“ဟားဟား.... လူကြီးမင်းတို့နှစ်ဦးက ချီးကျူးလွန်းတာပါ “
ထိုမြင်ကွင်းကို မြင်သော်လည်း ၊ စူးချန်ကဲသည် စိတ်လှုပ်ရှားခြင်း မရှိဘဲ သူ့လက်ထဲက ရှောင်ဝူရှန်းကို ခွေးသေတစ်ကောင်ကဲ့သို့ မြေပေါ်သို့ ပစ်ချလိုက်သည်။
ဝုန်း !
တဖက်လူ ထွက်ပြေးမသွားစေရန် စူးချန်ကဲသည် ရှောင်ဝူရှန်း၏ ရင်ဘတ်ကို သူ့ ခြေထောက်ဖြင့် အားပါပါ နင်းထားလိုက်သည်။
ထို့အပြင် အကြည့်ဖြင့် သတိပေးလိုက်သေးသည်။ အကယ်၍ တဖက်လူသည် သေးငယ်သော လှုပ်ရှားမှု ပြုလုပ်ရဲပါက ၊ သူသည် ၎င်းအား ချက်ချင်းလက်ငင်း သေလမ်းသို့ ပို့ဆောင်ပေးမည်။
ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက်မှသာလျှင် ၊ သူသည် တည်ငြိမ်သော လေသံဖြင့် ဖြည်းညှင်းစွာ ပြန်ပြောလိုက်သည်။
“လူကြီးမင်းနှစ်ပါး ကြွရောက်လာရတဲ့ အကြောင်းရင်းကို မသိလို့ မေးပါရစေ”
“ဒေဝလောက ပြန်လည်စတင်ရာခေတ်မှာ မျိုးဆက်ဟောင်းတွေက လူငယ်မျိုးဆက်သစ်တွေရဲ့ ကိစ္စကို ဝင်ရောက်စွက်ဖက်လို့ ရတာလား “
“ လူကြီးမင်းနှစ်ဦးက ဒီလောက်ထိ မျက်နှာအရေထူရင်တော့ ဒါဆို ချန်ကဲကလည်း မိသားစုက လူကြီးတွေကို ရှာပြီး အဆုံးအဖြတ် ခံယူရမှာပဲ”
ဤစကားများ ထွက်ပေါ်လာသည် နှင့် ၊ လောကကြီးသည် ထူးဆန်းသော ဆိတ်ငြိမ်ခြင်းထဲသို့ တစ်ဖန် ကျရောက်သွားဟန် ရသည်။
ဝိုင်းကြည့်နေကြသော ကျင့်ကြံသူများမှာလည်း မျက်လုံးအိမ်များ ကျုံ့ဝင်သွားကာ စူးချန်ကဲအား မယုံနိုင်သော အမူအရာများဖြင့် ကြည့်ရှုနေကြသည်။
ဒါ ဘယ်လိုတောင်လဲ!
ဖုန်းယွင်လှံခန်းမ၏ ဂိုဏ်းချုပ်ကို မျက်စိရှေ့မှောက်တွင် ၊ ၎င်းတို့ဂိုဏ်း၏ မျိုးဆက်သစ် ပါရမီရှင်ဖြစ်သော လှံနတ်ဘုရားကို ခွေးသေတစ်ကောင်ကဲ့သို့ ခြေအောက်တွင် နင်းထားသည်ကို ထည့်မပြောခင်၊
သူသည် အမတဧကရာဇ်မင်း နှစ်ဦးစလုံးကို မျက်နှာအရေထူသည်ဟုပင် ဆဲရေးလိုက်သေး၏။
သူတို့ကို ပို၍ တုန်လှုပ်သွားစေသည်မှာ စူးချန်ကဲ၏ လေသံထဲတွင် ခြိမ်းခြောက်မှု အပြည့် ရှိနေခြင်းပင်။
တစ်နည်းအားဖြင့် ၊ ယနေ့တွင် သူတို့သည် မျိုးဆက်ဟောင်းဆိုသည့် ဂုဏ်သိက္ခာကို အမှီပြု၍ ဤကိစ္စတွင် ဝင်ရောက်စွက်ဖက်မည်ဆိုပါက ၊ တားမြစ်စူးမိသားစုမှ ဘိုးဘေးများကို ရှာဖွေကာ “ ကျိုးကြောင်းဆင်ခြင်မှု” နှင့်ပတ်သတ်၍ တောင်းဆိုမည့်အပေါ် သူ့ကို အပြစ်မတင်နှင့်ဟု ဆိုလိုလိုက်ခြင်းပင်။
သို့သော် လူအများစု၏ စိတ်ထဲတွင် စူးချန်ကဲသည် မောက်မာသည်ဟု မထင်ကြဘဲ ၊ ယင်းအစား စိတ်ထဲတွင် လေးစားမိသော ခံစားချက်တစ်ခုသာ ဖြစ်ပေါ်လာသည်။
ဤသည်မှာ အမတနယ်မြေ၏ ထိပ်တန်း မျိုးဆက်သစ် ပါရမီရှင်တစ်ယောက်တွင် ရှိသင့်သော အခြေခံအုတ်မြစ်ပင် ။
အကယ်၍ သူတို့တွင် စူးချန်ကဲကဲ့သို့သော တောင့်တင်းသော နောက်ခံ ၊ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်မည့် အရည်အချင်းမျိုး ရှိခဲ့မည်ဆိုပါက ၊ သူတို့သည် စူးချန်ကဲထက်တောင် ပို၍ မောက်မာမိမှာ သေချာသည်။
…….
