သုံးရက်အကြာတွင် လီကျစ်သည် ငွေသျှူး နှစ်ထောင်တန် ငွေစက္ကူများကို ယူဆောင်လျက် ရွှီမင်ချယ်နှင့်အတူ အစိုးရရုံးတော်သို့ ဝင်ရောက်လာခဲ့သည်။
မင်မင်းဆက်အရာရှိများသည် မိမိတို့၏ရုံးတော်များကို ပြုပြင်မွမ်းမံလေ့မရှိသော အစဉ်အလာရှိရာ ဤရုံးတော်ကြီးမှာ ဧရိယာကျယ်ဝန်းလှသော်လည်း အဆောက်အအုံများမှာ အလွန်ဟောင်းနွမ်းပျက်စီးနေပြီး လီကျစ်၏ ခြံဝင်းပျက်ကြီးထက်ပင် ဆိုးရွားနေသေးသည်။
ဒုတိယဆောင်၌ လီကျစ်သည် အာဏာသြဇာကြီးမားလှသော ထန်းကျင်းပြည်နယ်ဘုရင်ခံ ဟယ်ရှီရှို့နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
ဟယ်ရှီရှို့၏ အသက်အရွယ်မှာ ငါးဆယ် သို့မဟုတ် ခြောက်ဆယ်ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ခန္ဓာကိုယ်မှာ အလွန်ပိန်ချုံးနေကာ ဆံပင်များဖြူယော်နေပြီး ပိန်လှီသောမျက်နှာပေါ်တွင်လည်း မုတ်ဆိတ်ဖြူများ ပေါက်ရောက်နေသည်။
သို့သော်လည်း သူသည် ရင်ဘတ်တွင်ဒေါင်းရုပ်ရေးထိုးထားသည့် တတိယအဆင့် အရာရှိဝတ်စုံကို ဝတ်ဆင်ထားရာ ပိန်လှီသောခန္ဓာကိုယ်လေးမှာ အတော်ပင် ခန့်ညားထည်ဝါနေလေသည်။
ရွှီမင်ချယ်မှာ ဟယ်ရှီရှို့၏ တူဖြစ်သောကြောင့် ဟယ်ရှီရှို့ကို တွေ့ရာတွင် ဒူးထောက်ရန် မလိုအပ်ဘဲ ဦးညွှတ်အရိုအသေပေးလျက်…
"ဦးလေး... ကျန်းမာပါစ" ဟု နှုတ်ဆက်လိုက်သည်။
လီကျစ်ကမူ ပေါ့ပေါ့ဆဆ မနေရဲဘဲ ကြမ်းပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ…
"ကျွန်တော်မျိုး သာမန်အရပ်သား လီကျစ်… ဘုရင်ခံမင်းကြီးကို ဂါရဝပြုပါတယ် ခင်ဗျာ"
"ထပါလေ"
ဟယ်ရှီရှို့က "မတ်တပ်ရပ်နိုင်ပါပြီ" ဟု ဆိုလိုက်ရာ လီကျစ်သည် မတ်တပ်ရပ်လိုက်ပြီး သူယူဆောင်လာသော ငွေစက္ကူများကို ဆက်သလိုက်သည်။
"ဒါက ကျွန်တော်မျိုးရဲ့ စေတနာအနည်းငယ်ပါ ခင်ဗျာ"
ဟယ်ရှီရှို့သည် ငွေစက္ကူများပေါ်ရှိ ပမာဏကိုကြည့်လိုက်ပြီး ခေါင်းညိတ်ကာ ဘေးသို့ဖယ်ထားလိုက်သည်။
ဟယ်ရှီရှို့ ခေါင်းညိတ်လိုက်ပြီး စိတ်ကြည်လင်နေသည်ကိုမြင်သောအခါ ရွှီမင်ချယ်က…
"ဒီညီလေးက ထန်းကျင်းမြို့မှာ ဆပ်ပြာရောင်းတဲ့သူပါ ဦးလေး။ ထန်းကျင်းနဲ့ မြို့တော်က ဆပ်ပြာတွေအားလုံးကို သူ့မိသားစုကပဲ ထောက်ပံ့ပေးနေတာပါ"
"အို..."
