ပညာသင်ဝမ်ကို စစ်မေးပြီးနောက် လိန်ရှင်းနန်သည် သူမ၏ လက်အောက်ငယ်သားများကို အကြောင်းကြားကာ နောက်ဆုံးစီရင်ချက်ကို စောင့်ဆိုင်းရန်အတွက် သူ့ကို ခရိုင်ရုံးအကျဉ်းထောင်သို့ ပို့ဆောင်ခိုင်းလိုက်သည်။
မိစ္ဆာသတ္တဝါနှင့် သင်္ချိုင်းလူသားတို့၏ တည်နေရာကို မသိရသေးသော်လည်း ဝမ်ယင်းယင်း အသတ်ခံရမှုမှာ အမှုမှန်ပေါ်ပေါက်သွားသည့်အတွက် အနည်းဆုံးတော့ ဝမ်မိသားစုအတွက် အဖြေတစ်ခုရရှိခဲ့ပြီး ခရိုင်ဝန်မင်း ရှန်ချုန်းဟယ်မှာလည်း မျက်နှာငယ်ကြီးဖြင့် နေ့တိုင်းပူပန်ပျာယာနေစရာ မလိုတော့ပေ။
"တခြားမရှင်းတဲ့ကိစ္စတွေများ ရှိနေသေးလား"
လမ်းမကျယ်ပေါ်လျှောက်လှမ်းရင်း တစ်ချက်တစ်ချက် မျက်မှောင်ကြုတ်သွားတတ်သော ထိုအမျိုးသားကိုကြည့်ကာ လိန်ရှင်းနန်မေးလိုက်သည်။
"အများကြီးရှိသေးတယ်"
လီနန်ခယ့်သည် အကျင့်ပါနေသည့်အတိုင်း မျက်ခုံးနှစ်ခုကြားကိုနှိပ်နယ်ရင်း ပြောလာသည်။
"အမှန်တော့ ဟယ့်ချင်းယွီကို ဘယ်သူကများ အသက်ပြန်သွင်းခဲ့တာလဲဆိုတာကို ကျွန်တော်စဉ်းစားနေတာ"
ဤသည်မှာ အမှု၏အဓိကအကျအဆုံး မြှုပ်ကွက်ဖြစ်နေခဲ့သည်။
လီနန်ခယ့်သည် သူ့စိတ်ထဲတွင် အမှု၏ဖြစ်စဥ်အချိန်ဇယားကို အကြမ်းချစီမံကြည့်ပြီးပြီဆိုသော်ငြား လစ်ဟာနေသောထိုတစ်နေရာက သူ့ကို အလွန်အတွေးများစေသည်။
တကယ်တော့ ဟယ့်ချင်းယွီကို မည်သူအသက်သွင်းခဲ့သနည်း ဆိုသောမေးခွန်းက ရှုပ်ထွေးနေခြင်းမဟုတ်။
ဘာကြောင့်အသက်သွင်းခဲ့သနည်း ဟူသောအကြောင်းရင်းက အဓိကဖြစ်နေသည်။
လိန်ရှင်းနန်ကလက်ပိုက်ကာ လီနန်ခယ့်လိုပင် စတင်ခွဲခြမ်းစိပ်ဖြာကြည့်လာသည်။
"သင်္ချိုင်းလူသားတွေ အသက်ပြန်ဝင်လာဖူးတဲ့ စည်းမျဥ်းတွေအရ ကွယ်လွန်သူကို အချစ်ဆုံး၊ အစွဲလမ်းဆုံးလူကပဲ မိုးနီအိပ်မက်ထဲမှာ သူတို့ကို အသက်ပြန်သွင်းနိုင်တာ။"
"ဒါကြောင့် ဟယ့်ချင်းယွီကအသက်ပြန်သွင်းတဲ့လူက သေချာပေါက်သူ့အပေါ် အင်မတန်နက်ရှိုင်းတဲ့ခံစားချက်တွေ ရှိနေလောက်မယ်"
"ဒါပေမဲ့လက်ရှိမှာ လင်ကျောက်ယွဲ့နဲ့ဟယ့်ချင်းယွီကြား ဘာပက်သက်မှုမှမရှိတဲ့အကြောင်း ကျွန်မတို့အတည်ပြုပြီးလာခဲ့ပြီ။ မိန်းကလေးက မောက်မာတတ်တဲ့သဘာဝရှိတာကြောင့် မိသားစုနောက်ခံမရှိတဲ့ ပြစ်မှုမှတ်တမ်းရှိ သာမန်စာသင်သားတစ်ယောက်ကို သေချာပေါက် အထင်တသေးပဲဆက်ဆံမှာ"