မိုးကောင်းကင်အထက်ရှိ အမတဧကရာဇ်မင်း နှစ်ဦးသည် ထိုစကားကိုကြားလိုက်ရသည်နှင့် ၊ ၎င်းတို့၏ မျက်နှာများသည် အုံ့မှိုင်းသွားကြသည်။
အထူးသဖြင့် နတ််မြူခိုးအောက်တွင် ဝှက်ထားသော ဖုန်းယွင်လှံခန်းမမှ ဂိုဏ်းချုပ်၏ မျက်နှာတစ်ခုလုံးသည် နီမြန်းလို့နေသည်။
ရှောင်ဝူရှန်းသည် ဖုန်းယွင်လှံခန်းမ၏ မျိုးဆက်သစ် ထိပ်တန်း ပါရမီရှင် ဖြစ်ကာ ၊ သူ၏ အရည်အချင်းကြောင့် ဂိုဏ်း၏ ဂုဏ်ယူဖွယ်ရာ မျက်နှာဖုံးဟုပင် ခေါ်ဆိုကြသည်။
ယခုတွင်မူ စူးချန်ကဲသည် သူ့ကို ခွေးသေတစ်ကောင်ကဲ့သို့ သူ့ခြေအောက်တွင် နင်းချေထားသည်။ ဤသည်မှာ ရှောင်ဝူရှန်းကို အရှက်ရစေခြင်း မဟုတ်ဘဲ သူ၏ ဖုန်းယွင်လှံခန်းမ တစ်ခုလုံးကို အရှက်ခွဲလိုက်ခြင်းပင် ဖြစ်သည်။
ဤနေရာတွင် လူအများကြီးရှိနေပြီး ၊ ဤသတင်းသာ အမတနယ်မြေတစ်ခွင် ပျံ့နှံ့သွားပါက၊ သူ၏ ဖုန်းယွင်လှံခန်းမသည် အမတနယ်မြေတွင် မည်သို့ ဆက်လက် ရပ်တည်နိုင်မည်နည်း။
သူ့အတွက် အလွန်စိတ်မချမ်းစရာ အကောင်းဆုံးမှာ မိမိသည် မည်မျှပင် ဒေါသထွက်သော်လည်း သည်းခံရုံသာ တတ်နိုင်သည်။
အကြောင်းမှာ သူသည် စူးချန်ကဲကို ရန်မစရဲချေ။ သူ့နောက်ကွယ်မှ တားမြစ်အင်အားစု သုံးခုကိုလည်း ပြသနာမရှာရဲပေ။
သူတို့သည် သာလွန် အင်အားစု(၁၈)ဖွဲ့ထဲတွင် ပါဝင်သော်လည်း ၊ တားမြစ်အင်အားစုများနှင့် နှိုင်းယှဉ်ပါက မိုးနှင့်မြေပင်။
……..
“သေသင်တဲ့ ကောင်စုတ်လေး.....”
