သောက်စားပြီးကြသောအခါ ပင်မစားပွဲဝိုင်းဘေးရှိ စင်မြင့်ထက်တွင်ဖျော်ဖြေပွဲများ စတင်လေတော့သည်။ ဖျော်ဖြေသူအချို့ စင်ပေါ်တက်လာကာ ပြဇာတ်များသီဆိုကြရာ အားလုံးမှာ မင်မင်းဆက်၏ ရာဇဝင်ဇာတ်တော်များပင်ဖြစ်လေသည်။ လီကျစ်တစ်ယောက်ကမူ သူတို့ဘာတွေ သီဆိုနေမှန်း နားမလည်ဘဲ ‘ရီရီ အားအား’ နှင့် ဆူညံမြူးကြွနေသော အသံများကိုသာ နားထောင်နေလိုက်သည်။
တစ်အောင့်ခန့်ကြာသောအခါ ဖျော်ဖြေသူများ ဆင်းသွားကြပြီးနောက် အလွန်လှပကျော့ရှင်းသော မိန်းမပျိုလေးတစ်ဦးသည် စောင်း တစ်လက်ကိုပိုက်လျက် စင်မြင့်ထက်သို့ တက်လှမ်းလာသည်။ ထို့နောက် တပ်မှူးကြီးအား ဒူးထောက်အရိုအသေပေးကာ ထိုင်ခုံတစ်ခုပေါ်တွင် ဝင်ထိုင်လိုက်လေသည်။
ထိုမိန်းကလေးတွင် သွယ်လျသောဖရဲစေ့ပုံသဏ္ဌာန် မျက်နှာလေးရှိပြီး အလွန်လှပသော မျက်ဝန်းအစုံနှင့်အတူ အောက်ဘက်တွင် ဖြောင့်စင်းသော နှာတံလေးပါရှိရာ အတိုင်းမသိ လှပကျော့ရှင်းလှသည်။ အနာဂတ်ခေတ်ဆီမှ ရောက်ရှိလာသော လီကျစ်ပင်လျှင် ဤမိန်းကလေးသည် သူတစ်သက်နှင့်တစ်ကိုယ် မြင်ဖူးသမျှထဲတွင် အလှဆုံးထိပ်တန်းဆယ်ယောက်စာရင်းဝင်ကြောင်း ဝန်ခံလိုက်ရသည်အထိ ငေးမောကြက်သေသေသွားမိလေသည်။
ထိုမိန်းမပျိုလေး ထွက်ပေါ်လာသည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် လူတိုင်းမှာ စားသောက်နေခြင်းများကို ရပ်တန့်လိုက်ကြပြီး သူမ၏ဖျော်ဖြေမှုကိုသာ အာရုံစိုက် ကြည့်ရှုနေကြတော့သည်။ ထိုမိန်းကလေးက စောင်းကိုပိုက်ကာ စတင်သီဆိုလိုက်ရာ သူမ၏အသံလေးမှာ နူးညံ့ချိုသာလှပြီး နားဆင်ရအလွန်သာယာလှပေသည်။
လီကျစ်တစ်ယောက် မျက်လုံးအဝိုင်းသားဖြင့် ငေးမောနေသည်ကို ရွှီမင်ချယ် မြင်သွားသောအခါ ပြုံးလျက်…
“ညီလေးလီကျစ်… သူက ယန်ကျိုးမြို့က ရွှေသျှူးတစ်ထောင်တန် သခင်မလေး ပဲကွ” ဟု ပြောလိုက်သည်။
“ရွှေသျှူးတစ်ထောင်တန် သခင်မလေး…”
