"ရှစ်ထျန်းတိ့ ၊ ဘိုးဘေးနတ်ဘုရားရဲ့ အမိန့်ကို ငါ နင့်ကို အကြောင်းကြားပြီးပြီ...နောက်ပိုင်း ဆက်ပြီး ဘယ်လိုလုပ်ရမယ်..ဘယ်လိုလုပ်သင့်တယ်ဆိုတာကို နင့် စိတ်ထဲမှာ တွေးထားတာ ရှိမယ်လို့ ငါ ယုံကြည်တယ်"
ထိုသို့ပြောရင်း၊ နတ်ဆိုးလိပ်ပြာသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကျောက်စိမ်းနက် စည်းတံဆိပ်ပြားကို ပြန်လည် သိမ်းယူလိုက်သည်။
" ဒါပေမဲ့ ငါတို့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာမှာ နင်တစ်ယောက်တည်းကသာ အမတနယ်မြေကို အောင်မြင်စွာ ခိုးဝင်ပြီး လှည့်လည်သွားလာနိုင်တာ "
" နင့်ရဲ့ အစွမ်းအစနဲ့သာဆိုရင် ဘိုးဘေးနတ်ဘုရားရဲ့ အမိန့်ကို ပထမဆုံး ပြီးမြောက်အောင် ဆောင်ရွက်နိုင်မယ်လို့ ငါ ယုံတယ်"
"ဘိုးဘေးနတ်ဘုရားက ထပ်ပြီး ပြောလိုက်သေးတယ် .... ဒီအမိန့်သုံးခုကို ဦးစွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်တဲ့သူကို ဆုကြီးချီးမြှင့်မယ်တဲ့...ရှစ်ထျန်းတိ့ နင့်အနေနဲ့ ဒီအခွင့်အလမ်းကို ဆုပ်ကိုင်တတ်ဖို့ လိုမယ်နော်~"
နတ်ဆိုးလိပ်ပြာသည် တစ်ချက် ရယ်မောလိုက်ပြီး၊ နောက်ဆုံးတွင် အမှောင်ထု လေညင်းတစ်ချက်အဖြစ် ပြောင်းလဲသွားကာ ခန်းမအပြင်ဘက်တွင် ပျောက်ကွယ်သွားခဲ့လေသည်။
........
ရှစ်ထျန်းတိ့သည် မှိုင်တွေနေရာမှ အချိန်အတော်တန်ကြာမှသာ သတိပြန်ကပ်လာသည်။
"ဒါ လုံးဝကို သည်းမခံနိုင်စရာပဲ"
ရှစ်ထျန်းတိ့၏ ရင်ဘက်သည် နိမ့်ချေမြင့်ချေ ဖြစ်နေကာ ဒေါသထွက်နေဟန်ရှိသည်။
"သူတို့ ထုံယွမ် နတ်ဘုရားဗိမ္မာန်က စကားလေး ပြောရုံပဲ ဘာမှ လုပ်စရာမလိုဘူး...ငါတို့ အင်အားစု ကိုးဖွဲ့ကပဲ နွားတွေလို အလုပ် လုပ်နေရတယ်!"
မူလကတည်းက ဒေါသထွက်နေသော ရှစ်ထျန်းတိ့မှာ ထိုအမိန့်များကို ကြားပြီးနောက် ပို၍ပင် ရူးရူးဒိုင်းဒိုင်း ဖြစ်လို့နေသည်။
ဤအမိန့်သုံးခုကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပါက အတိုင်းအဆမရှိသော ကောင်းကျိုးများကို ရရှိမည်ဟု ဆိုနိုင်သော်လည်း ၊ သို့သော် ထိုအရာများကို အရင် ပြီးမြောက်အောင် လုပ်ဆောင်ရဦးမည် မဟုတ်လော။
ယခုတွင်မူ သဲလွန်စ တစ်စုံတစ်ရာမျှ မရှိဘဲ သူသည် မည်သည့်နေရာမှ စတင်ရမည်နည်း။
ထို့အပြင်၊ အမတနယ်မြေသို့ ထိုးဖောက်ဝင်ရောက်ပြီး လှည့်လည်သွားလာရန်မှာ ထင်သလောက် မလွယ်ကူပေ။
အလွန်တန်ဖိုးကြီးသော အမှောင်ထု၏ မူလရင်းမြစ်စွမ်းအင်ကို သုံးစွဲရရုံသာမက၊ မဆင်မခြင် လုပ်ဆောင်မိပါက မဟာလမ်းစဉ်၏ တန်ပြန်မှုကိုပါ ခံရနိုင်သည်။
"သေသင့်တဲ့ကောင် စူးရွှမ်..... ငါ့ရဲ့ အမှောင်ထု ရုပ်သေး နှစ်ခုကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့တယ်"
"နောင်ကြရင် ငါ မင်းကို အဆတစ်ထောင် ပြန်ဆပ်ခိုင်းမယ် "
...........
