ရုတ်တရက် ပြောလာသော စကားကြောင့် လော့ရန်ယွီမှာ ဘာလုပ်ရမှန်း မသိ ဖြစ်သွားပြီး၊ သူမ၏ ပါးပြင်လေးမှာ အနည်းငယ် နီမြန်းလာသည်။
စူးချန်ကဲ၏ မိသားစုသို့ သွားရောက်ခြင်းသည် မိဘများနှင့် တွေ့ဆုံခြင်းပင် မဟုတ်လော။
သို့သော်လည်း ဤသည်မှာ ထွေထွေထူးထူး မဟုတ်ချေ။ မည်သို့ပင်ဖြစ်စေ သူမသည် ယခင်ကတည်းက စူးချန်ကဲ၏ မိခင်နှင့် အစ်မကို တွေ့ဆုံပြီးဖြစ်ရာ ဤအရာမှာ ရှက်စရာ မဟုတ်ပေ။
သို့သော် လော့ရန်ယွီဘက်မှ စကားမပြောရသေးခင်မှာပင် ၊
စူးချန်ကဲသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားပြီး ၊ ရှေ့ထွက်ပေါက်နေရာကို အလေးအနက် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူသည် အလျင်အမြန် လက်ကိုမြှောက်ကာ လူတိုင်းကို တားလိုက်သည်။
"အားလုံးရပ်လိုက်"
"ထွက်ပေါက်အပြင်ဘက်မှာ ထူးဆန်းတဲ့ အငွေ့အသက်နှစ်ခု ရှိနေတယ် ...ကြည့်ရတာ ခြုံခိုတိုက်ခိုက်ဖို့ စောင့်နေတာ ဖြစ်နိုင်တယ် "
"ခြုံခိုတိုက်ခိုက်တယ်?"
ဤစကားကို ကြားလိုက်ရသည်နှင့် ဂိုဏ်းကြီးနှစ်ခုမှ ကျင့်ကြံသူများသည် စူးချန်ကဲကို သူ့အလိုလို လှည့်ကြည့်လိုက်ကြပြီး နားမလည်နိုင်သော အမူအရာများဖြင့် ရှိနေကြသည်။
သူတို့၏ စိတ်ဝိညာဉ် အာရုံခံစားမှုသည်လည်း ဤမျှ အားမနည်းပေ။ သူတို့သည် ဤထူးဆန်းမှုကို အဘယ့်ကြောင့် မရိပ်မိခဲ့လေသနည်း။
သို့သော် ကြယ်စုသခင် ပါရမီရှင် သုံးဦးမှာမူ လျင်မြန်စွာ တုံ့ပြန်နိုင်ခဲ့သည်။
"ချန်ကဲ ဆက်ခံသူ ကြည့်ရတာ... ထျန်းချန်လမ်းစဉ်ဂိုဏ်းနဲ့ ဖုန်းယွင်လှံခန်းမက လူတွေ ဖြစ်နေမလား "
ဝမ်မင်က ဆိုသည်။
"အရင်က ဒီလူတွေ ကျွန်တော့်တို့ထက် အရင်ဆုံး နတ်ဘုရားလက်နက် အမတမျှော်စင်ကနေ ဆုတ်ခွာသွားခဲ့ကြတာ ... ခြုံခိုတိုက်ခိုက်ဖို့ ဆိုရင် အဲ့ကောင်တွေပဲ ရှိလိမ့်မယ်"
"ဟမ်! ဒီလူယုတ်မာကောင်တွေ ခိုးကြောင်ခိုးဝှက်နဲ့ ... ချန်ကဲ ဆက်ခံသူ ဒီမှာ ခဏစောင့် "
ယဲ့ချုံယွဲ့က အေးစက်သော လေသံဖြင့် ဆိုလိုက်သည်။
"ငါတို့ အခုပဲ ကျန်တဲ့လူတွေကို ခေါ်ပြီး ဒီကောင်တွေကို ခြေရာလက်ရာမကျန် သုတ်သင်ပစ်မယ် "
