ဝီ!
အားရှင်း၏ရင်ဘတ်ရှိ ဖန်ကျောက်စိမ်းမှ ကြည်လင်ဝင်းပသော အလင်းရောင်များ ထွက်ပေါ်လာပြီး၊ သူ၏ ခန္ဓာကိုယ်အတွင်းမှ အသက်စွမ်းအားများသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာအတွင်းသို့ စနစ်တကျ
စီးဝင်သွားသည်။
သို့သော် အားရှင်း ထုတ်လွှတ်လိုက်သော အသက်စွမ်းအားသည် ပင်လယ်ထဲကို စီးဆင်းနေသော ရွှံ့များကဲ့သို့ပင် ၊ အနည်းငယ်မျှပင် အကျိုးသက်ရောက်မှု မရှိခဲ့ချေ။ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာသည် ယခင်အတိုင်းပင် သက်မဲ့အရာဝတ္ထုကဲ့သို့ လုံးဝ တုံ့ပြန်မှု မရှိချေ။
ထိုမြင်ကွင်းကြောင့် အားရှင်းသည် အချိန်အတော်တန်ကြာ ကြောင်အမ်းနေမိသည်။
သို့သော် သူသည် များများစားစား မပြောဆိုခဲ့ပေ။
သူသည် မြေပြင်ပေါ်ရှိ ဟွရှင်းကျောက်စိမ်း အပိုင်းအစများကို တစ်ဖန် ကောက်ယူလိုက်ပြီး၊ သစ်သားတုံးများ စီသကဲ့သို့ အလွှာလိုက် စီတန်းထပ်ကာ ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာအပေါ်တွင် တင်ထားလိုက်သည်။
သို့သော်၊ ၎င်း၏ လက်သည်းများကြောင့် လူသားများကဲ့သို့ သွက်သွက်လက်လက် မရှိပေ။
တင်လိုက် ပြိုကျလိုက်ဖြင့်၊ ဤအတိုင်း ထပ်ခါတလဲလဲ ဖြစ်နေသည်။
သို့သော် သူသည် ထိုအရာကို လုံးဝ ဂရုမစိုက်ပုံရကာ ၊ စက်ယန္တရားတစ်ခုကဲ့သို့ လုပ်ဆောင်ချက်ကို ထပ်ခါထပ်ခါ ပြုလုပ်နေသည်။
..........
အချိန်မည်မျှကြာမြင်သွားသည်ကိုပင် မသိနိုင်တော့ချေ။
ခလွင်—
ဟွရှင်းကျောက်စိမ်း အပိုင်းအစများသည် မြေပြင်ပေါ်သို့ တစ်ဖန် ပြုတ်ကျကာ ဖုန်မှုန့်များ တလူလူ ထကြွသွားပြန်သည်။
"အားရှင်း"
ရုတ်တရက်၊ နွေဦးလေညင်းကဲ့သို့ နူးညံ့သိမ်မွေ့သော အော်ခေါ်သံတစ်ခုသည် မိုးနှင့် မြေကြား ပျံ့နှံ့ထွက်ပေါ်လာခဲ့သည်။
အားရှင်း၏ လှုပ်ရှားမှုများသည် ချက်ချင်းဆိုသလို ရပ်တန့်သွားသည်။
စူးချန်ကဲနှင့်အတူ ၊ ၎င်း၏ အကြည့်သည် အသံလားရာနေရာဆီသို့ လှည့်ကြည့်လိုက်သည်။
သူတို့ သတိမထားမိသော နေရာတစ်နေရာတွင် ၊ မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်း မသိနိုင်သည့် ရိုက်ခတ်လှုပ်ရှားနေသော မှော်သင်္ကေတအလင်းတန်း တစ်စုသည် နေရာတွင် စုဝေးလာသည်။
၎င်းတို့သည် တစ်ခုနှင့်တစ်ခု အဆက်မပြတ် ယှက်နွယ်ကာ၊ နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး ထိန်လင်းတောက်ပနေသော လူရိပ်တစ်ခုအဖြစ် ဖြည်းညင်းစွာ ပြောင်းလဲသွားသည်။