တစ်ချိန်တည်းမှာပင်။
အမတနယ်မြေ၏ အထက်လောက အနက်ရှိုင်းဆုံး နေရာတွင် ၊
ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းထားပြီး၊ မိုးကောင်းကင်မှ နတ်ရောင်ခြည်များ အောက်သို့ ဖြာကျနေသော်လည်း ၊ သို့သော် ဤကမ္ဘာလောကသည် အလွန်အမင်း ဖိနှိပ်ခံထားရပုံပေါ်သည်။
ဝီ!
ထိုအချိန်တွင်၊ မဟာလမ်းစဉ် မြူဆိုင်းများဖြင့် ဖုံးလွှမ်းနေသော ဤကမ္ဘာကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါသွားသည်။
ရေစီးသံကဲ့သို့ တဝေါဝေါမြည်သော အသံနှင့်အတူ ၊ မိုးကောင်းကင်မှ သက်ဆင်းလာသော နတ်အလင်းတန်းများသည် မျက်စိတမှိတ်အတွင်းမှာပင် အလင်းမိုးများ အဖြစ်သို့ ပြောင်းလဲကာ ပျောက်ကွယ်သွားပြီး၊ ကမ္ဘာကြီးတစ်ခုလုံး လည်ပတ်ကာ ပြောင်းလဲစပြုနေသည်။
ကမ္ဘာကြီးသည် ဖိတ်ကျသွားသော မင်ရည်ကဲ့သို့ အုံ့မှိုင်းသော အမှောင်ထုများဖြင့် တဖြည်းဖြည်း စွန်းထင်းလာကာ နောက်ဆုံးတွင် အဆုံးမရှိသော ထာဝရ အမှောင်ထုထဲသို့ ကျရောက်သွားခဲ့သည်။
နောက်အခိုက်အတန့်တွင် ၊
မည်းမှောင်နေသော မိုးကောင်းကင်ကြီးမှ ရုတ်တရက်ပင် မျက်လုံးကြီးတစ်စုံ ပွင့်လာခဲ့သည်။
အဆိုပါ မျက်လုံးများသည် ကြီးမားကာ နက်နဲဆန်းကြယ်လှသည်။ ၎င်း၏ပုံသဏ္ဍာန်သည် လူ၏ မျက်လုံးနှင့် ဆင်တူသော်လည်း၊ သို့သော် ယင်း၌ ဖော်ပြရန်ခက်ခဲသော ထူးဆန်းမှုတစ်ခု ရှိနေခဲ့သည်။ ၎င်းသည် အလွန် မည်းနက်ပြီး ၊ ကမ္ဘာပေါ်ရှိ အလင်းရောင် တစ်စက်ကလေးမျှ မခံနိုင်အောင်ပင် မှောင်မိုက်လွန်းသည်။
ထို့အပြင်၊ ဤမျက်လုံး၏ ပေါ်ထွက်လာခြင်းနှင့်အတူ ၊ ကောင်းကင်နှင့် မြေကြီးကို လွှမ်းမိုးထားသော နိယာမတရားနှင့် တာအိုစည်းချက်များသည် ဖိနှိပ်ခံထားရသကဲ့သို့ ၊ အနက်ရောင် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကာ မိုးကောင်းကင်အနှံ့ ပြန့်ကျဲသွားလေသည်။
ထိုမျက်လုံးကြီး၏ ရှေ့မှောက်တွင် ကမ္ဘာပေါ်ရှိ အရာအားလုံးသည် အဆုံးမဲ့ စိတ်ပျက်အားငယ်မှု၏ ချောက်နက်ထဲသို့ ကျရောက်သွားသည့်အတိုင်း ခံစားရသည်။
" ကပ်ဘေးနတ်ဆိုး အဲ့ကောင်လေးရဲ့ အဆိုအရ...ဗလာနိတ္ထိရဲ့ တမန်တော်ဟာ အမတနယ်မြေမှာ နိုးထလာပြီပဲ...."
