လီကျစ်က ခေါင်းညိတ်ပြီး …
"ကောင်းပြီ... ဒီနေ့ကစပြီး မင်းက အိမ်တော်အစောင့်ခေါင်းဆောင်ပဲ။ မင်းအတွက် လက်အောက်ငယ်သား (၁၀) ယောက် ရှာပေးမယ်။ အဲဒီလူတွေကို နေ့တိုင်း ဆပ်ပြာအလုပ်ရုံ အပေါက်ဝမှာအစောင့်ချထားပြီး ကျန်တဲ့သူတွေကိုတော့ ခြံဝင်းထဲမှာလေ့ကျင့်ရေးလုပ်ဖို့ တာဝန်ပေးရမယ်"
"မင်းက ခေါင်းဆောင်ဆိုပေမဲ့ မင်းရဲ့ လက်ရှိလစာကတော့ တစ်လကို ငွေစ နှစ်သျှူး ပဲ ရှိဦးမယ်။ နောင်ကျရင် မင်းရဲ့ အိမ်တော်အစောင့်အဖွဲ့က စွမ်းဆောင်ရည်ကောင်းတွေ ပြနိုင်တယ်ဆိုရင် မင်းရဲ့ လစာကို တိုးပေးမယ်"
ကျုံးဖုန်း၏မျက်နှာမှာ ဝမ်းသာလွန်းသဖြင့် ရဲတက်သွားပြီး…
"သိပ်ကောင်းတာပေါ့။ အစ်ကိုကျစ်က တကယ့်ကိုသဘောကောင်းတာပဲ… ကျွန်တော့်ကို လက်အောက်ငယ်သား (၁၀) ယောက်တောင်ပေးတယ်ဆိုတော့။ အစ်ကိုကျစ် စိတ်ချပါ… ကျွန်တော် အိမ်တော်အစောင့်ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်အောင်နေပြီး ကင်းစောင့်တာတွေ… လေ့ကျင့်ရေးတွေကို သေချာစီစဉ်ပါ့မယ်။ အလုပ်ရုံကို လိုချင်နေတဲ့ ဟိုလူယုတ်မာတွေကို ကျွန်တော် ရိုက်နှက်ပစ်မယ်"
လီကျစ်က ခေါင်းညိတ်ပြပြီးနောက် ထွက်ခွာသွားသည်။
အိမ်ပြန်ရောက်သောအခါ လီကျစ်သည် သူ၏ အဘိုး လီယိုရှန်းကို ထပ်မံခေါ်ယူပြီး အိမ်တော်အစောင့်အဖြစ် တာဝန်ထမ်းဆောင်ရန် ဆွေမျိုး (၆) ယောက်ကို အကြံပြုခိုင်းလိုက်သည်။ ဤကဲ့သို့ အခွင့်အရေးကောင်းကို လီယိုရှန်းက လက်လွှတ်မခံသည်မှာသေချာပြီး လီကျစ် တစ်ခါမှ မမြင်ဖူးသော ဆွေမျိုး (၆) ယောက်ကို အကြံပြုကာ သူတို့အားလုံး ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းကာ အရပ်မြင့်မားသူများ ဖြစ်ကြောင်းပြောဆိုသည်။ လီကျစ်သည် မိခင်ဘက်မှ အဖိုးဖြစ်သူ ကျန်းဖင်းချွမ်း ထံသို့လည်း သတင်းစကားပါးလိုက်ရာ အဖိုးဖြစ်သူက ကိုယ်လုံးကိုယ်ထည် ထွားကျိုင်းသည့် ဆွေမျိုး (၄) ယောက်ကို ချက်ချင်းအကြံပြုပေးသဖြင့် အိမ်တော်အစောင့်အဖွဲ့ဝင် (၁၀) ယောက် ပြည့်သွားတော့သည်။
လီကျစ်သည် ကျုံးဖုန်း၏နေရာတွင် အစားထိုးရန်အတွက် ရပ်ကွက်ထဲမှ လူငယ်တစ်ဦးကိုလည်း အလုပ်ရုံအကူအဖြစ် ခေါ်ယူလိုက်သည်။
