ယခုတွင်မူ၊ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ပြောဆိုချက်ကြောင့် စူးရွှမ်၏ စိတ်ထဲတွင် ခန့်မှန်းချက်တစ်ခု ရှိလာခဲ့သည်။
ဤအမတနယ်မြေ ကောင်းကင်လမ်းစဉ်၏ နောက်ကွယ်တွင် ရပ်တည်နေသော အင်အားစုသည် ရှန်ထျန်းကောင်းကင်အရှင်အား သုတ်သင်ရှင်းလင်းခဲ့သည့် တည်ရှိမှု ဖြစ်မည်မှာ အသေအချာပင် ဖြစ်သည်။
ထိုအမည်မသိ အင်အားစုသည် အမတနယ်မြေ၏ ဒေသခံ အင်အားစု လုံးဝမဟုတ်ဘဲ၊ အမတနယ်မြေ၏ အထက်လောကမှ ဖြစ်နိုင်သည်။
..........
အချိန်ခဏကုန်လွန်သွားပြီးနောက်၊ စူးရွှမ်၏ စိတ်ထဲက ထိတ်လန့်တုန်လှုပ်မှုသည် အနည်းငယ် ငြိမ်သက်သွားခဲ့သည်။
နောက်တစ်ဆင့်အနေနှင့် သူသည် ကိစ္စတစ်ခုကို ထပ်မံအတည်ပြုရန် လိုအပ်သည်။ ထိုအခါမှသာ သူသည် ထိုကိစ္စများ၏ အကြောင်းရင်းကို အပြည့်အဝ အတည်ပြုနိုင်မည်ဖြစ်သည်။
အသက် ခပ်ပြင်းပြင်း ရှုသွင်းလိုက်ပြီးနောက်၊ စူးရွှမ်သည် မည်သည်ကိုမှ ဖုံးကွယ်မထားတော့ဘဲ ၊ သူ၏ရင်ဘက်ထဲမှ အဝါရောင်သန်းနေသော ရှေးဟောင်းစာအုပ်အချို့ကို ထုတ်ယူလိုက်သည်။
"လီတောက် လူကြီးမင်း၊ ဒါက ကျွန်တော် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီရဲ့ အနက်ဆုံးအပိုင်းကနေ ရလာခဲ့တဲ့ ရှေးဟောင်းကျမ်းစာအုပ် အချို့ပဲ"
"ဒီထဲမှာ စီနီယာရဲ့ဂိုဏ်း အဲ့နှစ်တုန်းက ကြုံတွေ့ခဲ့ရတဲ့ လျှို့ဝှက်ချက် အကြောင်းအရာအချို့ကို မှတ်တမ်းတင်ထားတယ်"
"ဒါပေမဲ့ ကျွန်တော်အနေနဲ့ နားမလည်နိုင်တဲ့ အချက်တစ်ချက် ရှိတယ်.. ဒီရှေးဟောင်းကျမ်းစာအုပ်ထဲမှာ အမတနယ်မြေ ကောင်းကင်လမ်းစဉ်က အမှောင်ထု မူလရင်းမြစ်ကမ္ဘာနဲ့ အပေးအယူ လုပ်ခဲ့တယ်လို့ ဘာလို့ ပြောရတာလဲ"
စူးရွှမ်၏ လေသံမှာ အတော်လေး ဇဝေဇဝါ ဖြစ်နေပုံရသည်။
" အမတမျှော်စင်ရဲ့ မျိုးဆက်ဟောင်း လူကြီးမင်းတွေက ဒီလျှို့ဝှက်ချက်ကို ဘယ်လိုလုပ်ပြီး သိရှိခဲ့တာလဲ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် ခဏတာ တုံ့ဆိုင်းသွားသည်။ စူးရွှမ်သည် သူ မြေအောက်အနက်ရှိုင်းဆုံးအပိုင်းတွင် မြှုပ်နှံထားခဲ့သော ဤစာအုပ်များကို ရှာတွေ့ခဲ့လိမ့်မည်ဟု မျှော်လင့်မထားခဲ့ချေ။
ကျောက်ဟွ အမတဧကရာဇ်မင်းသည် စူးရွှမ်၏ မေးခွန်းကို အရင်မဖြေဘဲ အဓိပ္ပာယ်ပါပါ ပြောလိုက်သည်။
"မင်းက ဒီစာအုပ်တွေကို ရှာတွေ့တယ်ဆိုတော့... ငါ ထားရစ်ခဲ့တဲ့ အဲဒီပစ္စည်းလေးကိုလည်း ရှာတွေ့ပြီလို့ ငါ ထင်တယ်"
ထိုစကားကို ကြားလိုက်ရသော စူးရွှမ်သည်လည်း ဖုံးကွယ်ရန် မကြိုးစားတော့ချေ။
နတ်ဘုရားလက်နက် အမတမျှော်စင်သို့ သူ လာရောက်ရသည့် အကြောင်းရင်းမှာ ရှင်ခြင်းသေခြင်း သံသရာစက်ဝန်း စွမ်းအားပါရှိသော မူလရင်းမြစ် အမတလက်နက်ကို ရှာဖွေရန် နှင့် သူ၏ ရည်ရွယ်ချက်အားလုံးကို အသေးစိတ် ထုတ်ဖော်ပြောကြားလိုက်သည်။
.........
