ငွေရောင်မီးအိမ်များက အစီအရီလင်းလက်နေကာ သူတို့ထံမှစီးမျောလာသောမွှေးရနံ့အား မှန်ခြောက်ချပ်ကာထားလို့ပင် ပိတ်ပင်နိုင်မည်ထင်။
ခန်းမအောက်ထပ်မှ ကြည်လင်သာယာသော စောင်းတီးသံသဲ့သဲ့က တိတ်ဆိတ်ငြိမ်သက်သော မွှေးရနံ့ခန်းမဆောင်ထဲ လွင့်မြောလျက်ရှိသည်။ ကျောက်သားကိုထွင်းဖောက်ကာ တိမ်စများကို လန့်ဖျပ်လွင့်ပြေးစေမည့် ဂီတသံမျိုးမဟုတ်။ သို့တိုင် နက်နဲပုန်းကွယ်နေသော ခံစားချက်တစ်ချို့ကို လှုပ်နှိုးပေးနိုင်ရန်အတွက်တော့ လုံလောက်ပေသည်။
မွှေးရနံ့ခန်းမဆောင်၏ သီးသန့်ခန်းတစ်ခုထဲ၌ လီနန်ခယ့်နှင့် လိန်ရှင်းနန်တို့ စားပွဲတစ်ခုတွင် ထိုင်နေကြသည်။
ဝမ်ဟူသဲ့ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်းပင်။
လီနန်ခယ့်၏ တည်ငြိမ်အေးဆေးနေပုံနှင့် နှိုင်းယှဥ်ရလျှင် လိန်ရှင်းနန်မှာ အတော်လေးကို စိတ်မသက်မသာဖြစ်နေရှာသည်။
ပြည့်တန်ဆာရုံများကို အမှုစုံစမ်းစစ်ဆေးရန်သက်သက် ရောက်ဖူးသိဖူးပါသော်ငြား အရင်အခေကါများတွင် ငယ်သားတပုံတပင် ခြံရံလိုက်ပါတတ်ကြစမြဲပင်။ သို့သော် အမျိုးသားတစ်ယောက်နှင့် အတူလာဖူးသည်ကတော့ ယခုက ပထမဆုံးအကြိမ်ဖြစ်၏။
"ရှင်က ပြည့်တန်ဆာရုံတွေကို မကြာမကြာလာဖူးတာလား"
အမျိုးသမီးက သူ့ကို မယုံသင်္ကာကြည့်ကာ မေးလာသည်။
လီနန်ခယ့်က ဖွဖွရယ်၏။
"ခေါင်းဆောင်က ကျွန်တော်လာနိုင်မယ်ထင်လို့လား။ ကျွန်တော့်ဇနီးက လွယ်လွယ်အရူးလုပ်လို့ရမဲ့သူမဟုတ်ဘူးလေ"
"ဒါပေမဲ့ ရှင့်ကြည့်ရတာ အရမ်းနေသားကျနေသလိုပဲ"
မိန်းမလှက အကဲဖြတ်သည်။
လီနန်ခယ့်မှာ ကြောင်တောင်တောင်ဖြစ်သွားရသည်။
"ကျွန်တော်ကဘာတွေ ရင်ခုန်စိတ်လှုပ်ရှားနေရမှာတုန်း။ ဒီကိုအမှုစစ်ဖို့ရောက်လာပဲလေ၊ အပျော်ရှာဖို့လာတာမှ မဟုတ်တာ"
အမျိုးသား၏ ပွင့်လင်းဖြူစင်သောအကြည့်ကို အကဲခတ်ရင်း လိန်ရှင်းနန်သည် သူမကိုယ်တိုင် အတွေးလွန်သွားခြင်းဖြစ်ကြောင်း နားလည်လိုက်ရ၏။ ပါးပြင်များ မဆိုစလောက်ရှက်သွေးဖြန်းကာ မယုံသင်္ကာ အထင်အမြင်ကြောင့် အားနာစိတ်ပင်ဝင်သွားရသည်။
ဤအချက်ကြောင့် လီနန်ခယ့်သည် ယောက်ျားသားအများစုနှင့်မတူ တမူကွဲပြားကြောင်း ပို၍ရှင်းရှင်းလင်းလင်း နားလည်လိုက်ရ၏။
