အမှန်အားဖြင့်၊ သူတို့ အမတမျှော်စင်မှ အဝေးဘိုးဘေးများသည် နတ်ဘုရားလက်နက် အမတမျှော်စင်အနေဖြင့် ဤကဲ့သို့သော ကြီးမားသည့် ကပ်ဘေးနှင့် ကြုံတွေ့ရမည်ကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ပြီးသား ဖြစ်သည်။
စစ်ဆင်ရေးများစွာ ဖြတ်သန်းပြီးနောက်တွင်၊ သူတို့သည် ဂိုဏ်းတစ်ခုလုံး၏ အင်အားများကို စုစည်းကာ ကျောက်ဟွ အမတဧကရာဇ်မင်းအတွက် ဤသံမဏိသတ္တု ခန္ဓာကိုယ်ကို ဖန်တီးပေးခဲ့ကြခြင်း ဖြစ်သည်။
လုံးလုံးလျားလျား ပျက်စီးခြင်းဆိုက်ရတော့မည့် ထိုအနာဂတ်ကာလတွင် မရှိနိုင်လောက်အောင် မှေးမှိန်သော မျှော်လင့်ချက် တစ်ခုကို ရှာတွေ့လိုသော ရည်ရွယ်ချက်ဖြင့် ဖန်တီးခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု အခြေအနေအရ ၊ နတ်ဘုရားလက်နက် အမတမျှော်စင်သည် အချိန်ကာလ၏ သမိုင်းကြောင်းတစ်လျှောက်တွင် ဖုန်မှုန့်အဖြစ်သို့ ကျရောက်သွားခဲ့ရချေပြီ။
ဤသည်မှာ သူတို့ မလွတ်မြောက်နိုင်သော ကံကြမ္မာဆိုးတစ်ခု ဖြစ်ပုံရသည်။
သို့သော် ကံကောင်းစွာဖြင့် သူတို့ နတ်ဘုရားလက်နက် အမတမျှော်စင်သည် မီးပွားတစ်ခုကို ချန်ထားနိုင်ခဲ့သည်ဟု ဆိုရမည်။
မှန်၏။ ထိုအရာမှာ ကျောက်ဟွ အမတဧကရာဇ်မင်း... မဟုတ်ဘူး ၊ တစ်နည်းအားဖြင့် နတ်ဘုရားလက်နက် အမတမျှော်စင် တစ်ခုလုံး၏ အကြီးမားဆုံးသော ဆန္ဒ ဖြစ်သည့် အားရှင်း ပင်ဖြစ်သည်။
(T/N- ရှင်း - နှလုံး)
၎င်း၏ အမည်နာမအတိုင်းပင်။
ကမ္ဘာလောကကို ချစ်တတ်သော စိတ်နှလုံး၊ ကမ္ဘာလောကကို ခံစားတတ်သော စိတ်နှလုံး၊ ထို့ပြင် ကမ္ဘာလောကအား ပြန်လည် ပေးဆပ်နိုင်သော စိတ်နှလုံးကို ပိုင်ဆိုင်ထားသည်။
ကံမကောင်းစွာဖြင့်၊ သူတို့သည် ကံကြမ္မာအရ ပြန်လည်ဆုံတွေ့ခွင့် ရှိတော့မည် မဟုတ်ချေ။
ပို၍ အားနည်းလာမှန်း သူကိုယ်တိုင် ခံစားမိပြီးနောက် ၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် ညည်းညူလိုက်သည်။
" ကြည့်ရတာ.... ငါ ကတိဖျက်ရတော့မှာပဲ...."
"အားရှင်း.... ငါဟာ အရည်အချင်းပြည့်မီတဲ့ သခင်တစ်ယောက် မဟုတ်ခဲ့ဘူး....."
စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် သရော်လိုက်ပြီးနောက်။
ကျောက်ဟွ အမတဧကရာဇ်မင်းသည် ကျန်ရှိသော ခွန်အားအားလုံးကို သုံးကာ စူးရွှမ်အား ပြောကြားလိုက်သည်။
"စူးဓားအမတရှင်.... ငါ့မှာ တကယ်ပဲ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတစ်ခုတော့ ရှိနေသေးတယ်"
" ကျေးဇူးပြုပြီး ငါ့ဆန္ဒကို ပြီးမြောက်အောင် ကူညီပေးပါဦး....."
...........
