လျှို့ဝှက်အကန့်ထဲတွင် တွေ့ရှိရသော ကဗျာများက ပညာသင်ဝမ်တစ်ယောက် ဝမ်ကျင်းအာ အပေါ် မည်မျှနက်နက်ရှိုင်းရှိုင်း သံယောဇဉ်ရှိသည်ကို ဖော်ပြနေသည်။
ဝမ်ယင်းယင်းအပေါ် လက်စားပြန်ချေဖို့အရေး သူ့အနာဂတ်တစ်ခုလုံးကို အရည်ဖျော်စတေးခဲ့သည့်လုပ်ရပ်ကိုလည်း ရှင်းပြနေသကဲ့သို့။
"လင်ကျောက်ယွဲ့ကိုရော ဘယ်လိုထင်သလဲ ပြောပြပါဦး"
လီနန်ခယ့်က စက္ကူတစ်ရွက်ပေါ်တွင် တစ်ခုခုကိုရေးခြစ်ရင်း မေးလိုက်သည်။
လိန်ရှင်းနန်က ထိုသူဘာတွေရေးခြစ်နေသလဲသိချင်စိတ်ဖြင့် ကဲကြည့်လိုက်သည်။ အချိန်တော်တော်ကြာကြည့်ပြီး စာလုံးများကိုနားလည်သည့်တိုင် ရေးနေသည့်အကြောင်းအရာကိုတော့ နားမလည်နိုင်ခဲ့။ ဟိုရောက်သည်ရောက်ဖြစ်နေသည်က များသည်။
သို့သော် အကြောင်းအရာထက် လက်ရေးလက်သားက သူမကိုပိုဆွဲဆောင်သွားနိုင်ခဲ့သည်။
သူမမြင်ဖူးသည့် မည်သည့်လက်ရေးမူနှင့်မှမတူ၊ အလွန်လှပသေသပ်သည်။
အထူးသဖြင့် သူမပေးထားခဲ့သော ထိုခဲတံမှာလည်း ခရီးဆောင်ပစ္စည်းတစ်ခုအဖြစ် သယ်ရလွယ်အောင် အထူးဖန်တီးထားခြင်းဖြစ်လေရာ သာမန်ခဲတံဘောပင်များနှင့်မတူဘဲ မီးဝိညာဥ် ကျောက်မီးသွေးဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုကလောင်တံနှင့်ဆိုလျှင် ထိုမျှလှပဆန်းသစ်သော စာလုံးများကိုရေးနိုင်ဖို့ သာ၍ခက်ခဲလှမည်ပင်။
ပညာသင်ဝမ်က ရှုပ်ထွေးနေသောမျက်နှာအမူအရာဖြင့် ပြောလာသည်။
"လင်ကျောင်ယွဲ့ကလည်း မိသားစုက အလိုလိုက်ထားလို့ တစ်ကိုယ်ကောင်းဆန်ပြီး သူဌေးသမီးစရိုက်ရှိပေမဲ့ သူက ဝမ်ယင်းယင်းထက်စာရင် ပိုပြီးရိုးသားပါတယ်။ တစ်ခါတလေကျရင်တော့ သူက ဟန်ဆောင်တတ်တာမျိုး ရှိတာပေါ့။
"ဒါ့အပြင် အဲဒီမိန်းကလေးက ရည်မှန်းချက်တအားကြီးတယ်။ သူ့ရဲ့ အသိုင်းအဝိုင်းထဲမှာဆိုရင် သူလိုချင်တာတွေက တခြားသူတွေထက် အများကြီး ပိုပြီးမြင့်မားတယ်။"
