လက်ဖက်ရည်သောက်နေသော တာဝန်ခံရွှယ်သည်လည်း ရွှီမင်ချီနှင့် လီကျစ်တို့ လှေကားပေါ်သို့ တက်လာသည်ကို မြင်လိုက်ရသည်။ သူသည် ရွှီမင်ချီကို တစ်ချက်ကြည့် ထို့နောက် လီကျစ်ကိုကြည့်ကာ လီကျစ်ကို ပြုံးပြလိုက်သည်။
လီကျစ်ကလည်း တာဝန်ခံရွှယ်ကို လက်နှစ်ဖက်ဆုပ်၍ ဝတ်ကျေတန်းကျေ ပြန်လည်ဂါရဝပြုလိုက်သည်။
လမ်းပြနေသော အစေခံသည် လီကျစ် ရပ်တန့်သွားသည်ကို မြင်သောအခါ…
"လူကြီးမင်းတို့… အပေါ်ဆုံးထပ်ကို ကြွပါခင်ဗျာ" ဟု ထပ်မံဖိတ်ခေါ်လိုက်သည်။
ရွှီမင်ချီက ဦးဆောင်သွားသဖြင့် လီကျစ်သည်လည်း အားနာမနေတော့ဘဲ အပေါ်ဆုံးထပ်သို့ တိုက်ရိုက်တက်လာခဲ့သည်။
အပေါ်ဆုံးထပ်မှာတော့ ကြွယ်ဝချမ်းသာသောကုန်သည်ကြီးများ စုဝေးရာနေရာဖြစ်သည်။ ကျယ်ဝန်းသော နေရာလွတ်ကြီးထဲတွင် စင်မြင့်တစ်ခုကိုမျက်နှာမူလျက် စားပွဲနှစ်လုံးသာ ခင်းကျင်းထားသည်။ ဤအချိန်တွင် ဧည့်သည်အများစု ရောက်ရှိနေကြပြီဖြစ်ပြီး အစားအစာများနှင့် ဝိုင်များ အဆင်သင့်ရှိနေပြီဖြစ်သည်။ အဓိကစားပွဲတွင် ခုနစ်ယောက် ထိုင်နေကြပြီး ဘေးစားပွဲတွင် ငါးယောက် ထိုင်နေကြသည်။
မွေးနေ့ပွဲအလှူရှင်သည် ပွဲလမ်းသဘင်သုံး အနီရောင်ပိုးထည်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အဓိကစားပွဲမှ ထရပ်ကာ ရွှီမင်ချီကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"အရာရှိရွှီ ရောက်လာပြီကိုး… မတွေ့ရတာ ကြာပြီနော်"
"အရာရှိလူ... ကျန်းကျန်းမာမာ ရှိပါစေဗျာ"
လူစီချီကို နှုတ်ဆက်ပြီးနောက် ရွှီမင်ချီသည် စားပွဲနှစ်လုံးကြားတွင်ရပ်ကာ မည်သည့်နေရာတွင် ထိုင်ရမည်ကို စဉ်းစားနေပုံရသည်။ ရွှီမင်ချီကို လမ်းပြလာသော အစေခံက လီကျစ်ကိုကြည့်ကာ…
"အရာရှိရွှီ… ကျွန်တော့်သခင်နဲ့ တန်းကျင်ရဲ့ ထိပ်တန်းလုပ်ငန်းရှင်ကြီး ခုနစ်ဦးစလုံး ရောက်နေကြပါပြီ။ အဓိကစားပွဲမှာ ကိုးယောက်စာပဲနေရာရှိတာမို့ အရာရှိရွှီရဲ့ ညီလေးကို ဘေးစားပွဲမှာပဲ ထိုင်ခိုင်းလိုက်ရင် မသင့်တော်ဘူးလားခင်ဗျာ"