အမတဧကရာဇ်မင်း နှစ်ပါးသည် စိတ်ထဲတွင် တစ်ပြိုင်နက် ဆဲရေးလိုက်ကြသည်။
နဖူးမှ သွေးကြောများပင် ဖောင်းကြွလာပြီး ရင်ဘတ်မှာ နိမ့်ချေမြင့်ချေ ဖြစ်လို့နေသည်။
အမတဧကရာဇ်မင်းများအနေဖြင့် ၊ သူတို့သည် ဘယ်သောအခါမှ နုံချာသော စစ်မှန်အမတအဆင့်ရှိ လူတစ်ယောက်၏ ဆဲရေးခြင်းကို မခံရဖူးချေ။
တိုက်မြေ သုံးထောင်တွင် ဧကရာဇ်တစ်ပါးကို ဘယ်သောအခါမှ မစော်ကားရန် ဆိုကြသည်။ ဒေဝလောကရှိ ထောင်ပေါင်းများစွာသော နယ်မြေတို့၏ အထွက်အထိပ်တွင် ရပ်တည်နေသော အမတဧကရာဇ်မင်းများသာ ဆိုလျှင်ဖြင့် စကားနှင့်ပင် ထည့်ပြောစရာမလိုတော့ချေ။
သာမန်လူတစ်ယောက်သာ ဆိုလျှင်ဖြင့် ၊ သူတို့ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် သံသရာစက်ဝန်းထဲသို့ ပို့ဆောင်ကာ ထာဝရငရဲအဖြစ် စီရင်ပြီး ဖြစ်လိမ့်မည်။
“ဟူး... စိတ်ငြိမ်ငြိမ်ထား... စိတ်ငြိမ်ငြိမ်ထား...”
အသက်အနည်းငယ် ရှုသွင်းပြီးနောက်မှသာလျှင် ၊ သူတို့နှစ်ယောက်စလုံးသည် နှလုံးသားထဲက ဒေါသကို ထိန်းထားနိုင်ခဲ့သည်။
စူးချန်ကဲ၏နောက်တွင် အစွမ်းထက်သော ကာကွယ်သူတစ်ယောက် သေချာပေါက် ရှိပေလိမ့်မည်။
တားမြစ်အင်အားစုသုံးဖွဲ့တွင် အမတဧကရာဇ်မင်းများ မရေမတွက်နိုင်အောင်ပင် ရှိသည်။
ထိုကြောင့် သူတို့ထက် အားမနည်းသော အမတဧကရာဇ်အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ရှိနေနိုင်ပြီး၊ ၎င်းသည် စူးချန်ကဲကို နောက်ကွယ်မှ ကာကွယ်ပေးနေနိုင်သည်။
အကယ်၍ သူတို့သည် စူးချန်ကဲကို ဆန့်ကျင်ပါက ၊ သူတို့၏ အင်အားစုများသည် ပျက်စီးကိန်းဆိုက်သွားနိုင်သည်။
စိတ်ကို တည်ငြိမ်အောင်ထားပြီးနောက် ၊ ထျန်းချန်အမတ ဧကရာဇ်မင်းက အတင်းပြုံးလိုက်ပြီး ဆက်ပြောသည်။
“ ဟားး.... ချန်ကဲ ဆက်ခံသူ မင်းကလည်း ဘာစကားတွေပြောနေတာလဲ “
“ငါတို့အားလုံးက အမတနယ်မြေက လောကသားတွေပဲလေ ...တစ်နေ့နေ့ တစ်ချိန်ချိန် ပြန်ဆုံကြရမှာပဲ...ချန်ကဲ ဆက်ခံသူအနေနဲ့ နည်းနည်းလောက် သက်ညှာပေးပါဦး”
“ဘာပဲဖြစ်ဖြစ်၊ သူတို့အားလုံးက ဂိုဏ်းနှစ်ခုရဲ့ မျိုးဆက်သစ် ပါရမီရှင်တွေလေ “
“ ချန်ကဲ ဆက်ခံသူသာ သူတို့အားလုံးကို သတ်ပစ်လိုက်ရင် ... ငါတို့ဂိုဏ်းနှစ်ခုစလုံး အခြေခံ အုတ်မြစ်နဲ့ အမွေအနှစ်တွေ ဆုံးရှုံးရတော့မယ်”
ထိုသို့ပြောနေစဉ်မှာပင် ၊
ထျန်းချန် အမတဧကရာဇ်မင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဝီ!
