အမှန်အတိုင်းဝန်ခံရလျှင် ပညာသင်ဝမ်၏ ကိုယ်တိုင်ကိုယ်ကျဝန်ခံမှုက လီနန်ခယ့်ကို အကြီးအကျယ်အကျပ်ရိုက်သွားစေသည်။
ခုခံအားမရှိသောဝါဂွမ်းလုံးလေးကို အားပြင်းပြင်းထည့်ကာပိတ်ရိုက်လိုက်သော ခံစားချက်မျိုး။
မင်းအစ်ကိုကြီး ငါကတော့ ယုံကြည်မှုတွေအပြည့်သွင်းပြီး ကျွမ်းကျင်သူတွေကြားက ရင်ဆိုင်တိုက်ပွဲကို အပြည့်အဝခင်းကျင်းပြဖို့ ပြင်ဆင်ထားလိုက်ရတာ။ အခုတော့ လက်ခမောင်းတောင်မခတ်ရသေးဘူး၊ မင်းကလက်မြှောက်နှင့်ပြီတဲ့လား။
မှန်းချက်နှင့်နှမ်းထွက် မကိုက်လွန်းလှသဖြင့် လီနန်ခယ့် အကြီးအကျယ် မကျေမနပ်ဖြစ်သွားသည်။
သူတစ်ညလုံး သေသေချာချာပြင်ဆင်ခဲ့သော မေးခွန်းအားလုံးကို အလဟဿချောင်ထိုးပစ်လိုက်ခြင်းပင်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် သူလိုချင်သည့်ဇာတ်လမ်းမျိုးမှာ လှည့်ကွက်များလွန်းလှသော လူသတ်သမားကို သူ၏အဆင့်ဆင့်သော စစ်မေးမှုများအောက်တွင် မောက်မာဝင့်ကြွားမှုမှ ဆင်ခြေသုံးကာ ကာကွယ်လာမှု၊ ထို့နောက် နေစရာမရှိတော့အောင် ကြောက်ရွံ့တုန်လှုပ်လာမှု... နောက်ဆုံးတွင်မှ ထိုသူ၏ စိတ်ပိုင်းဆိုင်ရာခံစစ်များ လုံးဝပြိုလဲသွားပြီး ငိုယိုဝန်ခံလာသည်အထိ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့လိုခြင်းဖြစ်သည်။
မြင့်မားဝင့်ကြွားသော ရွှေဘုံနန်းစံ နတ်သမီးတစ်ပါးကို ရိုကျိုးသေဝပ်လာအောင် ဖြည်းဖြည်းချင်း ပညာပြဆုံးမလိုခြင်းဖြစ်သော်ငြား ပညာပေးခန်းပင်မစရသေးမီ နတ်သမီးက ဒူးထောက်ခေါင်းမှောက်လျက်ရှိလေပြီ။
အောင်မြင်မှုကြောင့် စိတ်ကျေနပ်စရာမရှိ၊ ကြိုးစားအားထုတ်လိုက်ရခြင်းပင်မရှိ။
"မင်းမှာ ငြင်းစရာမရှိတော့ဘူးလား"
လီနန်ခယ့်က မျက်မှောင်ကြုတ်လျက်မေးသည်။
ပညာသင်ဝမ်၏နှုတ်ခမ်းများက လှောင်ပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားပြီး အေးတိအေးစက်ဆိုသည်။