နက်ရှိုင်းပြီး ရှေးကျသော အသံတစ်ခုသည် မှောင်မိုက်နေသော မိုးကောင်းကင်ယံ၌ ပဲ့တင်ထပ်သွားသည်။
" ဒါပေမဲ့ ငါ ဘာဖြစ်လို့ တဖက်လူရဲ့ တည်ရှိမှုကို ဖမ်းဆီးလို့မရနိုင်တာလဲ "
" မဟုတ်မှလွဲရော ... ကပ်ဘေးနတ်ဆိုး အဲ့ကောင်လေး ငါ့ကို ရည်ရွယ်ချက်ရှိရှိ လှည့်စားလိုက်တာများလား "
"ဒါပေမဲ့လည်း ကပ်ဘေးနဲ့ ဗလာနိတ္ထိ အဲ့နှစ်ကောင်က သင့်မြတ်မှု မရှိကြဘူး... ငါ့ကို လှည့်စားဖို့ မဖြစ်နိုင်ဘူး...."
" ဒါပေမဲ့လည်း ဘာဖြစ်လို့လဲ... ငါ ဘာလို့ သဲလွန်စ နည်းနည်းလေးမှ ရှာမတွေ့တာလဲ"
ဤထူးဆန်းပြီး မည်းမှောင်နေသော မျက်လုံးကြီးသည် အမတနယ်မြေကို စက္ကန့်အနည်းငယ်မျှ စိုက်ကြည့်ပြီးနောက်၊ သူ၏ အကြည့်ကို တဖြည်းဖြည်း ပြန်လည်ရုပ်သိမ်းကာ အနက်ရောင် အမှုန်များအဖြစ်သို့ ပျောက်ကွယ်သွားတော့သည်။
" ထားပါတော့လေ ၊ အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်ကို ကပ်ဘေးနတ်ဆိုး အဲ့ကောင်က ထောက်ပံ့ပေးထားတာပဲ"
"ငါ့ရဲ့ အမှောင်ထု မူလရင်းမြစ်ကမ္ဘာနဲ့ ပူးပေါင်းလိုက်ရင် စတေးခြင်းလမ်းစဉ်နဲ့ ပြန်လည်စတင်တောင် ဘာမှကြီးကြီးမားမား ဖြစ်နိုင်မှာ မဟုတ်ဘူး "
(T/ N - စတေးခြင်းလမ်းစဉ်နဲ့ ပြန်လည်စတင်ခြင်း - စကြဝဠာတစ်ခုလုံးကို အစအဆုံး ပြန်လည်စတင်ခြင်း )
"ဟားဟား..... အရင်တုန်းက ဟုန်မုန်က မင်းကို ထောက်ခံခဲ့ပေမယ့် အခုတော့ သူတောင် သဲလွန်စမကျန် ပျောက်ကွယ်သွားပြီ..."
"ဗလာနိတ္ထိ.... အခု မင်းတစ်ယောက်တည်း ကျန်တော့တယ်... ငါတို့ကို ရင်ဆိုင်ဖို့ စတေးခြင်းလမ်းစဉ်နဲ့ ဒေဝလောကတစ်ခုလုံးကို ပြန်လည်စတင်တောင် မင်း ဘာကို ပြောင်းလဲနိုင်မှာလဲ"
"ရှစ်ကြိမ်တိုင်တိုင် ရှုံးနိမ့်ပြီးပြီ၊ နောက်ဆုံး နဝမအကြိမ်မြောက် ဗလာနိတ္ထိ သံသရာစက်ဝန်း အခွင့်အလမ်းကို ထုတ်သုံးလာတောင်.... ဘာအကျိုးရှိမှာလဲ"
"အမတနယ်မြေ နဲ့ ဒေဝလောကတစ်ခုလုံး နောက်ဆုံးတော့လည်း ပျက်စီးရမှာပဲ"
ကဲ့ရဲ့သရော်သော ရယ်သံများကြားတွင်၊ မည်းမှောင်နေသော ဧရာမ မျက်လုံးကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
ကမ္ဘာပေါ်တွင် လုံးဝ မတည်ရှိခဲ့သလိုပင် ၊ မည်သည့် အငွေ့အသက် အနည်းငယ်မျှပင် မကျန်ရစ်ခဲ့ပေ။
.....
