ဂျိန်း ! !
ကောင်းကင်နှင့်မြေကြီးသည် တုန်လှုပ်မြည်ဟည်းနေကာ ၊ နတ်အလင်းများဖြင့် တောက်ပလျက် ရှိသည်။ အင်အားစုကြီး လေးဖွဲ့မှ ပါရမီရှင်တပည့်များ၏ မှော်အတတ်များသည် အာကာသဟင်းလင်းပြင်ကိုပင် ဖရိုဖရဲ ဖြစ်သွားစေသည်။
ယခင်က နတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း၌ ရှိခဲ့စဉ်က ၊ ၎င်း၏အတွင်းရှိ ထူးခြားသော နိယာမတရား၏ ဖိနှိပ်ချုပ်နှောင်မှုကြောင့် အင်အားကြီးမားသော ပါရမီရှင်များသည် ၎င်းတို့၏ စစ်မှန်သော စွမ်းရည်များကို ထုတ်ဖော်ပြသရန် အခက်အခဲရှိခဲ့သည်။
ယခုတွင် သူတို့သည် ပြင်ပကမ္ဘာတွင် ရောက်ရှိနေပြီ ဖြစ်သောကြောင့် သူတို့ကို ဝန်းရံထားသော ချည်နှောင်မှုများသည် လုံးဝ ပြေလျော့သွားပြီ ဖြစ်သည်။
အထူးသဖြင့် ကွေးယွမ်အမတဂိုဏ်းမှ ပါရမီရှင်များသည် လူ့လောကသို့ သက်ဆင်းလာသော နတ်ဘုရားများအလား ထင်မှတ်ရပြီး၊ လက်တစ်ချက် ဝှေ့ယမ်းလိုက်သည်နှင့် အဖျက်သဘောဆောင်သော အမတအလင်းများသည် ကြမ်းတမ်းစွာ ထွက်ပေါ်လာကြသည်။
ဘုန်း !!
ပေါက်ကွဲထွက်လာသော ရောင်စုံငါးသွယ် မိုးကြိုးများ ၊ တဟုန်းဟုန်း တောက်လောက်နေသော မီးလျှံများသည် လောကကြီးအား မယုံနိုင်လောက်စရာ ကောင်းသော မှော်ဆန်သော မြင်ကွင်းတစ်ခုကို ပေးစွမ်းနေခဲ့သည်။
သို့သော် ဖုန်းယွင်လှံခန်းမနှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ လူများမှာလည်း ခေါင်းငုံ့ရန် ဆန္ဒမရှိကြဘဲ ပြန်လည်တိုက်ခိုက်ရန် ၎င်းတို့၏ စွမ်းအားများ အစွမ်းကုန် ထုတ်သုံးလာကြသည်။
မျက်စိတမှိတ်အတွင်းမှာပင် ၊ ကောင်းကင်နှင့် မြေကြီးသည် သွေးရောင်များဖြင့် ဆေးခြယ်ခံလိုက်ရပြီး ၊ ပျက်စီးနေသော နတ်ဘုရားလက်နက်များ၊ သွေးစွန်းနေသော အလောင်းများက ထိုနေရာတစ်ခုလုံးကို ဖုံးလွှမ်းထားလေ၏။
" ဒုက္ခပဲ!"
