ဓားမိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသော ကျင့်ကြံသူ အများအပြားသည် ၎င်းတို့၏ မှော်အတတ်များကို အသက်သွင်းကာ ပြန်လည် တိုက်ခိုက်ခဲ့ကြသည်။ ဤမြင်ကွင်းသည် လူ၏ စိတ်နှလုံးသားကို အမှန်တကယ်ပင် လှုပ်ခတ်သွားစေနိုင်သည်။
သို့သော်လည်း၊ ဘီလီယံနှင့်ချီသော ဓားအလင်းများသည် အာကာသ ဟင်းလင်းပြင်တစ်ခုလုံးကို ထိုးဖောက်ဝင်ရောက်လာခဲ့သည်။
၎င်းသည် ရန်သူ၏ တိုက်ခိုက်မှုကို ချေမှုန်းလိုက်သည့်အပြင် အောက်ဘက်ရှိ မရေတွက်နိုင်သော ကျင့်ကြံသူများအပေါ် သို့ တိုက်ရိုက် ကျဆင်းသွားခဲ့သည်။
ဝှစ် ဝှစ်!
လူငယ် ပါရမီရှင်များသည် ဓားအလင်းတန်းများဖြင့် ဖောက်ထွင်းခံလိုက်ရပြီး၊ ကမ္ဘာမြေပြင်ပေါ်တွင် ရုတ်တရက် ပွင့်လန်းလာသော သွေးနီရောင်ပန်းများကဲ့သို့ လောကကြီးကို သွေးရောင်များဖြင့် စွန်းထင်းသွားစေသည်။
ကာယစွမ်းအား ကြီးမားသော သူများသည် ဤဓားတစ်ချက်ကို ခံနိုင်ရည်ရှိခဲ့သော်လည်း ၊ သို့သော် ဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီး တခဏအတွင်း တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ရသည်။
မူလကတည်းက ကွေးယွမ်အမတဂိုဏ်းနှင့် ယောင်ကွမ်အမတဂိုဏ်း၏ ပြိုင်ဘက် မဟုတ်သော အင်အားစုနှစ်ဖွဲ့မှ ကျင့်ကြံသူများသည် စူးချန်ကဲ၏ တိုက်ခိုက်မှုကြောင့် ပို၍ပင် ထိတ်လန့်တုန်လှုပ်သွားကာ၊ မျက်နှာအရောင်များ ဖြူဖျော့သွားကြသည်။
“စူး.....စူးချန်ကဲ၊ ငါတို့ အင်အားစုနှစ်ဖွဲ့မှာ လူပေါင်း ထောင်ဂဏန်းအထိ ရှိတယ်”
အခြေအနေ မကောင်းသည်ကို သတိပြုမိသော ရှောင်ဝူရှန်းက ဟိန်းဟောက်လိုက်သည်။
“မင်း ငါတို့အားလုံးကို ချေမှုန်းပစ်ဖို့ ကြံရွယ်နေတာလား “
မိုးကောင်းကင်၏အထက်တွင် ရပ်နေသော စူးချန်ကဲသည် တစ်ချက် ပြုံးလိုက်သည်။
“ဟုတ်တယ်လေ”
ထိုစကားများ ထွက်လာသည်နှင့် ၊
ရှောင်ဝူရှန်းနှင့် အင်အားစုနှစ်ဖွဲ့စလုံးမှ ပါရမီရှင်များသာမက။
လျို့ဝှက်မှော်သင်္ကေတများဖြင့် အဝေးကနေ ကြည့်ရှုနေကြသော ကျင့်ကြံသူများမှာလည်း ကြောင်အမ်းသွားကြသည်။
စူးချန်ကဲသည် အင်အားစုနှစ်ဖွဲ့မှ လူများကို ဤမျှ လွယ်ကူစွာ အလွှတ်ပေးမည် မဟုတ်ကြောင်းကို သူတို့လည်း ခန့်မှန်းထားပြီး ဖြစ်သော်လည်း ၊
သို့သော် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး လေသံဖြင့် ဖြေလိုက်သော “ဟုတ်တယ်လေ” ဟူသော စကားလုံးတစ်လုံးသည် အတော်လေး ကြောက်စရာ ကောင်းလွန်းသည်။
