"အခုတော့ မင်းမှာ ဉာဏ်ပညာ အတိုင်းအတာတစ်ခုအထိ ရှိလာပြီ... မင်းကို နာမည်တစ်ခုလောက် ပေးရမလား'
"မင်း ဘယ်လို နာမည်မျိုး လိုချင်လဲ"
"နာမည်? သခင် ပေးတဲ့ နာမည်ဆိုရင် အကုန်ကြိုက်တယ်"
"ဟားဟားဟား! မင်း စကားတော်တော်တတ်မယ်လို့ ငါ မထင်ထားဘူး!"
........
"အားရှင်း၊ မင်းဟာ ငါ ဖန်တီးထားတဲ့ သံမဏိစက်ရုပ် တစ်ကောင်ပဲ.. ဒီလောကမှာ မင်းဟာ ကောင်းကောင်းနေထိုင်ခွင့်... ကောင်းကောင်း ခံစားခွင့် ရှိတယ်"
"ဒါပေမဲ့ ဒီလောကမှာ မင်းရဲ့တည်ရှိမှုက ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေတယ်... ဒါကြောင့် မင်းရဲ့ နာမည်ကို မမေ့ဖို့၊ လောကကြီးကို ခံစားရင်း ဒီလောကကြီးကို ချစ်တတ်အောင်လည်း သင်ယူရမယ်"
"ဒါပေမယ့် သခင်.... လောကကြီးကို ဘယ်လို ချစ်ရမှာလဲ"
"အရမ်းရိုးရှင်းပါတယ်"
မှတ်ဉာဏ်ထဲမှ ထိုအနှီလူရိပ်သည် သူ့ရင်ဘတ်သူ လက်ညှိုးထိုးပြရင်း ပြုံးကာ ဆိုလိုက်သည်။
"မင်းရဲ့ စိတ်နှလုံးသားနဲ့ပေါ့"
ဖောက်--
အတွေးလွန်ခြင်းသည် အားရှင်းကို ဝန်ပိစေဟန် ရသည်။
၎င်း၏ ခန္ဓာကိုယ်အတွင်းမှ လျှပ်စစ်မီးပွားများ ပေါက်ကွဲထွက်လာလေ့ရှိသည်။
ဘုန်း !
ထို့နောက် သူ့ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ရွှေရောင်ခေါင်းတလားပေါ်သို့ လဲကျသွားခဲ့သည်။
"သခင်....."
အားရှင်း၏ မျက်လုံးများထဲရှိ အလင်းရောင်သည် တဖြည်းဖြည်း မှိန်ဖျော့လာကာ ၊ သူ၏ စွမ်းအင်များကို တဖြည်းဖြည်း ဆုံးရှုံးနေဟန် ရသည်။
သို့သော်လည်း သူသည် ဟွရှင်းကျောက်စိမ်း အပိုင်းအစများကို ဆုပ်ကိုင်ထားဆဲ ဖြစ်ပြီး၊ လျှပ်စစ်ပတ်လမ်း ပြတ်တောက်မှုကိုပင် လျစ်လျူရှုကာ သခင်ဖြစ်သူ၏ ရင်ဘတ်နေရာသို့ ထိုးသွင်းရန် ကြိုးစားနေလေ၏။
သို့သော် နောက်ဆုံးမှာလည်း အံ့ဖွယ်အမှုဟူ၍ ဖြစ်မလာခဲ့ပေ။
ခလွမ်——
ဟွရှင်းကျောက်စိမ်း အပိုင်းအစများသည် မြေပြင်ပေါ်သို့ တစ်ဖန် ပြုတ်ကျပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် ၎င်းတို့ကို ကောက်ယူမည့်သူ မရှိတော့ချေ။
ကောင်းကင်နှင့် မြေကြီးသည် မည်းမှောင်ကာ လူသူကင်းမဲ့နေခဲ့သည်။
အလင်းတန်းတစ်စသည်သာ ရွှေရောင်ခေါင်းတလားပေါ်သို့ ဖြာကျလျက်ရှိသည်။
ခေါင်းတလားအနီးရှိ အားရှင်းသည် လုံးဝ လှုပ်ရှားမှု မရှိတော့ဘဲ သခင်ဖြစ်သူ၏ ခန္ဓာကိုယ်နားလေးသို့ တိတ်ဆိတ်စွာ အနားယူနေသည်။
သခင်ဖြစ်သူနှင့် ပထမဆုံး အကြိမ်ရှိခဲ့စဉ်က အတိုင်းပင်။
ထိုသူသည် သူ့ကို ညင်သာစွာ ပွတ်သပ်ပေးရင်း၊ နှုတ်ခမ်းထောင့်ရှိ အပြုံးနှင့်အတူ ညင်သာစွာ ပြောခဲ့သည်။
"ငါ မင်းကို အားရှင်းလို့ ခေါ်မယ်"
နေ့စဉ်နေ့တိုင်း လွမ်းဆွတ်ရပါသော်လည်း ၊ တွေ့ခွင့်မရပေတယ် ၊ မင်း၏ စိတ်နှလုံးသားသည် ကျွန်ုပ်၏ စိတ်နှလုံးသားအတိုင်း ဖြစ်ပါစေဟုသာ ဆုတောင်းမိလေတော့သည်...