"ကျွန်တော်မှတ်မိသေးတယ်။ သူ့အသက်၁၂နှစ်တုန်းကပေါ့။ ရှေ့ဖြစ်ဟောဆရာတစ်ယောက်က သူဟာ အထက်တန်းစားဖြစ်မဲ့ကံပါလာပြီး မင်းသမီးတစ်ပါးတောင် ဖြစ်လာနိုင်တယ်လို့ ဟောခဲ့ဖူးတယ်။ သူလမ်းမှန်ကိုရွေးရင် ရွှေဖီးနစ်ငှက် ဖြစ်လာမယ်၊ လမ်းမှားကိုရွေးရင်တော့ ချောက်ကမ်းပါးထဲ ကျလိမ့်မယ်တဲ့။"
"အဲ့ဒီအချိန်ကစပြီး သူက သူ့ကိုယ်သူ အနာဂတ်မင်းသမီးတစ်ပါးလို့သတ်မှတ်လိုက်ပြီး ယောက်ျားတိုင်းကို အထင်တသေးဆက်ဆံတော့တာပဲ"
"တကယ်ကို ကလေးကလားဆန်တာပဲ"
လိန်ရှင်းနန် ဝင်မပြောဘဲမနေနိုင်တော့။
သို့သော် ပညာသင်ဝမ်က ထိုမှတ်ချက်ကိုငြင်းပယ်လာသည်။
"မဟုတ်ဘူး။ အဲ့ဒါ ကလေးကလားဆန်တာမဟုတ်ပါဘူး။ သူ့ရဲ့စံပြရည်မှန်းချက်ပဲလေ"
"မနှစ်က ဧကရာဇ်အသစ် နန်းတက်တဲ့အချိန်မှာ ကျွန်တော်တို့ နန်းမြို့တော်ကို ခရီးသွားခဲ့ကြပြီး မိဖုရားခေါင်ကြီးရဲ့ နန်းတက်ပွဲအခမ်းအနားကို ကံကောင်းထောက်မစွာ မြင်တွေ့ခဲ့ရတယ်။ အဲဒီအချိန်က အဲဒီမိန်းကလေးရဲ့ မျက်လုံးတွေကို ခင်ဗျားတို့မမြင်ခဲ့ရလို့ပါ။ အဲဒါက တောင့်တမှုတစ်မျိုးပဲ၊ ရည်မှန်းချက်တွေလည်း အများကြီးပါဝင်နေတယ်။"
"ဒီမြို့ဆီပြန်လာပြီး သူက အနာဂတ်မှာ မိဖုရားခေါင်ကြီးတစ်ပါး သေချာပေါက်ဖြစ်လာလိမ့်မယ်လို့ ကျွန်တော့်ညီမလေးကိုပြောခဲ့သေးတယ်။ ဒီလောကရဲ့ အာဏာအကြီးဆုံးအမျိုးသမီး ဖြစ်ချင်တာတဲ့လေ"
ဒါကြောင့် ကျွန်တော့်မျက်စိထဲမှာတော့ လင်ကျောင်ယွဲ့ဟာ ရည်မှန်းချက်အလွန်မြင့်မားတဲ့ အမျိုးသမီး တစ်ယောက်ပဲ။ သူက ဝမ်ယင်းယင်းကိုတောင် အမြဲအထင်သေးခဲ့တာ။ သူတို့ အတူတူဆော့ကစားနေကြတာလည်း ဝမ်မိသားစုနောက်ခံက အရာရှိအဆက်အနွယ်တွေကြောင့်ပဲဖြစ်မယ်"
ပညာသင်ဝမ်၏ အကဲဖြတ်ချက်မှာ အလွန်မျှတပြေပြစ်သည်။
သူသည် လင်ကျောင်ယွဲ့အပေါ် အာဃာတများမကုန်စင်သော်လည်း စကားကိုမျှမျှတတဆိုသည်။ ဤသူဌေးသမီးလေးမှာ မွေးရာပါစိတ်ပုတ်သူ မဟုတ်ဘဲ ဝေးကွာလွန်းလှသော စံပြရည်မှန်းချက်တစ်ခုပေါ်တွင်သာ စွဲလမ်းလွန်းနေခြင်း ဖြစ်သည်ဟု သူယုံကြည်သည်။
"စိတ်ဝင်စားစရာပဲ"
လီနန်ခယ့်က မေးစေ့ကိုပွတ်ရင်း တွေးတောနေသည်။