အဓိကစားပွဲမှာ ထိပ်တန်းလုပ်ငန်းရှင်ရှစ်ဦးနှင့် ရောက်မလာသေးသော "အမတ်မင်း" တစ်ဦးအတွက်သာ နေရာသတ်မှတ်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ရွှီမင်ချီက အဓိကစားပွဲတွင် ထိုင်ရမည်ဖြစ်ပြီး လီကျစ်ကိုမူ အစေခံက ဘေးစားပွဲသို့ ပို့ရန် ကြိုးစားခြင်းဖြစ်သည်။
ထိုစကားကို ကြားသောအခါ ရွှီမင်ချီက လက်ကာပြလိုက်ပြီး…
"ဒါဆိုရင် ငါနဲ့ ငါ့ညီလေး နှစ်ယောက်လုံး ဘေးစားပွဲမှာပဲ ထိုင်ကြမယ်"
လူမိသားစု၏အစေခံမှာ ကြောင်သွားပြီး ရွှီမင်ချီက အဓိကစားပွဲတွင် ထိုင်ခွင့်ရပါလျက် ဘေးစားပွဲကို ရွေးချယ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ရွှီမင်ချီက အခြားဂုဏ်သရေရှိ ဧည့်သည်များထက် လီကျစ်ကို ပိုမိုအလေးထားကြောင်း ဤလုပ်ရပ်က သက်သေပြနေသည်။ အဓိကစားပွဲရှိ ဂုဏ်သရေရှိဧည့်သည် ခုနစ်ဦးစလုံးသည်လည်း ထိုစကားကိုကြားသောအခါ လီကျစ်သည် မည်သူ့သားသမီးမို့လို့ ရွှီမင်ချီက ဤမျှအထိ အလေးထားနေရသနည်းဟု စူးစမ်းကြည့်ကြတော့သည်။ ရွှီမင်ချီသည် ယနေ့ပွဲသို့ စားသောက်ရန် လာခြင်းမဟုတ်ဘဲ ဤလူငယ်လေးကိုအတွေ့အကြုံရအောင် ခေါ်လာခြင်းဖြစ်ပုံရသည်ဟု သူတို့ ယူဆလိုက်ကြသည်။
သို့သော် ဤကုန်သည်ကြီးများမှာ ယဉ်ကျေးသူများဖြစ်ကြသဖြင့် လီကျစ်ကို တစ်ချက်မျှသာကြည့်ပြီးနောက် ဆက်လက်အာရုံမထားတော့ဘဲ ရွှီမင်ချီ စိတ်ကြိုက်လုပ်ရန် ခွင့်ပြုလိုက်သည်။ ရွှီမင်ချီသည်လည်း အားနာမနေဘဲ ဘေးစားပွဲသို့ တိုက်ရိုက်သွားထိုင်လိုက်သည်။
ဘေးစားပွဲရှိ လူငါးဦးမှာ အဓိကစားပွဲရှိ ဧည့်သည်ကြီးများ၏ ဆွေမျိုးမိတ်သင်္ဂဟများဖြစ်ကြပြီး အဆင့်အတန်း အနည်းငယ်နိမ့်ပါးသူများဖြစ်သည်။ ရွှီမင်ချီ လာသည်ကို မြင်သောအခါ ထိုငါးဦးစလုံး ထရပ်၍ ဦးညွှတ်နှုတ်ဆက်ကြသည်။ ရွှီမင်ချီကမူ လက်နှစ်ဖက်ဆုပ်၍ ဝတ်ကျေတန်းကျေသာ ပြန်လည်နှုတ်ဆက်လိုက်သည်။
လီကျစ်သည်လည်း ရွှီမင်ချီ၏ ဘေးတွင် လိုက်၍ ထိုင်လိုက်သည်။
အားလုံး နေရာတကျရှိသွားသောအခါ လူစီချီသည် ပွဲကိုချက်ချင်းမစသေးပေ။ သူသည် မုတ်ဆိတ်ကို ပွတ်သပ်ရင်း တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေပုံရသည်။