.........
တစ်ချိန်တည်းမှာပင်။
အမှောင်ထု မူလရင်းမြစ်ကမ္ဘာ။
မှောင်မိုက်သော ကမ္ဘာမြေပြင်ပေါ်တွင် ခမ်းနားထည်ဝါစွာ တည်ရှိနေသော မြို့တော်ကြီး၏ အတွင်း၌။
ဂျိန်း ဂျိန်း——
ထူထပ်ပြီး ကြောက်မက်ဖွယ်ကောင်းသော မိုးတိမ်များကြားတွင် မှောင်မိုက်သော လျှပ်စီးကြောင်းများသည် တဖျပ်ဖျပ် တောက်ပနေသည်မှာ မူလကတည်းက မှောင်မိုက်နေသော ကမ္ဘာကြီးကို ပို၍ပင် ကြောက်မက်ဖွယ်ကောင်းအောင် ဖော်ဆောင်လျက်ရှိသည်။
"စူးရွှမ်!!"
" ငါ့ကိစ္စတွေကို အကြိမ်ကြိမ် ဖျက်ဆီးခဲ့တယ်.. နောင်ကြရင် ငါ မင်းကို အပိုင်းပိုင်း ခုတ်သတ်ပစ်မယ်!"
တစ်ချိန်တည်းမှာပင်၊ အဆုံးမရှိသော အမျက်ဒေါသသံသည် အရပ်ရှစ်မျက်နှာတစ်ခွင်သို့ ပျံ့နှံ့သွားခဲ့လေရာ မရေတွက်နိုင်သော အမှောင်ထုသတ္တဝါများကို လန့်ဖျပ်သွားစေခဲ့သည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ အမှောင်ကမ္ဘာတစ်ခုလုံး ဖရိုဖရဲ ဖြစ်ကုန်ပြီး တုန်လှုပ်မြည်ဟည်းသံများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
"သေစမ်း.... ချောက်နက် နတ်ဘုရားပုလဲရဲ့ အကူအညီ ရှိပါလျက်နဲ့...."
"ငါ့ရဲ့ အမှောင်ထု မူလရင်းမြစ်စွမ်းအားပါ ထည့်သုံးထားတာတောင်.... ဘာဖြစ်လို့ ဒီသကောင့်သားရဲ့ ပြိုင်ဖက် မဖြစ်နိုင်ရတာလဲ!?"
အမှောင်ထု ရာဇပလ္လင်ပေါ်တွင် ရှိနေသော ရှစ်ထျန်းတိ့သည် ဒေါသတကြီးဖြင့် နားထင်ကို လက်ဖြင့် ဖိထားရင်း ၊ သူ၏ မျက်နှာအမူအရာမှာ အလွန်တင်းမာနေသည်။
ယခုတစ်ကြိမ် နတ်ဘုရားလက်နက် အမတမျှော်စင်၌ စူးရွှမ်နှင့် ဆုံတွေ့မှုတွင် သူတို့၏ ကိုယ်ပွားများကြားက ယှဉ်ပြိုင်မှုဟု ဆိုရနိုင်သော်လည်း ၊ သို့သော် ယခုလို ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ရှစ်ထျန်းတိ့အနေဖြင့် စိတ်ဓာတ် အနည်းငယ် ကျဆင်းခဲ့ရသည်။
အမှောင်ထု အမတခန်းမဆောင်၏ အတုမရှိသော အရှင်သခင် ၊ အမှောင်ထု မူလရင်းမြစ်ကမ္ဘာ၏ ထိပ်တန်း တည်ရှိမှုတစ်ခုအနေဖြင့် သူ ရှစ်ထျန်းတိ့သည် ဘယ်သောအခါမှ ဤမျှလောက် အရှက်မကွဲဖူးချေ။
ထိုနှစ်က အမှောင်ထုစစ်ပွဲကြီး ကာလ၌၊ သူသည် စူးရွှမ်အား ရှုံးနိမ့်ခဲ့ရသော်လည်း၊ သို့သော် အနည်းဆုံး စူးရွှမ်နှင့် လက်ရည်တူ ယှဉ်ပြိုင်နိုင်ခဲ့သည်။
ယခုတွင်မူ၊ စူးရွှမ်၏ မူလခန္ဓာသည် အမတဧကရာဇ် နယ်ပယ်၏ အထက်အဆင့်သို့ တတ်လှမ်းသွားခဲ့ပြီ ဖြစ်သော်လည်း ၊ သို့သော် စူးရွှမ်သည် သူကဲ့သို့ပင် ကိုယ်ခွဲများဖြင့် အမတနယ်မြေတွင် လှည့်လည်သွားလာနိုင်သည်။
သူ့ကို ပို၍ မယုံနိုင်လောက်အောင် ဖြစ်စေခဲ့သည်မှာ စူးရွှမ်၏ ကိုယ်ခွဲသည် အမတဧကရာဇ်မင်းတစ်ပါး၏ ခွန်အား တစ်စိတ်တစ်ပိုင်းကို ပိုင်ဆိုင်ထားသည့်အပြင် အမတနယ်မြေသို့ ထိုးဖောက်ဝင်ရောက်ရန် သူ၏အစီအစဉ်ကို မစတင်ရသေးခင်မှာပင် စူးရွှမ်သည် လုံးဝ ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်သည်။
ဒီထက်ပိုပြီး စိတ်မချမ်းသာစရာ ကောင်းတဲ့ အရာ ရှိသေးလို့လား!?