နတ်ဘုရားလက်နက် အမတမျှော်စင်သို့ လာရောက်ကြသော ဤလူငယ်ပါရမီရှင်များသည် ထူးချွန်သော ပါရမီရှင်များ ဖြစ်ကြပြီး၊
ဤနေရာတွင် အားလုံး သေဆုံးသွားခဲ့မည်ဆိုပါက ၊ အင်အားစုနှစ်ဖွဲ့စလုံး၏ လူငယ်မျိုးဆက်သစ်မှာ လုံးဝ ပြတ်တောက်သွားမည် ဖြစ်ကြောင်းကို သင် သိထားရမည်။
အင်အားစုနှစ်ဖွဲ့၏ အကြီးအကဲများသာ ဤကိစ္စကို သိရှိခဲ့မည်ဆိုပါက ၊ အမျက်ဒေါသကြောင့် နေရာမှာတင် လဲကျသေဆုံးသွားနိုင်သည်။
သို့သော်လည်း လူအများစုသည် ဤအတွက် ကရုဏာသက်ခြင်း မရှိကြချေ။ မည်သို့ပင်ဖြစ်စေ ၊ အင်အားစုနှစ်ဖွဲ့မှ လူများက အရင်ဦးစွာ စူးချန်ကဲကို စတင် နှောင့်ယှက်ခဲ့ခြင်း ဖြစ်ကာ၊ အကြောင်းကြောင့် အကျိုးဖြစ်သည် ဟူသော စကားအတိုင်းပင်။
……..
“စူးချန်ကဲ မင်း တကယ်ပဲ.......”
စူးချန်ကဲအဖို့ ရှောင်ဝူရှန်း၏ အချည်းနှီး စကားများကို နားထောင်ရန်မှာ ပျင်းရိလွန်းသည်။
အေးစက်စွာ တစ်ချက်ပြုံးလိုက်ကာ ထို့နောက်တွင် ၊ သူ၏ ခန္ဓာကိုယ်သည် လျှပ်တစ်ပြက် တောက်ပသွားပြီး ဓားကို ဆွဲထုတ်ကာ လေဟာပြင်အထက်မှ အောက်သို့ ခုန်ဆင်းလာခဲ့သည်။
ဤကဲ့သို့ လူတန်းစားများကို ကြည့်ရသည်မှာ ငြီးငွေ့ဖွယ် ကောင်းလွန်းသည်။
သေခါနီးအချိန်တွင် ၊ မိမိ၏ နောက်ခံကို အားကိုးကာ လူကို ဖိအားပေးတတ်သည်။
ထို့အပြင်၊ သူ စူးချန်ကဲသည် နောက်ခံကို ကြောက်နေမည် မဟုတ်ပေ။
အင်အားစုနှစ်ဖွဲ့မှ ပါရမီရှင်အားလုံးကို လုံးလုံးလျားလျား သုတ်သင်ပစ်လိုက်ခြင်းသည် တဖက်လူနဲ့ သူသေကိုယ်သေ ရန်ငြိုးကြီးတစ်ခု ဖြစ်ပေါ်ကာ မျိုးဆက်ဟောင်း လူကြီးများ၏ ရန်ငြိုးဖွဲ့မှုကိုပင် ဆောင်ကြဉ်းလာနိုင်သော်လည်း၊ သို့သော် ဘာကြောက်စရာရှိမည်နည်း။
ဘယ်အိမ်မှာရော တိုက်ခိုက်တတ်တဲ့ လူအိုကြီးတွေ မရှိလို့လဲ!?
“စူးချန်ကဲ!”
တဖက်လူသည် မိမိကို လုံးဝ အလေးမထားသည်ကို တွေ့လိုက်ရသဖြင့် ၊ ရှောင်ဝူရှန်း၏ ဒေါသမှာ ငယ်ထိပ်သို့ ရောက်ရှိသွားသည်။
ဒေါသမီး၏ အဟုန်ကြောင့် စိတ်ထဲမှ ကြောက်ရွံ့မှုသည် ဒီရေအလား ဆုတ်ခွာသွားခဲ့သည်။
ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ အတွေးတစ်ခုတည်းသာ ရှိတော့သည်။ သေရမည်ဆိုတောင်၊ သူသည် စူးချန်ကဲကို ပြင်းပြင်းထန်ထန် ရိုက်နှက်နိုင်ရမည်။
ဝုန်း !