ချောမောပြေပြစ်ကာ၊ လုပ်ရည်ကိုင်ရည်ရှိသည်။ ဇနီးမယားကို သစ္စာရှိသူဖြစ်ပြီး လောကီအလှအပများ၏ ဖြားယောင်းမှုနောက် လွယ်လွယ်ပါသွားမည့်သူမျိုးမဟုတ်။
ဘာကြောင့်ရယ်မသိ၊ သူမ လော့ချန်းချိုးကိုပင် အနည်းငယ်မနာလိုဖြစ်မိသလို ခံစားရသည်။
ဒီတိုင်း မနာလိုအားကျစိတ်သက်သက်ပါပဲ။
တခြားအတွေးတော့ မရှိပါလေ။
ထိုသို့တွေးနေစဥ် လင်အိမ်တော်တွင် သူမရှေ့ မားမားမတ်မတ်ရပ်တည်ကာ ကာကွယ်ပေးခဲ့သော ထိုလူ၏မြင်ကွင်းက စိတ်ထဲအပြေးဝင်ရောက်လာပြန်၏။ ထိုအခိုက် မျက်လုံးလှလှများ ဆုံချက်ပျောက်ဝေဝါးသွားရကာ ချယ်ရီရောင်နှုတ်ခမ်းသားတို့ ခပ်ဟဟပွင့်အာကာ သူမဆိုမိသည်။
"ကျွန်မကိုကယ်ပေးခဲ့လို့ ကျေးဇူးပါ"
"ဟမ်"
လီနန်ခယ့်မှာ ဝမ်ဟူသဲ့ကိုစစ်မေးဖို့ မေးခွန်းများကြိုစီစဥ်နေရင်း အတွေးထဲနစ်ဝင်နေသည်ဖြစ်ရာ အေးတိအေးစက် အထက်လူကြီးထံမှ ရုတ်တရတ်ထွက်ပေါ်လာသော ကျေးဇူးစကားကြောင့် အခိုက်အတန့်မျှ ခေါင်းရှုပ်သွားရသည်။
ထို့နောက်မှ ချက်ချင်းသဘောပေါက်ကာ အနေရခက်စွာပြောမိသည်။
"တကယ်တော့ အချိန်ကိုက်ဖြစ်နေလို့ ကူညီလိုက်ရုံပါ"
သို့သော် လီနန်ခယ့်အမှန်အတိုင်းပြောသောစကားက လိန်ရှင်းနန်၏နားထဲတွင်တော့ နှိမ့်ချမှုတစ်ခုအဖြစ် အသွင်ပြောင်းသွားခဲ့သည်။ ထိုလူ့အပေါ် သူမ၏နှစ်သက်မှုမှာ ယခင်က ယုန်မလေးမုန့်၏ ငါးပုံနှစ်ပုံမျှသာရှိခဲ့သည်ဆိုလျှင် ယခု ငါးပုံသုံးပုံထိ အဆင့်တက်လာပြီဟု ဆိုရပေမည်။
အမျိုးသမီးက လက်တစ်ဖက်ကိုမြှောက်ကာ နားထင်မှဆံစတချို့အား သပ်ဖယ်လိုက်ရင်း နူးညံ့စွာဆိုသည်။
"အဲ့ဒီတစ်ကြိမ် ကျွန်မကိုကယ်လိုက်ရတဲ့အတွက် ရှင့်မှော်လက်နက်လည်း အတော်လေးအထိနာသွားလောက်တယ်။ ကျွန်မတို့ တိမ်တိုက်မြို့တော်ဆီပြန်တဲ့အခါ ကျွန်မသူ့ကိုပြန်အားဖြည့်ဖို့ ဝိညာဥ်ကျောက်တုံးတချို့ ရှာပေးပါဦးမယ်။ ဒါမှမဟုတ် တခြားမှော်လက်နက်တစ်ခု အစားရှာပေးလည်းရတာပဲ"
မှော်လက်နက် အထိနာသွားမယ်တဲ့လား။
လီနန်ခယ့် မျက်ခုံးလှုပ်သွားသည်။
ထိုအချက်ကို သူလည်းထည့်မတွက်မိလိုက်။
မိုးနီအိပ်မက်ကမ္ဘာထဲမှ သူရခဲ့သော ထိုမှော်လက်နက်သည် အပြင်လောကရှိ မှော်လက်နက်များကဲ့သို့ သုံးပြီးတိုင်းစွမ်းအားလျော့တတ်လေသလား သူလည်းမသိထားချေ။