“ယန်ကျိုးမြို့က အပျော်မယ်ဂေဟာတွေနဲ့ ပြည့်တန်ဆာခေါင်းတွေက ဆင်းရဲတဲ့မိသားစု တွေဆီက ရုပ်ရည်သန့်စင်တဲ့ မိန်းကလေးတွေကို ငွေကြေးရင်းနှီးပြီးဝယ်ယူကြတယ်။ ပြီးရင် အဲဒီမိန်းကလေးတွေကို စောင်းတီး၊ ပုလွေမှုတ်၊ ကဗျာစပ်၊ စာရေး၊ ပန်းချီဆွဲ၊ စစ်တုရင်ထိုး၊ ကြွေကစားတာတွေအပြင် ယောက်ျားတွေကို မြှူဆွယ်ဖမ်းစားနိုင်တဲ့ ပညာရပ်မျိုးစုံကို သင်ကြားပေးကြတာပေါ့။
အရွယ်ရောက်လာတဲ့အခါမှာတော့ သူဌေးသူကြွယ်တွေဆီကို မယားငယ်အဖြစ် ပြန်ရောင်းစားကြတယ်။ အဲဒီအထဲကမှ အထူးချွန်အပြောင်မြောက်ဆုံး မိန်းကလေးတွေဆိုရင် ငွေသျှူး တစ်ထောင်ကျော်အထိဈေးရတတ်လို့ သူတို့ကို ‘ရွှေသျှူးတစ်ထောင်တန် သခင်မလေး’ လို့ ခေါ်ဝေါ်ကြတာပေါ့။”
ဤအကြောင်းကို ကြားလိုက်ရချိန်တွင် လီကျစ်တစ်ယောက် တိတ်တဆိတ်စုတ်သပ်မိသွားပြီး မဟာမင်မင်းဆက်ကြီး၏ ခမ်းနားကြီးကျယ်လှသော ပြည့်တန်ဆာလုပ်ငန်း ကွန်ရက်ကြီးကို အံ့မခန်းဖြစ်သွားရတော့သည်။
ထို့နောက် ရွှီမင်ချယ်က ဆက်၍….
“ညီလေးလီမှာလည်း အခု ငွေကြေးချမ်းသာနေပြီပဲ။ ရွှေသျှူးတစ်ထောင်တန် သခင်မလေးတစ်ယောက်လောက်ကို ကိုယ်လုပ်တော်အဖြစ် ဝယ်ယူလိုက်ပါလား”
လီကျစ်က ပြုံးလိုက်ရင်း…
“လောလောဆယ်တော့ ကျွန်တော့်မှာ အဲဒီလိုအစီအစဉ်မရှိသေးပါဘူးဗျာ”
ရွှီမင်ချယ်က လီကျစ်ကိုကြည့်ကာ ခေါင်းညိတ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။ တစ်အောင့်ခန့်ကြာသောအခါ အရက်သောက်ထားသဖြင့် ဆီးအိမ်ပြည့်လာသောကြောင့် အပေါ့အပါးသွားရန် ထွက်သွားလေတော့သည်။
ရွှီမင်ချယ် ထွက်သွားသည်နှင့် တစ်ပြိုင်နက် လီကျစ်ထံသို့ ပြဿနာရှာမည့်သူတစ်ဦး ချက်ချင်းဆိုသလို ရောက်ချလာလေသည်။
ရွှီမင်ချယ် ထွက်သွားသည်ကို အကဲခတ်မိသွားသူကား ပင်မစားပွဲဝိုင်းတွင် ထိုင်နေသော ရှန်းကျင်းကုန်သည်အဖွဲ့၏ ပိုင်ရှင် လုဟွာရုံပင် ဖြစ်သည်။ သူသည် နေရာမှထကာ လီကျစ်ရှိရာဆီသို့ တန်းတန်းမတ်မတ် လျှောက်လာလေသည်။
“မင်းက လီကျစ်ဆိုတာလား…”