"ဖုံးစရာဖိစရာ တစ်ခုမှမရှိတော့ဘူး။ ခင်ဗျားတို့ဒီထိရောက်လာတယ်ဆိုကတည်းက သက်သေလက်ဝယ်ပါလာလို့မဟုတ်လား"
"ညီလေးရယ်၊ သက်သေရထားတယ်ဆိုတိုင်းလည်း မင်းကိုအခုချက်ချင်းဖမ်းခေါ်သွားလို့မှမရတာ"
လီနန်ခယ့်က အားပေးဖို့ကြိုးစားသည်။
ပညာသင်ဝမ်၏မျက်နှာက မပြောင်းမလဲ ညစ်ညူးခါးသက်မြဲ။
"သတ်လိုက်တယ်ဆို သတ်လိုက်တယ်ပဲပေါ့။ အလိမ်အညာတွေဘယ်လောက်ဆိုဆို အမှန်တရားက ဆိတ်ကွယ်ရာမရှိဘူးလေ"
တစ်ဖက်လူ၏ အရှုံးပေးလိုမှုက လီနန်ခယ့်ကို ကူကယ်ရာမဲ့ဖြစ်စေသည်။ ဒီအထိပြောပြီးမှတော့ လက်လျှော့ဖို့သာရှိတော့သည်ပင်။
သို့သော် ပညာသင်ဝမ် ဘာကြောင့် ဤမျှလွယ်လွယ်ကူကူဝန်ခံလိုက်ရသနည်း သိပ်မသင်္ကာလှသဖြင့် လီနန်ခယ့် ထပ်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
"မင်းစာကြည့်ခန်းကို တစ်ချက်လောက်လိုက်ကြည့်လို့ရလား"
"ဟုတ်ကဲ့"
ပညာသင်ဝမ်က မငြင်းမဆန်ပင်ခေါ်ပြသည်။ စာကြည့်ခန်းမှာ ရှင်းလင်းသပ်ရပ်လျက်။
အခန်းတွင်းရှိ နံ့သာဖြူနံ့သင်းသင်းလေးက ထူးခြားသောငြိမ်သက်ခြင်းကို ဆောင်ကျဥ်းပေးနေသည်။
ပြတင်းပေါက်နားတွင် နှင်းဆီကိုင်းသားနှင့် စကျင်ကျောက်ဖြင့် ပြုလုပ်ထားသော စားပွဲကြီးတစ်လုံးရှိပြီး နာမည်ကြီးလက်ရေးမူများကို သေသေသပ်သပ်စီတင်ထားကာ မှင်ဖြင့်ဆွဲထားသော ရှုခင်းပုံတစ်ပုံလည်း ဖြန့်ခင်းလျက်သားရှိနေသည်။
ပြတင်းအပြင်ဘက်တွင် တံတိုင်းနံရံလေးဘက်လုံးကို နွယ်ပင်များက ဖုံးလွှမ်းထားရာ စိမ်းစိုသာယာလှသည်။
စာကြည့်ခန်းကို တစ်ချက်အကဲခတ်လိုက်ရုံဖြင့် ပညာသင်ဝမ်သည် လိမ္မာယဥ်ကျေးကာ စိတ်ကူးစိတ်သန်း သစ်လွင်လွတ်လပ်သော ကျောင်းသားတစ်ဦးဖြစ်ကြောင်း သိနိုင်သည်။
ဦးမော့ထွန်းတောက်လာချိန်တွင် စာပေလက်ရာကောင်းများချန်ထားခဲ့နိုင်မည့် ပါရမီရှင်တစ်ဦးပင်။
ကံမကောင်းစွာပင် သူ့အနာဂတ်သူ ဖျက်ဆီးမိခဲ့သည်။
လိန်ရှင်းနန်၏ စစ်မေးခြင်းဖြင့် ပညာသင်ဝမ်သည် ကျူးလွန်ခဲ့သော ပြစ်မှုအသေးစိတ်အား ချပ်လှပ်ထားခြင်းမရှိ ဝန်ခံလာခဲ့သည်။
