ရှန်းဟွာမျှော်စင်မှ ထွက်လာသောအခါ ကောင်းကင်ယံမှာ လုံးဝ မှောင်အတိကျနေပြီ ဖြစ်သည်။
ညကောင်းကင်ယံတွင် အေးစက်စွာတည်ရှိနေသော လမင်းကြီးမှာ ကြည်လင်သန့်စင်လျက်ရှိကာ အပြစ်အနာကင်းစင်ချောမွတ်သော မှန်ဝိုင်းကြီးတစ်ချပ်နှင့် တူလှသည်။
ရှန်းဟွာမျှော်စင် အတွင်းဘက်မှ ဆူညံလှုပ်ရှားမှုများနှင့် နှိုင်းယှဉ်လျှင် အပြင်ဘက်မှာ များစွာပို၍ တိတ်ဆိတ်လှသည်။ အလျင်အမြန် လျှောက်လှမ်းသွားလာနေသော လမ်းသွားလမ်းလာများမှလွဲ၍ လမ်းဘေးဈေးသည် အနည်းငယ်သာ အားကြိုးမာန်တက် အော်ဟစ်ရောင်းချလျက်ရှိကြ၏။
ရံဖန်ရံခါတွင် လက်နက်အပြည့်အစုံဖြင့် တည်ငြိမ်အေးစက်သော အသွင်ရှိသည့် မြို့စောင့်ရဲမက်များ ကင်းလှည့်နေသည်ကို တွေ့ရတတ်သည်။
"မေရှင်းအာ ဘယ်ကိုရောက်နေမယ်လို့ထင်သလဲ"
လိန်ရှင်းနန်က မှိန်ဖျဖျဖြစ်နေသော အိမ်အမိုးအကာများကိုကြည့်ကာ တိုးတိုးလေးမေးလိုက်သည်။
"မိစ္ဆာထွက်ပြေးသွားတုန်းက ဘယ်ဓားစာခံကိုမှဖမ်းမသွားခဲ့ဘူး။ မဟုတ်မှ တခြားမိစ္ဆာတွေများ ရှိနေနိုင်ဦးမလား"
လီနန်ခယ့်က ခေါင်းယမ်းသည်။
"မဖြစ်နိုင်ဘူး။ မိစ္ဆာက အဘိုးချင်တစ်ယောက်တည်းပဲ။ ကျွန်တော့်စိတ်ထဲ ထူးဆန်းနေတာက သူဘာလို့ မေရှင်းအာအခန်းကို အရင်သွားရတာလဲဆိုတာပဲ"
"လင်မိသားစုတစ်ခုလုံးကို လက်စားချေချင်လို့ဖြစ်မျာပေါ့"
"ဒါပေမဲ့ဘာလို့ မေရှင်းအာအခန်းကိုမှ အရင်ဝင်ရတာလဲ။ နောက်ပြီး အခန်းကရော ဘာလို့အဲ့လောက်ရှုပ်ပွကျန်ခဲ့တာလဲ"
ထိုအမျိုးသားက မေးခွန်းတစ်ခုတည်းကို ထပ်ခါထပ်ခါမေးရင်း သော့ချက်ကို အလေးထားစဥ်းစားနေဟန်ရှိ၏။
လိန်ရှင်းနန်မှာ ဆွံ့အသွားရသည်။
အမှန်အတိုင်းပြောရလျှင် လက်လျှော့အရှုံးပေးချင်စိတ် အနည်းငယ်ဝင်လာမိသည်ပင်။
အတိတ်တုန်းက မည်သို့သောအမှုကိစ္စပင်ဖြစ်ပါစေ အခက်အခဲတချို့ ရံဖန်ရံခါကြုံရတတ်သည်ဆိုလျှင်တောင် ကိုယ့်အားကိုယ်ကိုးကာ ကိုင်တွယ်ဖြေရှင်းနိုင်သည်။
သို့သော် အမှုကိုကူညီဖြေရှင်းဖို့ လီနန်ခယ့်ကို အကူခေါ်လိုက်ချိန်မှစ၍ ဉာဏ်ပညာအရတွင် သူမကပဲနောက်ကောက်ကျနေသလိုလို ခံစားချက်မျိုး ဝိုးတဝါးဖြစ်ပေါ်လာကာ ထိုသူ၏အတွေးစဥ်ကို အမီလိုက်ရန် ခက်ခဲလှကြောင်း သိလာရ၏။