အိမ်တော်အစောင့်အဖွဲ့မှာ လီကျစ် ဤခေတ်သို့ ရောက်ရှိလာပြီးနောက် ပထမဆုံးအကြိမ် ကွပ်ကဲရသော လက်နက်ကိုင် အင်အားစုဖြစ်သဖြင့် သူက အထူးအလေးထားလေသည်။
အိမ်တော်အစောင့်အဖွဲ့ ဖွဲ့စည်းပြီးနောက် သူတို့သည် နေ့စဉ်ကင်းစောင့်ခြင်းနှင့် လေ့ကျင့်ခြင်းများကို စတင်လုပ်ဆောင်ကြသည်။ လီကျစ် ကိုယ်တိုင် ပထမဆုံးလေ့ကျင့်ရေးကို ဦးဆောင်ခဲ့သည်။
ဆပ်ပြာအလုပ်ရုံ၏ ခြံဝင်းထဲတွင်ရပ်ကာ တန်းစီနေသော အိမ်တော်အစောင့်အဖွဲ့ကို ကြည့်ရင်း လီကျစ်က ခေါင်းညိတ်လိုက်သည်။
မင်မင်းဆက်ကာလတွင် သာမန်ပြည်သူများမြို့ထဲ၌ ဓား သယ်ဆောင်ခြင်းကို တားမြစ်ထားသော်လည်း မိမိတို့၏ အိမ်များတွင်မူ ဓား၊ လှံများကို ကိုင်ဆောင်ခွင့်ရှိသည်။ လီကျစ်သည် သူ၏ အိမ်တော်အစောင့် (၁၁) ယောက်စလုံးအတွက် အနီရောင်ပန်းပွားတပ် လှံရှည်တစ်ချောင်းစီ ဝယ်ယူပေးခဲ့ပြီး ၎င်းတို့ကို အလုပ်ရုံတွင်သာသိမ်းဆည်းထားကာ အရေးပေါ်အခြေအနေမျိုးတွင်သာ ထုတ်ယူအသုံးပြုရန် မှာကြားထားသည်။ ကင်းစောင့်သည့်အခါ လူတိုင်းက တုတ်ရှည်တစ်ချောင်းကိုသာ လက်နက်အဖြစ် ကိုင်ဆောင်ရသည်။
ယခုအချိန်တွင် ခြံဝင်းထဲ၌ရပ်နေသော အိမ်တော်အစောင့် (၁၁) ယောက်စလုံးသည် အနီရောင်ပန်းပွားတပ် လှံများကို ကိုင်ဆောင်ထားကြရာ အလွန်ပင်ခန့်ညားထည်ဝါနေသည်။
အိမ်တော်အစောင့်အဖွဲ့ရှေ့တွင်ရပ်ကာ ဘဝနှစ်ခုစာအတွေ့အကြုံရှိသော လီကျစ်က အသံကျယ်ကျယ်ဖြင့် ….
"ဒီအိမ်တော်အစောင့်အဖွဲ့ကို ဖွဲ့စည်းရတဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာ မင်းတို့ သိကြလား"
လီကျစ်၏ မေးခွန်းကိုကြားသောအခါ အိမ်တော်အစောင့် (၁၁) ယောက်စလုံး အဖြေကို မသေချာသဖြင့် ပြန်မဖြေရဲကြပေ။
"လောလောဆယ် အိမ်တော်အစောင့်အဖွဲ့ရဲ့ ရည်ရွယ်ချက်က ဆပ်ပြာအလုပ်ရုံကို လိုချင်နေတဲ့ လူယုတ်မာတွေကိုနှိမ်နင်းဖို့… ဆပ်ပြာအလုပ်ရုံကိုကာကွယ်ဖို့နဲ့ လီမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ကာကွယ်ဖို့ပဲ။ နောင်ကျရင် လီမိသားစုမှာ ပိုင်ဆိုင်မှုတွေ ပိုပိုများလာမှာဖြစ်ပြီး ကာကွယ်ရမယ့် ပိုင်ဆိုင်မှုတွေကလည်း ပိုပိုပြီးတန်ဖိုးကြီးလာမှာ။ ငါတို့ရဲ့ ရန်သူတွေကလည်း ပိုပိုပြီး အင်အားကြီးလာမှာဖြစ်လို့ အိမ်တော်အစောင့်အဖွဲ့က ရှေ့ထွက်ပြီး ရန်သူတွေကို ရင်ဆိုင်ရလိမ့်မယ်"