သပွတ်အူလိုက်နေသော အမှုကိစ္စတစ်ခုလုံးက လူတိုင်း၏မျက်စိရှေ့တွင် ရှင်းလင်းနေခဲ့ပြီးလေပြီ။
ခြေကျိုးနှစ်ဖက်ကိုကုသနေသော အဘိုးချင်သည် နာလန်ထစအချိန်တွင် မိုးနီရေပါဝင်သောဆေးတစ်မျိုးကို အလွန်အကျွံသောက်သုံးမိရာမှ လက်စားချေဖို့ကိုသာအာရုံရှိတော့သော မိစ္ဆာတစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက် လင်ကျောက်ယွဲ့တို့သူငယ်ချင်းတစ်စုကို ချူဟုန်တောင်တွင် လိုက်လံတိုက်ခိုက်ကာ တစ်ယောက်ကိုသေစေပြီး ကျန်နှစ်ဦးကို ဒဏ်ရာရစေနိုင်ခဲ့သည်။
ပညာသင်ဝမ်သည် ဝမ်ကျင်းအာအတွက် လက်စားချေသည့်အနေဖြင့် ထိုနှစ်ဦးအား မိုးနီရေတိုက်ကျွေးခဲ့သည်။
ဤသို့ဖြင့် ဝမ်ယင်းယင်းတစ်ယောက် သေလွန်ရလေသည်။
ဟယ့်ချင်းယွီကိုသတ်ခဲ့သော တရားခံအတွက်လည်း အဖြေတစ်ခုရှိနေလေပြီ။
တရားခံများ တစ်ယောက်ပြီးတစ်ယောက် ပေါ်ပေါက်လာပြီးဖြစ်သဖြင့် သင်္ချိုင်းလူသားဟယ့်ချင်းယွီနှင့် မေရှင်းအာကို တွေ့အောင်ရှာကာ မိစ္ဆာသတ္တဝါကိုဖမ်းဆီးဖို့သာ ကျန်တော့သည်ပင်။
သို့ပေမဲ့ လီနန်ခယ့်ကတော့ တစ်ခုခုလွဲချော်နေသလို ခံစားနေရဆဲပင်။
ဤအမှန်တရားဆိုသည်များကို တစ်ခုချင်း လိုက်လံစစ်ဆေးလျှင် ပြဿနာမရှိသော်လည်း အားလုံးကို ပေါင်းစပ်လိုက်သည့်အခါ ဟာကွက်မရှိအောင် အတင်းအဓမ္မ ဖာထေးထားသကဲ့သို့ ဖြစ်နေသည်။
"ဖြစ်နိုင်ရင် ဝမ်ကျင်းအာရုပ်အလောင်းကို တစ်ချက်စစ်ဆေးလို့ရမလား"
လီနန်ခယ့်က တောင်းဆိုလာသည်။
တစ်ဖက်လူ ချက်ချင်းငြင်းဆိုလိမ့်မည်ဟု ထင်ထားသော်ငြား ပညာသင်ဝမ်က တွန့်ဆုတ်နေရာမှ ဝန်လေးစွာပြောလာသည်။
"အရင်က ရင်ခွဲစစ်ဆေးခဲ့ပြီးပြီမဟုတ်လား။ အခုက ခေါင်းတလားကိုတောင် သံရိုက်ထားပြီးပြီ"
"ဒါဆို ခေါင်းတလားကိုပြန်ဖွင့်လိုက်တာပေါ့"
တစ်ဖက်လူ တစ်ခုခုကိုဖုံးကွယ်ထားသေးကြောင်း လီနန်ခယ့် အကဲခတ်မိသွားသည်။
လိန်ရှင်းနန်လည်း ပညာသင်ဝမ် မူမမှန်တော့ကြောင်း သတိထားမိပြီး မျက်လုံးများက ဖျတ်ခနဲလက်သွားကာ ခပ်တင်းတင်းဆိုလာသည်။
