြိုးစားထိန်းချုပ်နေပါသော်ငြား မျက်ရည်အပြည့်နှင့်မျက်လုံးများကတော့ ထိုမှတ်ဉာဏ်ဆိုးထဲမှ ရုန်းမထွက်နိုင်သေးသော နှလုံးသားကို ဖော်ပြနေသကဲ့သို့။
ထို့နောက် မိန်းကလေးသည် ခေါင်းကိုငုံ့ချကာ ရှိုက်ကြီးတငင်ငိုကြွေးလေသည်။
"ကျွန်မ ကျင်းအာကိုကယ်တင်ချင်ခဲ့ပါတယ်။ တကယ်ကို ကယ်တင်ချင်ခဲ့တာပါ။ ဒါပေမဲ့ ကျွန်မလည်းကြောက်တယ်လေ။ ကျွန်မလည်း ကြောက်တတ်တာပဲ။ ယင်းယင်းထွက်ပြေးသွားတာမြင်တော့ ကျွန်မလည်း သူ့နောက်အတူပြေးလိုက်ခဲ့ရင်း..."
ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်နေခဲ့သည်။
မိန်းကလေးငယ်၏ ရှိုက်ငင်သံများကသာ ဤသွေးစွန်းသော ကြေကွဲဖွယ်ဇာတ်လမ်း၏ ဇာတ်သိမ်းနောက်ခံတေးသွားအလား သဲ့သဲ့ထွက်ပေါ်လျက်။
သူတို့အားလုံး ရှုပ်ထွေးနေသောခံစားချက်များဖြင့် ငြိမ်သက်နေခဲ့ကြသည်။
အလွန်တရာ ကြေကွဲနင့်သည်းဖွယ်၊ ရှုပ်ထွေးပွေလီလှသော ဇာတ်လမ်းတစ်ပုဒ်ပင်။
သို့သော် ဖြစ်ခဲ့တာကဖြစ်ပြီးသွားလေပြီ။ သူတို့အနေဖြင့် ဤအရှုပ်အထွေးကို မြန်နိုင်သမျှမြန်မြန် ဖြည်ထုတ်ရှင်းလင်းဖို့ရာသာ ရှိတော့သည်။
လင်ကျောက်ယွဲ့ နှုတ်ထွက်ဝန်ခံလာသော အမှန်တရားကိုကြားပြီး ပညာသင်ဝမ် ဒေါသတကြီးသောင်းကျန်းရခြင်း၏အကြောင်းရင်းကို နားလည်သွားရသည်။ ဝမ်ယင်းယင်းကိုသတ်ချင်သည် ဆိုသောစကားနှင့် ညီမဖြစ်သူကို ဘာကြောင့်မကယ်ခဲ့ရသနည်း ဟူသောမေးခွန်းမှာ အကြောင်းရင်းလုံလောက်နေခဲ့လေပြီ။
ရည်ရွယ်ချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဝမ်ကျင်းအာ၏သေဆုံးမှုအတွက် နောက်ဆုံးတရားခံမှာ ဝမ်ယင်းယင်းသာဖြစ်ပေ၏။
—
အချိန်များက မီးခိုးငွေ့များအလား ရွေ့လျားလွင့်ပျယ်သွားကြသည်။
လင်အိမ်တော်မှထွက်ခွာလာခဲ့ပြီး ကောင်းကင်သည် ညနေရီ နှင်းဆီရောင်တောက်တောက်လွှမ်းလျက်ရှိ၏။
လိန်ရှင်းနန်လည်း ခံစားချက်များ မတည်ငြိမ်သေး။
အရှေ့မှ စကားတစ်ခွန်းမဆိုဘဲ လမ်းလျှောက်နေသောအမျိုးသား၏ ကျောပြင်ကိုကြည့်ရင်း သူမေးလိုက်သည်။