အခြားတစ်ဖက်တွင်။
ကျောက်ဟွ အမတ ဧကရာဇ်မင်း၏ ဆန္ဒကို ပြီးမြောက်စေခဲ့ပြီ ဖြစ်ရာ ၊ စူးချန်ကဲအနေဖြင့် ဤနေရာတွင် ဆက်လက် စူးစမ်းရှာဖွေရန် အကြောင်းမရှိတော့ချေ။
ဤသို့ဖြင့် သူသည် လော့ရန်ယွီနှင့် အင်အားစု နှစ်ဖွဲ့မှ တပည့်များကို ခေါ်ဆောင်ကာ ၊ နတ်ဘုရားလက်နက် အမတမျှော်စင်မှ ထွက်ခွာလာခဲ့သည်။
"ချန်ကဲ၊ အားရှင်း ဒီလိုဖြစ်နေတာ ပျက်စီးသွားပြီလား"
လမ်းတွင် လော့ရန်ယွီသည် မနေနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
ကောင်းကင်ဘဏ္ဍာ ဓာတ်ငါးပါး အမတစေတီမှ ထွက်ခွာလာစဉ်တွင် ၊ သူတို့သည် စွမ်းအင်များ ဆုံးရှုံးသွားပြီဖြစ်သော အားရှင်းကိုလည်း ခေါ်ဆောင်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ ၊ သူတို့ကြားတွင် ခင်မင်ရင်းနှီးမှု ရှိခဲ့ကြသည်။ အကယ်၍ ဂရုမစိုက်ဘဲ တန်းတန်းမတ်မတ် ထွက်ခွာသွားခဲ့လျှင်ဖြင့် ၊ အားရှင်းသည် နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ဆွေးမြေ့ပျက်စီးသွားနိုင်သည်။
"သိပ်ပြီး ကြီးကြီးမားမား ပြဿနာ မရှိလောက်ပါဘူး ... စွမ်းအင် ခဏတာ ဆုံးရှုံးသွားရုံပါ "
စူးချန်ကဲက ပြန်ဖြေသည်။
"တကယ်လို့ နည်းလမ်းမရှိဘူးဆိုရင်၊ အဲဒီအချိန်ကျရင် ငါ့မိသားစုက ဘိုးဘေးကို ကူညီဖို့ တောင်းဆိုလိုက်မယ် ... အားရှင်းကို သေချာပေါက် ပြန်နှိုးနိုင်လိမ့်မယ်"
"ဒါနဲ့ ရန်ယွီ...နောက်ပိုင်း မင်း ဘယ်ကို သွားဖို့ စီစဉ်ထားလဲ "
နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ် ပြီးဆုံးသွားပြီးနောက်၊ သူတို့လို ကျင့်ကြံသူများသည် အမတနယ်မြေ၏ အခြားနေရာများသို့ သွားရောက်ကာ အတွေ့အကြုံယူကြမည် ဖြစ်သည်။
ယခုကဲ့သို့ ဂိုဏ်းတပည့်များနှင့် အတူတကွ သွားရောက်ခြင်းမျိုး မရှိတော့ဘဲ၊ အမတနယ်မြေတွင် သီးခြားစီ လှည့်လည်သွားလာကြပေတော့မည်။
"ထူးခြားတဲ့ အစီအစဉ်တော့ မရှိသေးဘူး....."
လော့ရန်ယွီသည် ညင်သာစွာ ရယ်မောလိုက်ရင်း။
"ဂိုဏ်းချုပ်က ကျွန်မကို အမတနယ်မြေရဲ့ မြေပုံတစ်ခု ပေးခဲ့တယ်..ကြိုက်တဲ့နေရာကိုသာ သွားတဲ့"
"ဘာပဲဖြစ်ဖြစ် ဒေဝလောက ပြန်လည်စတင်ရာခေတ် ရောက်လာပြီဆိုတော့ လျို့ဝှက်နယ်မြေ တော်တော်များများလည်း ထွက်ပေါ်လာပြီလေ"
"ဒါဆို ငါနဲ့အတူ တားမြစ်စူးမိသားစုကို အလည်လိုက်ခဲ့ချင်လား "
"ငါတို့ တားမြစ်စူးမိသားစု ရှိတဲ့ ဝမ်ကျီ အမတနယ်မြေမှာလည်း ထူးခြားတဲ့ ရှေးဟောင်းအမွေအနှစ်တွေ အများကြီး ထွက်ပေါ်လာတယ်လို့ ကြားတယ် ... ရန်ယွီ မင်းသာ အတွေ့အကြုံယူချင်တယ်ဆိုရင် ခုချက်ချင်း သွားလို့ရတယ်"
"တားမြစ်စူးမိသားစုကို သွားမယ်?"
***