အဖြူရောင် ဝတ်ရုံထည်ကို ဝတ်ဆင်ထားပြီး၊ ကိုယ်ဟန်အနေအထား ဖြောင့်မတ်ကာ ချောမောသော ရုပ်ရည်ရှိပြီး ၊ အထူးသဖြင့် သူ၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရစ်ဝဲနေသော ဧကရာဇ်ရောင်ဝါသည် ၎င်း၏ ခန့်ညားထည်ဝါသော ဂုဏ်သိက္ခာကို မြှင့်တင်ပေးလျက် ရှိသည်။
လူ့လောကတွင် လှည့်လည်သွားလာနေသော ကောင်းကင်ဘုံမှ ဧကရာဇ်ဘုရင်ကဲ့သို့ပင်၊ လူတို့အား ရိုသေလေးစားမှု ဖြစ်ပေါ်စေသည့်အပြင် နွေဦးလေညင်းကို ထိတွေ့ရသကဲ့သို့သော ခံစားမှုမျိုးကိုလည်း ပေးစွမ်းနေသည်။
ဤလူရိပ်ကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် ၊ စူးချန်ကဲ၏ ခန္ဓာကိုယ်တစ်ကိုယ်လုံးသည် မိုးကြိုးထိမှန်ခံလိုက်ရသကဲ့သို့ ဦးနှောက်ထဲတွင် လျှပ်တပြက် ဝင်းလက်သွားကာ ၊ လူတစ်ယောက်၏ အမည်နာမသည် အလိုအလျောက် ထွက်ပေါ်လာခဲ့သည် - ကျောက်ဟွ အမတဧကရာဇ်မင်း၊ လီတောက်!
"သခင်....."
"သခင်လား!"
အားရှင်း၏ အသံသည် ရုတ်တရက် မြင့်တက်သွားပြီး၊ ကျောက်ဟွ အမတဧကရာဇ်မင်းရှိရာ ဦးတည်ရာဘက်သို့ တန်းတန်းမတ်မတ် ပြေးသွားသည်။
" မတွေ့ရတာတောင် ကြာပြီ"
ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူ၏ လက်နှစ်ဖက်ကို ဖြန့်ကာ ဝမ်းသာအားရစွာဖြင့် အားရှင်းကို ရင်ခွင်ထဲသို့ ဆွဲသွင်းကာ ပွေ့ဖက်လိုက်သည်။
"သခင်.... အားရှင်း နောက်ဆုံးတော့ သခင့်ကို တွေ့ခွင့်ရခဲ့ပြီ"
သံမဏိစက်ရုပ် တစ်ကောင် ဖြစ်သော်လည်း၊ အားရှင်းသည် ချော့မော့သော အပြုအမူများကို ပြုလုပ်နေတတ်ဆဲပင်။
အားရှင်းသည် သူ၏ ဦးခေါင်းဖြင့် ကျောက်ဟွ အမတဧကရာဇ်မင်း၏ မျက်နှာကို တမြတ်တနိုး ပွတ်သပ်နေသည်။
သူ၏ မှတ်ဉာဏ်ထဲက ခံစားချက်နှင့် အနည်းငယ် ကွဲပြားနေသော်လည်း၊ သို့သော် ဤရောင်ဝါကို သူ အလွန်ရင်းနှီးသည်။
" ဒါပေမဲ့ အားရှင်း နားမလည်နိုင်တာ တစ်ခုရှိတယ်..... ဘာလို့ သခင်က နှစ်ယောက်တောင် ရှိနေတာလဲ...."
အားရှင်းသည် ရွှေရောင်ခေါင်းတလားပေါ်တွင် လှဲလျောင်းနေသော ကျောက်ဟွ အမတဧကရာဇ်မင်း၏ ကိုယ်ခန္ဓာကို ကြည့်လိုက်ပြီး၊ မိမိရှေ့မှောက်ရှိ သခင်ကိုလည်း တစ်ချက် ပြန်ကြည့်လိုက်သည်။
ဤအရာသည် အားရှင်းအဖို့ အမှန်ပင် နားလည်ရန် ခက်စေသည်။
သို့သော် ကျောက်ဟွ အမတဧကရာဇ်မင်းသည် အလွန်အကျွံ ရှင်းပြခြင်း မရှိဘဲ ညင်သာစွာ ပြုံးရုံမျှသာ ပြုံးလိုက်သည်။
"ဟားဟား.... အားရှင်း မင်းက အခုဆို ချစ်စရာကောင်းအောင် ဘယ်လိုဟန်ဆောင်ရမလဲဆိုတာတောင် တတ်နေပြီပဲ... နှစ်တွေတောင် အတော်လေး ကြာမြင့်သွားပြီ.. ခံစားချက်ဆိုတာ ဘယ်လိုမှန်း မင်း သိနေပြီမလား "
"ခံစားချက်.... အားရှင်း နည်းနည်း နားမလည်သေးဘူး.... သခင် အားရှင်းကို ထပ်သင်ပေးလို့ ရမလား...."