လီကျစ်မှာ အနည်းငယ် ကြောင်အမ်းအမ်းဖြစ်သွားပြီး လုဟွာရုံက သူ့ကို ဘာကိစ္စကြောင့် လာရှာရသနည်းဟု တွေးတောနေမိသည်။ လုဟွာရုံနှင့်ပတ်သက်၍ ရွှီမင်ချယ်၏ အကဲဖြတ်စကားများကို သတိရလိုက်မိသဖြင့် ချက်ချင်းပင် သတိဝီရိယကိုမြှင့်တင်လိုက်ပြီး ခေါင်းညိတ်ကာ …
“ဟုတ်ပါတယ်… ကျွန်တော်ပါ”
လုဟွာရုံက ပြုံးလိုက်ပြီး “ထန်းကျင်းမြို့က ဆပ်ပြာလုပ်ငန်းဆိုတာ မင်းလုပ်နေတာလား”
“ဟုတ်ပါတယ်… ကျွန်တော့်လုပ်ငန်းပါ”
လုဟွာရုံက လီကျစ်၏ မျက်လုံးများကို စူးစိုက်ကြည့်လိုက်ပြီး ခပ်မာမာလေသံဖြင့်…
“မင်း ဖြစ်ချင်တဲ့ဈေးကို ခေါ်လိုက်။ ဆပ်ပြာချက်လုပ်တဲ့ နည်းပညာကို ငါ့ဆီရောင်း” ဟု တောင်းဆိုလာတော့သည်။
ဆိုတော့ကာ… သူလိုချင်နေသည်က ဆပ်ပြာချက်လုပ်သည့် နည်းပညာပင် ဖြစ်နေလေပြီ။
ဤစကားကို ကြားလိုက်ရချိန်တွင် လီကျစ်၏ ရင်ထဲ၌ ဒိတ်ခနဲဖြစ်သွားရသည်။
စစ်သေနာပတိချုပ်ကြီး တက်လာချိန်ကတွေ့မြင်ခဲ့ရသည့် မဟာမင်မင်းဆက်၏ အာဏာစက်သြဇာအရှိန်အဝါနှင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ရွှီမင်ချယ်၏ သတိပေးလမ်းညွှန်ချက် များအရ မိမိကဲ့သို့ ကျောထောက်နောက်ခံမရှိသူတစ်ယောက်အနေဖြင့် ဤမျှသြဇာကြီးမားသော ကုန်သည်ကြီးများကို ယှဉ်ပြိုင်နိုင်စွမ်းလုံးဝမရှိကြောင်း လီကျစ် ကောင်းကောင်း သဘောပေါက်ထားသည်။
ထန်းကျင်းမြို့၏ အရပ်ဘက်အုပ်ချုပ်ရေးကိုကိုင်တွယ်ရသော ထန်းကျင်းစစ်ဘက်ရေးရာရုံးမှ ဒုမြို့ဝန်မှာ လုဟွာရုံ၏ အစ်ကိုအရင်းပင် ဖြစ်လေသည်။ အကယ်၍ သူသာ အင်အားသုံး၍ အတင်းအဓမ္မ လုယူမည်ဆိုပါက လီကျစ်မှာ ခုခံနိုင်စွမ်း အလျဉ်းမရှိပေ။
ယခု နည်းပညာအတွက် လီကျစ်ကို ဈေးခေါ်ခိုင်းခြင်းမှာလည်း ဟန်ပြသက်သက်သာဖြစ်ပြီး တကယ်တမ်းတွင် ငွေကြေးမည်မည်ရရ ပေးလာမည်မဟုတ်ကြောင်း သေချာလှသည်။
တစ်ဖက်လူမှာ မသမာသောရည်ရွယ်ချက်ဖြင့် ကြိုတင်ကြံစည်လာခြင်းဖြစ်ကြောင်း ထင်ရှားလှသည်။ လွန်ခဲ့သည့်ရက်ပိုင်းများအတွင်းက လမ်းကြားထဲရှိ သူ၏ဆပ်ပြာစက်ရုံလေးကို လာရောက်ချောင်းမြောင်းနေသူများမှာလည်း လုဟွာရုံ စေလွှတ်လိုက်သူများများလားဟု လီကျစ် တိတ်တဆိတ် တွေးတောနေမိသည်။