ရွှီမင်ချယ်၏ စကားကိုကြားသောအခါ ဟယ်ရှီရှို့က စိတ်ဝင်စားသွားပြီး လီကျစ်ဘက်သို့ လှည့်ကာ …
"ကျစ်အာ... ဒီဆပ်ပြာတွေကို မင်းကိုယ်တိုင်လုပ်တာလား"
ပြည်နယ်ဘုရင်ခံတစ်ဦးသည် သြဇာအာဏာကြီးမားလှပြီး မျက်စိရှင်၊ နားပါးလှသဖြင့် လိမ်လည်လှည့်ဖြားမှုကို လက်ခံမည်မဟုတ်ပေ။
လီကျစ်သည် ဘုရင်ခံမင်းကြီးအား ငွေကြေးဆက်သထားပြီးဖြစ်သဖြင့် သူ၏ပိုင်ဆိုင်မှုများကို ထပ်မံလောဘတက်တော့မည် မဟုတ်ဟုယူဆကာ "ကျွန်တော်မျိုး ကိုယ်တိုင်ပြုလုပ်တာပါ" ဟု ရိုးရိုးသားသားပင် ဖြေကြားလိုက်သည်။
လီကျစ်ကိုယ်တိုင် ဆပ်ပြာများကိုပြုလုပ်ကြောင်း ဝန်ခံလိုက်သည်ကိုကြားသောအခါ ရွှီမင်ချယ်က လီကျစ်အား တစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမျှမပြောပေ။
ဟယ်ရှီရှို့က ခေါင်းညိတ်လိုက်ပြီး "ထိုင်ကြပါဦး" ဟု ဆိုလိုက်သည်။
လီကျစ်နှင့် ရွှီမင်ချယ်တို့လည်း အခွင့်အရေးရခိုက် ခုံများတွင်ဝင်ထိုင်လိုက်ကြရာ ဟယ်ရှီရှို့က…
"ဆပ်ပြာဆိုတာ တကယ်ကိုကောင်းမွန်တဲ့အရာပဲ။ တခြားအရာတွေကို ခဏထားလိုက်… ဒီရုံးတော်က အမှုထမ်းတွေနဲ့ စာရေးတွေရဲ့ ဆံပင်တွေကိုပဲ ကြည့်လိုက်ပါဦး။ ဆပ်ပြာသုံးပြီးကတည်းက သန့်ရှင်းသွားကြတယ်။ အရင်ကလို ဆီချေးတွေတက်ပြီး သန်းတွေနဲ့ ပြည့်နှက်မနေတော့ဘူး။ သူတို့ကို ကြည့်ရတာ ငါ့မျက်စိထဲမှာတောင် ရှင်းသွားတယ်"
ဟယ်ရှီရှို့မှာ အသက်အရွယ်ကြီးရင့်နေပြီဖြစ်ရာ သူ၏ဆံပင်များမှာ ခြောက်သွေ့နေပြီး ဆီချေးမရှိတော့သော်လည်း သူ၏လက်အောက်ရှိ အမှုထမ်းများနှင့် စာရေးများ၏ ဆံပင်များမှာမူ ဆီချေးအလိမ်းလိမ်းဖြင့် သန်းများပြည့်နှက်နေတတ်သဖြင့် အမြင်မတော်လှပေ။
ဆပ်ပြာပေါ်လာသည့်အခါ ဤဆီချေးတက်နေသော ဆံပင်များကို သန့်စင်အောင် လျှော်ဖွတ်နိုင်ပြီး လန်းဆန်းသွားကာ သန်းများ၏ ဒုက္ခမှလည်း ကင်းဝေးသွားကြသည်။
ဘုရင်ခံမင်းကြီးသည် ဆပ်ပြာ၏အသုံးဝင်ပုံကို အတော်လေးကျေနပ်အားရနေကြောင်း ထင်ရှားလှသည်။
အခြားမည်သည့်အရာမှ မဆိုထားနှင့် ရုံးတော်မှလူများကို အမြင်တင့်တယ်သွားစေသည်မှာတော့ အမှန်ပင်ဖြစ်သည်။
ဟယ်ရှီရှို့က ဆက်၍ …
"မြို့တော်က လုပ်ဖော်ကိုင်ဖက်တွေဆီကကြားရတာတော့ ဧကရာဇ်မင်းမြတ်ကိုယ်တိုင်တောင် ဒီဆပ်ပြာကို သုံးစွဲပြီး အမြဲချီးမွမ်းနေတယ်ဆိုပဲ။ ကျစ်အာ... မင်းက ဒီဆပ်ပြာကို ဖန်တီးခဲ့တဲ့အတွက် တိုင်းပြည်ကို အကျိုးပြုတဲ့ ကြီးမားတဲ့လုပ်ရပ်ကို လုပ်ဆောင်ခဲ့တာပဲ"
နန်းတွင်းရှိ မိန်းမစိုးများသည် ဆရာကြီးချွေ (ချွေဝမ်တင်) ထံမှ လစဉ် ဆပ်ပြာတုံးရေ နှစ်ထောင်ဝယ်ယူကြောင်း လီကျစ် ကြိုသိထားပြီးဖြစ်သည်။
ထို့ကြောင့် ဘုရင်ခံမင်းကြီးက ဧကရာဇ်မင်းမြတ်ကိုယ်တိုင် သူ၏ဆပ်ပြာကို သုံးစွဲနေကြောင်း ပြောလာသည့်အခါတွင်လည်း သိပ်ပြီးအံ့သြမနေတော့ဘဲ….
