“အဟွတ်......”
မိမိအောက်က လက်အောက်ငယ်သားများ၏ သစ္စာဖောက်မှုကြောင့် စူးချန်ကဲ၏ လည်ပင်းညှစ်ခံထားရပြီး လေထဲတွင် မြှောက်ခံထားရသော ရှောင်ဝူရှန်းသည် အားနည်းနေသော အခြေအနေမှာပင် ဒေါသကြောင့် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
“ သစ္စာဖောက်ကောင်တွေ!”
အလွန်အမင်း ဒေါသထွက်နေခြင်းကြောင့်လား မသိနိုင်သော်လည်း၊ မူလက ပြတ်တောင်းပြတ်တောင်း ဖြစ်နေသော စကားများသည် ချောမွေ့လာခဲ့သည်။
“ငါ့ ဖုန်းယွင်လှံခန်းမရဲ့ ပါရမီရှင်တွေ အနေနဲ့.... ဘယ်လိုလုပ်ပြီး ဒီလောက်ထိ မာန်မာနမရှိရတာလဲ “
“မင်းတို့နဲ့ အတူတူ ရှိရတာ ငါ ရှက်တယ်..... “
တစ်ချိန်တည်းမှာပင် ရှောင်ဝူရှန်း၏ စိတ်ထဲတွင် စိတ်ပျက်အားငယ်သော ခံစားချက်တစ်ခု ဝင်ရောက်လာပြီး အော်ဟစ်လိုက်သည်။
“ဘာလို့လဲ.....!?”
“ ငါတို့ဂိုဏ်းက ကာကွယ်စောင့်ရှောက်သူ ဘာလို့ ခုထိ မပေါ်လာရသေးတာလဲ “
“ငါတို့အားလုံး ဒီနေရာမှာတင် သေဆုံးသွားတာကို ဒီတိုင်း မျက်စိမှိတ်ပြီး ကြည့်နေတော့မှာလား”
သို့သော် ရှောင်ဝူရှန်း မသိသည်မှာ သူတို့၏ ကာကွယ်စောင့်ရှောက်သူများသည် အရင်ကတည်းက ခြေတစ်လှမ်း ဦးသွားခဲ့ပြီ ဖြစ်သည်။
နတ်ဘုရားလက်နက် အမတမျှော်စင်၌ ရှိစဉ်ကတည်းက ပီယွီ့ ကောင်းကင်အရှင်သည် သူတို့၏ နောက်ကွယ်မှ ကာကွယ်စောင့်ရှောက်သူများကို သန့်စင်ပေးခဲ့ပြီး ဖြစ်သည်။
………
ထိုစကားကို ကြားသော်လည်း စူးချန်ကဲသည် လုံးဝ အလေးမထားဘဲ ၊ သူ၏ နှုတ်ခမ်းသားများသည် လှောင်ရယ်အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားခဲ့သည်။
“ဒီမှာ ဟန်ဆောင်တာတွေ ရပ်လိုက်တော့”
“မင်းတို့က ငါတို့ကို တစ်ကြိမ်ပြီးတစ်ကြိမ် သတ်ဖို့ကြိုးစားခဲ့တာ ...မင်းတို့ကို ငါ လွှတ်ပေးမယ်လို့ မင်းထင်လား “
စူးချန်ကဲသည် တစ်ချက် ဝှေ့ယမ်းကြည့်ရှုလိုက်ပြီး ၊ ကွေးယွမ်အမတဂိုဏ်းမှ ကျင့်ကြံသူများကို အမိန့်ပေးလိုက်သည်။
“ငါ အရင်က ပြောခဲ့တဲ့အတိုင်း သူတို့အားလုံးကို တစ်ယောက်မှ မချန်နဲ့ အကုန်ရှင်းပစ်!”