"ငါ မင်းရဲ့ အလိမ်အညာကို လုံးဝ မယုံကြည်သင့်ခဲ့ဘူး"
ဝမ်မင်၏ လက်ဝါးတစ်ချက်စာ ရိုက်နှက်ခံလိုက်ရပြီး အဝေးသို့ လွင့်ထွက်သွားသော ကျန်းယွီကျင်းသည် ရှောင်ဝူရှန်းကိုတော့ ဒေါသတကြီး ဆဲဆိုရန် မေ့မသွားခဲ့ချေ။
ယခင်က ရှောင်ဝူရှန်းသည် ဤနေရာတွင် မဟာအစီအရင် တည်ဆောက်ကာ ခြုံခိုတိုက်ရိုက်ရုံဖြင့် အောင်မြင်လိမ့်မည်ဟု ပြောခဲ့ဖူးသည်။
ဒါတင်မက ၊ စူးချန်ကဲနှင့် ကွေးယွမ်အမတဂိုဏ်းတွင် ကောင်းကင်ဘုံ၏စွမ်းရည်များကို ပိုင်ဆိုင်ထားခဲ့ရင်တောင်မှ ဤအစီအရင်များကို ချိုးဖျက်နိုင်မည် မဟုတ်ကြောင်း ပြောခဲ့ဖူးသည်။
သို့သော် ရလဒ်မှာ အဘယ့်နည်း။
သူတို့ တည်ဆောက်ထားသော မဟာအစီအရင်များသည် စူးချန်ကဲ၏ ဓားချက်အောက်တွင် တစ်ချက်တည်းဖြင့် ချေမှုန်းခံလိုက်ရသည်။
ယခု တိုက်ပွဲတွင်မူ သူတို့သည် ထျန်းယွမ်နတ်ဘုရားမင်းဆက်၏ အကူအညီကို မရရှိတော့ပေ။ သူတို့သည် သာလွန်အင်အားစု (၁၈)ခုအနက်မှ တစ်ခုဖြစ်သော်လည်း သို့သော် ၎င်းတို့၏ ပြိုင်ဘက် မဖြစ်နိုင်ပေ။
"ကိစ္စတွေက ဒီထိရောက်လာပြီ...မင်း ခုမှ ဒေါသထွက်နေလဲ ဘာအကျိုးရှိမှာလဲ "
ရှောင်ဝူရှန်းသည် ပြန်လည် ပြောဆိုလိုက်သော်လည်း ၊ သူ၏ လှုပ်ရှားမှုများမှာတော့ ရပ်တန့်မသွားချေ။ သူ၏ တောက်ပသော နတ်ဘုရားလှံကို ဆုပ်ကိုင်ကာ အားပြင်းပြင်းဖြင့် ရှေ့သို့ လှမ်းပစ်လိုက်သည်။
ဝုန်း !!
သက်ဝင်လှုပ်ရှားနေသော နတ်အလင်းများသည် စီးဆင်းနေသော မြစ်တစ်စင်းသဖွယ် အရှေ့မျက်နှာ တစ်ခုလုံးကို လွှမ်းမိုးသွားသည်။
ယောင်ကွမ်အမတဂိုဏ်းမှ ကျင့်ကြံသူ အချို့မှာ သူ့ကို မယှဉ်နိုင်ဘဲ သွေးအန်ကာ အဝေးသို့ လွင့်ထွက်သွားခဲ့သည်။
"မသေချင်ဘူးဆိုရင် နည်းလမ်းရှာပြီး ဖောက်ထွက်ရမှာပဲ"
" ဒုက္ခပဲ...."
ဤမြင်ကွင်းကို မြင်လိုက်ရသော ကျန်းယွီကျင်းနှင့် ချုးရှောင်တို့မှာလည်း မကျေမနပ်ဖြစ်နေကြသည်။
ယခင်က သူတို့သည် ထျန်းယွီလော့ရုံ နှင့် စူးချန်ကဲတို့ကြားက တိုက်ပွဲကို အခွင့်ကောင်းယူကာ လွတ်မြောက်နိုင်ခဲ့သည်။ ယခုတွင်မူ၊ ထျန်းယွီလော့ရုံသည် ရှင်လားသေလားကိုပင် မသိသေးပေ။
ထို့အပြင် လက်ရှိအခြေအနေအရ သူမကို အမှီပြု၍ ထွက်ပြေးရန် ကြိုးစားခဲ့ရင်တောင် ၊ ဤသည်မှာ လုံးဝ မဖြစ်နိုင်သော ကိစ္စသာ ဖြစ်သည်။
"သတ်ကြ! မသေချင်ရင် ငါနဲ့အတူ တိုက်ခိုက်ကြ "
ကျန်းယွီကျင်းနှင့် ချုးရှောင်တို့သည် တစ်ပြိုင်နက် ဟစ်အော်လိုက်သည်။ သာလွန်အင်အားစု ဖြစ်သော ထိပ်တန်း ပါရမီရှင်များအနေဖြင့် ၊ သူတို့သည် နောင်တွင် အမတနယ်မြေ၏ အမတဘုရင်များ ဖြစ်လာကာ သက်ရှိအပေါင်းက မော့ကြည့်ရသည့် တည်ရှိမှုမျိုး ဖြစ်လာပေလိမ့်မည်။
သို့ဖြစ်ရာ၊ သူတို့သည် ဤနေရာတွင် သေဆုံးရန် မည်သို့စိတ်ဆန္ဒ ရှိမည်နည်း။
သေခြင်းတရား၏ စိတ်ပျက်အားငယ်မှုထဲသို့ ကျရောက်သွားသည့်အလား အင်အားစုနှစ်ဖွဲ့မှ ပါရမီရှင်များသည် မျက်လုံးများ နီမြန်းလာကာ စူးချန်ကဲနှင့် အခြားသူများအား အရူးအမူး တိုက်ခိုက်ကြလေတော့သည်။
..........