အာကာသ ဟင်းလင်းပြင်တွင် လှိုင်းတံပိုးများ ထသွားကာ ရွှေရောင် မှော်စာလုံးများသည် ပုံစံတစ်ခုအဖြစ် အထက်ကောင်းကင်ယံတွင် ပေါင်းစည်းသွားကြသည်။
အမတ အလင်းများကို ထုတ်လွှတ်နေသော တောက်ပသော ဆေးဖက်ဝင် အပင်တစ်ပင်သည် အတွင်းပိုင်းမှ ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့သည်။
ထိုအရာ ထွက်ပေါ်လာသည်နှင့် ၊ မျက်စိတမှိတ်အတွင်းမှာပင် မွှေးကြိုင်သော ဆေးဖက်ဝင်အပင်ရနံ့တစ်ခုသည် လေထုထဲတွင် ပြည့်နှက်သွားပြီး ၊ ၎င်းကိုရှူရှိုက်မိသူတိုင်း လန်းဆန်းစေကာ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်များကိုပင် လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သည်။
တစ်ချိန်တည်းမှာပင် ၊ အမတ ဆေးဖက်ဝင်အပင်ကို ကိုင်ဆောင်ထားသော ထျန်းချန် အမတ ဧကရာဇ်မင်းသည် အနည်းငယ်ပြုံးလိုက်ပြီး စပြောလာသည်။
“ငါ့ဂိုဏ်းရဲ့ တပည့်တွေက ချန်ကဲဆက်ခံသူကို မရည်ရွယ်ဘဲ စော်ကားမိသွားတယ်....သူတို့တွေက အမြင်မရှိလို့ပါ “
“ဒါက နေနဲ့လရဲ့ အသန့်စင်ဆုံး အနှစ်သာရတွေ ပါဝင်တဲ့ ကိုးကွေ့အမတ ဖီးနစ်မြက်ပဲ... မင်းအနေနဲ့ သူ့ကို စုပ်ယူနေသရွေ့ မိုးမြေရဲ့ မဟာလမ်းစဉ် အနှစ်သာရတွေကို နားလည်လာလိမ့်မယ်”
“ဒီနေ့ ကိစ္စကို တောင်းပန်တဲ့အနေနဲ့ ချန်ကဲ ဆက်ခံသူကို ဒီလက်ဆောင်ကို ပေးချင်ပါတယ်... ဒါကြောင့် ကျွန်တော့်ရဲ့ဂိုဏ်းက ပါရမီရှင်တွေရဲ့ အသက်ကို ချမ်းသာပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ်”
ချက်ချင်းဆိုသလိုပင်၊ ချန်ယွမ် အမတ ဧကရာဇ်မင်းကလည်း ထိုနည်းတူစွာ သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟင်းလင်းပြင်သည် ဖြည်းညှင်းစွာ ပွင့်သွားပြီး၊ အထဲမှ ရောင်စုံငါးသွယ်ဖြင့် တောက်ပနေသော အမတဓားတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
“ ချန်ကဲ ဆက်ခံသူရဲ့ဓားလမ်းစဉ် ပါရမီဟာ ယှဉ်နိုင်စရာမရှိအောင် ကောင်းမွန်ပြီး လူတိုင်းထက် သာတယ်ဆိုတာ ကျွန်တော် သိတယ်”
“ဆိုရိုးစကားအတိုင်း မြင်းကောင်းတစ်ကောင်ဟာ ကောင်းမွန်တဲ့ ကုန်းနှီးတစ်ခုနဲ့ ထိုက်တန်ပြီး ... ကောင်းမွန်တဲ့ ဓားတစ်ချောင်းဟာ သူရဲကောင်းတစ်ယောက်နဲ့ ထိုက်တန်တယ်”
ချန်ယွမ် အမတဧကရာဇ်မင်းက ဆက်လက် မိတ်ဆက်လိုက်သည်။
“ဒီဓားဟာ ကောင်းကင်အလွန်က နတ်ဘုရားသံနဲ့ ပြုလုပ်ထားတဲ့ ကျောက်စိမ်းအသွင်ပြောင်းဓားပဲ... ကြယ်တာရာကို လင်းလက်စေပြီး နေနဲ့လကို ပိုင်းခြားနိုင်တယ်”
“ ဒီနေ့မှာ ဒီဓားကို ချန်ကဲ ဆက်ခံသူကို ပေးအပ်လိုက်ပါတယ်...ချန်ကဲ ဆက်ခံသူအနေနဲ့ အပြစ်ကို ခွင့်လွှတ်ပြီး သက်ညှာပေးဖို့ နှိမ့်ချစွာ တောင်းဆိုပါတယ် “
***