အချိန်မည်မျှကြာသွားခဲ့မှန်း မသိချေ။
လူနှစ်ယောက်၏ အရိပ်သည် အဝေး တစ်နေရာမှ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသို့ လျင်မြန်စွာ ချဉ်းကပ်လာခဲ့သည်။
၎င်းတို့မှာ စူးချန်ကဲ နှင့် အားရှင်း ပင်ဖြစ်သည်။
ယခင်က ကြောက်ခမမ်းလိလိ ဓားစွမ်းအင်၏ ပေါက်ကွဲမှုကြောင့်၊ ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီ တစ်ခုလုံးသည် မြေကြီးအနက်ပိုင်းသို့ အနည်းငယ် ပြိုကျနေပြီဖြစ်သည်။
ပြိုကျနေသော မြေကြီးနှင့် သံမဏိသတ္တု အပျက်အစီးများသည် လူသူကင်းမဲ့သော မြင်ကွင်းတစ်ခုကို ပေးစွမ်းနေသည်။
လေထုထဲတွင် ကျန်ရှိနေဆဲဖြစ်သော ဓားစွမ်းအင်များသည် လူကို ဖိနှိပ်ချုပ်ချယ်သော လေထုကို ပေးစွမ်းနေသည်။
ဤမျှ တိတ်ဆိတ်အေးစက်သော မြင်ကွင်းသည် စူးချန်ကဲ၏ စိတ်ထဲတွင် မကောင်းသော ခံစားချက်တစ်မျိုး ဝင်ရောက်လာစေသည်။
..........
အားရှင်းနှင့် စူးချန်ကဲသည် ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
အထဲ၌ ကြီးမားသော တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသောကြောင့် ၊ ရှေ့လမ်းတစ်လျှောက်တွင် မရေတွက်နိုင်သော အပျက်အစီးများဖြင့် ပိတ်ဆို့နေကာ၊ သူတို့နှစ်ယောက်သည် လမ်းခရီးများစွာကို ရှောင်ကွင်းလာခဲ့ရသည်။
မိနစ်အနည်းငယ်ခန့် ကြာပြီးနောက်မှသာ။
စူးချန်ကဲနှင့် အားရှင်းတို့သည် ယဇ်ပလ္လင် တည်ရှိရာ နေရာသို့ နောက်တစ်ဖန် ရောက်ရှိလာခဲ့သည်။
မျက်စိထဲသို့ ဝင်ရောက်လာသော မြင်ကွင်းကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင်၊ စူးချန်ကဲ၏ စိတ်နှလုံးထဲတွင် တင်းကျပ်မှုက်ို ခံစားလိုက်ရသည်။
ယခင်က ခမ်းနားထည်ဝါမှုနှင့် နှိုင်းယှဉ်လျှင်၊ ယခုအချိန်၌ ယဇ်ပလ္လင် တည်ရှိရာနေရာတစ်ဝိုက်တွင် အပေါက်အပြဲများဖြင့် ပြည့်နှက်နေပြီး ၊ မြေပြင်ပေါ်တွင် ပြုတ်ကျနေသော သံမဏိတိုင်လုံးများအပြင် မြေပြင်တစ်လျှောက် ကြောက်မက်ဖွယ်ကောင်းသော ဓားရာကြောင်းများ ဖြစ်ပေါ်လျက် ရှိသည်။
မှိန်ဖျော့ဖျော့ အလင်းရောင်၏ ရောင်ပြန်ဟပ်မှုအောက်တွင်၊ အာကာသအတွင်း ပျံ့လွင့်နေသော ဖုန်မှုန့်များသည် ကြယ်စင်များအလား ဝင်းလက်နေသည်။ ဤမျှလှပသော မြင်ကွင်းအောက်တွင်၊ ရွှေရောင်ခေါင်းတလား တစ်လုံးသာ ရှိနေခဲ့သည်။
မှောင်မည်းနေသော အာကာသအတွင်း၊ အက်ကွဲကြောင်းများမှ စိမ့်ဝင်လာသော အရုဏ်ဦးအလင်းတန်းတစ်စသည်သာ ရွှေရောင်ခေါင်းတလားပေါ်သို့ ဖြာကျနေသည်။
ရွှေရောင်ခေါင်းတလားပေါ်တွင် လှဲလျောင်းနေသော ထိုအနှီပုံရိပ်ကို ပို၍ပင် ရှင်းရှင်းလင်းလင်း မြင်တွေ့ရစေသည်။
တိုက်ပွဲကြီးတစ်ခု ယခုလေးတင် ပြီးဆုံးသွားဟန်ရှိကာ ၊ ထိုအနှီပုံရိပ်၏ လက်မောင်းမှာ ပြတ်တောက်လျက် ၊ ခန္ဓာကိုယ်ပေါ်တွင် အပေါက်များဖြင့် ပြည့်နှက်နေကာ အတွင်းပိုင်းရှိ ရှုပ်ထွေးလှသော စက်ယန္တရား အစိတ်အပိုင်းများကိုပင် တွေ့မြင်နေရသည်။
ယခင်ကကဲ့သို့ လှုပ်ရှားနိုင်စွမ်းရှိသော မရှိတော့ဘဲ သက်မဲ့အရာဝတ္ထုကဲ့သို့ ရွှေရောင်ခေါင်းတလားပေါ်တွင် တိတ်ဆိတ်ငြိမ်သက်စွာ လှဲလျောင်းနေသည်။
"သခင်..... သခင်....!"