သူမ တစ်ခုကိုနားလည်လိုက်အပြီးတွင် ထိုသူက နောက်တစ်ခုအကြောင်းစကားစလာတတ်သည်။
တစ်နေကုန် ဟိုပြေးသည်လွှား ပင်ပန်းခဲ့ရအပြီး မိစ္ဆာ၏ဇာစ်မြစ်ကို သူတို့ရှာတွေ့နိုင်ခဲ့ကာ ဝမ်ယင်းယင်းနှင့် လင်ကျောက်ယွဲ့တို့၏ မိုးနီရေနောက်ကွယ်က လက်သည်တရားခံကိုလည်း သတ်မှတ်နိုင်ခဲ့သည်။ သို့တိုင် သူမစိတ်ထဲတွင်တော့ ရှုပ်ထွေးကျန်ရစ်လျက်။
"ဘာလို့ အဲ့လိုတပ်အပ်တွေးရတာလဲ" လိန်ရှင်းနန် မတတ်သာသည့်အဆုံး ရှင်းပြဖို့သာတောင်းဆိုလိုက်သည်။
လီနန်ခယ့်က အမျိုးသမီး၏ မျက်နှာဖြူဖြူလှလှလေးကိုကြည့်ကာ ပြုံးသည်။
"ဦးတည်ချက်က အရမ်းရှင်းလင်းနေတာပဲ။ အဲ့ကောင်က သေချာပေါက် မေရှင်းအာကိုပစ်မှတ်ထားနေတာပဲလေ"
"ဘာလို့လဲ" သူမ ယခုထိတိုင် နားမလည်သေး။
ဤတစ်ကြိမ်တွင်တော့ ထိုသူကအဖြေမပေးဘဲ ဝေ့လည်ကြောင်ပတ် ခန့်မှန်းချက်တွေထုတ်ပြလာသည်။
"မဟုတ်မှ မေရှင်းအာကသူ့အပေါ် တစ်ခုခုလုပ်ခဲ့လို့နေမှာပေါ့။ အဲ့လိုမှမဟုတ်ရင်..."
ထိုအမျိုးသား စကားစဖြတ်သွားပြန်သည်ကိုမြင်သော် လိန်ရှင်းနန် လက်သီးတစ်ချက်သာကျွေးလိုက်ချင်တော့သည်။
လီနန်ခယ့်က ပုခုံးထက်မှ ဖုန်မှုန့်တချို့ကို သာသာခါထုတ်ရင်း ဆိုလာသည်။
"ခေါင်းဆောင်လိန်၊ အခုအရမ်းနောက်ကျနေပြီဆိုတော့ ဝမ်မိသားစုဆီ မနက်ဖြန်မနက်မှသွားကြတာပေါ့"
"မနက်ဖြန်မနက်မှလား"
လိန်ရှင်းနန် လုံးဝနားမလည်ဟန်ဖြင့် မျက်လုံးလေးတွေဝိုင်းသွားသည်။
လက်သည်တရားခံကို သူတို့ဖမ်းဆုပ်မိပြီးပြီမဟုတ်လော။
"ကျွန်တော်အဖြေရှာမရသေးတဲ့ မေးခွန်းလေးတချို့ကျန်နေသေးတယ်။ မနက်ဖြန်မှသွားလည်း နောက်မကျကောင်းပါဘူး"
လီနန်ခယ့်က ဗိုက်ကိုပွတ်ရင်း ကူကယ်ရာမဲ့ဆိုလာသည်။
"ကျွန်တော် ဗိုက်လည်းအရမ်းဆာနေပြီဗျာ"
ပေါ်တင်သတိပေးခံလိုက်ရမှ လိန်ရှင်းနန်လည်း သူတို့နှစ်ဦးစလုံး တစ်နေကုန်အလုပ်များပြီး ဘာမှမစားခဲ့ရသေးကြောင်း အမှတ်ရသည်။
သူမကိုယ်တိုင်ပင် မနက်ကပေါက်စီနှစ်လုံးဖြင့်သာ ဗိုက်ဖြည့်ခဲ့ရသည်ပင်။
အမျိုးသမီးက နည်းနည်းရှက်သွားသည့်ဟန်ရှိကာ ချက်ချင်းအလျှော့ပေးလာပြီး ဆိုသည်။