ချောင်းမြောင်းစုံစမ်း၍ အရာမထင်သောကြောင့်သာ ယခုလို အကြမ်းပတမ်းနည်းလမ်းသုံးကာ သူ့ထံမှ နည်းပညာကို မျက်နှာပြောင်တိုက်၍ တောင်းဆိုလာခြင်းများ ဖြစ်လေမလား။
လီကျစ်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမဖော်ပြသော်လည်း စိတ်ထဲတွင်မူ အပြင်းအထန် တွေးတောကြံဆနေသည်။ ရုတ်တရက် သူ့ခေါင်းထဲ၌ အကြံဉာဏ်တစ်ခု လင်းလက်သွားကာ…
“ဆပ်ပြာချက်လုပ်တဲ့ နည်းပညာကို အစ်ကိုကြီး ရွှီမင်ချယ်ကို ပေးထားပြီးသားဖြစ်နေလို့ပါ။ ခင်ဗျားဆီကို ပြန်ရောင်းရမယ်ဆိုရင်တောင် အစ်ကိုကြီးရွှီနဲ့ အရင်ဆုံးတိုင်ပင်ရပါလိမ့်မယ်” ဟု ပြောချလိုက်သည်။
မိမိတစ်ယောက်တည်းအင်အားဖြင့် လုဟွာရုံကို မည်သို့မျှ ရင်ဆိုင်နိုင်မည်မဟုတ်သော်လည်း ခိုင်မာသောနောက်ခံရှိသည့် ရွှီမင်ချယ်ကမူ ရင်ဆိုင်နိုင်စွမ်းရှိသည်။ လုဟွာရုံကိုယ်တိုင်ကပင် ရွှီမင်ချယ် မရှိသည့်အချိန်ကို အကွက်ကျကျရွေးချယ်၍ လာရောက်ပြဿနာရှာခြင်းမှာ ရွှီမင်ချယ်ကို စိုးရွံ့နေခြင်းကြောင့်ပင် မဟုတ်ပါလား။ ထို့ကြောင့် အကျပ်အတည်းကြုံနေရချိန်တွင် လီကျစ်က နည်းပညာကို ရွှီမင်ချယ်အား ပေးထားပြီးဖြစ်ကြောင်းအကြောင်းပြကာ ရွှီမင်ချယ်၏ နာမည်ကို ဒိုင်းအကာအကွယ်အဖြစ် အသုံးချလိုက်ခြင်းပင် ဖြစ်သည်။
လီကျစ်က ရွှီမင်ချယ်၏နာမည်ကို သုံး၍ရှောင်လွှဲသွားသည်ကို ကြားလိုက်ရသောအခါ လုဟွာရုံက စကားအမှန်ဟုတ်မဟုတ် အကဲခတ်သည့်အနေဖြင့် လီကျစ်၏ မျက်လုံးများကို စူးစူးရဲရဲ စိုက်ကြည့်လေသည်။ ကံကောင်းထောက်မစွာဖြင့် ယနေ့ပွဲတွင် ရွှီမင်ချယ်က လီကျစ်အပေါ် မည်မျှအလေးထား ဆက်ဆံနေကြောင်းကို လူတိုင်းမြင်တွေ့ထားကြသောကြောင့် လုဟွာရုံတစ်ယောက် လီကျစ်၏ လှည့်စားမှုနောက်သို့ ပါသွားရတော့သည်။ လီကျစ်ကို အတန်ကြာ စူးစိုက်ကြည့်နေပြီးနောက် မယုံတစ်ဝက်ယုံတစ်ဝက် နှာခေါင်းရှုံ့သံတစ်ချက်ပေးကာ မည်သည့်စကားမျှ ဆက်မဆိုတော့ဘဲ ပင်မစားပွဲဝိုင်းဆီသို့ လှည့်ပြန်သွားလေတော့သည်။