" ကျွတ် ကျွတ်.... မိုက်ရူးရဲဆန်တဲ့ လူတစ်စုပဲ... ကိုယ့်ကိုယ်ကိုယ် တားမြစ်အင်အားစုက ပါရမီရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ ထင်နေကြတယ်"
" ဒါဟာ ကိုယ့်အသက်ကို သွားအသေခံတာပဲ "
ချောက်ကမ်းပါးထိပ်တစ်ခုပေါ်တွင်၊ အစိမ်းရောင် စကတ်ရှည်ကို ဝတ်ဆင်ထားသော ထျန်းယွီလော့ရုံသည် မိုးကုတ်စက်ဝိုင်းတစ်နေရာမှ ဖြစ်ပွားနေသော တိုက်ပွဲကြီးကို အေးစက်စွာဖြင့် ကြည့်ရှုနေသည်။
သူမသည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ပါရမီရှင် ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း ၊ ဤကိစ္စကို ဝင်ရောက်စွက်ဖက်ရန် စိတ်ကူးမရှိချေ။
ယခင်က စူးချန်ကဲနှင့် ယှဉ်ပြိုင်ခဲ့ရာတွင် သူမ၏ ဝှက်ဖဲများအားလုံး ဆုံးရှုံးသွားရုံသာမက သူမကိုယ်တိုင်လည်း အသက်တစ်ချောင်း ဆုံးရှုံးခဲ့ရသည်။
ပို၍ပင် ကြောက်စရာကောင်းသည်မှာ သူမသည် အဆိပ်တစ်သောင်း နတ်ဘုရားပိုးကောင်ကိုပင် အသုံးပြုခဲ့သော်လည်း စူးချန်ကဲကို မသတ်နိုင်ခဲ့ခြင်းပင် ဖြစ်သည်။
ယခုတွင်မူ တဖက်လူသည် ဒဏ်ရာအနည်းငယ်မျှ မရှိသည့်အပြင် စစ်မှန်အမတနယ်ပယ် အဆင့်(၆) မှ အဆင့်(၈) အထိ ထိုးတတ်သွားခဲ့သည်။
ထို့အပြင် ၊ ဤတိုက်ပွဲတွင် သူမ၏ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များကို သတ်ဖြတ်နေသည်မှာ ကြက်တစ်ကောင်ကို သတ်ပစ်နေသကဲ့သို့ လွယ်ကူလွန်းလှသည်။
ဤမျှ ထိတ်လန့်စရာကောင်းသော အရာ ၊ ဘယ်အရာများ ရှိဦးမည်နည်း။
"တကယ်ကို လူ့ဘီလူးစစ်စစ်ပဲ....."
ထိုသို့ ရေရွတ်လိုက်ပြီးနောက် ထျန်းယွီလော့ရုံသည် သူမ၏ရင်ဘက်ထဲမှ ဝင်းလက်တောက်ပနေသော ကျောက်အပိုင်းအစတစ်ခုကို ထုတ်ယူလိုက်သည်။ သူမ၏ လက်ဖဝါးထဲက ထိုအရာကို ကြည့်ရင်း ၊ သူမ၏ နှုတ်ခမ်းများသည် ပျော်စရာကောင်းသော အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။
"ဟားဟား..... ငါတို့ဂိုဏ်းက ဂိုဏ်းချုပ်နဲ့ ဖုန်းယွင်လှံခန်းမရဲ့ ဂိုဏ်းချုပ်က အားရှင်းလို့ခေါ်တဲ့ သံမဏိစက်ရုပ်ကို ဘာလို့ အမဲလိုက်နေရတာလဲ ဆိုတာ ခုမှ သိတော့တယ်... လတ်စသတ်တော့ ဒီလို လျို့ဝှက်ချက်တွေ ရှိနေတာပဲ"
သူမသည် နတ်ဘုရားလက်နက် အမတမျှော်စင်မှ ထွက်ခွာလာစဉ်တွင် ဤအရာကို မမျှော်လင့်ဘဲ ရရှိခဲ့ခြင်း ဖြစ်သည်။
၎င်းတွင် နတ်ဘုရားလက်နက် အမတမျှော်စင်၏ ဘိုးဘေးတစ်ဦးမှ ချန်ရစ်ထားခဲ့ဟန် ရှိသည့် လျို့ဝှက်ချက်များ ပါရှိသည်။
ဉာဏ်ရည်မြင့်မားသော ထျန်းယွီလော့ရုံအနေဖြင့် ထိုအရာကို မြင်သည့်နှင့် ကိစ္စများကို အကြမ်းဖျင်း ခန့်မှန်းမိပြီး ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ၊ ထျန်းယွီလော့ရုံသည် ထိုအရာများကို ဂရုမစိုက်ချေ။ ဤအရာအားလုံးသည် သူမနှင့် မသက်ဆိုင်သော ကိစ္စများသာ ဖြစ်သည်။