"ဒီအတွက် မင်းခွင့်ပြုချက်မလိုပါဘူး။ အမှုအတွက် ခေါင်းတလားကိုဖွင့်ပြီးစစ်ဆေးဖို့ ငါ့မှာလုပ်ပိုင်ခွင့်အပြည့်အဝရှိတယ်။ မြေထဲထည့်မြှုပ်ထားပြီးရင်တောင် ပြန်ပြီးတူးဖော်ပိုင်ခွင့်ရှိတယ်"
အေးစက်သောအရာရှိမင်း၏ ပြတ်သားမှုကြောင့် ပညာသင်ဝမ်လည်း အရှုံးပေးလိုက်ရတော့သည်။
"ဟုတ်ပြီလေ ကျွန်တော်ခေါ်သွားပေးပါ့မယ်"
ထို့နောက် တောင်းပန်တိုးလျှိုးသည့်ဟန်ဖြင့် တစ်ခုဖြည့်ပြောလာသည်။
"ဒါပေမဲ့ ခင်ဗျားတို့ဘာပဲမြင်ခဲ့မြင်ခဲ့ လျှို့ဝှက်ချက်အဖြစ်ထားပေးဖို့ တောင်းဆိုပါရစေ"
ဒီတော့ လျှို့ဝှက်ချက်တစ်ခု ရှိနေတာပေါ့လေ။
လီနန်ခယ့်၏နှုတ်ခမ်းများက အဓိပ္ပာယ်ပါပါ ကွေးညွှတ်သွားခဲ့သည်။
သို့ပေမဲ့ သူတို့ ဝမ်ကျင်းအာ၏ခေါင်းတလားကို ဖွင့်လိုက်ချိန်တွင် အလောင်းစစ်ဆေးမှုကို ဤလူဘာကြောင့်ငြင်းဆန်ချင်နေရကြောင်း လီနန်ခယ့်နားလည်သွားရတော့သည်။
ပြောစရာစကားပင်မရှိတော့။
ခေါင်းတလားထဲတွင် ဝမ်ကျင်းအာ၏ရုပ်အလောင်းတစ်ခုတည်း ဟုတ်မနေပါချေ။
ပစ္စည်းတစ်ခုလည်း အပိုရှိနေသေးသည်။
အတိအကျဆိုရလျှင် မည်သည့်ပစ္စည်းနှင့်ပြုလုပ်ထားမှန်း မသိရသော လူနှင့်အလွန်တူသည့် အရုပ်မကြီးတစ်ရုပ်ပင်။
ထိုအရုပ်မကြီးသည် ပုံမှန်လူသားတစ်ယောက်၏ အရွယ်အစား အချိုးအစားအတိုင်းပြုလုပ်ထားပြီး သွယ်လျသောကိုယ်လုံးကိုယ်ပေါက်ရှိသည်။ ဦးခေါင်းသည်ပင် နုနယ်ချောမွေ့နေပြီး အသားအရည်မှာ ကိုင်တွယ်ကြည့်လိုက်လျှင် ရုန်းကန်အားတစ်ခုရှိနေသလို။
အရေးကြီးဆုံးအချက်မှာ ထိုအရုပ်သည် လူအစစ်နှင့် အလွန်တူနေခြင်းပင်။
အနုပညာလက်ရာတစ်ခုဟု တင်စားထိုက်ပေသည်။
"ဒီဘက်ခေတ်မှာလည်း ဒီလိုပစ္စည်းတွေရှိလိမ့်မယ်လို့ထင်မထားဘူး။ ဘယ်ခေတ်ဘယ်အခါရောက်ရောက် နှာဘူးအိုကြီးတွေကတော့ အလွန်တက်ကြွကြတာပါလား"
လီနန်ခယ့်ရင်ထဲ အတော်လေးနင့်သွားရသည်။
သူတို့အထင်လွဲသွားမည်စိုးသည့်ဟန်ဖြင့် ပညာသင်ဝမ်က ရှင်းပြလာသည်။