အမှန်တကယ်တော့ ယနေ့ လုဟွာရုံ လာရောက်ပြဿနာရှာခြင်းမှာ အကဲစမ်းခြင်းတစ်ခုသာ ဖြစ်ကြောင်းထင်ရှားလှသည်။
ရွှီမင်ချယ်တစ်ယောက် လီကျစ်အပေါ် ဤမျှအရေးတယူဆက်ဆံနေသည်ကို မြင်တွေ့ထားရသဖြင့် လီကျစ်နှင့် ရွှီမင်ချယ်တို့၏ ဆက်ဆံရေးပတ်သက်မှုအတိုင်းအတာကို စမ်းသပ်ချင်၍ ဖြစ်ပေမည်။
လုဟွာရုံ ပြန်လှည့်ထွက်သွားသည်ကို မြင်လိုက်ရမှသာ လီကျစ်တစ်ယောက် သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်နိုင်ပြီး သီသီလေးလွတ်သွားခဲ့ကြောင်း တိတ်တဆိတ် တွေးလိုက်မိသည်။ ယခုလို ရွှီမင်ချယ်၏ နာမည်ကို ဒိုင်းအကာအကွယ်အဖြစ် အသုံးချထားသရွေ့ လုဟွာရုံအနေဖြင့် မိမိအပေါ် အလွယ်တကူ တစ်စုံတစ်ရာ ပြုမူရဲမည်မဟုတ်ပေ။
မဟာမင်မင်းဆက်ခေတ်ရှိ ကုန်သည်ကြီးများ၏ ကောက်ကျစ်စဉ်းလဲမှုများမှာ တကယ်ကို မလွယ်ကြောများဖြစ်ကြောင်း… မိမိ၏ တီထွင်မှုများမှာ သူတစ်ပါးအကျိုးအမြတ်အတွက် အလွယ်တကူ အသုံးချခံသွားရနိုင်ကြောင်း လီကျစ် တိတ်တဆိတ်တွေးတောမိနေသည်။ သို့ရာတွင် ရွှီမင်ချယ်ကမူ သဘောမဆိုးလှပေ။ မိမိနှင့် မျှမျှတတ စီးပွားရေးလုပ်ဆောင်ပြီး အချိန်တိုင်းလိုလို လမ်းညွှန်မှုများပေးတတ်သည်။
နောင်လာမည့် အန္တရာယ်များအတွက် တန်ပြန်ရင်ဆိုင်ရန် နည်းလမ်းများကို စဉ်းစားနေဆဲမှာပင် ရွှီမင်ချယ် ပြန်လည်ရောက်ရှိလာလေသည်။
ရွှီမင်ချယ်က စားပွဲပေါ်ရှိ လက်သုတ်ပဝါဖြင့် လက်ကိုသုတ်ရင်း…
“ညီလေးလီ… မင်းရှေ့မှောက်မှာ ဒီလောက်လှပတဲ့ အလှတရားတွေရှိနေတာကိုတောင် စိတ်မလှုပ်ရှားဘဲ တည်တည်ငြိမ်ငြိမ်ရှိနေတာကို အစ်ကိုကြီး တကယ်လေးစားသွားပြီကွာ။ ဒီလိုမျိုး ပြတ်သားတဲ့စိတ်ထားမျိုးနဲ့ဆိုရင် အချိန်တန်ရင် ညီလေးရဲ့ စီးပွားရေးလုပ်ငန်းက ဒီထက်ပိုပြီး ကြီးထွားလာမှာသေချာတယ်။ မကြာခင်မှာပဲ ထန်းကျင်းမြို့ရဲ့ ကိုးခုမြောက် ကုန်သွယ်ရေးအဖွဲ့အစည်းကြီး ပေါ်ထွက်လာတော့မယ်ထင်ပါရဲ့