"ဒါဆို စားသောက်ဆိုင်တစ်ဆိုင်ရှာကြတာပေါ့ ကျွန်မကျွေးပါ့မယ်"
အမျိုးသာက ယဥ်ကျေးစွာငြင်းပယ်လာသည်။
"မလိုပါဘူး။ ကျွန်တော့်ဇနီးက အိမ်မှာညစာစားဖို့ စောင့်နေလောက်မယ်"
"ဒီလောက်နောက်ကျနေပြီကို ရှင်သေချာရဲ့လား"
လော့ချန်းချိုး ဒီအချိန်ထိ မစားမသောက် ထိုင်စောင့်နေလိမ့်မည်ဟုတော့ လိန်ရှင်းနန်မထင်ပါ။ စားစရာချန်ထားရုံလောက်သာ ဖြစ်ပေမည်။
လီနန်ခယ့်က လုံးဝသေချာနေသောအသံဖြင့် ဆိုသည်။
"သေချာပေါက် စောင့်နေဦးမှာပါ"
လိန်ရှင်းနန်လည်း ဘာမှထပ်မပြောနေတော့။
"ဟုတ်ပြီ ဒါဆိုကျွန်မရှင့်ကို အိမ်ထိလိုက်ပို့ပေးမယ်"
သူတို့နှစ်ဦး အိမ်သို့ရောက်သောအခါ စားပွဲပေါ်တွင် နွေးနေဆဲဖြစ်သော ဟင်းလျာများနှင့် ဆေးကျမ်းတစ်အုပ်ကိုကိုင်ကာ တိတ်ဆိတ်စွာစောင့်ဆိုင်းနေသော အမျိုးသမီးကို မြင်လိုက်ရသဖြင့် လိန်ရှင်းနန်မှာ လုံးဝဆွံ့အသွားတော့သည်။
လော့ချန်းချိုး၏ လိမ္မာရိုကျိုးမှုကြောင့်သာမက ဤလင်မယားနှစ်ယောက်၏ တစ်ယောက်ကိုတစ်ယောက် နားလည်သိတတ်ကြမှုကို ပိုအံ့သြရခြင်းပင်။
တစ်ချိန်တည်းမှာပင် သူမ၏ရင်ထဲတွင် ဖော်ပြ၍မရသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ ချဉ်စူးစူးခံစားချက်တွင် အခါးအချိုတို့ရောပြွမ်းနေသော အရသာမျိုး။ ဤကဲ့သို့သော အိမ်ထောင်ရေးဘဝမျိုးကို တောင့်တသွားမိသလိုလို ခံစားချက်မျိုး။
"ကိုယ်နေ့လည်အထိပြန်မရောက်ရင် စောင့်မနေပါနဲ့လို့ မမှာထားဘူးလား။ စားနှင့်တာမဟုတ်ဘူးကွာ"
လီနန်ခယ့်က ထိုင်ခုံမှာဝင်ထိုင်ရင်း ဆူပူသည်။
လော့ချန်းချိုးက နှုတ်ခမ်းလှလှလေးများကို ဖိပြုံးရင်း ချိုမြိန်စွာဆိုသည်။
"ကျွန်မလည်းသိပ်မဆာသေးတာနဲ့ ယောက်ျားကိုစောင့်နေလိုက်တာပါ"
ပြောရင်းဆိုရင်း တူနှင့်ပန်းကန်လုံးတစ်စုံကို ထပ်ထုတ်လာကာ လိန်ရှင်းနန်ကိုပါ ဖိတ်ခေါ်လာသည်။
"ခေါင်းဆောင်လိန်၊ အတူစားရအောင်ပါ"
"မလိုပါဘူးရှင် ကျွန်မ—"
လိန်ရှင်းနန် အားနာပါးနာ ငြင်းဆန်မည်အပြု အမျိုးသမီးက ထမင်းပါထည့်ပေးနေပြီးဖြစ်ကြောင်း မြင်လိုက်ရပြီး ဟင်းနံ့များကလည်း မွှေးကြိုင်နေသဖြင့် နောက်ဆုံးတွင်တော့ သူများအိမ်တွင် အရှက်မရှိ ထမင်းဝင်စားရန် ဆုံးဖြတ်လိုက်တော့သည်။