"ဘုရင်ခံမင်းကြီးက အထင်ကြီးလွန်းနေပါပြီ ခင်ဗျာ" ဟုသာ တည်ငြိမ်စွာ ပြန်လည်ဖြေကြားလိုက်သည်။
ဟယ်ရှီရှို့က ခေါင်းညိတ်လိုက်ပြီး လက်အုပ်ချီကာ မြို့တော်ရှိရာအရပ်ဆီသို့ ရိုသေစွာ ဦးညွှတ်လိုက်ရင်း…
"ယခုအခါ သစ္စာဖောက် မိစ္ဆာအမတ်တွေ အာဏာစက်ကြီးမားနေပြီး သူတော်ကောင်းတွေက သူတို့ရဲ့လမ်းကို ရှောင်ဖယ်ပေးနေရတဲ့ အချိန်အခါမျိုးမှာ နယ်စွန်နယ်ဖျားက ကိုယ်တော်တို့လို အရာရှိတွေကလည်း အရည်အချင်းမရှိကြဘူးလေ။"
"ဆိုးယုတ်မှုတွေကို မနှင်ထုတ်နိုင်ဘူး… မသမာမှုတွေကို မဖယ်ရှားနိုင်ဘူး… ပုန်ကန်မှုတွေကို မနှိမ်နင်းနိုင်ဘူး။ ဒါပေမဲ့ ဧကရာဇ်မင်းမြတ်ရဲ့ စိတ်ပူပန်မှုတွေကိုပစ္စည်းတစ်ခုနဲ့ သက်သာရာရစေနိုင်တာကပဲ ကောင်းမြတ်လှပါပြီ"
ဟယ်ရှီရှို့က လက်အုပ်ချီထားသည်ကို ပြန်ချလိုက်ပြီး…
"ဒါကြောင့်ပဲ မင်းရဲ့ ဆပ်ပြာလုပ်ငန်းက တိုင်းပြည်အတွက် အကျိုးပြုတယ်လို့ ငါပြောတာပေါ့"
ဤဘုရင်ခံမင်းကြီးသည် လာဘ်စားသည်ကိုပင် ဖြောင့်မတ်မှန်ကန်ပြီး ခမ်းနားကြီးကျယ်သည့် ဟန်ပန်ဖြင့် လက်ခံနေသဖြင့် လီကျစ်တစ်ယောက် မင်မင်းဆက်နှောင်းပိုင်းကာလ အရာရှိလောကကို အသစ်တဖန် နားလည်သဘောပေါက်သွားရတော့သည်။
ဤဘုရင်ခံမင်းကြီးသည် မိမိကိုယ်မိမိ သူတော်ကောင်းတစ်ဦးဟု ခံယူထားပြီး လက်ရှိအရာရှိလောကအပေါ် အလွန်မကျေမနပ်ဖြစ်နေပုံရသည်။
သူပြောသည့် "သစ္စာဖောက် မိစ္ဆာအမတ်တွေ အာဏာစက်ကြီးမားနေတယ်" ဆိုသည်မှာ လက်ရှိ နန်းရင်းဝန်ကြီးကို သစ္စာဖောက်အဖြစ် ရည်ညွှန်းနေခြင်းများလား။
လီကျစ်တစ်ယောက် အရာရှိလောက၏ ရှုပ်ထွေးနက်နဲမှုများကို လတ်တလောတွင် ကောင်းစွာ နားမလည်နိုင်သေးပေ။
ဟယ်ရှီရှို့က လီကျစ်အား တိုင်းပြည်အကျိုးပြုသည်ဟု ပြောဆိုနေသော်လည်း လီကျစ်ကို မည်သည့်ဆုလာဘ်မှ ချီးမြှင့်မည်မဟုတ်ဘဲ အပေါ်ယံစကားသက်သက်သာ ဖြစ်ပေသည်။
လီကျစ်က စိတ်ထဲမှ ကျိတ်၍ပြောဆိုနေသော်လည်း အပြင်တွင်မူ
"ဘုရင်ခံမင်းကြီးက သဘောထားကြီးမြတ်လှပါတယ် ခင်ဗျာ" ဟုသာ ပြန်လည်ဖြေကြားလိုက်သည်။
ဟယ်ရှီရှို့က မျက်လုံးများကိုကျဉ်းမြောင်းလိုက်ပြီး…