ဝမ်မိသားစုအိမ်တော်ကို မည်သို့ခိုးဝင်ကာ မိုးနီရေကို မည်သို့ထည့်သွင်းတိုက်ကျွေးခဲ့ကြောင်း။
(ဝမ်မျိုးရိုးတွေက အသံထွက်တူနေပေမဲ့ စာလုံးပေါင်းမတူပါ။ တရုတ်စာမှာ အသံအနိမ့်အမြင့်လိုက်ပြီး စာလုံးကွဲပါတယ်။ /ဇွန်)
မူလပထမတွင် လိန်ရှင်းနန်သည် တခြားတစ်ဦးတစ်ယောက်ကို ကာကွယ်ပေးချင်၍များ ဤမျှလွယ်လွယ်ကူကူဝန်ခံခြင်းပေလားဟု သံသယရှိသေးသော်လည်း လူငယ်လေး၏ထွက်ဆိုချက်များကို ကြားပြီးချိန်တွင်တော့ ပညာသင်ဝမ်သည် မိန်းကလေးနှစ်ယောက် မိုးနီရေသောက်သုံးမိခြင်း၏ တရားခံအစစ်အမှန်ဖြစ်ကြောင်း လက်ခံလိုက်ရတော့၏။
"ဘာကြောင့်လဲ"
လိန်ရှင်းနန် အကြောင်းရင်းကို နားမလည်နိုင်သေး။
ပညာသင်ဝမ်၏မျက်လုံးများက ဆုံချက်ပျောက်ကာ သေခြင်းရှင်ခြင်းကို အရေးမထားတော့သောလေသံဖြင့်သာ ပြောပြလာသည်။
"ကျင်းအာသေသွားတယ်လေ။ ကျွန်တော်လက်စားပြန်ချေချင်တယ်... ဒါပါပဲ။"
"ဒါပေမဲ့..."
လိန်ရှင်းနန် ပြန်လည်ငြင်းခုန်လိုသော်လည်း ဝမ်ကျင်းအာသေဆုံးရသည့်အကြောင်းရင်းမှာလည်း ဝမ်ယင်းယင်းကြောင့် မှန်နေပြန်ရာ နှလုံးသားထဲရှိ ခံစားချက်အရှုပ်အထွေးများကြား မည်သည့်စကားလုံးမှ ထွက်မလာနိုင်ခဲ့တော့။
လိန်ရှင်းနန် သူ့ကိုစစ်မေးနေစဥ် လီနန်ခယ့်က ပညာသင်ဝမ်၏ပစ္စည်းများကို လိုက်လံစစ်ဆေးနေသည်။
ပန်းချီကားများ၊ လက်ရေးမူများမှသည် နေ့စဉ်သုံး ပရိဘောဂပစ္စည်းများအထိ။
ရုတ်တရတ် လျှို့ဝှက်အံဆွဲတစ်ခုကို ရှာတွေ့လိုက်သဖြင့် ဖွင့်ကြည့်လိုက်သော် အထဲတွင် ကဗျာစာရွက်ထုပ်တစ်ထုပ်သာ တွေ့ရ၏။
ကဗျာရေးသားသူလက်မှတ်ရေးထိုးမထားသော်လည်း ပညာသင်ဝမ်၏လက်ရေးဖြစ်ကြောင်း သိသာသည်ပင်။
လီနန်ခယ့်သည် ထိုသိမ်းဝှက်ကွယ်ဖွက်ခြင်းခံထားရသော ကဗျာစာရွက်လေးများအား တစ်ရွက်ချင်းလှန်လှောဖတ်ရှုမိသော် သံသယများ တဖြည်းဖြည်းလွင့်စင်ပျောက်ကွယ်သွားခဲ့ရသည်။