ရန်သူကို သနားခြင်းသည် မိမိကိုယ်ကို ရက်စက်ခြင်းပင် ဖြစ်သည်။
ဤနတ်ဘုရားလက်နက် အမတမျှော်စင်သို့ ခရီးစဉ်သည် အမတနယ်မြေတွင် သူ၏ ပထမဆုံးအကြိမ်အဖြစ် ခရီးသွားလာခြင်း ဖြစ်သည်။
ဤအခွင့်အရေးကို အသုံးပြုကာ လူတိုင်း ကြောက်ရွံ့ရသည့် နာမည်တစ်ခုကို ရယူနိုင်မည်ဆိုပါက ၊ နောင်တွင် မည်သူမျှ သူ့ကို လာရောက် နှောင့်ယှက်ရဲလိမ့်မည် မဟုတ်ပေ။
ထို့ကြောင့် ယနေ့တွင် ကောင်းကင်ဘုံမှ ဘုရင်တစ်ပါး ကိုယ်တိုင် ဆင်းသက်လာသည့်တိုင် ၊ ဤလူစုသည် သေရမည်သာ ဖြစ်သည်။
“အမ်....”
စူးချန်ကဲ၏ စကားများသည် အင်အားစုနှစ်ဖွဲ့မှ လူများကို ထိတ်လန့်တုန်လှုပ်သွားစေရုံသာမက၊
ပတ်ဝန်းကျင်မှ ဝိုင်းကြည့်နေကြသော ကျင့်ကြံသူ အများအပြားသည်လည်း မျက်နှာများ ဖြူဖျော့ကုန်ကာ လေကို အရူးအမူး ရူးသွင်းလိုက်ကြသည်။
စူးချန်ကဲ၏ လုပ်ရပ်များသည် သူတို့ မျှော်လင့်ထားသည်ထက် လုံးဝ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခင်က စူးချန်ကဲ၏ အင်အားကြီးမားသော နောက်ခံကို မနာလိုခြင်းကြောင့် လူအများသည် အနည်းငယ် မကျေမနပ် ဖြစ်ခဲ့ကြသည်။
သို့သော် ယခုတွင် တဖက်လူသည် လုံးဝ ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်ပုံရသည်။
သူ့ကို ရန်ပြုသူတိုင်း သေလမ်းမှတစ်ပါး အခြားမရှိ။
စိတ်ထဲက ထိတ်လန့်ခြင်းနှင့်အတူ ၊ သတ္တိနည်းသော ကျင့်ကြံသူ အချို့သည် ထိုမြင်ကွင်းကို ဆက်မကြည့်တော့ဘဲ အကြည့်လွှဲလိုက်ကြသည်။
အင်အားစုနှစ်ဖွဲ့မှ ထောင်ပေါင်းများစွာသော ပါရမီရှင်များသည် ဤနေရာတွင် သေဆုံးရတော့မည် ဖြစ်ကာ ၊ ဤမြင်ကွင်းမျိုးသည် သွေးသံရဲရဲဖြင့် ထိတ်လန့်စရာ ကောင်းပေလိမ့်မည်။
“ချန်ကဲ ဆက်ခံသူရဲ့ မိန့်ကြားချက်အတိုင်း မင်းတို့ လူယုတ်မာအုပ်စုကို သေလမ်းပို့ပေးမယ် “
ဝမ်မင် အပါအဝင် ကြယ်စုသခင် ပါရမီရှင် သုံးဦးသည် ကွေးယွမ်အမတဂိုဏ်းမှ လူများကို ဦးဆောင်ကာ ၊ အင်အားစုနှစ်ဖွဲ့မှ ပါရမီရှင်တပည့်များကို ချေမှုန်းရန်ဟန်ပြင်လိုက်စဉ် ၊
ဝုန်း ——
မိုးကောင်းကင်အထက်တွင် လျှပ်စီးများ ဝင်းလက်ကာ မိုးခြိမ်းသံများ ထွက်ပေါ်လာပြီး တစ်ချိန်တည်းမှာပင် ပြင်းထန်သော မဟာလမ်းစဉ် ဖိအားတစ်ခု ကျဆင်းလာခဲ့သည်။
အဆိုပါ ရောင်ဝါ၏ လွှမ်းမိုးမှုအောက်တွင် ၊ ဤနေရာတစ်ခုလုံးသည် အတိုင်းအတာတစ်ခုအထိ ဖိနှိပ်ခံထားရသည်။
“အမ်...”