သူမသည် ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ထိပ်တန်း ပါရမီရှင်တစ်ဦး ဖြစ်သော်လည်း မည်သည့် ထူးခြားသော ခံစားချက်မှ မရှိပေ။
သူမ၏ အမြင်တွင် ခံစားချက်ဆိုသည်မှာ အကြီးမားဆုံးသော အားနည်းချက်ပင် ဖြစ်သည်။
မဟာလမ်းစဉ်ကို လျှောက်လှမ်းသည်နှင့် ၊ လောကရှိ အရာအားလုံးသည် မိမိ၏ မဟာလမ်းစဉ်ခရီးအတွက် ကိရိယာတစ်ခုသာ ဖြစ်လာသင့်သည်။
မဟာလမ်းစဉ်၏ အထွတ်အထိပ်ကို အောင်မြင်မှသာ မိမိလိုချင်သော အရာကို ရရှိနိုင်လိမ့်မည်။
ဤသည်မှာ သူမ၏ သေဆုံးသွားသော မိခင်မှ သူမ သင်ယူခဲ့သည့် အနက်ရှိုင်းဆုံး သင်ခန်းစာပင် ဖြစ်သည်။
မထွက်ခွာမီတွင် ၊ ထျန်းယွီလော့ရုံသည် ခန္ဓာကိုယ်ကို အနည်းငယ် စောင်းကာ စူးချန်ကဲ တည်ရှိရာဘက်သို့ တစ်ချက် ကြည့်လိုက်သည်။
သူမ၏ စိမ်းဖန့်ဖန့် မျက်လုံးများသည် ပုံမှန်မဟုတ်သော အလင်းရောင်များဖြင့် တောက်ပနေသည်။
"စူးချန်ကဲ.... နောက်တစ်ခါ တွေ့ရင် ကျွန်မ ရှင့်ကို သေချာပေါက် ဝါးမျိုပစ်မယ် "
သူမ ထွက်ခွာသွားသည့် အရပ်တွင် ၊ ထိုနေရာရှိ အသက်စွမ်းအင်များသည် ဆွဲဆောင်ခံလိုက်ရသကဲ့သို့ သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စုရုံးရောက်ရှိလာကြသည်။
မထင်မရှား ပျံ့နှံ့လာသော ရောင်ဝါအရ ၊ ၎င်းသည် ယွမ်ချန်ဟုန်း ပိုင်ဆိုင်ခဲ့သော ထိုက်ချင်တာအိုရွှမ်ခန္ဓာနှင့် ဆင်တူနေသည်။
ထျန်းယွီလော့ရုံသည် အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီး ထိုက်ချင်တာအိုရွှမ်ခန္ဓာ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ချုပ်ကိုင်နိုင်ခဲ့သည်မှာ သေချာသည်။
...........
"ဓားအပေါင်း မူလအစသို့ ပြန်လည်ရောက်ရှိခြင်း ! "
စူးချန်ကဲ၏ အေးစက်သော ရေရွတ်သံသည် မိုးမြေတစ်ခွင် ပဲ့တင်ထပ်သွားသည်။
ချွင်——
အလွန်ကြည်လင်သော ဓားမြည်သံတစ်ခုသည် ကောင်းကင်နှင့်မြေကြီးတွင် ပဲ့တင်ထပ်သွားသည်။ လူတိုင်း၏ ထိတ်လန့်နေသော အကြည့်များအောက်တွင် ၊ စူးချန်ကဲရှိရာ နေရာတွင် မရေတွက်နိုင်သော တောက်ပသည့် နတ်ဘုရားဓားဝိညာဉ်များသည် မိုးကောင်းကင်အထက်တွင် ထိုးဖောက်ကာ ထွက်ပေါ်လာကြသည်။
နောက်ဆုံးတွင် မိုးကောင်းကင်မှ ရွာသွန်းချလာသော အလင်းမိုးများကဲ့သို့ပင် ဖုန်းယွင်လှံခန်းမနှင့် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ကျင့်ကြံသူများကြားတွင် ထူထပ်စွာ ကျရောက်လာသည်။
"တားဆီးကြ"
"ဒီဓားအလင်းတန်းတွေကို မြန်မြန် တားဆီးကြ"
သတိကြီးမားသော ကျင့်ကြံသူများက ဟစ်အော်လိုက်ကြသည်။
***