"လင်ကျောက်ယွဲ့ကိုဖယ်ထုတ်ပြီးရင် ဝမ်ယင်းယင်းနဲ့ဝမ်ကျင်းအာ ကျန်မယ်"
"ဝမ်ကျင်းအာကတော့ အချိန်တော်တော်ကြာကတည်းက သေဆုံးသွားခဲ့ပြီ၊ ပညာသင်ဝမ်ကလည်း သူ့ညီမက ဟယ့်ချင်းယွီကို ကြိုက်မှာမဟုတ်ဘူးလို့ အာမခံခဲ့တယ်။ ဝမ်ယင်းယင်းကတော့ ဟယ့်ချင်းယွီ အသက်ပြန်ရှင်လာပြီးနောက်မှာ မိုးနီဆေးတိုက်ကျွေးခံခဲ့ပြီး နောက်ဆုံးမှာ အိပ်မက်ဆိုးဆီက အသတ်ခံခဲ့ရတာ"
"ဒါကြောင့် အဲ့ဒီမိန်းကလေးသုံးယောက်လုံးကို ဟယ့်ချင်းယွီအမှုကနေ လုံးဝဖယ်ထုတ်ထားလို့ရတယ်"
"ဟယ့်ချင်းယွီသင်ခဲ့ဖူးတဲ့ကျောင်းသားတွေဆီလည်း ကျွန်မလူလွှတ်စုံစမ်းပြီးပြီ။ အများစုက သူ့ကိုရိုသေလေးစားကြပြီး ကိုယ်ရေးကိုယ်တာပက်သက်မှုလည်း တစ်ခုမှမရှိခဲ့ဘူး"
"နောက်ပြီး ဟယ့်ချင်းယွီရဲ့မရီး အစ်မကျန်းကိုလည်း ကျွန်မကိုယ်တိုင်သွားပြီး သေချာစစ်မေးထားတယ်။ သူလည်း သူ့မတ်ကလေးကို အတော်ချစ်ခင်ပေမဲ့ လူသေကို မိုးနီအိပ်ကမ္ဘာကနေတစ်ဆင့် ပြန်အသက်သွင်းဖို့လုံလောက်တဲ့ စွဲလမ်းမှုမျိုးမရှိဘူး"
"တစ်ချိန်တည်းမှာပဲ အစ်မကျန်းရဲ့ခန္ဓာကိုယ်ကို ကျွန်မမှော်လက်နက်သုံးပြီစစ်ဆေးခဲ့သေးတယ်။ မိုးနီအကြွင်းအကျန်အငွေ့အသက် မတွေ့ရဘူးရယ်"
"သူ့မရီးလည်း ဒီကိစ္စမှာပါဝင်ပက်သက်မနေဘူးလို့ သတ်မှတ်ထားလို့ရတယ်"
လိန်ရှင်းနန်က ခွဲခြမ်းစိပ်ဖြာတင်ပြအပြီး တစ်ဖက်မှ တုံ့ပြန်သံမကြားသဖြင့် မော့ကြည့်လိုက်သော် သူမအား ထူးထူးဆန်းဆန်းငေးမောနေသည့် ထိုအမျိုးသားကို တွေ့လိုက်ရလေသည်။
"ဘာဖြစ်လို့လဲ"
အမျိုးသမီးမှာ ငေးမောခံရခြင်းကြောင့် အနည်းငယ် မနေတတ်မထိုင်တတ်ဖြစ်သွားဟန်ရှိ၏။
လီနန်ခယ့်က လက်မထောင်ပြကာ အထက်လူကြီးကိုမြှောက်ပင့်လိုက်သည်။
"ညကင်းလှည့်တပ်ဖွဲ့မှာ ရာထူးမြင့်မြင့်ယူထားနိုင်တဲ့အမျိုးသမီးဆိုတော့ တကယ်ကိုမျှော်လင့်ထားသလိုပါပဲ။ အရည်အချင်းက တစ်နေရာမှလစ်ဟာမနေဘူး"
ထိုယောက်ျား၏ ရှားရှားပါးပါးမြှောက်ပင့်စကားကြောင့် ရှက်ခဲလှသောအမျိုးသမီးလည်း မျက်နှာရဲတက်သွားရသည်။
ရှင်းမပြတတ်စွာပင် ဂုဏ်ယူဝင့်ကြွားမှုသေးသေးလေးကိုလည်း ခံစားနေရသေး၏။
လူတော်တစ်ယောက်ရဲ့ ချီးကျူးစကားက သာမန်နဲ့တော့မတူဘူးပေါ့လေ။
"ကဲ ဆက်ပြောပါဦး"
"..."