"ဝမ်ကျင်းအာအကြောင်းပြောပါဦး။ သူက ဘယ်လိုလူမျိုးလဲ"
လီနန်ခယ့်က ကဗျာစာရွက်ထုပ်ကို အံဆွဲငယ်ထဲပြန်ပိတ်သိမ်းကာ ပညာသင်ဝမ်ဆီလျှောက်လာပြီး မေးခွန်းထုတ်သည်။
ပညာသင်ဝမ်သည် အချိန်အကြာကြီးငြိမ်ကျနေခဲ့ပြီးမှ ညင်ညင်သာသာဆိုလာ၏။
"သူ့မှာ နောက်ခံအသိုင်းအဝိုင်းနဲ့ပက်သက်ပြီး စိတ်မလုံခြုံမှုတွေများတယ်။ အိမ်မှာဆိုရင် အမြဲတမ်းသတိလေးကပ်နေပြီး အဆူမခံရအောင် ဂရုတစိုက်ရှောင်လေ့ရှိတယ်"
"တကယ်တော့ မိသားစုဝင်တွေကလည်း သူ့ကိုဆို သိပ်ဂရုမစိုက်ကြဘူးလေ"
"ဒီလိုပတ်ဝန်းကျင်မှာ ကြီးပြင်းလာရလို့ထင်ပါရဲ့။ သူက အာရုံစိုက်ခံရဖို့ မျှော်လင့်နေတတ်တယ်။ အဲ့ဒီလူချမ်းသာအသိုင်းအဝိုင်းတွေထဲ ဝင်ဆံ့ဖို့ကိုလည်း အမြဲ ခဲခဲယဥ်းယဥ်းကြိုးစားနေတတ်တာ။ ဝမ်ယင်းယင်းတို့နဲ့ပက်သက်နေတာလည်း အဲ့ဒါကြောင့်ပဲ"
ပညာသင်ဝမ်၏စကားများမှာ ရှန်းအာပြောခဲ့သည့်အတိုင်း မခြားနားပါပေ။ လီနန်ခယ့်က သူသိချင်သောအဓိကအချက်ကိုသာ ရည်ရွယ်ပြီး စကားစခြင်းဖြစ်သည်။
ထို့ကြောင့် စကားဖြတ်ကာ တိုက်ရိုက်မေးလိုက်သည်။
"မင်းတို့နှစ်ယောက် ဆက်ဆံရေးဘယ်လိုရှိကြလဲ"
ဤမေးခွန်းတွင် ပညာသင်ဝမ်နှုတ်ဆိတ်သွားကာ ခေါင်းပါငုံ့ကျသွားသည်။
လီနန်ခယ့်ကလည်း အဖြေကြားရမည်ဟု မျှော်လင့်ထားသည်မဟုတ်။ သူ့ခန့်မှန်းချက်များကို စတင်ထုတ်ပြောလိုက်သည်။
"မင်းတို့နှစ်ယောက် အရင်ကတော့ဆက်ဆံရေးကောင်းခဲ့ကြမှာပဲ။ ဒါပေမဲ့ နောက်ပိုင်းမှာ ဝမ်ကျင်းအာဘက်က တမင်ရှောင်ဖယ်သွားတာမျိုး ဖြစ်မယ်"
ပညာသင်ဝမ် ခေါင်းပြန်မော့လာပြီး လီနန်ခယ့်ကို မမှိတ်မသုန်စိုက်ကြည့်သည်။
ထိုမျက်လုံးများထဲတွင် ထိတ်လန့်မှုနှင့် ဒေါသပါ ရောယှက်ပါဝင်၏။
တစ်ဖက်လူ၏တုံ့ပြန်ပုံကြောင့် လီနန်ခယ့် သူ့ခန့်မှန်းချက်မှန်သွားကြောင်းသိလိုက်ပြီး စကားလမ်းကြောင်းပြောင်းလိုက်သည်။
"ဝမ်ယင်းယင်းကိုရော မင်းဘယ်လိုအမြင်ရှိသလဲ"
"ဝမ်ယင်းယင်းကိုလား..."