လီကျစ် ထိုင်လိုက်သည်ကို မြင်သောအခါ ရွှီမင်ချီက ပြုံးလျက် အဓိကစားပွဲရှိ လူများကို မိတ်ဆက်ပေးတော့သည်။
"ဟိုစားပွဲမှာ ထိုင်နေတဲ့ ခုနစ်ယောက်က တန်းကျင်ရဲ့ ထိပ်တန်းလုပ်ငန်းရှင် ရှစ်ဦးထဲက လူတွေပဲ။ အလယ်မှာ ထိုင်နေတာက လုံရှန့်ဘဏ်ရဲ့ ပိုင်ရှင် လူစီချီ… သူက တန်းကျင် စစ်သေနာပတိချုပ်ရဲ့ တစ်ဝမ်းကွဲအစ်ကိုပဲ။ သူ တန်းကျင်ကို ရောက်နေတာ နှစ်နှစ်ရှိပြီ… စီးပွားရေးကတော့ ပုံမှန်ပါပဲ… သူက မိတ်ဆွေဖွဲ့ရတာနဲ့ ပြဇာတ်ကြည့်ရတာကို ဝါသနာပါသူပေါ့။ သူ့ရဲ့ ဘယ်ဘက်မှာရှိတာက ယွမ်ရှင်းဘဏ်ရဲ့ ပိုင်ရှင် ကျာယွင်ချွဲ … သူက အခု တန်းကျင်မှာ အကြီးဆုံးကုန်သည်ပဲ။ သူက တန်းကျင် စစ်ဘက်ရေးရာ အရာရှိ ကျာတန်ပေ ရဲ့ တူပေါ့။ အပေါ်ယံမှာ ပိုးထည်ကုန်သည်လို့ ဆိုပေမဲ့ တကယ်တော့ သူ့ဦးလေးရဲ့ အရှိန်အဝါကို သုံးပြီး ဂျပန်နဲ့ ကုန်သွယ်နေတာ… တစ်နှစ်ကို ဝင်ငွေ သိန်းနဲ့ချီ ရှိတယ်"
ခေတ္တရပ်ပြီးနောက် ရွှီမင်ချီက ဆက်ပြောသည်။
"သူ့ရဲ့ ဘယ်ဘက်မှာရှိတာက ရှန်းကျင်လုပ်ငန်းရဲ့ ပိုင်ရှင် လူဟွာရုံ … သူက တန်းကျင် စစ်ဘက်ရုံးရဲ့ ဒုတိယအုပ်ချုပ်ရေးမှူး လူဟွာလင် ရဲ့ ညီပဲ။ ဒီလူက သူ့အစ်ကိုရဲ့ အရှိန်အဝါကိုသုံးပြီး ကုန်သည်ငယ်လေးတွေကို ဈေးနှိမ်ဝယ်တာ… အတင်းအကျပ် ရောင်းခိုင်းတာတွေလုပ်တတ်လို့ နာမည်အရမ်းပျက်တဲ့သူပဲ။ သူ့ကိုတော့ သတိထားပြီး ဆက်ဆံရမယ်"
ရွှီမင်ချီက လူဟွာရုံအကြောင်းပြောနေစဉ် လီကျစ်က လှမ်းကြည့်လိုက်ရာ လူဟွာရုံက သိသွားပြီး လီကျစ်ကို မျက်မှောင်ကြုတ်ကာ ပြန်လည်စိုက်ကြည့်သည်။
လီကျစ်လည်း အကြည့်လွှဲကာ ဆက်မကြည့်ရဲတော့ပေ။
ရွှီမင်ချီသည် အဓိကစားပွဲရှိ လူတစ်ဦးချင်းစီ၏ နောက်ခံအကြောင်းအရာများကို လီကျစ်အား တိုးတိုးလေး ရှင်းပြနေသည်။ ဤကဲ့သို့ မြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်ဖူးသော လီကျစ်သည် ရွှီမင်ချီ၏ စကားများကို မှတ်သားရင်း ခေါင်းညိတ်နေမိသည်။
အားလုံး စကားစမြည်ပြောဆိုရင်း နောက်ထပ် အချိန်အနည်းငယ် ကြာသောအခါ အောက်ထပ်မှ အသံကျယ်ကြီး ထွက်ပေါ်လာသည်။
"စစ်သေနာပတိချုပ်ကြီး ကြွလာပါပြီ!"