"လက်စသတ်တော့ အဲ့လိုလား ....."
"အဲ့ဒီပျက်စီးနေတဲ့ အရာဝတ္ထုက စူးဓားအမတရှင်အတွက်... နောင်လာနောက်သားတွေအတွက် အထောက်အကူ ဖြစ်နိုင်မယ်ဆိုရင်... ကျုပ် ကျန်ရစ်ခဲ့တဲ့ နောင်တတစ်ခုကို ဖြည့်ဆည်းပေးရာ ရောက်နေပါပြီ"
ထို့နောက်တွင် ကျောက်ဟွ အမတဧကရာဇ်မင်းသည် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အမှန်က ဒီရှေးဟောင်းကျမ်းစာအုပ်တွေက... ကျုပ် ရေးသားခဲ့တာ မဟုတ်ဘဲ၊ ကျုပ်ရဲ့ဆရာသခင် ရေးသားခဲ့တာပဲ"
" စီနီယာရဲ့ ဆရာသခင်...?"
စူးရွှမ်သည် အနည်းငယ် အံ့အားသင့်သွားသည်။
" မဟုတ်မှလွဲရော ...ထျန်းယန် လူကြီးမင်းလား"
ထျန်းယန် အမတဧကရာဇ်မင်းသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ဆရာသခင် ဖြစ်ရုံသာမက၊ နတ်ဘုရားလက်နက် အမတမျှော်စင်၏ ယခင်ခေါင်းဆောင် ဖြစ်သည်။
သူသည် လက်နက်ပစ္စည်းများ သွန်းလုပ်ခြင်း လမ်းစဉ်တွင် ကျောက်ဟွ အမတဧကရာဇ်မင်းလောက် မထူးချွန်သော်လည်း၊ သို့သော် သူသည် ဗေဒင်ပညာတွင် အလွန် ကျွမ်းကျင်သည်။
ထို့အပြင် သူသည် ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်များကို ဟောကိန်းထုတ်နိုင်သော စွမ်းရည်များဖြင့် နတ်ဘုရားသံထည်ပစ္စည်းများစွာကို ဖန်တီးခဲ့သည်။ ဤကဲ့သို့သော အောင်မြင်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အမတနယ်မြေတွင် ခေတ်တစ်ခေတ်၏ ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ဟုပင် ခေါ်ဆိုနိုင်သည်။
"အမှန်ပဲ၊ အဲ့နှစ်မှာ ငါတို့ အမတမျှော်စင်ဟာ ဘေးအန္တရာယ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတုန်းက ....ဆရာသခင်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်"
"သူ့ရဲ့ နောက်ဆုံးအချိန်မှာ မကျေနပ်ချက်ကြောင့် သူ့ရဲ့ ကျင့်ကြံမှုအားလုံးကိုတောင် စွန့်လွှတ်ခဲ့ပြီး... ပြန်လည်ဝင်စားခွင့်က်ိုတောင် အဆုံးရှုံးခံပြီး ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ရယူနိုင်ဖို့ လုပ်ခဲ့တယ်..."
"ဒီထဲမှာ မှတ်တမ်းတင်ထားတဲ့အရာတွေက အဲ့တုန်းက သူ ရယူနိုင်ခဲ့တဲ့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေပဲ...."
"ကျင့်ကြံမှုအားလုံးကို စတေးပြီး..... ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်ကို ရယူခဲ့တယ်?"