ပညာသင်ဝမ်၏မျက်နှာချောချောက ထိုနာမည်ကို ပြင်းစွာရွံရှာဟန်ဖြင့် ရှုံ့မဲ့သွားသည်။ ထို့နောက် အံကြိတ်သံတင်းတင်းဖြင့် ပြောလာ၏။
"အဲ့ကောင်မက သေသင့်တဲ့ခွေးမ"
တင်းမာသောဒေါသမျက်နှာက ထိုမိန်းကလေးကို သေသွားသည့်တိုင် မကျေနပ်ချက်များမကုန်သေးကြောင်း ဖော်ပြနေသည်။
လီနန်ခယ့်က ထိုင်ခုံတစ်လုံးကိုဆွဲကာ လူငယ်၏နောက်တွင်ချပေးလိုက်ပြီး သူကိုယ်တိုင်လည်း မျက်နှာချင်းဆိုင်တွင်ဝင်ထိုင်လိုက်ရင်း အေးအေးဆေးဆေးဆိုသည်။
"ငါက မင်းသူ့ကိုဘယ်လိုလူမျိုးလို့ထင်သလဲဆိုတာ သိချင်ရုံပါ"
ပညာသင်ဝမ်က အသက်တစ်ချက်ပြင်းပြင်းရှူသွင်းကာ ခံစားချက်များကို ဖိနှိပ်လိုက်ပြီး ဆိုသည်။
"အသားကုန်အလိုလိုက်ခံလိုက်ခံထားရပြီး ကမ္ဘာကြီးကသူ့ကိုမူတည်လည်ပတ်နေတယ်လို့ အထင်ရောက်နေတဲ့ မိန်းကလေးပေါ့။ စိတ်မကျေနပ်စရာတစ်ခုခုရှိရင် အနီးအနားကအစေခံလေးတွေကို ရိုက်မယ်ပုတ်မယ်၊ ကျိန်ဆဲမယ်၊ လမ်းသွားလမ်းလာပါမချန် အနိုင်ကျင့်မယ်။ နောက်ဆုံး လူကိုပါသတ်တဲ့အထိပဲ"
"တစ်ခါတလေ၊ ခွေးလေးကြောင်လေးတွေကိုတောင် အပျင်းပြေနှိပ်စက်ခိုင်းတာမျိုးရှိသေးတယ်။ ခင်ဗျား လမ်းမှာတွေ့သမျှလူတိုင်းကိုမေးကြည့်လိုက်။ သူတို့အားလုံး အဲ့မိန်းကလေးဘယ်လောက်ရွံဖို့ကောင်းတယ်ဆိုတာကိုပဲ ပြောကြလိမ့်မယ်"
လီနန်ခယ့်ထပ်မေးသည်။
"ဝမ်ယင်းယင်းက ဝမ်ကျင်းအာနဲ့ဟယ့်ချင်းယွီမှာ ပက်သက်မှုတစ်ခုရှိတယ်လို့ အမြဲသတ်မှတ်ထားခဲ့တာတဲ့။ အဲ့ဒါရောဟုတ်လား"
"အဓိပ္ပာယ်မရှိတာ"
ထိုစကားကိုကြားလိုက်ချိန်တွင် ပညာသင်ဝမ် ဒေါသပိုထွက်လာပြီး မျက်နှာပါနီမြန်းလာသည်။
"ကျင်းအာက ဟယ့်ချင်းယွီလိုကောင်ကို ဘယ်တော့မှကြိုက်မှာမဟုတ်ဘူး။ သူတို့ကြားမှာ ဘာပက်သက်မှုမှမရှိခဲ့တာ သေချာတယ်"
"ကျင်းအာကအမြဲ ဂုဏ်သရေရှိတဲ့မိသားစုကသားမျိုးနဲ့ လက်ထပ်ချင်ခဲ့တာ။ ပြစ်မှုမှတ်တမ်းရှိပြီး အနာဂတ်မရှိတဲ့ စာသင်သားကို ကျင်းအာက ဘယ်တော့မှစိတ်ထဲထည့်မှာမဟုတ်ဘူး"
"ပြစ်မှုမှတ်တမ်းလား"
ပညာသင်ဝမ်က စိတ်ငြိမ်အောင်ထိန်းကာ ရှင်းပြလာသည်။