ရှောင်ဝူရှန်းကို ပို့ဆောင်ရန် ပြင်ဆင်နေသော စူးချန်ကဲသည်လည်း အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး မိုးကောင်းကင်ကို မော့ကြည့်လိုက်သည်။
“ အတော်ပြင်းထန်တဲ့ ရောင်ဝါပဲ.... အမည်မသိ စွမ်းအားရှင်တစ်ဦး ရောက်လာတာလား “
မူလက မျက်ဝန်းအရောင်များ မှိန်ဖျော့ကာ သေရန် အသင့်ပြင်ထားသော ရှောင်ဝူရှန်းသည် ရုတ်တရက် ထွက်ပေါ်လာသော ရောင်ဝါကို ခံစားလိုက်ရသည်နှင့် ၊ အသက်ကယ်ကြိုးတစ်ခုကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ မျက်လုံးများက ပြန်လည် အရောင်တောက်လာသည်။
ဝမ်းသာအားရမှုများဖြင့် ပြည့်နှက်နေပြီး ၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် စိတ်လှုပ်ရှားမှုကြောင့် ထိန်းမနိုင်သိမ်းမရ တုန်ရီနေခဲ့သည်။
“ဒီရောင်ဝါက..... ဂိုဏ်းချုပ်.... ဂိုဏ်းချုပ် ကိုယ်တိုင် ကြွလာတာပဲ “
“ဟားဟားဟားဟား.....ငါ မသေတော့ဘူး ၊ ငါ မသေတော့ဘူး “
ထိုနည်းတူစွာ ၊ နှိပ်ကွပ်ခံထားရသော ကျန်းယွီကျင်းနှင့် ချုးရှောင်တို့သည်လည်း မျက်လုံးများ အရောင်တောက်လောင်ကာ စိတ်လှုပ်ရှားစွာဖြင့် မိုးကောင်းကင်ကို ကြည့်လိုက်ကြသည်။
“ဂိုဏ်းချုပ်ပဲ.... ငါတို့ ထျန်းချန်လမ်းစဉ်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း ကြွလာပြီ “
ဝီ !
ကောင်းကင်အထက်ရှိ လျှပ်စီးကြောင်းများသည် ပို၍သိပ်သည်းလာပြီး ၊ ကောင်းကင်ပြင်တစ်ခုလုံးကို ထိန်လင်းတောက်ပသွားစေသည့်အပြင် ပြင်းထန်သော ဖိအားများက အောက်ဘက်ရှိ ကျင့်ကြသူများကို အသက်ရှုလို့မရအောင် ဖြစ်စေသည်။
“ဒါတွေက..... “
လူတိုင်း၏ ထိတ်လန့်သော အကြည့်များအောက်တွင် ၊ မိုးကြိုးများဖြင့် ယှက်နွယ်ဖွဲ့စည်းထားသော ဝဲဂယက်သည် ဖြည်းညင်းစွာ ပြိုကွဲသွားပြီး ၊ အတွင်းပိုင်းထဲမှ မှောင်မိုက်နေသော ဗလာပြင်ကို ဖော်ထုတ်ပြသခဲ့သည်။
ယင်းအတွင်း၌ ၊ ခမ်းနားကြီးကျယ်သော ပုံရိပ်နှစ်ခုသည် ထင်ရှားစွာ ထွက်ပေါ်လာခဲ့သည်။
၎င်းတို့၏ ခန္ဓာကိုယ်သည် သွေးစွမ်းအားများဖြင့် ပြည့်နှက်နေပြီး ၊ ခန္ဓာကိုယ်အတွင်းမှ ပျံ့နှံ့ထွက်ပေါ်လာသော တာအိုစည်းချက်များသည် အလွန်ကို နက်နဲကာ လျို့ဝှက်ဆန်းကြယ်ပေသည်။ ရွှေရောင်အလင်းတန်းများက ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းထားသဖြင့် မှောင်မိုက်နေသော မိုးကောင်းကင်အထက်တွင် တောက်ပစွာ ထွက်ပေါ်နေသည်။
“ဂိုဏ်းချုပ် “
ဂိုဏ်းနှစ်ခုမှ တပည့်များသည် ဤလူရိပ်နှစ်ခုကို မြင်လိုက်ရသည်နှင့်၊ အလွန်အမင်း ဝမ်းသာသော အမူအရာများကို ထုတ်ဖော်လာကြပြီး ၊ ၎င်းတို့၏ စိတ်ထဲမှ ကြောက်ရွံ့မှုသည် ဒီရေအလား လျင်မြန်စွာ ပြေပျောက်သွားသည်။
ဤနေရာသို့ ရောက်ရှိလာသူ နှစ်ဦးမှာ ဖုန်းယွင်လှံခန်းမ၏ ဂိုဏ်းချုပ် ထျန်းချန် အမတဧကရာဇ်မင်း နှင့် ၊
ထျန်းချန်လမ်းစဉ်ဂိုဏ်း၏ ဂိုဏ်းချုပ် ချန်ယွမ် အမတဧကရာဇ်မင်းတို့ ပင် ဖြစ်သည်။
“ဂိုဏ်းချုပ်?”