"မဖြစ်ဘူး၊ ဒီလိုဆိုရင် သိပ်ပြီး မဆင်မခြင်လုပ်ရာ ကျသွားမယ်"
ကျန်းဖန်က ဝင်ရောက်ပြောလိုက်သည်။
"ဒီကောင်တွေကလည်း တုံးအနေတဲ့သူ မဟုတ်ဘူး.... ချန်ကဲ ဆက်ခံသူ ပြောတဲ့အတိုင်း ဒီကောင်တွေ အပြင်မှာ ခြုံခိုတိုက်ခိုက်ဖို့ စီစဉ်ထားတယ်ဆိုကတည်းက တစ်ခုခုကို အသင့်ပြင်ဆင်ထားမှာ သေချာတယ်"
"သတ်ဖြတ်ခြင်း အစီအရင်ကြီးတစ်ခုကိုတောင် ဖန်တီးထားနိုင်တယ်....မဆင်မခြင် ပြေးထွက်သွားတာက မိုက်ရူးရဲဆန်ရာ ကျလိမ့်မယ်"
"ကျန်းဖန် ပြောတာ မှန်တယ် "
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။
"အရင်က အင်အားစုနှစ်ဖွဲ့စလုံးက ပါရမီရှင်တွေ တော်တော်များများ သေသွားကြပြီးပြီ...သူတို့တွေ ဒါကို ကျေနပ်မှာ မဟုတ်ဘူး ..တစ်ခုခုကို ပြင်ဆင်ထားမှာ သေချာတယ်"
"ဒါဆို ဒီကိစ္စကို ဘယ်လို ကိုင်တွယ်သင့်သလဲ....."
အခြားသူများ မပြောမီ ၊ စူးချန်ကဲသည် ညင်သာစွာ ပြုံးရယ်လိုက်ရင်း လက်နှစ်ဖက်ကို နောက်သို့ အေးအေးလူလူ ပစ်ကာ ထွက်ပေါက်ဆီသို့ ခြေလှမ်းလိုက်သည်ကို တွေ့လိုက်ရသည်။
"အကြွင်းမဲ့ ခွန်အားရဲ့ရှေ့မှောက်မှာ ဘယ်လောက်ပဲ များပြားတဲ့ ပရိယာယ်တွေရှိရှိ အချည်းနှီးပဲ"
"မင်းတို့ ဒီမှာ ခဏစောင့်နေကြ ... သူတို့ကို ငါတစ်ယောက်တည်း ကိုင်တွယ်မယ် "
ယခုအခါ စူးချန်ကဲ၏ ကျင့်ကြံမှုသည် စစ်မှန်အမတနယ်ပယ် အဆင့်(၈)သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ခွန်အားအရ ၊ ဤနေရာတွင် ရှိသူတိုင်း သူ့ထက် သန်မာသူ မရှိပေ။
ထို့ကြောင့် သူကိုယ်တိုင် ရန်သူကို ချေမှုန်းခြင်းသည် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
"ချန်ကဲ ဆက်ခံသူ....."
ပါရမီရှင် တပည့်များသည် စူးချန်ကဲကို တားဆီးရန် ကြိုးစားလိုက်ကြသည်။
သို့သော် ခန့်ညားထည်ဝါပြီး အင်အားပြည့်ဝသော ကျောပြင်ကို မြင်လိုက်ရချိန်တွင်၊ လူတိုင်း နှုတ်ဆိတ်လိုက်ကြသည်။
စူးချန်ကဲ၏ အင်အားကို သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ပြီး ဖြစ်ကာ ၊ ဤအရာကို လုပ်ဆောင်နိုင်သူမှာ သူတို့၏ ဆက်ခံသူမှတပါး အခြားသူ မရှိပေ။
.........