"လွန်ခဲ့တဲ့ခြောက်နှစ်တုန်းက ဟယ့်ချင်းယွီဟာ ပြည်နယ်အဆင့်စာမေးပွဲမှာ စာခိုးချတဲ့အမှုထဲ ပါဝင်ပက်သက်ခဲ့ရတယ်။ သူ့မှာတော့အပြစ်မရှိပေမဲ့ နိုင်ငံရေးအားပြိုင်မှုတွေနဲ့ ကြားညပ်ပြီး မတရားထောင်ချခံခဲ့ရတာ။
"နောက်တော့လွန်လာခဲ့ပေမဲ့ ပြစ်မှုမှတ်တမ်းဆိုတာမျိုးက သန့်စင်လို့ရတဲ့အရာမဟုတ်ဘူးလေ။ သူ့အနာဂတ်လည်းပျက်ဆီးသွားပြီး စာမေးပွဲထပ်ဖြေခွင့်လည်းမရှိတော့ဘူး။ ပညာသင်ဆိုတဲ့ဂုဏ်ပုဒ်ကိုတောင် အနိုင်နိုင်ထိန်းထားရတဲ့အခြေအနေရောက်သွားတာပဲ"
ထိုအကြောင်းကိုပြောပြလာရာတွင်တော့ ပညာသင်ဝမ်၏စကားလုံးများတွင် စာနာမှုများရောယှက်လာခဲ့သည်။
သူသည် တစ်ချိန်က တောက်ပသောအနာဂတ်တစ်ခုကိုမျှော်မှန်းကာ ရည်ရွယ်ထားသမျှဖြစ်မြောက်အောင်လုပ်နိုင်လိမ့်မည်ဟု ယုံကြည်ထားသူဖြစ်သည်။ သို့သော် မမျှော်လင့်ဘဲကံဆိုးမိုးမှောင်ကျကာ အရာအားလုံးကို စွန့်လွှတ်ခဲ့ရသည်။
စာသင်သားတစ်ယောက်အတွက် ပြန်မထနိုင်လောက်မည့် ထိုးနှက်ချက်ပင်။
"ဒီလိုကိစ္စတွေရှိခဲ့တာကိုး၊ သူစောင်းဆရာလုပ်နေတာ မဆန်းတော့ပါဘူး"
လီနန်ခယ့်က စာရွက်နှင့်ခဲတံကိုထုတ်ကာ အချက်အလက်သစ်ကိုမှတ်တမ်းတင်ပြီး မေးသည်။
"ဒါဆို ဟယ့်ချင်းယွီကိုရော မင်းဘယ်လိုမြင်လဲ"
ပညာသင်ဝမ်က တစ်ခဏမျှတွေးတောနေပြီး ပြန်ပြောလာသည်။
"သူ့ကို အထူးတလည်သဘောကျတာမျိုးတော့ မရှိပေမဲ့ တည်တည်ကြည်ကြည်နေတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ဖြစ်မယ်လို့တော့ ယုံကြည်ပါတယ်။ ကချေသည်တွေကြားမှာ စောင်းဆရာလုပ်နေရတာလည်း သူ့အတွက် အသက်မွေးဝမ်းကျောင်းအလုပ်တစ်ခုမလို့ပါ"
ထိုအဖြေက လီနန်ခယ့်ကို အကြီးအကျယ်အံ့အားသင့်သွားစေသည်။
သူယခင်ကခန့်မှန်းထားသော အခြေအမြစ်မရှိသည့် အတွေးအမြင်များကို လုံးဝပြောင်းလဲပစ်လိုက်သည့်စကားပင်။
ပညာသင်ဝမ်သည် ညီမဖြစ်သူနှင့် ဆက်နွယ်နေသောကိစ္စကြောင့် ဟယ့်ချင်းယွီကို ဒေါသတကြီး ဆဲဆိုခြင်း သို့မဟုတ် ရည်ရွယ်ချက်ရှိရှိ အပုပ်ချခြင်းမျိုး မပြုလုပ်ခဲ့ပေ။ ထို့အစား သူသည် အလွန်မျှတစွာဖြင့် သူ၏ကိုယ်ပိုင်အမြင်ကိုသာ ပြောပြခဲ့သည်။