အားရှင်းသည်် ရုတ်တရက် အော်ဟစ်လိုက်သည်။ ဝမ်းသာရမည်လား ၊ စိုးရိမ်ရမည်လားပင် မသိနိုင်တော့ချေ။
ကျောက်ဟွ အမတဧကရာဇ်မင်းရှိရာဘက်သို့ တစ်ဖန် ပြေးဝင်သွားသည်။
ဤတစ်ကြိမ်တွင်၊ ယခင်ကလို ပြင်းထန်သော ဖိအားများ မရှိတော့ချေ။
အားရှင်းသည် ချက်ချင်းဆိုသလို ကျောက်ဟွ အမတဧကရာဇ်မင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။
"သခင်....."
၎င်းသည် ခေါင်းအနည်းငယ် စောင်းကာ၊ သူ့မျက်စိရှေ့က အစိတ်စိတ်အမွှာမွှာ ကွဲအက်နေသော ကျောက်ဟွ အမတဧကရာဇ်မင်းကို ကြည့်လိုက်သည်။
ထို့နောက် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာအပေါ်တွင် ထားရှိထားသော ဟွရှင်းကျောက်စိမ်းကိုလည်း တစ်ချက် ကြည့်လိုက်သည်။
သူ့အနေဖြင့် နားမလည်နိုင်ခဲ့ပေ။ သခင်ဖြစ်သူသည် အဘယ့်ကြောင့် ဤသို့ ဖြစ်သွားရသနည်း။
ဟွရှင်းကျောက်စိမ်းသည် အဘယ့်ကြောင့် သခင်၏ ရင်ဘတ်အပြင်ဘက်တွင် ရှိနေရသနည်း။
သို့သော် ဤအရာသည် ပြသနာကြီးကြီးမားမား မဟုတ်ပေ။ ဟွရှင်းကျောက်စိမ်းကို သူ၏ ကိုယ်ခန္ဓာအတွင်းသို့ ပြန်လည်ထည့်သွင်းလိုက်ရုံဖြင့် ၊ မိမိ သခင်ကို ပြန်လည် ပြုပြင်နိုင်မည် မဟုတ်လော။
အားရှင်းသည် သူ၏လက်သည်းကလေးများကို ဆန့်ထုတ်ကာ၊ အရင်ကတည်းက မှိန်ဖျော့သွားပြီ ဖြစ်သော ဟွရှင်းကျောက်စိမ်းကို ညင်သာစွာ တွန်းကြည့်လိုက်သည်။
အားအလွန်အကျွံသုံးမိသွားလေသလား မသိ၊ ဟွရှင်းကျောက်စိမ်းသည် တစ်ချက် တီးခေါက်သံမြည်ကာ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်မှ လိမ့်ဆင်းသွားသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသော အားရှင်းသည် လူသားဆန်ဆန် စိတ်လှုပ်ရှားမှုမျိုးကို ထုတ်ဖော်ပြသလာခဲ့သည်။
သူ၏ လက်နှစ်ဖက်ဖြင့် ဟွရှင်းကျောက်စိမ်းကို အလျင်အမြန် ဆုပ်ကိုင်လိုက်ပြီး၊ ၎င်းကို ရင်ဘတ်နေရာ၌ ပြန်လည်ထားရှိလိုက်သည်။
မိမိ၏ သခင်သည် ရည်ရွယ်ချက်ရှိရှိ မိမိနှင့် ကစားနေသလား မသိနိုင်သော်လည်း ၊
ဟွရှင်းကျောက်စိမ်းသည် မြေကြီးပေါ်သို့ တစ်ဖန် လိမ့်ကျလာပြန်သည်။
အားရှင်းမှာ မလွှဲမသွေ မေးခွန်းထုတ်မိတော့သည်။သူသည် သေခြင်းတရားကို နားမလည်သေးပေ။
ယခင်က စူးချန်ကဲသည် ဟွရှင်းကျောက်စိမ်းကို သခင်ဖြစ်သူ၏ ကိုယ်ပေါ်သို့ ညင်သာစွာ တင်လိုက်ရုံမျှဖြင့်၊ မိမိ၏ သခင်သည် ပြန်ကောင်းလာသည်ကို သူ မြင်ခဲ့ရသည်။ မိမိအလှည့်တွင် အဘယ့်ကြောင့် ထိုသို့မဖြစ်လာသနည်း။
အားရှင်းသည် သူ၏ လက်နှစ်ဖက်ဖြင့် ဟွရှင်းကျောက်စိမ်းကို တစ်ဖန် ဆုပ်ကိုင်လိုက်ပြီး၊ မိမိတပ်ဆင်သည့် နေရာသည် မှားယွင်းနေခြင်းကြောင့်လားဟု တွေးနေမိသည်။
သင့်တော်မည့် နေရာတစ်ခုကို ခဲယဉ်းစွာ ချိန်ညှိပြီး တပ်ဆင်ပြီးသည့်တိုင်အောင်၊
ကျောက်ဟွ အမတဧကရာဇ်မင်းသည် ယခင်ကအတိုင်းပင် လုံးဝ တုံ့ပြန်မှု မရှိချေ။
"သခင်.....?"