"နောင်ကျရင် ငါက အိမ်တော်အစောင့်အဖွဲ့ကို အကောင်းဆုံးလက်နက်ကိရိယာတွေ တပ်ဆင်ပေးပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ အထက်တန်းစား တပ်ဖွဲ့တစ်ခု ဖြစ်လာအောင် လုပ်ပေးမယ်"
"မင်းတို့ (၁၁) ယောက်က ဒီနေ့မှာတော့ အိမ်တော်အစောင့်အဖွဲ့ရဲ့ မျိုးစေ့လေးတွေပဲ။ မင်းတို့သာ စွမ်းဆောင်ရည်ကောင်းပြီး နောက်မကျန်ခဲ့ဘူးဆိုရင် နောင်ကျရင် မင်းတို့က အိမ်တော်အစောင့်အဖွဲ့ရဲ့ ဝါရင့်တပ်သားတွေဖြစ်လာမှာဖြစ်ပြီး အားလုံးကအရာရှိတွေဖြစ်လာကာ အရာရှိတွေရဲ့ ဂုဏ်ကျက်သရေနဲ့ ဝင်ငွေတွေကို ခံစားရမှာ"
လီကျစ် ဖော်ပြသောအနာဂတ်အကြောင်းကို ကြားသောအခါ အိမ်တော်အစောင့် (၁၁) ယောက်စလုံး၏ မျက်လုံးများအရောင်လက်သွားကြပြီး သူတို့၏ အနာဂတ်အောင်မြင်မှုများကို ကြိုတင်မြင်ယောင်နေကြသကဲ့သို့ ဖြစ်သွားသည်။
"သေချာတာပေါ့... အခုချိန်မှာတော့ ငါတို့ဆီမှာ သံချပ်ကာအင်္ကျီတွေ မရှိသေးဘူး… သန်မာတဲ့ မြင်းတွေ မရှိသေးဘူး၊ သေနတ်တွေ၊ အမြောက်တွေ မရှိသေးဘူး။ ငါတို့ဆီမှာ ဒီအနီရောင်ပန်းပွားတပ် လှံတွေပဲ ရှိသေးတယ်။ ဒါပေမဲ့ ခရီးမိုင်တစ်ထောင်ဆိုတာ ခြေလှမ်းတစ်လှမ်းကနေ စရတာပဲ။ ငါတို့ရဲ့ လေ့ကျင့်ရေးက ဒီအနီရောင်ပန်းပွားတပ် လှံတွေနဲ့ တပ်ဖွဲ့စည်းတာကနေစတင်မယ်။ အားလုံး ငါ့နောက်ကလိုက်ပြီး ထိုးသွင်းတာကို လေ့ကျင့်ကြ"
ခြံဝင်းထဲတွင် ကောက်ရိုးရုပ် (၁၂) ရုပ်ကို ကြိုတင်စိုက်ထူထားသည်။ လီကျစ်သည် အနီရောင်ပန်းပွားတပ် လှံတစ်ချောင်းကိုကိုင်ကာ ကောက်ရိုးရုပ်တစ်ရုပ်၏ ရင်ဘတ်ဆီသို့ ထိုးသွင်းလိုက်သည်။ ကောက်ရိုးရုပ်၏ရင်ဘတ် နှလုံးနေရာတွင် လက်သီးဆုပ်အရွယ် သစ်သားဘောလုံး တစ်လုံးကို တပ်ဆင်ထားပြီး လီကျစ်က ထိုသစ်သားဘောလုံးကို ရည်ရွယ်၍ ထိုးသွင်းခြင်းဖြစ်သည်။
"ဟား..."