"ဒါဆို ဝမ်ယင်းယင်းနဲ့လင်ကျောက်ယွဲ့ကို မိုးနီရေတိုက်ခဲ့တဲ့တရားခံက လက်ရှိအချိန်တော့ ပညာသင်ဝမ်အဖြစ်နိုင်ဆုံးပေါ့"
"၈၀ရာခိုင်နှုန်းလောက် သေချာနေတယ်"
လီနန်ခယ့်က သူ၏အကဲဖြတ်ချက်ကို ပြောပြလာသည်။
အသေးစိတ်အချက်တချို့မှလွဲ၍ အခြေခံအကြောင်းအရာကိုတော့ လင်ကျောက်ယွဲ့လိမ်ခဲ့ဟန်မတူ။ သူမပြောခဲ့သမျှအချက်အလက်များကို မသင်္ကာလျှင်လည်း သူတို့စုံစမ်းအတည်ပြုနိုင်သည်ပင်။
ဝမ်ကျင်းအာ၏ရုပ်အလောင်းတွင် ဦးခေါင်းနောက်စေ့ဒဏ်ရာပါမပါကိုလည်း သူတို့ လက်တွေ့သွားစစ်နိုင်ပေသည်။
ထိုမိန်းကလေး လိမ်စရာအကြောင်းမရှိပါလျှင် ပညာသင်ဝမ်သည် လင်ကျောက်ယွဲ့နှင့်ဝမ်ယင်းယင်းတို့ကို မိုးနီတိုက်ကျွေးနိုင်ချေရှိသည် အဓိကလက်သည်ဖြစ်သလို အမှု၏နောက်ကွယ်ကတွန်းအားလည်း ဖြစ်နိုင်ချေရှိသည်။
"ဒါဆို သူပဲဖြစ်မှာပေါ့"
လိန်ရှင်းနန်၏နှလုံးသားထဲတွင် ဖော်ပြမရနိုင်သော ရှုပ်ထွေးမှုတစ်ခုကို ခံစားနေရဆဲ။
လက်သည်တရားခံအား ပညာသင်ဝမ်ဖြစ်သည်ဟု အတည်ပြုလိုက်လျှင် ထိုအမျိုးသားသည် နှမဖြစ်သူအပေါ် အလွန်ချစ်ခင်တွယ်တာလှပေမည်။ သို့မဟုတ်ပါက ဤမျှအထိဒေါသထွက်ကာ အရဲစွန့်စရာအကြောင်းမရှိ။
"ဝမ်မိသားစုဆီ သွားကြတာပေါ့" လီနန်ခယ့်ကဆိုသည်။
လိန်ရှင်းနန်က ခြေလှမ်းကိုအရှိန်တင်ကာ ထိုသူနှင့်ရင်ဘောင်တန်းလျှောက်လှမ်းရင်း ဆိုသည်။
"လီနန်ခယ့်၊ ဟိုင်လင်ခရိုင်မှာတုန်းက ရှင်ဘာအလုပ်လုပ်ခဲ့တာလဲ။ ရှင့်ကြည့်ရတာ အမှုလိုက်ရတာကို အတော်ဝါသနာထုံပုံပဲ"
"ကြည့်ရတာ မွေးရာပါဝါသနာထင်ပါရဲ့"
"ဘာကြီးလဲ မွေးရာပါက"
"အဲ့ဒါက ရှင်းပြရခက်တယ်။ အရင်ဆုံး တစ်ဖက်လူက ကိုယ်နဲ့ နက်နက်ရှိုင်းရှိုင်း ဆက်သွယ်ခံစားဖူးထားမှ"
"ဒါဆိုလည်း ကျွန်မနဲ့နက်နက်ရှိုင်းရှိုင်းဆက်သွယ်လိုက်လို့ မရဘူးလား"
အထက်လူကြီးမှာ လက်အောက်ငယ်သား၏ တမင်တကာကွေ့ပတ်နေမှုကြောင့် နောက်တစ်ကြိမ်စိတ်ကောက်သွားပြန်ပြီထင့်။
ထိုသူ ဘာမှဆက်မပြောသည်ကိုမြင်သော် လိန်ရှင်းနန်လည်း အတင်းလိုက်မေးနေဖို့ မကြိုးစားတော့။