ပြင်းထန်သော လှံဆန္ဒသည် နဂါးငွေ့တန်းသဖွယ် သူ၏ ဘေးတဝိုက်တွင် ဝန်းရံ လှည့်ပတ်နေကာ ၊ ရှောင်ဝူရှန်းသည် ဤအခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးအနှစ်သာရကို အပြည့်အဝ လောင်ကျွမ်းပစ်လိုက်ဟန် ရသည်။
သူ၏ ရောင်ဝါသည် ရုတ်တရက် မြင့်တက်သွားပြီး ၊ ကောင်းကင်အမတနယ်ပယ်နီးပါး ရောက်ရှိသွားသည်။
ဝီ !
မထင်မရှားသော အချိန်မြစ်ရေစီးကြောင်းသည် ဟင်းလင်းပြင်မှ ရစ်ပတ်ထွက်ပေါ်လာပြီး ၊ ၎င်း၏ပုံသဏ္ဌာန်ကို နတ်ဘုရားတစ်ပါး အဖြစ် ထင်ဟပ်စေသည်။
အမတလမ်းစဉ်သို့ ခြေချပြီးနောက်တွင်၊ ဝမ်းဗိုက်အတွင်းမှ စွမ်းအင်စုဝေးရာ အလယ်ဗဟိုသည် အမတရင်းမြစ်အဖြစ် အလိုအလျောက် ပြောင်းလဲသွားပြီး၊ အမတရင်းမြစ်သည် အချိန်မြစ်နှင့် မခွဲခြားနိုင်လောက်အောင် ဆက်စပ်နေသည်။
အမတလမ်းစဉ်၏ အထွတ်အထိပ်အထိ ကျင့်ကြံထားသော အမတဧကရာဇ်မင်းများသာ အချိန်မြစ်ထဲတွင် ပြောင်းပြန် သွားလာနိုင်သည်။
စစ်မှန်အမတနယ်ပယ်ဖြင့် အချိန်မြစ်၏ အခြေခံပုံစံကို ဆင့်ခေါ်လိုက်ခြင်းသည် တစ်ဖက်လူတွင် အခြားထွက်ပေါက်မရှိတော့ဘဲ ၎င်းတို့၏ နောက်ဆုံးစွမ်းအားကို ပေါက်ကွဲ ထုတ်လွှတ်ရန် အတင်းအကျပ်ခိုင်းစေခံရသည်ဟု ဆိုနိုင်သည်။
တစ်ချက်တည်းဖြင့် တဖက်လူကို အဆုံးသတ်ရန် ကြံရွယ်ထားသော စူးချန်ကဲသည် ထိုမြင်ကွင်းကို မြင်လိုက်ရချိန်တွင် မျက်ခုံးတစ်ဖက် ပင့်တင်လိုက်သည်။
သူ၏ လှုပ်ရှားမှုကို ခက်ခက်ခဲခဲ ရပ်တန့်လိုက်ပြီး၊ ရှောင်ဝူရှန်းကို ကစားလိုသော မျက်နှာအမူအရာဖြင့် စိုက်ကြည့်လိုက်သည်။
“ဟား၊ ဒါက မင်းရဲ့ အကောင်းဆုံး တိုက်ခိုက်မှုလား “
“ကောင်းပါတယ် ... ငါ ဆက်ခံသူကလည်း အခြားသူတွေကို အနိုင်ကျင့်ရတာ မကြိုက်ဘူး”
စူးချန်ကဲသည် ဓားကို နောက်ကျောတွင် ထားကာ အပြုံးမပျက် ဆိုလိုက်သည်။
“မင်းကို ပြသဖို့ အခွင့်အရေး တစ်ခုလောက် ပေးလိုက်မယ်”
သို့သော် ဤစကားများသည် ရှောင်ဝူရှန်း၏ နားထဲသို့ ကျရောက်လာချိန်တွင်၊ သူ့ကို ပို၍ပင် ဒေါသထွက်စေခဲ့ပြီး နဖူးမှ သွေးကြောများပင် ဖောင်းကြွလာသည်။
သူ၏ ကျင့်ကြံမှုသည် စူးချန်ကဲထက် မြင့်မားသော်လည်း ၊ တဖက်လူ၏ စကားများသည် လူကို အရမ်းနှိမ်လွန်းသည်။
ယခုအချိန်အထိ သူသည် တဖက်လူ၏ မျက်လုံးထဲတွင် အထင်ကြီးခြင်းမခံရသေးပေ။
အလွန်အမင်း တောက်လောင်နေသော ဒေါသကြောင့် ၊ ရှောင်ဝူရှန်းသည် ကိုယ်ခန္ဓာအတွင်းရှိ စွမ်းအားများကို လျင်မြန်စွာ စုစည်းလိုက်သည်။ မိုးမြေတစ်ခွင်ရှိ ကြီးကျယ်ခမ်းနားသော စွမ်းအားများသည် သူ့လက်ထဲက နတ်ဘုရားလှံဆီသို့ အရူးအမူး စုဝေးလာလေ၏။
ဝုန်း !!