တစ်ချက်တည်း ထိုးသွင်းလိုက်ရာ လီကျစ်သည် သစ်သားဘောလုံးကို မထိဘဲ လွဲသွားသည်။
လီကျစ်သည် ခေါင်းလှည့်ကာ အိမ်တော်အစောင့်များအား…
"အားလုံး ငါ့နောက်ကလိုက်ပြီး ဒီသစ်သားဘောလုံးကို လှံနဲ့တစ်ချက်ထည်း မလွဲပဲထိအောင် ထိုးသွင်းတာကို လေ့ကျင့်ကြ"
အိမ်တော်အစောင့်များက "ဟုတ်ကဲ့ပါ" ဟု အသံကျယ်ကျယ်ဖြင့် ပြန်ဖြေကြသည်။
ကျုံးဖုန်းက ဦးဆောင်ပြီး အိမ်တော်အစောင့်များအားလုံး လေ့ကျင့်ရေးတွင် ပါဝင်လာကြကာ ကောက်ရိုးရုပ်များကို စတင်ထိုးသွင်းကြတော့သည်။
ခဏအကြာတွင် ခြံဝင်းအလယ်၌ အိမ်တော်အစောင့်များ ထိုးသွင်းစဉ် အော်ဟစ်လိုက်သော အသံများဖြင့် ပြည့်နှက်နေတော့သည်။
***
နွေဦးကာလအစောပိုင်းတွင် တောင်လေများတဖြည်းဖြည်းတိုက်ခတ်လာပြီး အနည်းငယ် နွေးသယောင် အေးသယောင် ရှိနေသေးသော အချိန်ဖြစ်သည်။ အထူကြီးဖြစ်သော ဂွမ်းခံအင်္ကျီများကို ချွတ်ထားနိုင်ပြီဖြစ်သော်လည်း အတွင်းခံအင်္ကျီများကိုမူ ဝတ်ဆင်ထားရဆဲဖြစ်သည်။
ဆပ်ပြာ၏ အလားအလာကောင်းများကို မြင်တွေ့ရသဖြင့် တန်းကျင်မြို့၏ လုပ်ငန်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သော ရွှီမင်ချယ်သည် လီကျစ်ကို အလွန်အထင်ကြီးလေးစားလေသည်။ ပြီးခဲ့သည့် ရက်များအတွင်း ရွှီမင်ချယ်သည် လီကျစ်ထံ မကြာခဏလာရောက်လည်ပတ်ကာ လီမိသားစု၏ ခြံဝင်းထဲတွင် တက်တက်ကြွကြွ ဆွေးနွေးလေ့ရှိပြီး လီမိသားစု ခြံဝင်း၏ ဟောင်းနွမ်းစုတ်ပြတ်နေမှုနှင့် ရိုးရှင်းလှသော လက်ဖက်ရည်ကိုပင် လုံးဝ ဂရုမစိုက်ပေ။ ရွှီမင်ချယ်၏ စကားများမှတစ်ဆင့် လီကျစ်သည် အထက်တန်းလွှာအသိုင်းအဝိုင်းအကြောင်း များစွာသိရှိခဲ့ရသည်။
အချိန်ကြာလာသည်နှင့်အမျှ လီကျစ်နှင့် ရွှီမင်ချယ်တို့မှာ တဖြည်းဖြည်းရင်းနှီးလာကြသည်။ ရွှီမင်ချယ်က လီကျစ်ကို "ညီလေးလီ" ဟု ခေါ်ပြီး… လီကျစ်က ရွှီမင်ချယ်ကို "အစ်ကိုကြီးရွှီ" ဟု ခေါ်ကာ အသက်အရွယ်ကွာခြားသော်လည်း ရင်းနှီးသောမိတ်ဆွေများ ဖြစ်လာကြသည်။
တစ်နေ့တွင် ရွှီမင်ချယ်က တန်းကျင်မြို့၏ ဒုတိယအကြီးဆုံး လုပ်ငန်းဖြစ်သော လုံရှန်းရှင်း ၏ ပိုင်ရှင် လွီစစ်ချီ က မွေးနေ့ပွဲကျင်းပမည်ဖြစ်ကြောင်းနှင့် လီကျစ်ကို သူနှင့်အတူလိုက်ပါရန် ဖိတ်ခေါ်ခဲ့သည်။