လိန်ရှင်းနန်၏ နှုတ်ခမ်းထောင့်လေးတွင် ပြုံးယောင်သမ်းလာပြီး သူမကနှုတ်ခမ်းကိုအသာကိုက်ကာ မတတ်သာစွာစွာ ခေါင်းယမ်းပြလေသည်။
"ကျန်တာကိုတော့ ဘယ်လိုဆက်ရှင်းပြရမလဲမသိတော့ဘူး"
လီနန်ခယ့်က တည်ငြိမ်စွာဆိုသည်။
"သံသယရှိနိုင်တဲ့သူအားလုံးကို ဖယ်ထုတ်ပြီးပြီဆိုတော့ အရေးကြီးတဲ့လူတစ်ယောက်ကိုမှ ထည့်မတွက်ထားမိတဲ့သဘောပဲ။ ခင်ဗျား ဘယ်သူလို့ထင်သလဲ"
"ကျွန်မမတွေးတတ်တော့ဘူး"
အမျိုးသမီးက ခေါင်းကိုသာဆက်ယမ်းပြလာသည်။
လီနန်ခယ့်က တမင်တကာ အရိပ်အမြွက်ပေးလိုက်သည်။
"ခင်ဗျားကိုယ်တိုင်တောင် မသိဘူးဆိုမှတော့ အခု ကျွန်တော်တို့ သဲလွန်စရှာဖို့ ဘယ်ကိုသွားသင့်သလဲ"
သဲလွန်စအတွက်လား။
လိန်ရှင်းနန် မျက်ခုံးတန်းလေးများကို တင်းတင်းစုကြုတ်ကာ လမ်းလယ်တွင်ရပ်လိုက်ပြီး စတင်တွေးတောသည်။
လီနန်ခယ့်က သူမကို တွန်းအားမပေးဘဲ နံဘေးတွင်အလိုက်တသိ ငြိမ်သက်စွာရပ်နေရင်း သူ၏ဆွဲဆောင်မှုရှိသော အထက်လူကြီးအမျိုးသမီးလေး အဖြေပေးလာမည့်အချိန်ကိုသာ စိတ်ရှည်ရှည်စောင့်ဆိုင်းပေးနေခဲ့သည်။
လမ်းမပေါ်တွင် လမ်းသွားလမ်းလာများ တဖြည်းဖြည်းများပြားလာသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် ဈေးသည်များက ကုန်စည်များကို အော်ဟစ်ရောင်းချလျက်။
အေးစိမ့်စိမ့်လေတသုတ် တိုက်ခတ်သွားပြီး အမျိုးသမီး၏ဆံနွယ်နက်နက်များကို ပွတ်သတ်ထိခတ်သွားခဲ့သည်။ မင်ရောင်နက်နက်စကတ်ရှည်၏ အနားသတ်များကိုလည်း လှုပ်ခတ်လွင့်ခါသွားစေခဲ့ရာ သေမျိုးလူသားတို့၏ကမ္ဘာတွင် အနုပညာမြောက် မင်ဆေးခြယ်ပန်းချီကားတစ်ချက်ကို တွေ့မြင်လိုက်ရသည့်အလား ခံစားရစေသည်။ ဤလမ်းမတကြောလုံးတွင် နှစ်ခါပြန်တွေးစရာပင်မလို၊ သေချာပေါက် အလှဆုံးမြင်ကွင်းတစ်ခုသာဖြစ်၏။
လမ်းသွားလမ်းလာတိုင်း သူမကိုလှည့်ကြည့်သွားကြကာ ချီးမွမ်းသံများ မကြာမကြာထွက်ပေါ်လာတတ်သည်။
အထူးသဖြင့် သူမဘေးတွင် ယှဥ်တွဲရပ်နေသော ကျော့မောသေသပ်သည့်ဟန်ပန်ဖြင့် ရုပ်ရည်ချောချောလူငယ်ကိုမြင်သော် လူအများမှာ အင်မတန်လိုက်ဖက်ညီလှသော နတ်ဖက်သည့်စုံတွဲပါပေလားဟူသောအတွေးဖြင့် သက်ပြင်းချရုံသာတတ်နိုင်တော့သည်။
"ဟယ့်ချင်းယွီမရီးကို သွားရှာကြတာပေါ့"
လိန်ရှင်းနန်သည် အဓိကကျသောအချက်ကိုရှာတွေ့ဖို့ အချိန်အကြာကြီးမစဥ်းစားလိုက်ရပါ။ သူမ၏မျက်လုံးများ တလက်လက်တောက်လာပြီး မှတ်ချက်ချသည်။
"သူ့မရီးရဲ့နေအိမ်က ကျွန်မတို့အဖြေရှာတွေ့မဲ့ တစ်ခုတည်းသောနေရာပဲဖြစ်ရမယ်"
လီနန်ခယ့်က လက်ဖျောက်တစ်ချက်တီးကာ ပြုံးယောင်ယောင်ဖြင့်ဆိုသည်။
"အဖြေမှန်ပဲ"
...