အားရှင်းသည် သူ၏ လက်ချောင်းများကို ဆန့်ထုတ်၍ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ခေါင်းကို ညင်သာစွာ တွန်းကြည့်လိုက်သည်။
နောက်ဆုံးတွင်မူ၊ တီးခေါက်သံ တစ်ချက်ကိုသာ ကြားလိုက်ရသည်။
ဟွရှင်းကျောက်စိမ်းသည် မြေကြီးပေါ်သို့ ပြုတ်ကျကာ ဖုန်မှုန့်များ တလူလူ ထကြွစေပြီးနောက်၊ မြေပြင်ပေါ်တွင် အပိုင်းအစများအဖြစ်သို့ ကြေမွသွားလေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော အားရှင်းသည် ဦးစွာ အံ့အားသင့်သွားပြီး၊ ထို့နောက် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အပိုင်းအစများကို အလျင်အမြန် ကောက်ယူလိုက်သည်။
အပိုင်းအစများကို ကောက်ယူရင်း ၊ အလွန်အမင်း စိတ်လှုပ်ရှားနေသော လေသံဖြင့် ပြောလိုက်သည်။
"ချန်ကဲ လူကြီးမင်း..... အားရှင်း ဟွရှင်းကျောက်စိမ်းကို မတော်တဆ ခွဲမိလိုက်ပြီ.... အဲ့တာ ဘယ်လို လုပ်ကြမလဲ"
"ချန်ကဲ လူကြီးမင်း ဟွရှင်းကျောက်စိမ်းကို နဂိုမူလအတိုင်း ဖြစ်အောင် ပြန်လုပ်ပေးနိုင်မလား"
"အားရှင်းက....တကယ်ကို အသုံးမကျဘူး...."
စူးချန်ကဲသည် သူ့အကြည့်ကို အနည်းငယ် လွှဲဖယ်လိုက်သည်။ အားရှင်းနှင့် ကျောက်ဟွ အမတဧကရာဇ်မင်းတို့ကို မကြည့်ရက်နိုင်သကဲ့သို့ သူ၏ လေသံမှာ အနည်းငယ် အက်ရှနေခဲ့သည်။
"သူ သေသွားပြီ.... ပြန်ပြင်လို့ မရတော့ဘူး...."
"သေသွားပြီ....?"
အားရှင်းသည် ခဏတာ မှင်သက်သွားပြီး၊ သူ၏ ဦးနှောက်ထဲမှ မှတ်ဉာဏ် မြင်ကွင်းများသည် လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
ယခင်က စူးချန်ကဲသည် အဆိပ်တစ်သောင်းစွမ်းအား၏ တိုက်စားခြင်းကို ခံခဲ့ရစဉ်က လော့ရန်ယွီသည် စူးချန်ကဲအား မသေရန် အော်ဟစ် ငိုကြွေးခဲ့ဖူးသည်ကို ပြန်သတိရသွားသည်။
နောက်ဆုံးတွင် သူသည် မိမိ၏ အသက်စွမ်းအားဖြင့် စူးချန်ကဲ၏ အဆိပ်တစ်သောင်းစွမ်းအားကို လုံးဝ စင်ကြယ်အောင် သန့်စင်ပေးခဲ့သည်။
ယခု စူးချန်ကဲသည် မိမိ၏ သခင်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ပြောပြလာသည်။ ထိုအတိုင်းသာဆိုလျှင်ဖြင့်၊ မိမိ၏အသက်စွမ်းအားကို အသုံးပြု၍ ၎င်းအား ပြန်လည် ပြုပြင်နိုင်မည် မဟုတ်လော။
***