လမ်းထောင့်တစ်ခုကို ကွေ့ဝင်လိုက်ပြီး လီနန်ခယ့်ရုတ်တရတ် ခြေလှမ်းရပ်သွားသည်။ ထို့နောက် တအံ့တသြဟန်ဖြင့် မနီးမဝေးရှိ ရှန်းဟွာမျှော်စင်ကိုမော့ကြည့်ကာ ဆိုသည်။
"မိန်းကလေးတွေ ဒီလောက်အစောကြီးမှာတောင် လေ့ကျင့်ခန်းစနေကြပြီလား"
"အဲ့ဒါရှင်နဲ့ဘာဆိုင်လို့လဲ"
ထိုသူ၏အာရုံက ပြည့်တန်ဆာရုံဆီ ဗြုန်းစားရောက်ရှိသွားသည်ကိုမြင်သော် လိန်ရှင်းနန်မကျေမနပ်ဖြစ်ကာ သတိပေးလိုက်သည်။
"ကိုယ့်ကိုယ်ကိုယ် အိမ်ထောင်သည်ဆိုတာလည်း သတိရဦး"
"ကျွန်တော်မှတ်မိသလောက် သူဌေးကြီးလင်ရဲ့ဇနီး မေရှင်းအာကလည်း ရှန်းဟွာမှာအလုပ်လုပ်ခဲ့တာမဟုတ်လား"
လီနန်ခယ့်က သူ့ဟာသူ ခပ်တိုးတိုးရေရွတ်နေသည်။
ထို့နောက် ချက်ချင်းဆိုသလို ထိုနေရာသို့ လှမ်းလျှောက်သွားတော့၏။
လိန်ရှင်းနန်လည်း လန့်ဖျပ်သွားကာ ထိုသူကိုတားဖို့ အမြန်ပြေးလိုက်သွားရင်း သူပြောခဲ့သည့်စကားအား ရုတ်တရတ်စဥ်စားလိုက်မိသည်။ ထို့နောက် တစ်ခဏမျှတွန့်ဆုတ်သွားပြီးမှ နောက်ကသာ အတူလိုက်လာခဲ့တော့သည်။
ရှန်းဟွာမျှော်စင်အတွင်းသို့ ဝင်ရောက်လိုက်ချိန်တွင် ရေမွှေးနှင့် ပေါင်ဒါနံ့ပြင်းပြင်းများက သူတို့ထံ အပြေးရိုက်ခတ်ဆီးကြိုကြ၏။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ လှပသော အမျိုးသမီးများစွာကို အဆုံးမရှိ မြင်တွေ့နေရသည်။
အပေါ်ထပ် အောက်ထပ် နေရာလပ်မကျန် ပေါင်ဒါမှုန့်နီနီများနှင့် ပိုးထည်စိမ်းစိမ်းတို့သာ ပြည့်နှက်နေကာ ညှို့ငင်မူးယစ်စေသော ဂီတသံတို့နှင့် ဖျော်ဖြေကပြမှုများ တင်ဆက်ပေးနေသည်။ အရောင်စုံလင်သော မီးရှူးမီးပန်းတို့ကြား ရောက်ရှိသွားသည့်အလား စည်ကားသိုက်မြိုက်လျက်။
ပွဲကြီးပွဲကောင်းတစ်ခု ဆင်နွှဲပြီးကာစ မိန်းကလေးများလည်းရှိနေသည်။
ဒါကို ဘယ်လိုသိတာလဲမေးရင်တော့ ဘယ်လိုပြောရမလဲ။ မှင်စာဂူထဲ တိုက်ပွဲဆင်နွှဲအောင်မြင်ပြီး ပြန်ထွက်လာကြတဲ့ အမျိုးသမီးစစ်သည်တော် သူရဲကောင်းတွေလို ခံစားချက်မျိုး ခံစားမိနေလို့ပေါ့။
***