ဟယ့်ချင်းယွီ၏မရီးဖြစ်သူ အစ်မကျန်းသည် မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီဖြစ်သော တစ်ကောင်ကြွက်မုဆိုးမတစ်ယောက်ပင်။
ခင်ပွန်းဖြစ်သူ မရှိတော့ရှာရုံမက ကလေးတစ်ယောက်မှလည်း မကျန်ရစ်ခဲ့ပေ။
ခင်ပွန်းဖြစ်သူ သေဆုံးသွားသောနှစ်များစွာတလျှောက် သူမသည် တစ်ယောက်တည်းသာနေထိုင်ခဲ့ပြီး ညီငယ်ကိုစောင့်ရှောက်ပေးဖို့ မှာကြားသွားသော ခင်ပွန်း၏နောက်ဆုံးစကားအား တတ်နိုင်သလောက်ဖြည့်ဆည်းပေးရှာလေသည်။
တစ်နည်းဆိုရလျှင် ဟယ့်ချင်းယွီသည် သူမ၏တစ်ဦးတည်းသော သက်ရှိထင်ရှား ဆွေမျိုးသားချင်းဖြစ်ခဲ့သည်ပင်။
လီနန်ခယ့်နှင့်လိန်ရှင်းနန်တို့ သူ့အိမ်သို့ရောက်သွားချိန်တွင် အစ်မကျန်းသည် အိမ်နီးချင်းများ၏အကူအညီဖြင့် မတ်ဖြစ်သူ၏အသုဘကိုစီစဥ်ရင်း အလုပ်များနေချိန်ဖြစ်သည်။ နီရဲယောင်ကိုင်းနေသော မျက်လုံးများမှာ ဝမ်းနည်းပူဆွေးမှုဖြင့် တစ်ချိန်လုံးမရပ်မနား ငိုကြွေးထားခဲ့ပုံရ၏။
သူတို့နှစ်ယောက်၏ လာရင်းရည်ရွယ်ချက်ကို ခန့်မှန်းမိဟန်ဖြင့် အစ်မကျန်းသည် တုံ့ဆိုင်းမနေဘဲ နှစ်ဦးသားကို အခန်းတစ်ခုထဲဦးဆောင်ခေါ်သွားသည်။
"အရာရှိမင်းများရယ်၊ သိလိုရာသာမေးကြပါတော့။ ကျွန်မသိသမျှ ဘာတစ်ခုမှဖုံးကွယ်မထားဘဲ အမှန်အတိုင်းဖြေပေးပါ့မယ်။ လူသတ်သမားကို အတတ်နိုင်ဆုံးမြန်မြန်ဖမ်းပေးပြီး မောင်လေးရဲ့ ကောင်းကင်ဘုံကဝိညာဥ်အတွက် ငြိမ်းချမ်းမှုရအောင်ရှာပေးကြဖို့ပဲ ကျွန်မမျှော်လင့်ပါတယ်"
အစ်မကျန်းသည် ပြောရင်းဆိုရင် တစ်ဖန်ငိုကြွေးလာပြန်သည်။
လီနန်ခယ့်ကသူမကို နှစ်သိမ့်စကားအနည်းငယ်ဆိုပေးပြီး အဓိကမေးခွန်းဆီတန်းသွားလိုက်သည်။
"ဟယ့်ချင်းယွီက ဘာကြောင့် တစ်ခါမှအိမ်ထောင်မပြုခဲ့တာလဲ"
"သူဘာတွေတွေးနေသလဲတော့ ကျွန်မလည်းအသေအချာမသိပါဘူး။ တစ်ယောက်တည်းနေရတာကို ကျင့်သားရနေလို့လည်းဖြစ်နိုင်သလို သူ့အခြေအနေက မိသားစုတစ်ခုရဲ့ဝန်ကို ထမ်းပိုးရှာကျွေးနိုင်မယ်လို့မထင်တာလည်း ပါလောက်မယ်"
အစ်မကျန်းက ရှိုက်သံသဲ့သဲ့ဖြင့် ဖြေသည်။
"ဟယ့်ချင်းယွီက စောင်းသမားတစ်ယောက်ဆိုတော့ မိန်းကလေးတွေနဲ့ ကိုယ်ရေးကိုယ်တာပက်သက်မှုတွေ ရှိခဲ့ဖူးသလား"