နတ်အလင်းတန်းများသည် ဒီရေအလား အလွှာလိုက် ဆန်တတ်လာကာ သူ၏ နတ်ဘုရားလှံပေါ်တွင် ရစ်ပတ်စုဝေးသွားသည်။
“ဒေဝလောကကို “
ထိုအချိန်တွင် ရှောင်ဝူရှန်သည် သူ၏ စွမ်းအားများကို အပြီးတိုင် စုစည်းပြီးဖြစ်သောကြောင့် ညာခြေထောက်ဖြင့် ရှေ့သို့ တစ်လှမ်းတိုးကာ ဒူးကို အနည်းငယ် ကွေးညွှတ်လိုက်ပြီး ၊ သူ၏ ညာလက်ဖြင့် နတ်ဘုရားလှံကို ဆုပ်ကိုင်ကာ ပစ်လွှတ်တော့မည့် ဟန်အနေအထားကို ပြင်ဆင်လိုက်သည်။
“လှံဖြင့် ဖောက်ထွင်းခြင်း.....”
နောက်ဆုံး စကားလုံးကို ရေရွတ်ပြီးသည်နှင့် ၊ ခန္ဓာကိုယ်တစ်ခုလုံးရှိ စွမ်းအားများကို အသက်သွင်းကာ စူးချန်ကဲထံသို့ ပြင်းပြင်းထန်ထန် ပစ်လွှတ်လိုက်သည်။
ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်သွားစေသော ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ပေါက်ကွဲမှုသည် ကောင်းကင်နှင့်မြေကြီးကို ပြင်းပြင်းထန်ထန် တုန်ခါသွားစေသည်။
ထို့နောက် အာကသထဲတွင် လျှက်တပြတ် ဝင်းလက်သွားသည်ကို လူတိုင်း မြင်လိုက်ရသည်။ နေနှင့်လ ၊ ကြယ်တာရာများကိုပင် ဖောက်ထွင်းကာ ကမ္ဘာပေါ်ရှိ အရာအားလုံးကို အလင်းပေးသော နတ်အလင်းတန်းတစ်ခုသည် ကမ္ဘာမြေမှ ထိုးဖောက်ဝင်ရောက်လာပြီး ၊ ချိုးဖျက်ရန် ခဲယဉ်းသော အင်အားဖြင့် စူးချန်ကဲရှိရာ ဦးတည်ရာဘက်သို့ ပြင်းပြင်းထန်ထန် ကျရောက်သွားသည်။
တဖက်လူမှ ပစ်လွှတ်လိုက်သည့် အခိုက်အတန့်မှာပင် ၊ စူးချန်ကဲသည်လည်း ပြိုင်တူ အရေးယူလိုက်သည်။
သူသည် ဓားကို အသုံးပြုရန် စိတ်ကူးမရှိချေ။ ယင်းအစား လက်သီးဖြင့် ချေမှုန်းရန် ရွေးချယ်လိုက်သည်။
***