နောက်ဆုံးတွင်တော့ ထိုထမင်းတစ်နပ်မှာ တကယ်ကို တန်ဖိုးရှိခဲ့သည်ပင်။
အစားအစာများ သူမပါးစပ်ထဲသို့ ရောက်သွားသည့်အခိုက်အတန့်တွင် စစ်မှန်သော ဟင်းချက်နည်းပညာအား အမှန်တကယ် နားလည်သွားခဲ့သလို ခံစားရသည်။
အထူးသဖြင့် သူမယခုမြည်းစမ်းနေသော ကြာစွယ်တို့ဖူးဟင်း။
ပါးစပ်ထဲ စထည့်လိုက်ချိန်တွင် အနည်းငယ်ခါးသက်ပြီး ပူနွေးသော်လည်း ချက်ချင်းပင် မမြင်ရသော စွမ်းအားတစ်ခုက သူမ၏ဦးနှောက်ဆီသို့ တိုက်ရိုက်ရောက်ရှိသွားသကဲ့သို့ စိတ်လက်ပေါ့ပါးကြည်ရွှင်ခြင်းအား ပေးစွမ်းကာ အဆက်မပြတ်စားသောက်ချင်စိတ်ကို ဖြစ်ပေါ်စေလေသည်။
နန်းမြို့တော်မှ နာမည်ကြီးစားဖိုမှူးများပင် ဤအိမ်ချက်လက်ရာကို မီနိုင်မည်မထင်။
နောက်ဆုံးတော့ ဤရွက်ကြမ်းရည်ကျို အမျိုးသမီးကို လီနန်ခယ့်အလွန်တန်ဖိုးထားရသည့်အကြောင်းရင်းအား နားလည်လိုက်ရ၏။
ထက်စွမ်းသောဆေးပညာနှင့် ယဥ်ကျေးသောကိုယ်ကျင့်စရိုက်ကို အသာထားဦ၊ ဤထိပ်တန်းဟင်းချက်လက်ရာ တစ်ခုတည်းကပင် ယောက်ျားသားတို့၏ အစာအိမ်နှင့်နှလုံးသားကို အပိုင်သိမ်းနိုင်ဖို့ လုံလောက်ပေပြီ။
"ကျွန်မအမျိုးသား ခေါင်းဆောင်လိန်ကို ဒုက္ခတွေသိပ်မပေးခဲ့ဖို့တော့ မျှော်လင့်ပါတယ်"
လော့ချန်းချိုးက ညင်သာစွာစကားစလာသည်။
အစားအသောက်ကောင်းများထဲ ခေါင်းထိုးနေသော လိန်ရှင်းနန်က ထမင်းကိုကမန်းကတန်းမျိုချရင်း ဆိုသည်။
"ဘယ်ကသာ၊ ရှင့်အမျိုးသားက အရမ်းတော်တာပဲကို"
"ဘာအရှုပ်မှမလုပ်ခဲ့လို့ တော်သေးတာပေါ့"
လော့ချန်းချိုးသည် နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုဖြင့် ဟင်းတစ်ဖတ်ကိုယူကာ လိန်ရှင်းနန်၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"ကျွန်မအမျိုးသားက တစ်ခါတလေတော့ လက်လွယ်စပယ်နိုင်တတ်တယ်။ နောင်မှာ အမှားတစ်ခုခုလပ်ခဲ့မိရင်လည်း ခေါင်းဆောင်လိန်သည်းခံပေးဖို့ မျှော်လင့်ပါတယ်"
"ဒါပေါ့ သည်းခံပေးမှာပါ"
အမျိုးသမီး၏ လိမ္မာသိတတ်မှုကြောင့် လိန်ရှင်းနန်မှာ လီနန်ခယ့်တစ်ယောက် ဒီလိုဇနီးကောင်းမျိုး ရှာတတ်ပါပေ့ဟုသာ တွေးမိလေတော့သည်။