"မဖြစ်နိုင်တဲ့ကိစ္စပါရှင်"
အစ်မကျန်းက စိတ်ဆိုးမာန်ဆိုး ကာကွယ်လာသည်။
"ချင်းယွီက တစ်ခါတလေ အပျင်းကြီးတတ်တယ်ဆိုပေမဲ့ မိန်းကလေးတွေကိုထိခိုက်စေမဲ့သူမျိုး မဟုတ်ပါဘူး။ သူ့ကိုလာပြီးချဥ်းကပ်ကြတဲ့ အစေခံမိန်းကလေးတွေ အများကြီးရှိခဲ့ပေမဲ့ အားလုံးကို တစ်ချက်တောင်လှည့်ကြည့်ခဲ့တာမဟုတ်ဘူး။ မိန်းကလေးတွေရဲ့ဂုဏ်သတင်းကို ဖျက်ဆီးမိမှာစိုးလို့ သူ့ဘက်က တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်းနေပေးခဲ့တာ"
ထိုအကြောင်းကိုပြောနေရင်း သူမရုတ်တရတ် ငိုရှိုက်လာပြန်သည်။
"အရာရှိမင်းများရယ်၊ မဟုတ်မှ သူ့ဆီကအငြင်းခံခဲ့ရတဲ့မိန်းကလေးတစ်ယောက်ယောက်များ အချစ်ကြီးလို့ အမျက်ကြီးပြီး ချင်းယွီကိုသတ်လိုက်လေရော့လား"
လီနန်ခယ့်က ပြန်မဖြေဘဲ တိတ်ဆိတ်စွာ စဥ်းစားခန်းဝင်နေခဲ့သည်။
သို့သော် သူ့ဘက်မှအဖြေစကားမကြားရသောကြောင့် အစ်မကျန်းမှာ သူမခန့်မှန်းချက်မှန်ကန်သွားပြီဟု ကောက်ချက်ချကာ ရှိုက်သံများပိုလို့ကျယ်လောင်လာပြီး ပေါင်ကိုရိုက်ကာရိုက်ကာ ဟစ်ကြွေးငိုယိုလေတော့သည်။
"ချင်းယွီရေ၊ ငါ့မောင်လေး မတရားသဖြင့်သေသွားရတာပါလား။ အဲ့ဒီမိန်းကလေးတွေကို စောင်းတီးသင်မသွားပါနဲ့လို့ ငါအထပ်ထပ်အခါခါသတိပေးတဲ့ကြားက ဖြစ်သွားရတာ။ အဲ့ဒီမိန်းမလှတောထဲ နစ်ဝင်သွားရင် အနှေးနဲ့အမြန်တော့ဒုက္ခဖြစ်လိမ့်မယ်လို့ အစ်မမပြောခဲ့ဘူးလား။ မင်းကနားမှမထောင်ခဲ့တာပဲလေ"
"ဒီအစ်မပြောစကားကို စောစောစီးစီးနားထောင်ခဲ့ရင် ဒီလိုအဆုံးသတ်မျိုး ကြုံရပါဦးမလား။ အဲ့ဒီမိန်းကလေးတွေကြား ရောထွေးနေရတာ ဘာများထူးခြားနေလို့ ရုန်းမထွက်နိုင်ခဲ့ရတာလဲ။ အိမ်မှာပဲ ဒီအစ်မနဲ့နေရတာ မင်းအတွက်ပိုမလုံခြုံခဲ့ဘူးလား"
အမျိုးသမီး၏ ဝမ်းနည်းပူဆွေးလှစွာသော ငိုကြွေးသံမှာ ဘေးကလူများကိုပင် စိတ်မကောင်းဖြစ်မိစေသည်။
လီနန်ခယ့်လည်း ငိုသံကိုနားထောင်နေရင်း တစ်ခုခုလွဲချော်နေသလိုခံစားရသဖြင့် သူအမြန်ဖြန်မေးလိုက်သည်။
"ဟယ့်ချင်းယွီသေရတာက အဲ့ဒီမိန်းကလေးတွေနဲ့ ဘာမှမပက်သက်ပါဘူး။ ကျွန်တော်တစ်ခုသိချင်တာက ဟယ့်ချင်းယွီမှာ ငယ်ရည်းစားရှိခဲ့သေးသလား"
***