ထိုအသံကို ကြားရသည်နှင့် အပေါ်ထပ်ရှိ လူတစ်ဒါဇင်ကျော်မှာ ချက်ချင်းထရပ်လိုက်ပြီး လှေကားထိပ်ဆီသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။
ခဏအကြာတွင် အနီရောင် စစ်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည်အရာရှိကြီးတစ်ဦး တက်လာသည်။ သူသည် အနက်ရောင်ဦးထုပ်ကိုဆောင်းထားပြီး အနက်ရောင်ဖိနပ်အရှည်ကို စီးထားသည်။ သူ၏ ရင်ဘတ်တွင် ခြင်္သေ့ပုံကို ထိုးထားသည်။ ထိုအရာရှိသည် မျက်လုံးသေးသေးနှင့် နှာခေါင်းပြားပြား ရှိသော်လည်း သူ၏ ဝတ်စုံနှင့် အရှိန်အဝါကြောင့် အလွန်ပင်ခန့်ညားထည်ဝါနေသည်။
စစ်သေနာပတိချုပ်ကြီးရောက်လာသည်ကို မြင်သောအခါ ဧည့်သည်အားလုံးမြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ပြီး…
"စစ်သေနာပတိချုပ်ကြီးကို ဂါရဝပြုပါတယ်…" ဟု ပြိုင်တူ အော်ဟစ်လိုက်ကြသည်။
မင်မင်းဆက်တွင် ဧကရာဇ်မင်းမြတ် ထုတ်ပြန်ထားသော အမိန့်အရ အဆင့်နိမ့်အရာရှိများသည် အထက်လူကြီးများအား ဒူးထောက်စရာမလိုဟု ဆိုထားသော်လည်း လက်တွေ့ဘဝတွင်မူ အရှိန်အဝါကြီးမားသူများရှေ့တွင် အားလုံးဒူးထောက်ကြရမြဲဖြစ်သည်။
ဤစားသောက်ဆိုင်ရှိ ကုန်သည်ကြီးများသည် သာမန်ပြည်သူများမျက်စိတွင် သူဌေးကြီးများ ဖြစ်ကြသော်လည်း စစ်သေနာပတိချုပ်ကြီးရှေ့တွင်မူ သာမန်လူများသာဖြစ်သဖြင့် အားလုံး ဒူးထောက်လိုက်ကြခြင်း ဖြစ်သည်။
နာမည်ကျော် အရာရှိ ဟိုင်ရွေ့ သည် နန်ဖိန်ခရိုင်တွင် တာဝန်ထမ်းဆောင်စဉ်က အထက်လူကြီး လာရောက်စစ်ဆေးရာတွင် လူတိုင်းဒူးထောက်ကြသော်လည်း သူတစ်ဦးတည်းသာ မတ်တတ်ရပ်နေခဲ့သဖြင့် "တောင်တန်းက ကညင်တံ" ဟု အမည်ပြောင် ပေးခံခဲ့ရဖူးသည်။
ရွှီမင်ချီသည်ပင်လျှင် စစ်သေနာပတိချုပ်ကို မြင်သောအခါ ဒူးထောက်လိုက်ရသည်။ သူသည် ဒူးထောက်နေရင်းမှ မတ်တတ်ရပ်နေသော လီကျစ်ကို ဆွဲချကာ…
"ညီလေးလီ... ဘာလို့ မတ်တတ်ရပ်နေတာလဲ။ ဒါ တန်းကျင်မှာ ဘုရင်ခံပြီးရင် အာဏာအရှိဆုံးဖြစ်တဲ့ ဒုတိယအဆင့် စစ်သေနာပတိချုပ်ကြီးလေ…"
စစ်သေနာပတိချုပ်ဆိုသည်မှာ မင်မင်းဆက်နှောင်းပိုင်းတွင် ဒေသတစ်ခု၏ စစ်အင်အားကို ထိန်းချုပ်ထားရသော အမြင့်ဆုံးစစ်ဘက်ဆိုင်ရာ ရာထူးဖြစ်သည်။ သူတို့သည် သို့မဟုတ် နယ်ခြားစောင့်အမတ်ကြီးထံသို့သာ တိုက်ရိုက်အစီရင်ခံရပြီး အလွန်ပင်အာဏာကြီးမားသည်။ တန်းကျင်သည် မင်မင်းဆက်နှောင်းပိုင်းတွင် ကုန်သွယ်ရေးမြို့ဖြစ်လာသော်လည်း နိုင်ငံရေးအရမူ တိုက်ခိုက်ရေးတပ်ဖွဲ့များ အခြေချရာမြို့အဖြစ်သာရှိနေသေးသဖြင့် တန်းကျင်၏ စစ်သေနာပတိချုပ်သည် မြို့၏အရေးကိစ္စအားလုံးကို စီမံခိုင်ခွင့်ရှိပြီး လုပ်ပိုင်ခွင့် အလွန်ကြီးမားသည်။