သို့သော် ဤမနက်က ခံစားခဲ့ရသလောက်တော့ ထိုအုတ်ခဲသည် မည်သို့မှအထိနာသွားဟန်မပေါ်ချေ။
သူအတွေးများစွာဖြင့် နစ်မျောနေစဥ် သီးသန့်ခန်းတံခါးက ရုတ်တရတ်တွန်းဖွင့်ခံလိုက်ရပြီး ကျော့ရှင်းလှပသော အမျိုးသမီးတစ်ဦး လျှောက်ဝင်လာသည်။
ဝန်ကြီးချုပ်ငယ် ဟု လူသိများသော ဝမ်ဟူသဲ့။
"အို၊ လာခဲလိုက်တဲ့ဧည့်သည်တော်ပါလား"
လီနန်ခယ့်၏ ခန့်ညားပြေပြစ်သော မျက်နှာသွင်ပြင်ကိုငေးမောရင်း ဝမ်ဟူသဲ့၏မျက်လုံးများမှာ မက်မွန်ပန်းပွင့်အလား ဝင်းလဲ့လာတော့သည်။
"အောက်ထပ်ကညီမလေးတွေက ဒီနေ့တော့ ရတနာအပြည့်နဲ့ ဝမ်ချူးကြယ်တစ်စင်းကြွေကျလာတယ်လို့ ပြောနေကြတာ မအံ့သြတော့ပါဘူး။ သူတို့အားလုံးက ရှင့်ဆီက ဗဟုသုတတွေ အသိပညာတွေ သင်ယူစုဆောင်းချင်လှဆိုရဲ့"
ဝမ်ဟူသဲ့က တစ်ဆင့်ချဲ့ကားပြောဆိုနေခြင်း မဟုတ်ရပါ။
ရှန်ဟွားမျှော်စင်တွင်းသို့ လီနန်ခယ့်ဝင်လာခဲ့စဥ်က အမှန်တကယ်ပင် ရုပ်ရှင်ဇာတ်ဝင်ခန်းတစ်ခုနှယ် အုတ်အော်သောင်းနင်းဖြစ်ခဲ့သည်။
မျက်လုံးအစုံတို့တွင် ချစ်ခင်တပ်မက်မှုတို့အပြည့်ဖြင့် မိန်းကလေးတို့သည် ထိုယောက်ျား၏အင်္ကျီရင်စထဲကိုသာ ထိုးခွဲတိုးဝင်လိုက်ချင်ကြသည့်အလား၊ ထန်စန်းကိုယ်တော်၏အပါးမှ မိန်းမလှအသွင်ဆောင် မိစ္ဆာမများအလား။
ထိုယောက်ျားဆီအပြေးသွားကာ ဖက်တွယ်မြူဆွယ်လိုက်ချင်တော့သည်။
လိန်ရှင်းနန်က ခါးထက်မှ ညကင်းလှည့်တပ်ဖွဲ့တံဆိပ်ကို အချိန်မီမပြလိုက်ပါက လီနန်ခယ့် ရှန်ဟွားမျှော်စင်ထဲကပြန်ထွက်လာချိန်တွင် ခေါင်းစခြေဆုံး နှုတ်ခမ်းနီရာနှင့် ပေါင်ဒါရနံ့များသာ ပေကျံစွဲကပ်နေလောက်လေပြီ။
"အစ်မဝမ်ကတော့ နောက်နေပြန်ပါပြီ။ ကျွန်တော်ကဒီနေ့ အလုပ်ကိစ္စနဲ့လာခဲ့တာပါ"
လီနန်ခယ့်ကဘေးတွင်ထိုင်နေသော လိန်ရှင်းနန်ကို ညွှန်ပြလိုက်သည်။
"သူက ညကင်းလှည့်တပ်ဖွဲ့ရဲ့ အရာရှိလိန်ပါ။ သူတာဝန်ရှိတဲ့ အမှုကိစ္စအတွက် ကျွန်တော်ကူညီပေးနေတာ"
"မင်္ဂလာပါ အရာရှိလိန်"
လိန်ရှင်းနန်၏ရှေ့တွင်တော့ ဝမ်ဟူသဲ့လည်း မရိုမသေဟန်မလုပ်ရဲဘဲ သေချာဦးညွှတ်နှုတ်ဆက်လိုက်သည်။