" ခံစားချက်အစစ်အမှန်ကို ကိုယ်တိုင် ခံစားဖို့ လိုအပ်တယ်...တစ်ခြားသူက မင်းကို သင်ပေးလိုက်တဲ့ ခံစားချက်ကို ခံစားချက်လို့ မခေါ်ဆိုနိုင်ဘူး"
ကျောက်ဟွ အမတဧကရာဇ်မင်းသည် အားရှင်း၏ ဦးခေါင်းကို ပွတ်သပ်ပေးနေခဲ့သည်။ သူ့အတွက် အားရှင်းသည် မိမိ၏ ကလေးတစ်ယောက်နှင့် တူပြီး ၊ သူ၏ ဆန္ဒကို ထမ်းရွက်ထားသူ ၊ နောင်လာနောက်သားများအတွက် သူ၏ မျှော်လင့်ချက်ကို သယ်ဆောင်လာပေးမည့်သူ ဖြစ်သည်။
လူသားအားလုံး၏ မျက်လုံးထဲတွင် အနန္တတန်ခိုးရှင်ဖြစ်သော အမတဧကရာဇ်မင်းသည် ဤအခိုက်အတန့်တွင် ကြင်နာမှုများဖြင့် ပြည့်နှက်နေသော မျက်နှာအမူအရာဖြင့် ရှိနေပြီး ၊ သူ၏လေသံသည် နူးညံ့သိမ်မွေ့လွန်းသည်။
"အားရှင်း၊ မင်းသိလား"
"လောကီလူသားတွေက မင်းကို ခံစားချက်မရှိဘူး ...ကျေးဇူးတရားကိုလည်း မသိဘူး ချစ်တတ်တဲ့ နှလုံးသားမရှိဘူးလို့ ပြောကြပေမယ့်"
"ဒါပေမယ့် ငါကတော့ ဒီလို တစ်ခါမှ မတွေးခဲ့ဘူး....ဥပမာပြောရရင် ဒီလောက်နှစ်တွေ ကြာသွားပေမယ့် မင်းဟာ ငါ့ကို မမေ့ဘဲ ငါ့ကို ပြန်ပြင်မယ်ဆိုပြီးတောင် အားထုတ်ခဲ့တယ် မဟုတ်လား"
" ဒါပေါ့ "
"အားရှင်း က သခင်နဲ့ လုပ်ထားတဲ့ ကတိကို တစ်ခါမှ မမေ့ဖူးဘူး"
"ဒါနဲ့ အားရှင်း သခင်ကို ပြုပြင်နိုင်တာက ချန်ကဲ လူကြီးမင်းကို ကျေးဇူးအများကြီး တင်ရမယ်"
ထိုသို့ပြောရင်း ၊ အားရှင်းသည် သူ၏ လက်ကလေးကို မြှောက်ကာ စူးချန်ကဲကို ညွှန်ပြလိုက်သည်။
"ချန်ကဲ လူကြီးမင်းက အားရှင်းကို အကူအညီတွေ အများကြီး ပေးခဲ့တယ်....အားရှင်း အရင်ကလည်း ချန်ကဲ လူကြီးမင်းကို ကတိပေးထားတယ်....သခင့်ကို ပြန်ပြီး ပြုပြင်ပြီးရင်.. ကျေးဇူးဆပ်တဲ့အနေနဲ့ လက်ဆောင်ပစ္စည်းတွေ အများကြီး ပေးမယ်လို့ "
"သခင်၊ ချန်ကဲ လူကြီးမင်းအတွက် ပစ္စည်းကောင်းလေးတွေ နည်းနည်းလောက် ပေးလို့ ရမလား"
ထိုစကားကို ကြားပြီးနောက် ၊ တစ်ဖက်ရှိ စူးချန်ကဲသည် ကျောက်ဟွ အမတဧကရာဇ်မင်း၏ အကြည့်နှင့် ဆုံမိသွားသည်။
သူသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ အလျင်အမြန် ဦးညွှတ်လိုက်သည်။
"နောက်မျိုးဆက် ချန်ကဲ ... ကျောက်ဟွ အမတဧကရာဇ်မင်း လူကြီးမင်းကို ဦးညွှတ်ဂါရဝပြုပါတယ်"