သေချာပေါက် ရှိတာပေါ့ !
ရလဒ်အနေဖြင့် ၊ သူသည် မူလရင်းမြစ် အမှောင်ထုစွမ်းအင် တော်တော်များများ ဆုံးရှုံးသွားခဲ့ရသည်။
မူလရင်းမြစ် အမှောင်ထုစွမ်းအင်များသည် အလွန်ပင် စုစည်းရန် ခက်ခဲပြီး၊ သုံးလိုက်တိုင်း နည်းပါးသွားကာ သာမန် အမှောင်ထုစွမ်းအင်များကဲ့သို့ ကျင့်ကြံမှုဖြင့် စုစည်းနိုင်သည့်အရာ မဟုတ်ပေ။
"သေသင့်တဲကောင်..... ဘာဖြစ်လို့လဲ.... စူးရွှမ် ဒီကောင် အမတဧကရာဇ် နယ်ပယ်ရဲ့ အထက်အဆင့်ကို ရောက်သွားတာတောင် ဘာလို့ အမတနယ်မြေမှာ လှည့်လည်သွားလာနေရတာတုန်း....?!"
" ငါကရော ဘာလို့ ခုထိ အမတဧကရာဇ်ရဲ့ အထက်အဆင့်ကို မရောက်နိုင်သေးတာလဲ!?"
အမှောင်ထု အမတဧကရာဇ်မင်းများအနေဖြင့်၊ သူတို့သည် အမတနယ်မြေမှ အမတဧကရာဇ်မင်းများနှင့် မတူဘဲ ကျင့်ကြံနည်းလမ်းများမှာ ကွဲပြားသည်။
အမတနယ်မြေမှ လူများ ကျင့်ကြံသည်မှာ ဒေဝလောကမှ ထောင်ပေါင်းများစွာသော နယ်မြေများ၏ အနှစ်သာရကို စုဆောင်းခြင်းအားဖြင့် အမတစွမ်းအင်ကို ဖြစ်စေသည်။
သူတို့ အမှောင်ထု အမတဧကရာဇ်မင်းများသည် သတ်ဖြတ်ခြင်း၊ လောဘ၊ မကျေနပ်ချက် စသော အနုတ်လက္ခဏာ စွမ်းအင်များဟု ခေါ်ဆိုသော အရာကိုသာ စုပ်ယူ၍ ကျင့်ကြံရသည်။
ယခု ဒေဝလောက ပြန်လည်စတင်ရာခေတ်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ရာ ဘေးအန္တရာယ်နှင့် အခွင့်အလမ်းများသည် တစ်ပြိုင်နက်တည်း ပေါ်ပေါက်လာတတ်သော်လည်း ၊
သို့သော် ယခင်က ကမ္ဘာ့ကပ်ဘေးစစ်ပွဲကြီးအပြင် အဆုံးမဲ့ကပ်ဘေး၏ ကမောက်ကမဖြစ်မှုနှင့် ယှဉ်လျှင် ၊ ကွာခြားလွန်းသည်။
ထိုစဉ်က ဤခေတ်နှစ်ခုတွင်၊ ဒေဝလောကရှိ ထောင်ပေါင်းများစွာသော နယ်မြေများ၌ နေ့စဉ်နှင့်အမျှ ကမ္ဘာကြီးကို တုန်လှုပ်စေသော ၊ ရာစုနှစ်တစ်ခုကြာ တိုက်ပွဲများ ဖြစ်ပွားလေ့ရှိကာ နေ့စဉ်နေ့တိုင်း သန်းပေါင်းများစွာသော သက်ရှိများ သေကျေပျက်စီးခဲ့ရသည်။
ဒေဝလောက တစ်ခွင်လုံးရှိ အနုတ်လက္ခဏာ စွမ်းအင်သည် ပြင်းထန်လွန်းသောကြောင့် အစိုင်အခဲအဖြစ်ပင် ပြောင်းလဲသွားခဲ့သည်။
ထိုခေတ်အခါက တာအိုနှလုံးသား မခိုင်မာသော အမတနယ်မြေမှ ကျင့်ကြံသူများမှာ ပျက်ဆီးကိန်းဆိုက်ကာ အမှောင်ထုထဲသို့ ကျရောက်သွားခဲ့ရသည်။
ယခုတွင်မူ ဒေဝလောကတစ်ခုလုံး ခေတ်သစ်တစ်ခုသို့ ပြန်လည်စတင်နေပြီ ဖြစ်သော်လည်း၊ အနုတ်လက္ခဏာ စွမ်းအင်ဟူ၍ မရှိသလောက်ပင် ဖြစ်နေသည်။
***