လီကျစ်က ပြုံးလိုက်ပြီး…
“အစ်ကိုကြီးရွှီကတော့ နောက်နေပြန်ပါပြီဗျာ”
ထို့နောက် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဆက်၍…
“ကျွန်တော့်မှာ ဘာကျောထောက်နောက်ခံမှမရှိဘဲနဲ့ ဘယ်လိုလုပ် စီးပွားရေးလုပ်ငန်းကြီးတွေ လုပ်နိုင်မှာလဲ။ နောက်ဆုံးကျရင် သူတစ်ပါးလုယူတာပဲ ခံရမှာကို စိုးရိမ်မိပါတယ်”
ထိုစကားကို ကြားသောအခါ ရွှီမင်ချယ်က ပြုံးလိုက်ပြီး …
“ညီလေးလီကျစ်က အခြေအနေတွေကို တကယ်သဘောပေါက်နားလည်သွားပြီပဲ”
လီကျစ်က ရွှီမင်ချယ်ကိုကြည့်ရင်း ဘယ်လိုလုပ်နားမလည်ဘဲနေနိုင်ပါ့မလဲ လုဟွာရုံကိုယ်တိုင်က ပြဿနာလာရှာနေပြီကို ဘယ်လိုလုပ်သဘောမပေါက်ဘဲ နေနိုင်မည်နည်းဟု စိတ်ထဲမှ တွေးလိုက်မိသည်။
ဤကုန်သည်ကြီး ရှစ်ဖွဲ့စလုံး၌ ခိုင်မာတောင့်တင်းသော ကျောထောက်နောက်ခံကိုယ်စီ ရှိကြရာ မိမိကဲ့သို့ သာမန်အရပ်သားတစ်ယောက်အနေဖြင့် သူတို့ကို ရင်ဆိုင်ရန် လုံးဝအင်အားမရှိပေ။
လီကျစ်က ရွှီမင်ချယ်ကို လက်အုပ်ချီ အရိုအသေပေးလိုက်ရင်း…
“ကျေးဇူးပြုပြီး အစ်ကိုကြီးရွှီ ကျွန်တော့်ကို လမ်းမှန်လေးညွှန်ပြပေးပါဦး” ဟု တောင်းဆိုလိုက်သည်။
ရွှီမင်ချယ်က ပြုံးလိုက်ပြီး ပေါ့ပေါ့ပါးပါးလေသံဖြင့်…
“ညီလေးလီ… စိတ်မပူပါနဲ့။ လုဟွာရုံက မင်းရဲ့နောက်ခံအစစ်အမှန်ကို မသိသေးသရွေ့တော့ လောလောဆယ် မင်းကို ဘာမှလုပ်ရဲမှာ မဟုတ်သေးဘူး”
အမှန်တကယ်တော့ ရွှီမင်ချယ်သည် လုဟွာရုံ၏ လုပ်ရပ်များကို အကဲခတ်မိနေခဲ့ပြီး ဖြစ်သော်လည်း ဖွင့်ဟမပြောဘဲ လီကျစ်ကို ဟာသလုပ်နောက်ပြောင်နေခဲ့ခြင်းသာဖြစ်သည်။ ဤကုန်သည်ကြီးများ၏ ပါးနပ်လှည့်ပတ်တတ်မှုများကို လီကျစ်အနေဖြင့် အသစ်တဖန် နားလည်သဘောပေါက်သွားရလေပြီ။
ရွှီမင်ချယ်က စားပွဲခုံကိုလက်ချောင်းများဖြင့် ခပ်ဖွဖွခေါက်ရင်း…
“နောက်ရက်အနည်းငယ်လောက်နေရင် လက်ဆောင်စာရင်းလေးဘာလေး ပြင်ဆင်ထားလိုက်ဦး။ မင်းကို ငါ့ဦးလေးဆီ ခေါ်သွားပေးမယ်”