ဤစကားကို ကြားပြီးနောက် စူးရွှမ်၏ စိတ်ထဲတွင် ရိုသေလေးစားမှုများ မထိန်းနိုင်အောင် ဖြစ်ပေါ်လာခဲ့သည်။
အမတနယ်မြေသည် ဒေဝလောကရှိ ထောင်ပေါင်းများစွာသော နယ်မြေများ၏ ဗဟိုချက်ဖြစ်ကာ၊ ထိုအကြောင်းကြောင့်ပင် ယင်း၌ တည်ရှိသော မဟာလမ်းစဉ်၏ စွမ်းအားသည် အလွန်ပင် အားကောင်းသည်။
အနည်းငယ်မျှသော မှန်းဆချက်ကို ပြုလုပ်ရုံဖြင့် မဟာလမ်းစဉ်၏ ပြင်းပြင်းထန်ထန် တုံ့ပြန်မှုကို ခံရတတ်သည်။
ဤကဲ့သို့ တိုက်ရိုက် ဖမ်းဆီးရယူခြင်းသာဆိုလျှင်ဖြင့် ၊ ဤသည်မှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံခြင်းပင် မဟုတ်လော။
ထို့ကြောင့်လည်း ထျန်းယန် အမတဧကရာဇ်မင်းသည် သူ၏ ကျင့်ကြံမှုအားလုံးကို စွန့်လွှတ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဤကဲ့သို့ပြုလုပ်ရာတွင်၊ ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို ဖမ်းဆီးရယူသည်နှင့် ခံစားရမည့် ဝေဒနာမှာ ပြောစရာမလိုအောင်ပင် ပြင်းထန်လှသည်။
"လီတောက် လူကြီးမင်းကို ကျေးဇူးအထူးတင်ရှိပါတယ်"
စူးရွှမ်သည် ထပ်မံမေးမြန်းခြင်း မပြုတော့ဘဲ၊ ကျောက်ဟွ အမတဧကရာဇ်မင်းအား နက်နက်ရှိုင်းရှိုင်း ဦးညွှတ်အလေးပြုလိုက်သည်။
ဤစာအုပ်များပေါ်တွင် မှတ်တမ်းတင်ထားသော လျှို့ဝှက်သော အကြောင်းအရာသည် များပြားလှသည် မဟုတ်သော်လည်း၊ အကြီးမားဆုံးသော လျှို့ဝှက်ချက်များဟု ဆိုရမည်။
သူတို့ တားမြစ်စူးမိသားစုသည် ဤအချက်ကို အသုံးပြုကာ အမတနယ်မြေ၏ ကောင်းကင်လမ်းစဉ်နှင့် အမှောင်ထုမူလရင်းမြစ်ကမ္ဘာကြားက အကြံအစည်နှင့် အပေးအယူကို ဖော်ထုတ်နိုင်ပေတော့မည်။
ယင်းက သူတို့၏ နောက်ဆုံးအစီအစဉ်ကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ကာ တိုးတတ်အောင် ကူညီပေးနိုင်ကောင်း ပေးနိုင်လိမ့်မည်။
သို့သော်၊ မေးခွန်းအနည်းငယ် မေးမြန်းပြီးနောက်တွင်။
ကျောက်ဟွ အမတဧကရာဇ်မင်း၏ ရောင်ဝါသည် မှိန်ဖျော့လာခဲ့ပြီး ၊ သူသည် သိပ်မကြာခင် ခံနိုင်တော့မည် မဟုတ်သည်မှာ ထင်ရှားသည်။
"ဟူး...."
စူးရွှမ်အနေဖြင့် ဘာမျှ မတတ်နိုင်ခဲ့ချေ။ ဤနေရာတွင် ကျန်ရစ်ခဲ့သည်မှာ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကြွင်းကျန်စိတ်ဝိညာဉ်တစ်မျှင်သာ ဖြစ်ပြီး၊ ယခုတွင် ၎င်းသည် ပို၍ပင် ကွဲအက်ပျက်စီးနေပြီ ဖြစ်သည်။ သူသည် တဖက်လူကို ကယ်တင်လိုသည့် စိတ်ဆန္ဒရှိသော်လည်း ၊ ကယ်တင်ရန် မဖြစ်နိုင်တော့ပေ။
နောက်ဆုံးတွင် သူသည် သက်ပြင်းရှည် တစ်ချက် ချလိုက်ရင်း။
"လီတောက် လူကြီးမင်း၊ စီနီယာမှာ ထပ်မံမှာကြားလိုတာများ ရှိသေးလား"
" ကျွန်တော် အရှင့်ရဲ့ ဆန္ဒကို ပြီးမြောက်အောင် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်ပါ့မယ်"