"ကျင်းအာက သူ့ကိုစိတ်ရင်းနဲ့ခင်မင်ပေးမဲ့ သူငယ်ချင်းတစ်ယောက် အမြဲလိုချင်ခဲ့တာ။ ကျွန်တော်လည်း သူခေါင်းတလားထဲမှာ အထီးကျန်နေမှာစိုးတာနဲ့ အဖော်တစ်ယောက်ထည့်ပေးလိုက်တဲ့သဘောပါ"
"နားလည်တယ်ညီလေး၊ အစ်ကိုလုံးဝနားလည်တယ်"
လီနန်ခယ့်က ပညာသင်ဝမ်၏ပုခုံးကိုပုတ်ပြီး အသံကိုရုတ်တရတ်နှိမ့်ချကာ တိုးတိုးလေးကပ်မေးလာသည်။
"ဒီအရုပ်ကို မင်းဘယ်ကဝယ်ခဲ့တာလဲ"
ပညာသင်ဝမ်လည်း အတော်ရှက်နေဟန်ရှိကာ တိုးတိုးပြန်ဖြေလာသည်။ "မနှစ်ကပဲ အနောက်တိုင်းဒေသကလာတဲ့ ကုန်သည်တစ်ယောက်ဆီက ဝယ်ခဲ့တာပါ"
"ကြည့်ရတာဒီအရုပ်က မင်းကိုလည်းအကြာကြီးအဖော်ပြုပေးခဲ့ပုံပဲနော် ညီလေး။ မင်းရဲ့ အယုံကြည်ရဆုံးအဖော်သဟဲဆိုလည်း မမှားလောက်ဘူး။ ဒါကြောင့် မိန်းကလေးကျင်းအာအတွက် ထည့်ပေးလိုက်တာပေါ့"
လီနန်ခယ့်က နားလည်သဘောပေါက်သွားဟန်ဖြင့် ဆက်ပြောသည်။
"သက်သေကိုပါ တပါတည်းဖျက်ဆီးလိုက်ရာလည်း ရောက်တာပေါ့"
ပညာသင်ဝမ် မျက်နှာရဲသွားပြီး တစ်ခုခုပြန်ပြောမည်အလုပ် လီနန်ခယ့်ကလက်ယမ်းပြလိုက်သည်။
"ကဲပါ ဘာမှထပ်ပြောမနေနဲ့တော့။ ငါတို့ကြားမှာ နားလည်မှုတစ်ခုယူထားလိုက်ကြတာပေါ့"
လီနန်ခယ့်၏ တခြမ်းစောင်းအပြုံးကြီးကိုမြင်တော့ ပညာသင်ဝမ်ဒေါသထွက်လာတော့ မပေါက်ကွဲရဲပေ။
မကျေမနပ်ဖြင့် နှာတစ်ချက်မှုတ်လိုက်ပြီး သူပြန်ချေပလာသည်။
"လိင်စိတ်ဆန္ဒဆိုတာ လူသားတွေရဲ့သဘာဝပဲ။ ဘာကိုပုံမှန်မဟုတ်ရမှာလဲ။ လီချန်ဘုရားကျောင်းကဘုန်းကြီးတစ်ပါးတောင် အနောက်တိုင်းကုန်သည်တစ်ယောက်ဆီက ဒီလိုတစ်ရုပ်ဝယ်ခဲ့သေးတာ။ ကျွန်တော်တို့လိုသာမန်လူတွေက ပြောစရာမဟုတ်သေးဘူး"
"ရွံစရာကြီး"
နောက်ဆုံးမှနားလည်သွားသော လိန်ရှင်းနန်က ပေါ်တင်ရွံရှာပြလေသည်။
လီနန်ခယ့်မျက်မှောင်ကြုတ်သွားသည်။
"အရာရှိလိန် ဒီလိုတော့မပြောသင့်ဘူးလေ။ တစ်နှစ်ပတ်လုံး ပြည့်တန်ဆာအိမ်တွေလှည့်ပတ်သွားနေတဲ့ လူကြီးလူကောင်းတွေနဲ့ယှဉ်ရင် ပညာသင်ဝမ်က ရှားရှားပါးပါး ချီးကျူးထိုက်တဲ့သူပဲ၊ တကယ်ကို ဖြူစင်ရိုးသားပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်တဲ့သူ"