သဘာဝအတိုင်း ကျော့ရှင်းသေသပ်သော အလှတရားပိုင်ရှင် ထိုအမျိုးသမီးအရာရှိကိုကြည့်ရင်း သူမသည်ကောင်းကင်ဘုံ၏မျက်နှာလိုက်တတ်မှုကို သြမချဘဲမနေနိုင်။ သွယ်ပျောင်းနူးညံ့သော ထိုခါးလှပ်လှပ်သည် ဖဲကြိုးဖြင့်စည်းနှောင်သိမ်းထုပ်စရာပင် မလိုပါဘဲ လက်တစ်ပွေ့စာသေးကျဥ်လျက်။
တစ်သန်းမှတစ်ယောက်သာတွေ့နိုင်မည့် အလှတရားမျိုး။ လူတစ်ယောက်၏တစ်သက်တာတွင် တစ်ကြိမ်တစ်ခါဆုံဖို့ပင် ခက်ခဲလှစွာသော မိန်းမလှမျိုး။
ဘယ်ယောက်ျားများ ကံကောင်းဦးမလဲ ဟု သူမအတွေးဝင်မိသည်။
လိန်ရှင်းနန်သည် သူမတို့လိုအမျိုးသမီးများကို မနှစ်မြို့ခြင်း၊ ခွဲခြားခြင်း မရှိပါသော်ငြား အလွန်တရာ ခင်မင်ရင်းနှီးဟန်လည်းမပြ။ သူ့ဟန်အတိုင်း အေးတိအေးစက် အင်းလိုက်ရင်း ခပ်မဆိတ်နေသည်။
"အစ်မဝမ်ရေ၊ လိုရင်းပဲပြောကြတာပေါ့"
လီနန်ခယ့်က လက်ဖက်ရည်အိုးကိုကောက်ကိုင်ပြီး အမျိုးသမီးအတွက် တစ်ခွက်ငှဲ့ပေးရင်း မေးသည်။
"အစ်မ မေရှင်းအာနဲ့ ခင်တော့ခင်ဖူးရဲ့မဟုတ်လား"
"မေရှင်းအာလား"
ဝမ်ဟူသဲ့၏အမူအရာက ထူးဆန်းသွားသည်။
"သခင်လေးလီရဲ့အကြိုက်က ဒီလိုမျိုးဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"
လီနန်ခယ့်က ပြန်မဖြေဘဲ အသာပြုံးနေသည်။
ဝမ်ဟူသဲ့က သူ့ကိုဆက်စနောက်မနေတော့ဘဲ ခပ်သာသာရယ်လျက် ဆိုသည်။
"တုန်းချီခရိုင်မှာ မေရှင်းအာကိုမသိတဲ့သူ ဘယ်သူများရှိလို့လဲ။ တစ်ချိန်က ကျွန်မတို့ရှန်ဟွားမျှော်စင်ရဲ့ ထိပ်တန်းအလှပဂေးတစ်ယောက်ပေါ့"
"သူ့ကို ဘယ်လိုလူမျိုးလို့ ထင်သလဲ"
လီနန်ခယ့်မေးသည်။
ဝမ်ဟူသဲ့က သွယ်လျသောလက်ချောင်းလေးများဖြင့် လက်ဖက်ရည်ခွက်ကိုမြှောက်ကိုင်ကာ ညှို့ငင်သောအသံဖြင့်ဆိုသည်။
"သူက မဆိုးပါဘူး။ ကျွန်မ သူ့အကြောင်းတော့ ကောင်းကောင်းသိတယ်။ အဲ့ဒီအချိန်တုန်းက ကျွန်မက လက်ဖက်ရည်ဆက် ရေဆက်ရတဲ့ အစေခံငယ်လေးတစ်ယောက်ပေမဲ့ မိန်းမလှလေးက မာန်မာနမထားဘဲ ကျွန်မကိုကောင်းကောင်းဆက်ဆံပေးခဲ့တယ်လေ"
"သူနဲ့ သူဌေးလင် ဘယ်လိုများတွေ့ခဲ့တာလဲ"
"ကျွန်မတို့လို ဒီအလုပ်လုပ်နေရတဲ့သူတွေ ယောက်ျားတွေနဲ့တွေ့ခွင့်ရဖို့ ဘယ်နည်းရှိနိုင်ပါ့မလဲ"
ဝမ်ဟူသဲ့က မျက်ဆန်လှန်ပြပြီး စကားဆက်သည်။
"ရိုးရိုးလေးပါပဲ။ သူဌေးလင်က ရှန်းဟွာကို အပျော်လာရှာရင်း မေရှင်းအာကိုစွဲလမ်းသွားတယ်။ မေရှင်းအာကလည်း အပြုအစုအယုအယတော်တယ်လေ။ ဒီလိုနဲ့ ဝယ်ထုတ်သွားခဲ့တာပဲ"