တစ်ချိန်တည်းမှာပင် ၊ နတ်ဘုရားလက်နက် အမတမျှော်စင်၏ အပြင်ဘက်တွင်။
"အကုန်လုံး ပြင်ဆင်ပြီးပြီလား"
"ရှောင်ဝူရှန်း လူကြီးမင်း၊ ရှေးဟောင်းလှံမဟာအစီအရင်ကို တည်ဆောက်ပြီးပါပြီ"
ဖုန်းယွင်လှံခန်းမမှ ကျင့်ကြံသူတစ်ဦးက လျှောက်တင်လိုက်သည်။
"စုစုပေါင်း ဆယ့်နှစ်ခု ရှိတယ်...စူးချန်ကဲ သူတို့တွေ အပြင်ကို ထွက်လာတာနဲ့ တန်းပြီး လှုပ်ရှားနိုင်ပြီ "
"ကောင်းတယ် "
ရှောင်ဝူရှန်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
ယခင်က သူတို့ ဆွေးနွေးခဲ့ကြသည့်အတိုင်း၊ သူတို့ ဖုန်းယွင်လှံခန်းမနှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းတို့သည် မဟာမိတ်အဖြစ် ပြန်လည် ဖွဲ့စည်းခဲ့ကြသည်။
သူတို့သည် ကွေးယွမ်အမတဂိုဏ်းနှင့် ယောင်ကွမ်အမတဂိုဏ်းတို့နှင့် အပြင်းအထန် တိုက်ပွဲဆင်နွှဲပြီးနောက် ၊ ပါရမီရှင်များစွာ ဆုံးရှုံးခဲ့ရသည်။
သို့သော် ဤအရာအတွက် သည်းခံနိုင်သေး၏။ ပို၍ပင် ဒေါသထွက်စရာကောင်းသည်မှာ ဂိုဏ်းချုပ်၏ အမိန့်ဖြစ်သော အားရှင်းကို ပြန်ခေါ်လာရန် ကိစ္စမှာ ယခုထက်ထိ မပြီးမြောက်သေးချေ။
ထိုအကြောင်းကို တွေးမိတိုင်း ပို၍ပင် မကျေမနပ်ဖြစ်လာကာ ၊ ထို့ကြောင့် အင်အားစုနှစ်ဖွဲ့မှ လူများသည် စူးချန်ကဲတို့အဖွဲ့ ထွက်မလာသေးသည့် အချက်ကို အခွင့်ကောင်းယူကာ နတ်ဘုရားလက်နက် အမတမျှော်စင်၏ အပြင်ဘက်တွင် ပိုက်ကွန်တစ်ခုကို ချထားခဲ့သည်။
၎င်းသည် အင်အားစုနှစ်ဖွဲ့စလုံးမှ လူတိုင်းကို မရှင်းလင်းပစ်နိုင်သော်လည်း ၊ သို့သော် သူတို့ကို ကြီးမားသော တန်ဖိုးတစ်ခုကို ပေးဆောင်စေနိုင်မည် ဖြစ်သည်။
" ဒါနဲ့ မင်းတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းက ပါရမီရှင်ခေါင်းဆောင် ထျန်းယွီလော့ရုံ က ခုထိ မလှုပ်ရှားသေးဘူးလား"
ရှောင်ဝူရှန်းက ကျန်းယွီကျင်းကို ကြည့်ကာ အပြုံးမပျက် ဆိုလိုက်သည်။
"စူးချန်ကဲက သူမကို သတ်ပစ်လိုက်ပြီလား
မသိဘူး "
"ဟမ်! အဲ့ကောင်မကို ဘာလို့ဂရုစိုက်နေမှာလဲ... ဒီကောင်မက တစ်ကိုယ်တည်း သွားလာနေကြပဲ"
" ပြီးတော့ အဲ့မိန်းမကို သွားပြီး လျှော့မတွက်နဲ့ဦး....သူမက စူးချန်ကဲရဲ့ ပြိုင်ဘက် မဟုတ်ဘူးဆိုတောင် ထွက်ပြေးနိုင်သေးတယ်"
" ဒါနဲ့ မင်းရဲ့ ဒီရှေးဟောင်းလှံ မဟာအစီအရင်က စူးချန်ကဲကို နှိမ်နင်းနိုင်မယ်ဆိုတာ သေချာလား"
ရှောင်ဝူရှန်းသည် မိုးကောင်းကင်ပေါ်တွင် တည်ဆောက်ထားသော မရေမတွက်နိုင်သော မဟာအစီအရင်များကို တစ်ချက်ကြည့်လိုက်ပြီး အေးအေးလူလူ ဆိုလိုက်သည်။
"စူးချန်ကဲ အဲ့ကောင်ရဲ့ စွမ်းရည်ကို မင်းလည်း မြင်ပြီးသားပဲ....တစ်ခါတည်းနဲ့ သူ့ကို မနှိပ်ကွပ်နိုင်ရင် သူတစ်ယောက်တည်းနဲ့တင် ဒီအခြေအနေ တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်တယ်"
"အဲ့အချိန်ကျရင် ငါတို့တွေ ဂိုဏ်းချုပ်တွေ ပေးအပ်တဲ့ တာဝန်ကို ပြီးမြောက်အောင် မလုပ်နိုင်ရုံတင် မကဘူး... ဒီမှာတင် သေသွားနိုင်တယ်"
" ဟားးး... မင်း စိတ်ချထားလိုက်.... စူးချန်ကဲက ခုမှ စစ်မှန်အမတနယ်ပယ် အဆင့်(၆)ပဲ ရှိသေးတယ်... ငါ့ရဲ့ ဒီလှံမဟာအစီအရင်က ကောင်းကင်အမတကိုတောင် သုတ်သင်ပစ်နိုင်တယ်"
ရှောင်ဝူရှန်းက မထီမဲ့မြင်ဟန်ဖြင့် ရယ်မောလိုက်သည်။
"စစ်မှန်အမတနယ်ပယ် အဆင့်(၆)လောက်ကတော့...."