လိန်ရှင်းနန်ကသူ့ကို စူးစူးဝါးဝါးစိုက်ကြည့်လာပြီး အသံမာမာဖြင့်အမိန့်ပေးသည်။
"ရင်ခွဲစစ်ဆေးတော့"
အထက်လူကြီး ဒေါသထွက်လာဟန်ကိုမြင်သော် လီနန်ခယ့်လည်း ထပ်မစနောက်နေရဲတော့ဘဲ အရုပ်မကြီးကိုဘေးဖယ်ကာ ဝမ်ကျင်းအာ၏ရုပ်အလောင်းကို စတင်စစ်ဆေးတော့သည်။
ရုပ်အလောင်းမှာ ပုပ်စော်အတော်နံနေပြီ ဖြစ်သည်။
ခြေလက်များကိုတော့ အပ်ချည်နှင့် ပြန်လည်ချုပ်တွဲထားသည်။
အဘယ့်ကြောင့်ဆိုသော် ညကင်းလှည့်တပ်ဖွဲ့မှ ဝမ်ကျင်းအာ၏ရုပ်အလောင်းကို ပြန်လည်ရှာတွေ့ချိန်တွင် အပိုင်းပိုင်းပြတ်တောက်နေပြီဖြစ်သောကြောင့်။
ရုပ်အလောင်းကို နေရာတကျပြန်လည်စုစည်းပေးရန်အတွက်ပင် အလောင်းပြင်ဆရာတစ်ဦး ရှာခဲ့ရသေးသည်။
လီနန်ခယ်က ဝမ်ကျင်းအာ၏ခေါင်းအနောက်ကို အရင်စစ်ကြည့်သော် အမှန်တကယ်ပင် ဒဏ်ရာတစ်ခုရှိနေသည်။
ဒဏ်ရာ၏ အနားသတ်များကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ တော်တော်လေးချွန်ထက်သော ပစ္စည်းတစ်ခုကြောင့်ဖြစ်ရသည်ဟု ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ဒဏ်ရာတစ်ဝိုက်တွင် မြေကြီးနှင့် ကျောက်မှုန်လေးများ ကျန်ရှိနေသဖြင့် မြေပြင်ပေါ်မှ ကျောက်ခဲအချွန်တစ်ခုဖြင့် အရှိန်ပြင်းပြင်းရိုက်ခံရခြင်းဖြစ်သည်ဟု ကနဦးဆုံးဖြတ်နိုင်သည်။
တွဲချုပ်ထားသောနေရာများကိုလည်း လီနန်ခယ့်စစ်ဆေးလိုက်သည်။
ပြတ်တောက်နေသောနေရာများကို စစ်ဆေးကြည့်ရသလောက် ၎င်းတို့မှာ လက်နက်တစ်ခုခုဖြင့် ဖြတ်တောက်ခံထားရခြင်းမဟုတ်ပါဘဲ လက်ဗလာနှင့် ဆွဲဖြဲခံထားရခြင်းသာပင်။
ဤသည်မှာ မိစ္ဆာသတ္တဝါတစ်ကောင် စတင်ပြောင်းလဲခါစအချိန်၏ အံ့သြစရာအင်အားကို ဖော်ပြနေသကဲ့သို့။
စွမ်းအားကြီးကျင့်ကြံသူများလည်း ထိုမျှသန်မာနိုင်ပါသည်။
သို့သော် တရားခံသည် အငြှိုးအာဃာတဖြင့် လွှမ်းမိုးခံထားရသူမဟုတ်လျှင် သွက်သွက်ခါရူးသွပ်နေမှသာ လူတစ်ယောက်ကို ဤသို့သောနည်းဖြင့် ဖျက်ဆီးနိုင်ပေမည်။