ခေတ်သစ်ကမ္ဘာမှ ကူးပြောင်းလာသူဖြစ်သဖြင့် လီကျစ်သည် ဤကဲ့သို့ ဒူးထောက်ရသည့် စနစ်ကို အလွန်ပင်စက်ဆုပ်ရွံရှာမိသည်။ သို့သော် ဤနေရာရှိလူအားလုံး ဒူးထောက်နေချိန်တွင် သူတစ်ဦးတည်း မတ်တတ်ရပ်နေလျှင် ပြဿနာတက်နိုင်ကြောင်းသိသဖြင့် မတတ်သာဘဲ ရွှီမင်ချီ၏ ဘေးတွင် ဒူးထောက်လိုက်ရတော့သည်။
လီကျစ်သည် မင်မင်းဆက်၏ အာဏာစက်မည်မျှပြင်းထန်ကြောင်းကို ပထမဆုံးအကြိမ် ကိုယ်တိုင်တွေ့မြင်လိုက်ရခြင်းဖြစ်သည်။
ဤကဲ့သို့ အရှိန်အဝါကြီးမားသော တစ်ဝမ်းကွဲအစ်ကို ရှိနေမှတော့ လူစီချီ၏ စီးပွားရေး ဤမျှအထိ ကြီးပွားနေသည်မှာ မဆန်းတော့ပေ။
လီကျစ် ဒူးထောက်လိုက်သည်ကိုမြင်မှသာ ရွှီမင်ချီသည်လည်း စိတ်သက်သာရာရသွား တော့သည်။
အားလုံး ဒူးထောက်ဂါရဝပြုနေသည်ကိုမြင်သောအခါ စစ်သေနာပတိချုပ်က လက်ကို ဝတ်ကျေတန်းကျေ မြှောက်ပြကာ…
"ထကြပါ… ထကြပါ…" ဟု မိန့်ကြားလိုက်သည်။
စစ်သေနာပတိချုပ်၏ ခွင့်ပြုချက်ရမှသာ အားလုံးထရပ်လိုက်ကြပြီး စစ်သေနာပတိချုပ်သည် အဓိကစားပွဲ၏ ဦးဆောင်နေရာတွင်ထိုင်လိုက်သည်ကို စောင့်ကြည့်နေကြသည်။
သူ ထိုင်ပြီးနောက်တွင်မှ လူစီချီသည် သူ၏ တစ်ဝမ်းကွဲအစ်ကိုဖြစ်သူနှင့် စကားပြောဆို ရယ်မောတော့သည်။ အဓိကစားပွဲရှိ အခြားသူများကလည်း စကားထဲတွင် ရောယောင်ဝင်ပြောကြရာ လေထုမှာ အလွန်ပင်သဟဇာတဖြစ်နေသည်။
ခဏအကြာတွင် အားလုံးဟင်းလျာများကို စတင်စားသောက်ကြပြီး မွေးနေ့ပွဲကို တရားဝင် စတင်လိုက်သည်။
ပူပူနွေးနွေး ဟင်းလျာများ တစ်ခုပြီးတစ်ခု ရောက်လာတော့သည် … ကျားရေခွံဝက်သားကြော် နဂါးပတ်ဟင်းသီးဟင်းရွက်ကြော် ငါးမန်းတောင်ဟင်းချိုနှင့် မြည်းသားပန်ကိတ်များ။ စားသောက်ဆိုင်သည် တျန်းကျင်တွင် အကောင်းဆုံးစားသောက်ဆိုင်ပီပီ ဟင်းလျာတိုင်းမှာ ထူးထူးခြားခြား အရသာရှိလှသည်။
စစ်သေနာပတိချုပ် ကိုယ်တိုင်တက်ရောက်ချီးမြှင့်ခြင်းကြောင့် လူစီချီမှာ အလွန်ပင် မျက်နှာပွင့်လန်းနေသည်။ သို့သော် အဆင့်မြင့်အရာရှိကြီးရှိနေသဖြင့် အားလုံးက မွေးနေ့ရှင်ထံသို့ အာရုံမရောက်တော့ဘဲ စစ်သေနာပတိချုပ်ကိုသာ ကြယ်ရံသည့် လကဲ့သို့ ဝန်းရံကာ တစ်ခါတစ်ရံတွင် သွားရောက်၍ အရက်ခွက်မြှောက်ကာ ဂုဏ်ပြုနှုတ်ဆက်ကြလေသည်။ ဂုဏ်ပြုနှုတ်ဆက်သည့်အခါ ကုန်သည်များက မိမိတို့၏ ခွက်ကို အကုန်သောက်ပြကြသော်လည်း စစ်သေနာပတိချုပ်ကမူ နှုတ်ခမ်းကို စွတ်ရုံမျှသာ ဟန်ပြသောက်ပြပြီး သူနှင့် ကုန်သည်များကြားရှိ အဆင့်အတန်းကွာခြားမှုကို ပြသနေသည်။
ရွှီမင်ချီသည်လည်း ထုံးစံအတိုင်း စစ်သေနာပတိချုပ်ထံသို့ သွားရောက်ဂါရဝပြုပြီးမှ ပြန်လာခဲ့လေသည်။
***