သို့သော် ချက်ချင်းဆိုသလိုပင် ထိုစကားများနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သွားခဲ့ရ၏။
ဆိုတော့ လီနန်ခယ့်ကို သူနဲ့အတူ အလုပ်ဆက်လုပ်စေချင်တဲ့သဘောပေါ့။
လိန်ရှင်းနန်သည် လီနန်ခယ့်ကို တစ်ချက်စွေကြည့်လိုက်သော်လည်း ထိုသူမှာ အစားမှလွဲ၍ တခြားအာရုံမရောက်ဟန်။
သူမရင်ထဲ ပဋိပက္ခများစွာ ဆူညံလာခဲ့သည်။
တစ်ရက်တာသော ဤအချိန်လေးအတွင်း လီနန်ခယ့်၏ထက်မြက်မှုကို သူမမျက်မြင်တွေ့ခဲ့ရပြီးဖြစ်ရာ ထိုသူ၏ အမှုစစ်ပါရမီအား အမှန်ပင်ချီးကျူးမိသည်။
သို့သော် အန္တရာယ်များစွာဖြင့် လည်ပတ်နေရသော ညကင်းလှည့်တပ်ဖွဲ့ထဲထိ အပါခေါ်ဖို့ရန်ကား ထိုသူ၏ဘေးကင်းမှုကို အာမခံနိုင်စွမ်းမရှိပြီ။ တစ်ခုခုလွဲမှားခဲ့လျှင် ဤချစ်စဖွယ်ဇနီးမောင်နှံမှာ တစ်သက်တာဝေးကွာရပေတော့မည်။
လိန်ရှင်းနန်သည် လော့ချန်းချိုး၏ရည်ရွယ်ချက်အစစ်အမှန်ကို ခန့်မှန်းမရသည့်အဆုံး တိတ်တိတ်သာနေလိုက်တော့၏။
စားပွဲပေါ်ရှိ ဆီမီးအိမ်က လူသုံးဦး၏ အရိပ်များကို လင်းထိန်စေလျက်။
ပုံမှန်အတိုင်းဆိုလျှင် လင်မယားနှစ်ဦးတည်း ထမင်းသာငုံ့စားကာ တိတ်ဆိတ်နေတတ်သော်လည်း လိန်ရှင်းနန်ရှိနေခြင်းက အနည်းငယ်အနေရခက်သည်ဆိုဆို သက်ဝင်လှုပ်ရှားလာသလိုတော့ ရှိသည်။
သို့သော် အပြင်လူသည် အပြင်လူသာပင်။ သူမကိုယ်တိုင်လည်း သတိရှိစွာဖြင့် စားသောက်ပြီးစီးချိန်တွင် ထိုဇနီးမောင်နှံအား ဆက်လက်အနှောင့်အယှက်မပေးလိုတော့ဘဲ နှုတ်ဆက်ပြန်လာခဲ့လိုက်သည်။
သူမ မထွက်ခွာမီ လော့ချန်းချိုးက သူမအတွက် ဆေးဝါးအချို့ကို ပြင်ဆင်ပေးခဲ့သည်။
လိန်ရှင်းနန် အတွင်းဒဏ်ရာများ သူမစမ်းသပ်သိရှိခဲ့ပြီးဖြစ်သဖြင့် ရောဂါလက္ခဏာများ သက်သာစေရန် မနက်ဖြန်တွင် အကြောပြင်နှိပ်နယ်ရန် ပြန်လာခဲ့ဖို့လည်း သေချာမှာကြားခဲ့လိုက်သည်။
"အမှုစုံစမ်းတာ အဆင်ပြေရဲ့လား"
လော့ချန်းချိုးက စားပွဲပေါ်မှ ပန်းကန်ခွက်ယောက်များကို သိမ်းဆည်းရင်း ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"အဆင်ပြေခဲ့ပါတယ်"
လီနန်ခယ့်က ခေါင်းညိတ်လိုက်ပြီး အင်္ကျီလက်စထဲမှ သစ်ရွက်နှစ်ရွက်ကို ထုတ်ကာ ဇနီးဖြစ်သူကိုပြလိုက်သည်။