လောကကြီးကို မြင်တွေ့ရအောင်ဟုတွေးကာ လီကျစ်သည် အဝတ်အစားသစ်တစ်စုံကို ဝတ်ဆင်၍ မွေးနေ့ပွဲတက်ရောက်ရန် ရွှီမင်ချယ်နှင့်အတူ မူးယစ်နတ်ဘုရားစားသောက်ဆိုင်သို့ သွားရောက်ခဲ့သည်။
လီကျစ်သည် မူးယစ်နတ်ဘုရားစားသောက်ဆိုင် အပေါက်ဝသို့ရောက်သောအခါ စားသောက်ဆိုင်တစ်ခုလုံးကို ဌားရမ်းထားကြောင်း သိလိုက်ရသည်။
မူးယစ်နတ်ဘုရားစားသောက်ဆိုင် အပေါက်ဝတွင် လွီစစ်ချီ၏ အိမ်တော်အစောင့်များက ဧည့်သည်များကိုကြိုဆိုရန် ရပ်နေကြသည်။ ရွှီမင်ချယ် ရောက်လာသည်ကို မြင်သောအခါ အိမ်တော်အစောင့်များက အားရပါးရ ပြုံးပြကာ …
"ဆရာကြီးရွှီ... ဆရာကြီး လာရောက်ချီးမြှင့်တဲ့အတွက် ကျွန်တော်တို့သခင်က အလွန်ဝမ်းသာနေပါတယ်။ ဆရာကြီးရွှီ... ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကနေ အပေါ်ဆုံးထပ်ကို ကြွပါခင်ဗျာ" ဟု ပြောလိုက်သည်။
ရွှီမင်ချယ်က မွေးနေ့လက်ဆောင်စာရင်းတစ်ခုကို လွီစစ်ချီ၏ အိမ်တော်အစောင့်များထံ ကမ်းပေးလိုက်သည်။
လွီစစ်ချီ၏ အိမ်တော်အစောင့်များက အမြန်လက်ခံယူလိုက်ပြီး အခြားဧည့်သည်များကို ထားရစ်ကာ ရွှီမင်ချယ်နှင့် လီကျစ်တို့ကို အပေါ်ထပ်သို့ ခေါ်ဆောင်သွားလေသည်။
မူးယစ်နတ်ဘုရားစားသောက်ဆိုင်မှာ သုံးထပ်ရှိပြီး ယခုအခါ လူများဖြင့် ပြည့်နှက်နေသည်။ မြေညီထပ်တွင် စားပွဲ (၁၀) လုံးရှိပြီး ထိုနေရာတွင် ထိုင်နေသူများမှာ သာမန်ကုန်သည်များသာဖြစ်ကာ လွီစစ်ချီ၏ စီးပွားရေးလုပ်ဖော်ကိုင်ဖက်များနှင့် လုံရှန်းရှင်း၏ လက်လီအရောင်းကိုယ်စားလှယ်များ ဖြစ်ပုံရသည်။ ဤကုန်သည်များမှာလည်း ပိုးထည်အဝတ်အစားများကို ဝတ်ဆင်ထားကြသော်လည်း အရှိန်အဝါမရှိဘဲ ရွှီမင်ချယ်ကဲ့သို့သော ချမ်းသာသော ကုန်သည်ကြီးများနှင့်တော့ မယှဉ်နိုင်ပေ။
ဒုတိယထပ်တွင် စားပွဲကြီးလေးလုံးရှိပြီး ထိုနေရာတွင် ထိုင်နေသူများမှာ ထင်ရှားသော ကုန်သည်ကြီးများဖြစ်ကြသည်။
ဤကုန်သည်ကြီးများမှာ အဖိုးတန်အဝတ်အစားများကို ဝတ်ဆင်ထားရုံသာမက သူတို့၏ စကားပြောဆိုမှုများတွင်လည်း အရေးပါသူများဖြစ်ကြောင်း သိသာထင်ရှားနေသည်။ လီကျစ်သည် လှေကားထစ်တွင်ရပ်ကာ အခန်းကိုအကဲခတ်ကြည့်ရာ သူ့အား အယ်လ်ကာလီမှုန့်များ ရောင်းချပေးခဲ့သော တာဝန်ခံရွှယ်လည်း သူတို့ကြားတွင်ရှိနေသည်ကို သတိပြုမိလိုက်သည်။