သူ စကားမဆုံးသေးခင်မှာပင် ၊
ဝီ !
ထိုအချိန်တွင်၊ နတ်ဘုရားလက်နက် အမတမျှော်စင်၏ ထွက်ပေါက်နေရာတွင် ရစ်ဝဲနေသော အာကာသလှိုင်းတံပိုးများသည် ရုတ်တရက် ရိုက်ခတ်လှုပ်ရှားလာပြီး ၊ အထဲမှ တစ်စုံတစ်ယောက် ထွက်လာဟန်ရှိသည်။
"ဟားဟား ..လတ်စသတ်တော့ မင်းက ဒါကို အားကိုးပြီး မောက်မာနေတာကိုး... ရယ်စရာ ကောင်းလိုက်တာ"
" မင်းပြောကြည့် ၊ ငါ့ရဲ့ ဒီဓားတစ်ချက်နဲ့ မင်း မောက်မာနေတဲ့ ဒီလှံမဟာအစီအရင်ကို ရှင်းပစ်နိုင်လိမ့်မလား "
"ဓားတစ်ချက်မှ ဗလာအဖြစ်သို့!"
ထိုစကားသံအဆုံးတွင်၊
အေးစက်သော ဓားဖိအားများသည် ချက်ချင်းဆိုသလို ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာခဲ့သည်။
လူတိုင်း တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။
ရွှမ်း!
ထိုအာကာသ လှိုင်းတံပိုးများထဲမှ အရာအားလုံးကို နေ့ခင်းဘက်သဖွယ် ထိန်လင်းတောက်ပသွားစေသည့် ဓားအလင်းတန်း တစ်ခုသည် အတွင်းပိုင်းမှ ပေါက်ကွဲထွက်လာသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ မိုးမြေတစ်ခွင်လုံးကို လှုပ်ခတ်သွားစေသော ဓားစွမ်းအင်များသည် အဖျက်စွမ်းအားတစ်ခုအဖြစ် စုဝေးသွားပြီး ၊ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် မိုးကောင်းကင်အထက်ရှိ ရှေးဟောင်းလှံ မဟာအစီအရင်များကို လှည့်ပတ်ချေမှုန်းလိုက်သည်။
ကွဲအက်သံ !
ဝုန်း ! !
လူ၏ စိတ်နှလုံးသားကို တုန်လှုပ်စေသော ကျိုးပဲ့သံများနှင့်အတူ ၊ မှော်သင်္ကေတများ၏ တုန်လှုပ်မြည်ဟည်းသံများသည် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး အရပ်ရှစ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ရှေးဟောင်းလှံ မဟာအစီအရင် ဆယ့်နှစ်ခုသည် တဟုန်ထိုး ကျရောက်လာသော ဓားစွမ်းအင်များ၏ ရှေ့မှောက်တွင် စက္ကူစသဖွယ် ကျိုးပဲ့ကာ အလင်းမိုးများအဖြစ်သို့ မိုးကောင်းကင်အနှံ့ ပြန့်ကျဲသွားလေသည်။
သေချာစွာ ပြင်ဆင်ထားသော အစီအရင်ကြီးသည် ဤကဲ့သို့ လွယ်လင့်တကူ ချိုးဖျက်ခံလိုက်ရသည်။
စူးချန်ကဲသည် အာကာသလှိုင်းဂယက်ထဲမှ လူကိုယ်တိုင်တောင် ထွက်မလာရသေးပေ။ သူသည် ဓားတစ်ချက်တည်းဖြင့် ဤအရာအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။
***