တစ်ဖက်လူ၏ ကိုယ်ကျင့်စရိုက်ကို ဤမျှဖြင့်သိနိုင်သည်ပင်။
အကယ်၍ ပညာသင်ဝမ်ပြောသကဲ့သို့သာ ဟယ့်ချင်းယွီက လူကြီးလူကောင်း အမှန်ဖြစ်ခဲ့ပါက ထိုသူနှင့် ဝမ်ယင်းယင်း၊ လင်ကျောင်ယွဲ့နှင့် ဝမ်ကျင့်အာတို့ကြားတွင် ချစ်မှုရေးရာပတ်သက်မှုများ လုံးဝမရှိခဲ့နိုင်ပေ။
ဝမ်ယင်းယင်းတစ်ယောက်သာ ဟယ့်ချင်းယွီအပေါ် တစ်ဖက်သတ်စုံမက်နေခြင်းဖြစ်ရမည်။
ဘေးတွင်ရှိသော လိန်ရှင်းနန်လည်း မနေနိုင်စွာဝင်မေးလာသည်။
"ဒါဆိုရှင်ဘာလို့ လင်ကျောက်ယွဲ့ကိုသတ်ခဲ့သေးလဲ။ အဖြစ်အပျက်အမှန်ကို ကြားခဲ့ပြီးပြီဆိုရင် ဒီကိစ္စက အဲ့မိန်းကလေးနဲ့ ဒီလောက်ထိမသက်ဆိုင်နေမှန်း နားလည်ခဲ့ရမယ်မဟုတ်လား"
ပညာသင်ဝမ်ကဖြေသည်။
"တကယ်တော့ကျွန်တော်လည်းအစက တွန့်ဆုတ်နေခဲ့သေးတာပါ။ ဒါပေမဲ့ ကျင်းအာက အဲ့ဒီသူငယ်ချင်းလေးတစ်ယောက်ကိုတော့ ဘယ်လောက်ယုံကြည်ခဲ့သလဲ။ သူကတော့ ဝမ်ယင်းယင်းအနိုင်ကျင့်နှိပ်စက်သမျှတွေကိုလည်း ဝင်မတားသလို နောက်ဆုံး သေသွားတာတောင် ဒီအတိုင်းရပ်ကြည့်နေခဲ့တယ်။ ကျွန်တော်...ကျွန်တော်သူ့ကို လုံးဝခွင့်မလွှတ်နိုင်လို့ပါ"
"ကျွန်တော်အစွန်းရောက်လွန်းတယ်လို့ ထင်နိုင်ပါတယ်။ နောက်ဆုံးတော့ လူတိုင်းကြောက်စိတ်ဝင်တဲ့အခါ တစ်ကိုယ်ကောင်းဆန်မိတာက မှားတဲ့ကိစ္စမဟုတ်ဘူးလေ။ ကျွန်တော်လည်း သူ့နေရာမှာဆို အရမ်းကြောက်မိပြီး အသက်ရှင်အောင် ကိုယ်လွတ်ရုန်းပြေးမိလောက်မှာပါ"
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်ကိုမိုးနီရေတိုက်ခဲ့တဲ့အတွက် ကျွန်တော်နောင်တမရပါဘူး။ ဒါပေမဲ့အခုဆို လင်ကျောက်ယွဲ့က ခင်ဗျားတို့အကူအညီနဲ့ အသက်ဘေးကလွတ်လာခဲ့ပြီမလား။ သူကံကောင်းသွားတယ်ပဲ ဆိုရမှာပေါ့"
လီနန်ခယ့်က တိတ်တိတ်လေးနားထောင်နေပြီး လက်ထဲမှခဲတံကို လှည့်ပတ်ကစားနေသည်။
လိန်ရှင်းနန်ကတော့ အံ့သြနေသလို မျက်လုံးပြူးပြူးလေးဖြင့် ကြည့်နေသည်။
"ကျွန်မမှာ မေးခွန်းတစ်ခုကျန်သေးတယ်" လိန်ရှင်းနန်က ပညာသင်ဝမ်ဘက်ကိုလှည့်လိုက်ကာမေးသည်။
"ဝမ်ယင်းယင်းနဲ့လင်ကျောက်ယွဲ့ကို ရှင်အဲ့လောက်မုန်းနေမှတော့ ဘာကြောင့်တခါတည်းအဆိပ်မခတ်လိုက်တာလဲ"