စူးချန်ကဲသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ထိုလူနှစ်ဦး၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရသော်လည်း ၊
တဖက်လူမှ ဖြာထွက်လာသော ကြောက်ခမန်းလိလိ ရောင်ဝါများအရ ၊ ၎င်းတို့သည် ထိပ်တန်း အမတဧကရာဇ်မင်းများ ဖြစ်မည်မှာ ဧကန်မလွဲပင်။
သို့သော် လေထဲတွင် ပျံ့နှံ့ထွက်ပေါ်လာသော တာအိုစည်းချက်များသည် စစ်မှန်မှု မရှိသောကြောင့် ၎င်းတို့သည် ဓမ္မကိုယ်ထည်များဖြင့် ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။
သို့သော် စူးချန်ကဲသည် ဂရုမစိုက်ချေ။ ဒေဝလောက ပြန်လည်စတင်ရာခေတ်တွင် မူလကတည်းက သတ်မှတ်ထားသော စည်းကမ်းအရ လူငယ်မျိုးဆက်သစ်၏ ယှဉ်ပြိုင်မှုတွင် မျိုးဆက်ဟောင်းများ အနေဖြင့် ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။
အကယ်၍ တဖက်လူသည် ဤစည်းမျဉ်းကို ဖျက်ဆီးရန် ကြိုးစားလာပါက ၊ မိမိနောက်ကွယ်မှ အင်အားစုများသည်လည်း ငြိမ်နေမည် မဟုတ်ပေ။ ထို့ကြောင့် သူ့အဖို့ ကြောက်စရာမရှိချေ။
ဤအင်အားစုကြီးနှစ်ခု၏ ဂိုဏ်းချုပ်များသည် ကိုယ်ပွားများဖြင့် ရောက်ရှိလာပြီး မိမိနှင့် မည်သည့် လှည့်ကွက်မျိုး ကစားလိုသည်ကို သူ ကြည့်ချင်သေး၏။
စူးချန်ကဲသည် အတွေးများကို ပြန်လည်ရုတ်သိမ်းပြီးနောက် ၊ အကြည့်နှစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
“ဟားဟား.... ဒီလူငယ်လေးက ချန်ကဲ ဆက်ခံသူ ဖြစ်ရမယ်”
ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ဂိုဏ်းချုပ်၏ အသံသည် မိုးနှင့်မြေကြား ပဲ့တင်ထပ်သွားသည်။
“လူသားတွေကြားထဲမှာ တကယ့်ကို နဂါးတစ်ကောင်ပဲ “
“ ရှားပါးတဲ့ အရည်အချင်း ၊ ယှဉ်နိုင်စရာမရှိတဲ့ ခွန်အားအပြင် တားမြစ်အင်အားစုကြီး သုံးဖွဲ့ရဲ့ တစ်ဦးတည်းသော ဆက်ခံသူ ဆိုတဲ့အတိုင်း တကယ်ကို နာမည်နဲ့ လိုက်ဖက်ပါပေတယ်”
ဖုန်းယွင်လှံခန်းမမှ ဂိုဏ်းချုပ်သည်လည်း သံယောင်လိုက်ကာ ချီးကျူးလိုက်သည်။
ဤမြင်ကွင်းသည် ရုတ်တရက်ဆန်လွန်းပြီး၊ လူတိုင်း ထင်မှတ်မထားကြချေ။
အင်အားစုနှစ်ဖွဲ့မှ လူများကို အရေးယူရန် ပြင်ဆင်နေသော ကွေးယွမ်အမတဂိုဏ်းနှင့် ယောင်ကွမ်အမတဂိုဏ်းမှ လူများသည်လည်း စူးချန်ကဲဘက်သို့ လှည့်ကြည့်လိုက်ကြပြီး ၊ သူ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေခဲ့ကြသည်။
***