"မိန်းမ၊ ဒီအရွက်တွေကို မင်းသိသလား"
မေရှင်းအာ၏ အဝတ်ဗီရိုအောက်မှ တွေ့ရှိခဲ့သော သစ်ရွက်နှစ်ရွက်ပင်။
ဤအရွက်များကို ထိုအခန်းအတွင်းရှိ ပန်းပင်အားလုံးနှင့် လိုက်လံနှိုင်းယှဉ်ကြည့်ခဲ့သော်လည်း ဆင်တူသောသစ်ရွက်မျိုး မတွေ့ခဲ့ရပေ။
"ဒါက သေရည်သောက်နတ် မက်မွန်ပန်းပင်ရဲ့ သစ်ရွက်တွေလေ၊ အဖြူရောင်ဒါတူရာလို့လည်း ခေါ်ကြတယ်"
လော့ချန်းချိုးက တစ်ချက်ကြည့်လိုက်ရုံဖြင့် ပန်းပင်နာမည်ကိုရွတ်ပြလိုက်သည်။
"ဒါတွေက မေ့ဆေးအစွမ်းနဲ့ ပန်းနာရင်ကြပ် သက်သာစေတဲ့ အာနိသင်ရှိပြီး များသောအားဖြင့်တော့ မေ့ဆေးအပြင်းစားတွေ ထုတ်လုပ်ရာမှာ သုံးကြတယ်"
မေ့ဆေးအပြင်းစားတွေလား။
လီနန်ခယ့် အံ့သြသွားရသည်။
လော့ချန်းချိုးက သူ့လက်ထဲမှ သစ်ရွက်များကို ယူကြည့်လိုက်ပြီး ထပ်ရှင်းပြသည်။
"ဒါ့အပြင် ဒီအပေါ်မှာ ဇော်ဂျီပန်းဝတ်မှုန်တွေနဲ့ ပိုချီကွေ့ပင်အနံ့တွေလည်း ပါနေသေးတယ်။ သေရည်သောက်နတ် မက်မွန်ပန်းနဲ့ ဇော်ဂျီပန်းကို များသောအားဖြင့် မူးယစ်ဆေးအပြင်းစားတွေထုတ်ဖို့ တွဲသုံးတတ်ကြတယ်၊ အရက်ထဲကို သင့်တင့်တဲ့ပမာဏတစ်ခု ထည့်လိုက်ရင် တစ်ခွက်တည်းနဲ့ ချက်ချင်းမူးမေ့သွားစေနိုင်တယ်။ ဒါပေမဲ့ နှစ်ခုလုံးက အဆိပ်ရှိတာကြောင့် အဆိပ်အတောက်ကိုထိန်းချုပ်ဖို့ ပိုချီကွေ့ကိုထည့်ထားတာ ဖြစ်ရမယ်"
နတ်ဆေးသမားတော် ဇနီးသည်၏ အသေးစိတ်ရှင်းလင်းချက်က လီနန်ခယ့်ကို တစ်ချိန်လုံး စနောင့်စနင်းဖြစ်နေစေခဲ့သော မေးခွန်းတစ်ခုအား အဖြေထုတ်ပေးလိုက်နိုင်၏။
မရေမရာကောက်ချက်ချမှုများလည်း ရှင်းလင်းပြတ်သားလာခဲ့သည်။
ဘာကြောင့် မေရှင်းအာ၏ အခန်းထဲတွင် ဤဆေးဖက်ဝင်ပစ္စည်းများ ရှိနေရသနည်း။
ဘာအတွက် အသုံးပြုခဲ့ခြင်းပေနည်း။
လော့ချန်းချိုး မီးဖိုချောင်ထဲတွင် ပန်းကန်ဆေးနေစဉ် လီနန်ခယ့်သည် ပုံမှန်အတိုင်းပင် ငန်းမမကြီးကိုပွေ့ကာ လိပ်ဆရာကြီးဘေးတွင်ထိုင်ရင်း လေအေးအေးကိုခံစားလျက် ဆက်လက်စဥ်းစားနေလိုက်သည်။
သူ့ခေါင်းထဲ မေရှင်းအာနှင့်ပတ်သက်သည့် အမျိုးမျိုးသော သဲလွန်စများကို သီးသန့်ခွဲထုတ်ကာ စီစဉ်လိုက်သည်။