စွမ်းဆောင်မှုများအရ ဆိုရလျှင်ဖြင့် ၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူရဲကောင်း ပုဂ္ဂိုလ်ကြီးဟု ခေါ်ဆိုရပေမည်။
သက်ရှိသတ္တဝါအားလုံး၏ ကောင်းကျိုးချမ်းသာမှုကို သူ၏ စိတ်နှလုံးထဲတွင် ထားရှိသည်။ သူ၏ တစ်သက်တာ အကြီးမားဆုံးသော ဆန္ဒမှာ မိမိ ကျွမ်းကျင်ပိုင်နိုင်သော လက်နက်ပစ္စည်း သွန်းလုပ်ခြင်း မဟာလမ်းစဉ်ဖြင့် လောကီလူသားအပေါင်းတို့အား ကျေးဇူးပြုရန်ပင် ဖြစ်သည်။
အမှောင်ထုနှင့် စစ်ခင်းစဉ်က၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် နတ်ဘုရားလက်နက် အမတမျှော်စင်မှ အဆင့်မြင့်ပုဂ္ဂိုလ် မြောက်မြားစွာကို ခေါ်ဆောင်လျက်၊ သူကိုယ်တိုင် အခြားသော ကြယ်စုနယ်မြေများသို့ စစ်ချီကာ မရေတွက်နိုင်သော အမှောင်ထုစစ်သည်များကို ချေမှုန်းရင်း လောကကြီးကို စောင့်ရှောက်ခဲ့သည်။
သို့သော် ဤစစ်ဆင်ရေးအတွင်း ၊ နတ်ဘုရားလက်နက် အမတမျှော်စင်၏ မရေတွက်နိုင်သော လက်ရွေးစင်များစွာကို သုံးစွဲခဲ့ရကာ၊ နတ်ဘုရားလက်နက် အမတမျှော်စင်၏ ထူးချွန်သော ပုဂ္ဂိုလ်များသည် အမှောင်ထုကို ချေမှုန်းတိုက်ခိုက်ရင်း ခရီးလမ်းပေါ်တွင် သေဆုံးခဲ့ကြရသည်။
ယင်းက နတ်ဘုရားလက်နက် အမတမျှော်စင်ကို အကြီးအကျယ် ထိခိုက်စေပြီး အခြေခံအုတ်မြစ် အင်အား များစွာကို ဆုံးရှုံးသွားစေသည်။
ဤအကြောင်းကြောင့်သာ မဟုတ်ပါက ၊ သူတို့သည် နောင်တွင် ကြုံတွေ့ရမည့် ဘေးအန္တရာယ်ကြီးကို ရင်ဆိုင်ရန် စွမ်းဆောင်နိုင်ကောင်း စွမ်းဆောင်နိုင်ခဲ့ကြမည် ဖြစ်ပြီး၊ ခေတ်အဆက်ဆက် အမွေဆက်ခံလာခဲ့သော နတ်ဘုရားလက်နက် အမတမျှော်စင်သည်လည်း ဤကဲ့သို့ ပျက်စီးဆုံးရှုံးခဲ့ရမည် မဟုတ်ပေ။
သမိုင်းတွင် နာမည်တစ်လုံး ကျန်ရှိနေမည့် ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် ဤကဲ့သို့သော မှောင်မိုက်သော ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာဖြင့် သေဆုံးခဲ့ရသည်။
ယင်းက စူးရွှမ်၏ စိတ်ထဲတွင် အမည်မသိ ခံစားချက်တစ်မျိုး ရိုက်ခတ်သွားစေခဲ့သည်။
"ဆန္ဒလား....."
ကျောက်ဟွ အမတဧကရာဇ်မင်းသည် ခါးသီးစွာ ရယ်မောလိုက်ရင်း၊ သူ၏ လေသံမှာ အလွန် အားနည်းနေခဲ့သည်။
"အမှောင်ထုစစ်ပွဲကြီး ပြီးဆုံးခဲ့ပြီ.... အမတနယ်မြေကို ထိန်းသိမ်းနိုင်ခဲ့ပြီသလို... ဒေဝလောက တစ်ခုလုံးရဲ့ မျှော်လင့်ချက်ကိုလည်း ထိန်းသိမ်းနိုင်ခဲ့ပြီ.... ဒါဟာ ငါ့ရဲ့ အကြီးမားဆုံး ဆန္ဒဖြစ်နေပါပြီ"
"ဒါပေမဲ့လည်း၊ ငါ့အတွက် တစ်ခုတည်းသော ဝမ်းနည်းမှုက အမှောင်ထု ပြန်လည်နိုးထလာတဲ့အခါ နောင်လာနောက်သားတွေအတွက် အကူအညီ ထပ်မပေးနိုင်တော့ဘူး"
"ငါဟာ.... နတ်ဘုရားလက်နက် အမတမျှော်စင်က လူတိုင်းရဲ့ ဆန္ဒကို ဆက်လက်ထမ်းဆောင်နိုင်စွမ်း မရှိတော့ဘူး...."
***