"ဒီမေရှင်းအာက တော်တော်လေး ပါးနပ်မဲ့ပုံပဲ"
လီနန်ခယ့်က စကားနောက်ကွယ်က ဆိုလိုရင်းကိုနားလည်လိုက်သည်။
ချမ်းသာကြွယ်ဝ လိုတရသော ကုန်သည်သူဌေးကြီးတစ်ယောက်ကို ပြည့်တန်ဆာအားငွေပုံပေးပြီးရွေးထုတ်ကာ အိမ်တော်သို့ ဇနီးအဖြစ်ခေါ်ဆောင်သွားစေဖို့ ရုပ်ရည်လှပြီး အိပ်ရာထဲကျွမ်းကျင်ရုံမျှဖြင့် မလုံလောက်ပေ။ ယောက်ျားတစ်ယောက်၏နှလုံးသားကိုလည်း ကောင်းကောင်းကစားတတ်ဖို့လိုသေးသည်။
စကားသုံးခွန်းလောက်နှင့် ယောက်ျားတစ်ယောက်ကို မိမိအတွက် ရွှေဒင်္ဂါးသိန်းချီ မြှုပ်နှံသုံးဖြုန်းပစ်စေချင်လောက်သည်အထိ တတ်လိုက်သည့်ပညာ။
ဝမ်ဟူသဲ့က ထောက်ခံသောအကြည့်ဖြင့် တစ်ချက်လှမ်းကြည့်ပြီး ခပ်ဆွဲဆွဲဆိုသည်။
"ကျွမ်းကျင်မှုကတစ်ပိုင်းပါ၊ ကံကောင်းတာလည်းပါတာပေါ့လေ"
"မေရှင်းအာဆီမှာ တစ်ခါက ချစ်သူတစ်ယောက်ရှိခဲ့ဖူးတာ ကျွန်မမှတ်မိသေးတယ်။ အဲ့ဒီလူဘယ်သူလဲတော့ မသိပါဘူး။ ဒါပေမဲ့ သူအပြင်ခဏခဏထွက်ပြီး အဲ့လူကိုခိုးတွေ့တာတော့ သိခဲ့တယ်။ သခင်မကြီးဆို မကြာမကြာ ဒေါသထွက်ရတာပေါ့"
"ဒါပေမဲ့ မေရှင်းအာက ငွေရှာတော်တယ်လေ။ ဒါနဲ့ သခင်မကြီးလည်း မျက်ကွယ်ပြုထားခဲ့ရတာ။ သိပ်မကြာဘူး၊ မေရှင်းအာတစ်ယောက် ပျော်ရွှင်မြူးထူးပြီ ကျွန်မတို့ကိုလာပြောသေးတယ်။ သူကအခု အတော်တွေဖြန့်ပြီး ဖီးနစ်တစ်ကောင်လို ပျံသန်းပြတော့မှာတဲ့"
"အဲ့ဒီပျော်စရာအချိန်လေးတွေလည်း ကြာရှည်မခံခဲ့ပါဘူး။ မကြာခင်မှာပဲ သူစိတ်ဓာတ်တွေကျ မျက်နှာညှိုးနေပြန်ရော။ ဘာရှိမလဲ၊ ချစ်သူကောင်လေးဆီက ပစ်ပယ်ခံလိုက်ရတာပဲပေါ့။"
"နောက်တော့ မေရှင်းအာက သူဌေးလင်ကိုလက်ထပ်ခဲ့တယ်၊ ဒီဆုံးဖြတ်ချက်ကြောင့် သူအရင်ကပြောခဲ့သလို ဖီးနစ်တောင်ပံဖြန့်ပြီး ပျံသန်းနိုင်ခဲ့တယ်လို့ ဆိုရမှာပေါ့။ ပြည့်တန်ဆာတစ်ယောက်အတွက်တော့ ကောင်းလိုက်တဲ့ကံကြမ္မာလေ။ တခြားညီအစ်မတွေတော့ မနာလိုတိုရှည် ကျန်ရစ်ခဲ့ရတာ"
ဝမ်ဟူသဲ့၏စကားလုံးများက သူမကိုယ်တိုင်၏ မနာလိုအားကျမှုကိုလည်း ဖုံးကွယ်ထားလိုဟန်မတူ။
ဤမျှော်စင်တွင် အသက်မွေးဝမ်းကျောင်းပြုရသော အမျိုးသမီးတိုင်း ကောင်းမွန်လှပသောအိပ်မက်လေးတစ်ခုတော့ ရှိကြစမြဲမဟုတ်ပါလား။
***