ပညာသင်ဝမ်က ထူးထူးဆန်းဆန်းအပြုံးတစ်ခုဖြင့် လီနန်ခယ့်ဆီလှည့်လာသည်။
"ခင်ဗျားဉာဏ်အရမ်းကောင်းရဲ့မဟုတ်လား။ ဒီအကြောင်းရင်းကိုရော သိထားလား"
လီနန်ခယ့်က တစ်ချက်ပင်တွန့်ဆုတ်မနေဘဲ ဖြေလာသည်။
"ဘာကြောင့်လဲဆိုတော့ ဝမ်ကျင်းအာကို သူ့လက်နဲ့သူ ပြန်လက်စားချေစေချင်လို့လေ"
သူ့လက်နဲ့သူ ပြန်လက်စားချေဖို့။
ထိုစကားကိုကြားချိန်တွင် လိန်ရှင်းနန်မှာ အစတော့ ခေါင်းရှုပ်သွားဟန်ရှိသော်ငြား တဖြည်းဖြည်း နားလည်သဘောပေါက်လာခဲ့သည်။
ဝမ်ယင်းယင်းသည် မိုးနီအိပ်မက်ကမ္ဘာထဲမှ အိပ်မက်ဆိုးဆီက အသတ်ခံခဲ့ရသူဖြစ်ပြီး သတ်ဖြတ်သူအိပ်မက်ဆိုးမှာ ဝမ်ကျင်းအာဖြစ်သည်ပင်။
လင်ကျောက်ယွဲ့ရင်ဆိုင်ခဲ့ရသော ထိုအိပ်မက်ဆိုးသည်လည်း ဝမ်ကျင်းအာသာ။
ဝမ်ကျင်းအာသည် သူတို့နှစ်ယောက်လုံး မပယ်ဖျက်နိုင်သော စိတ်အစွဲသာဖြစ်၏။
ရင်းနှီးလှသော ညီအစ်မလိုသူငယ်ချင်းတစ်ယောက်၏ ကြေကွဲဖွယ်အဆုံးသတ်အား ကြုံတွေ့လိုက်ရပြီး တရားခံမှာလည်း သူတို့နှစ်ဦးသာဖြစ်နေပြန်ရာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်မှုမှသည် ဖျောက်ဖျက်မရသောအပြစ်ရှိစိတ်သို့ ဦးတည်ကာ အိပ်မက်ဆိုးများ စတင်မြင်မက်လာခြင်းပင်။
ထို့ကြောင့် မိုးနီအိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားသည်နှင့် သူတို့ကိုလိုက်ရှာနေသော အိပ်မက်ဆိုးအား ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
ပညာသင်ဝမ်က လီနန်ခယ့်ကို ထောက်ခံသလိုကြည့်ကာ ခေါင်းညိတ်သည်။
"မှန်တယ်။ ကျွန်တော်ကျင်းအာကို သူ့လက်နဲ့သူ လက်စားပြန်ချေစေချင်တာ။ ဒါပေမဲ့ သူတို့မိုးနီအိပ်မက်ကမ္ဘာထဲမှာ အိပ်မက်ဆိုးမတွေ့ခဲ့ရရင်လည်း ကျွန်တော်သူတို့ကိုအဆိပ်ခတ်သတ်တာဖြစ်ဖြစ် ဓားနဲ့ထိုးသတ်တာဖြစ်ဖြစ် အဆုံးသတ်ပေးဦးမှာပါ"
လိန်ရှင်းနန်က တည်ငြိမ်နေဟန်ရသော်လည်း စိတ်ပိုင်းဆိုင်ရာမူမမှန်ဖြစ်နေသည့် ပညာသင်လူငယ်လေးကိုကြည့်ကာ ခပ်တိုးတိုးဆိုသည်။
"ဝမ်ကျင်းအာပေါ် မင်းရဲ့ခံစားချက်တွေက အရမ်းနက်ရှိုင်းမနေဘူးလား"
***