လီကျစ်မှာ နားမလည်ဟန်ဖြင့် …“အစ်ကိုကြီးရွှီရဲ့ ဦးလေးဆိုတာက…” ဟု မေးလိုက်သည်။
ရွှီမင်ချယ်က ပြုံးလျက် “ထန်းကျင်းမြို့ရဲ့ဘုရင်ခံ ဟယ်ရှီရှို့ပေါ့ကွ” ဟု ပေါ့ပေါ့ပါးပါး ဖြေလိုက်သည်။
လီကျစ်တစ်ယောက် အံ့သြမှင်တက်သွားပြီးနောက် ရွှီမင်ချယ်၏ နောက်ခံအင်အားမှာ အားလုံးထက်အကြီးမားဆုံးဖြစ်နေကြောင်း နားလည်သွားတော့သည်။
ပြည်နယ်ဘုရင်ခံဟူသည် ဒေသတစ်ခုလုံးရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိအားလုံး၏ အကြီးအကဲပင် မဟုတ်ပါလော။ ထို့ကြောင့်လည်း ရွှီမင်ချယ်က ကျန်သော ကုန်သွယ်ရေးအဖွဲ့အစည်း ခုနစ်ခုကိုအရေးမစိုက်ဘဲ မိမိနှင့်အတူ ဘေးဘက်စားပွဲဝိုင်းတွင် လာရောက်ထိုင်နေခဲ့ခြင်းမှာ အံ့သြစရာမရှိတော့ပေ။
ရွှီမင်ချယ်ပြောသည့် ‘လက်ဆောင်စာရင်း’ ဆိုသည်မှာ သွယ်ဝိုက်ပြောဆိုမှုတစ်ခုသာဖြစ်ပြီး တကယ်တမ်း၌ လာဘ်ထိုးရန် ငွေကြေးပြင်ဆင်ထားခိုင်းခြင်းဖြစ်မည်မှာ သေချာလှသည်။
လီကျစ်က အံကိုကြိတ်ကာ ရွှီမင်ချယ်အနားသို့ တိုးကပ်သွားပြီး…
“အစ်ကိုကြီးရွှီ… ငွေသျှူး တစ်ထောင်လောက်ဆိုရင် လုံလောက်ပါ့မလား” ဟု တိုးတိုးလေး မေးလိုက်သည်။
လက်ရှိတွင် လီကျစ်၏ ဆပ်ပြာလုပ်ငန်းမှ တစ်လလျှင် ငွေသျှူးသုံးထောင်ကျော် အမြတ်အစွန်းရရှိနေသဖြင့် ပြည်နယ်ဘုရင်ခံအား ငွေသျှူးတစ်ထောင် လက်ဆောင်ပေးရမည်ဆိုပါက တတ်နိုင်သော အနေအထားတွင် ရှိနေသေးသည်။
ရွှီမင်ချယ်က ပြုံးလျက်ခေါင်းညိတ်ပြကာ …
“ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံမှုအတွက်တော့ မဆိုးပါဘူး… လုံလောက်တယ်လို့ ပြောလို့ရပါတယ်”
လီကျစ်တစ်ယောက် စုတ်တစ်ချက်သပ်လိုက်ပြီး အံကိုတင်းတင်းကြိတ်ကာ “ပြည်နယ်ဘုရင်ခံကြီးအပေါ် အထင်ကြီးလေးစားမှုရရှိစေဖို့ဆိုရင် သျှူးနှစ်ထောင်လောက် ပြင်ဆင်ထားလိုက်ပါ့မယ်ဗျာ” ဟု ဆုံးဖြတ်ချက်ချကာ ပြောလိုက်လေသည်။
ထိုအခါမှ ရွှီမင်ချယ်က ပြုံးလိုက်ပြီး “အေး… အဲဒီလိုမှပေါ့ကွ” ဟု သဘောကျစွာ ပြောလေတော့သည်။
***