ကျောက်ဟွ အမတဧကရာဇ်မင်းသည် အားရှင်း၏ ရှေ့မှောက်တွင် မည်သို့ပေါ်လာနိုင်သည်ကို အားရှင်းအနေဖြင့် မသိနိုင်သော်လည်း ၊ စူးချန်ကဲမှာမူ သိနိုင်သည်။
ဤကျောက်ဟွ အမတဧကရာဇ်မင်း၏ ပုံရိပ်သည် အမှန်အားဖြင့် နိယာမတရား၏ ပုံရိပ်ယောင်တစ်ခုမျှသာ ဖြစ်သည်။
စူးချန်ကဲသည် ဤရုတ်တရက် ထွက်ပေါ်လာသော နိယာမပုံရိပ်ယောင်သည် မိမိ၏ ဖခင်ဖြစ်သူမှ ကျောက်ဟွ အမတဧကရာဇ်မင်းအတွက် စုစည်းပေးထားခြင်း ဖြစ်နိုင်သည်ဟု မှန်းဆမိသည်။
အကြောင်းမှာ မိမိ၏ ဖခင်သည်လည်း ယခင်က အမှောင်ထု၏ တိုက်စားခြင်းကို ခံခဲ့ရပြီး ၊ ကျောက်ဟွ အမတဧကရာဇ်မင်းနည်းတူ တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ဖူးသည်။
ထို့အပြင်၊ သူသည် ဤနိယာမပုံရိပ်ယောင်တွင် ရင်းနှီးကျွမ်းဝင်သော်လည်း စိမ်းသက်သော သွေးသားလက္ခဏာကို ခံစားမိသည်။
"အင်း.... မဆိုးဘူး တကယ်ကို သူရဲကောင်းဆန်တဲ့ ပုဂ္ဂိုလ်ပဲ"
ကျောက်ဟွ အမတဧကရာဇ်မင်းသည် စူးချန်ကဲကို စိုက်ကြည့်ကာ ခေါင်းတညိတ်ညိတ်ဖြင့် ချီးကျူးလိုက်သည်။
"စူးဓားအမတရှင်ရဲ့ နောက်မျိုးဆက်ဆိုတဲ့အတိုင်း .... သူ ငယ်ရွယ်စဉ်တုန်းကအတိုင်းပဲ"
" အားရှင်းကို ခုလို ငါ့ထံ ခေါ်ဆောင်လာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်...မင်းသာ စိတ်မကွက်ဘူးဆိုရင် ဒီကျေးဇူးလက်ဆောင်တွေကို လက်ခံလိုက်ပါ...."
ထိုသို့ပြောရင်း ၊ ကျောက်ဟွ အမတဧကရာဇ်မင်းသည် သူ့လက်ညှိုးကို ဆန့်ထုတ်လိုက်သည်။
ရွှေရောင်ခေါင်းတလား၏ မျက်နှာပြင်ပေါ်တွင် နတ်အလင်းများ သက်ဝင်လှုပ်ရှားလာကာ ၊ ယင်းအတွင်းမှ နတ်အလင်းများဖြင့် လွှမ်းခြုံထားသော အရာဝတ္ထုတစ်ခု ပျံထွက်လာပြီး ထို့နောက် စူးချန်ကဲ၏ လက်ပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်သွားသည်။
နတ်အလင်းတန်းများ ပျောက်ကွယ်သွားပြီးနောက်၊ စူးချန်ကဲသည် ထိုအရာဝတ္ထုကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ဤသည်မှာ ရှေးဟောင်း အာကာသလက်စွပ်တစ်ကွင်းပင် ဖြစ်သည်။
" ဒါက.....?"
စူးစမ်းလေ့လာပြီးနောက်တွင်၊ စူးချန်ကဲ၏ စိတ်ဝိညာဉ်သည် ထိန်းမနိုင်သိမ်းမရ လှုပ်ခတ်သွားသည်။
ယင်း၌ ကောင်းကင်နှင့်မြေကြီး၏ အဖိုးတန်ရတနာများစွာ ပါဝင်နေပုံရပြီး ၊ ထို့အပြင် အလွန်ရှေးကျသော နတ်ဘုရားရွှေသတ္တု ဥက္ကာခဲများလည်း များစွာ ရှိနေခဲ့သည်။
***