ရုပ်အလောင်းမှ အချက်အလက်များ ထပ်ရှာဖွေနိုင်ဖို့ လီနန်ခယ့်သည် ခေါင်းတလားဘေးတွင်ထိုင်ချကာ အနီးကပ်ငုံ့ကြည့်ပြီး ပုပ်စော်နံနေသည့်ကြားမှ အစိတ်အပိုင်းအမျိုးမျိုးကို သေသေချာချာ လေ့လာနေသည်။
မကြာမီပင် အလွန်ထူးဆန်းနေသောနေရာတစ်ခုအား သူရှာတွေ့နို်ငခဲ့သည်။
ဝမ်ကျင်းအာ၏ လက်ကောက်ဝတ်များနှင့် ခြေကျင်းဝတ်များတွင် လက်တဝါးအကျယ်ခန့်ရှိသော အညိုအမည်း အမှတ်အသားများ အကွင်းလိုက်ရှိနေခြင်း ဖြစ်သည်။
"ဒါတွေဘာကြောင့်ဖြစ်တယ်လို့ထင်သလဲ" လီနန်ခယ့်က လိန်ရှင်းနန်ကိုမေးလိုက်သည်။
လိန်ရှင်းနန်လည်း ငုံ့ကိုင်းစစ်ဆေးကြည့်လာ၏။
မတော်တဆ ပေါ့ဆမိသွား၍ပေလား၊ လီနန်ခယ့်ကို ဘယ်လိုမှစိတ်ထဲမထား၍ပေလားမသိ၊ ငုံ့ကိုင်းလာသော အမျိုးသမီး၏ကော်လာစမှာ မဆိုစလောက်ပွင့်ဟသွားလေရာ လီနန်ခယ့်၏မျက်လုံးရှေ့သို့ တည့်တည့်ရောက်ရှိလာလေသည်။
ညှပ်ရိုးလှလှလေးများ၊ အနည်းငယ်ပေါ်ထွက်နေသော ရင်အစုံ၏ အပေါ်ပိုင်းမျဥ်းကွေးနှင့် အတွင်းမှ လှပသော အပြာရင့်ရောင်ရင်စည်း။ ထိုအမျိုးသမီးမှာ ကျပ်ထုတ်နေသော ဝတ်စုံရှည်ကို ဝတ်ထားသဖြင့် ထို့ထက်ပို၍တော့ ပေါ်လွင်မလာပါ။
သို့သော် လီနန်ခယ့်တစ်ယောက်တော့ ကောင်းကောင်းကြီး မျက်စိအစာကျွေးလိုက်ရသည်။
"ဒါ အလောင်းကိုဆွဲဖြဲတုန်းက မိစ္ဆာသတ္တဝါက တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့လို့ ကျန်ခဲ့တဲ့ အညိုအမည်းကွက်တွေ ဖြစ်ရမယ်။ အရင်က မိစ္ဆာတွေသတ်သွားတဲ့ အလောင်းတွေမှာလည်း ဒီလိုအမှတ်အသားမျိုး တွေ့ဖူးတယ်"
အမျိုးသမီးက သေချာရှင်းပြလာသည်။
လီနန်ခယ့်လည်း အာရုံကိုချက်ချင်းပြန်ဆွဲခေါ်လိုက်ရပြီး အကြည့်ကိုအမြန်လွှဲကာ မျက်နှာကိုပါ တစ်ဖက်သို့နည်းနည်းလှည့်ထားလိုက်သည်။
ငါဘာမှမမြင်ခဲ့ပါဘူး။
အထူးသဖြင့် တစ်ဖက်အမျိုးသမီးက သူ့အထက်လူကြီး။
ညိုမည်းနေသော လက်ကောက်ဝတ်များကိုကြည့်ပြီး လီနန်ခယ့်တွေးတောနေမိသည်။
"ဒါတွေကတကယ်ပဲ အညိုအမည်းကွက်တွေလား"
ထို့နောက် နှုတ်ခမ်းများက အဓိပ္ပာယ်ပါပါ ပြုံးရယ်ပြန်လေသည်။
***