ရှစ်လပိုင်း လေးရက်နေ့ ညနေခင်းတွင် မေရှင်းအာသည် ဒဏ်ရာရထားသော သမီးဖြစ်သူနှင့် စကားများခဲ့ကြသည်။ ထိုစဉ်က အစေခံမလေးရှန်းအာက လင်ကျောက်ယွဲ့၏ "သူနဲ့သမီး တစ်ယောက်ကိုပဲရွေး" ဟူသော ဒေါသတကြီးအော်သံကို ကြားလိုက်ရသည်ဟု။
(အမှားပြင်ဆင်ချက် - အရှေ့ပိုင်းမှာ သခင်မကြီးကအော်တယ်လို့ မှားရေးခဲ့မိပါတယ်။ အမှန်က လင်ကျောက်ယွဲ့ကအော်တာပါ။ /ဇွန်)
ထိုည သန်းခေါင်ယံအချိန်တွင် ဟယ့်ချင်းယွီသည် အိမ်တွင်း၌ပင် သေဆုံးသွားခဲ့သည်။
ရှစ်လပိုင်း ငါးရက်နေ့တွင် မေရှင်းအာသည် သူမ၏ အဝတ်ဟောင်းအချို့ကို ထုပ်ပိုးကာ အကုန်လုံးကို မီးရှို့ပစ်ခဲ့သည်။
"ဘာလို့ အဝတ်တွေကို မီးရှို့ပစ်ခဲ့တာလဲ"
လီနန်ခယ့်သည် ငန်းမမကြီး၏တင်ပါးကို အသာအယာပွတ်သပ်ရင်း မျက်လုံးများလက်ခနဲတောက်သွားလျက် ငန်းမမကြီးကိုမေးသကဲ့သို့ ရေရွတ်လိုက်သည်။
"တကယ်ပဲ ဗီရိုထဲကို ကြွက်တွေဝင်သွားလို့များလား"
ငန်းမမကြီးကတော့ ဟန်မပျက်ပင်။
ထို့အပြင် ထိုအမျိုးသား သူမအပေါ် နေ့စဥ်ကိုယ်ထိလက်ရောက် ကိုင်တွယ်မှုများကြောင့် အလွန်စိတ်ဆိုးဒေါသထွက်နေမိသည်။
သူမကိုယ်သူမ မသန့်စင်တော့သလို ခံစားရသည်။
ဒီအတိုင်းဆို အဘိုးဟွမ်ကို ဘယ်လိုမျက်နှာပြရတော့မလဲ။
"ကြွက်တွေအပြင် တခြားဘာအကြောင်းရင်းက အဝတ်တွေမီးရှို့ရလောက်တဲ့အထိ ပြင်းထန်တာလဲ။ အဝတ်ဗီရိုထဲက အဝတ်အစားပမာဏနဲ့ ရှန်းအာရဲ့စကားအရ ရှို့ခဲ့တာ တစ်ခါတည်းတော့မကလောက်ဘူး"
"ဒါမှမဟုတ် အဝတ်တစ်ထည်တည်းကိုပဲ ရှို့ချင်တာကို တခြားသူတွေ မရိပ်မိအောင် တခြားအဝတ်တွေကိုပါ ရောရှို့လိုက်တာလား"
"ဒီနေရာမှာ မေးခွန်းက အဲ့ဒီအဝတ်တစ်ထည်မှာ ဘာတွေပေသွားလို့ရှို့ချင်ရတာလဲ"
"လျှော်ရဖွပ်ရခက်တဲ့ တစ်ခုခုများ စွန်းပေသွားလို့လား"
လီနန်ခယ့် သူ့ဘာသာ အကြိမ်ကြိမ်မေးခွန်းထုတ်နေမိသည်။
မေးခွန်းများက အဓိကအချက်သို့ ရောက်ရှိလာသောအခါ မြူထုများအတွင်း ဖုံးကွယ်နေသော အဖြေတစ်ခုသည် စိတ်ထဲတွင် ဘွားခနဲပေါ်ထွက်လာတော့၏။
လီနန်ခယ့်သည် ရုတ်တရက် မတ်မတ်ထိုင်လိုက်ပြီး စကားလုံးသုံးလုံးကို တိုးတိုးလေး ရေရွတ်လိုက်သည်။
"ထုံးမှုန့်တွေ"
***