"နောက်နောင် တစ်ယောက်ယောက်က မင်းရဲ့ပိုင်ဆိုင်မှုတွေကို လုယူဖို့ ဒါမှမဟုတ် မင်းကို အန္တရာယ်ပြုဖို့ ကြိုးစားလာရင် ငါ့ဆီ လာရှာလိုက်ပါ ကျစ်အာ" ဟု ခပ်တိုးတိုး ပြောလိုက်သည်။
ဒီစကားက အဓိကသော့ချက်ပဲ။
ဒီစကားကို ကြားလိုက်ရချိန်တွင် လီကျစ်၏ ရင်ထဲ၌ဝမ်းသာသွားပြီး စိတ်ချမ်းသာစေသည့် ဆေးလုံးတစ်လုံးကို မြိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
ထန်းကျင်းမြို့တွင် ပြည်နယ်ဘုရင်ခံသည် အမြင့်မားဆုံးအာဏာပိုင်ဖြစ်ရာ သူ၏ ဤစကားတစ်ခွန်းကြောင့် လီကျစ်သည် နောင်အနာဂတ်တွင် ပြဿနာလာရှာမည့် မည်သူ့ကိုမျှ ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ။
ဤသို့ပြောပြီးနောက် ဟယ်ရှီရှို့က ခန်းမပြင်ဘက်သို့ …"အိမ်တော်ထိန်းဆွန်း... ဒီကိုလာခဲ့စမ်း" ဟု အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။
ဟယ်ရှီရှို့၏ ခေါ်သံကိုကြားသောအခါ ဦးထုပ်ပတ်ဝိုင်းလေးဆောင်းထားသည့် ကြောက်ရွံ့တုန်လှုပ်နေပုံရသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးသည် ခန်းမပြင်ဘက်မှ သုတ်သုတ်ပျာပျာဝင်ရောက်လာကာ ကြမ်းပြင်ပေါ်တွင်ဒူးထောက်လိုက်ပြီး…
"သခင်ကြီး... ကျွန်တော်မျိုးကို ခေါ်ပါသလား"
ဟယ်ရှီရှို့က အိမ်တော်ထိန်းဆွန်းကို လက်ညိုးထိုးပြကာ….
"သူက ငါ့အိမ်တော်က အိမ်တော်ထိန်းဆွန်းပဲ။ ကျစ်အာ... မင်းမှာ အရေးတကြီးကိစ္စရှိလာရင် ငါ့ကိုလာတွေ့ဖို့ အိမ်တော်ထိန်းဆွန်းကို လာရှာလို့ရတယ်"
လီကျစ်က ခေါင်းညိတ်လက်ခံလိုက်ပြီး အိမ်တော်ထိန်းဆွန်းနှင့် အပြန်အလှန် နှုတ်ဆက်လိုက်ကြသည်။
ထိုသို့ပြောပြီးနောက် ဟယ်ရှီရှို့မှာ စကားဆက်မပြောတော့ဘဲ လက်ဖက်ရည်ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်သည်။
ဤသည်မှာ မိမိကိုပြန်လွှတ်လိုက်ခြင်းဖြစ်ကြောင်း လီကျစ် နားလည်သဖြင့် အလျင်အမြန်ပင် အရိုအသေပေးကာ ထွက်ခွာလာခဲ့သည်။
ရွှီမင်ချယ်ကမူ ခန်းမထဲတွင် ဆက်ကျန်ရစ်ကာ ဟယ်ရှီရှို့နှင့် တစ်စုံတစ်ခုကို ဆွေးနွေးနေခဲ့ပြီး အိမ်တော်ထိန်းဆွန်းနှင့် လီကျစ်တို့ နှစ်ယောက်သာ အတူတကွထွက်လာခဲ့ကြသည်။
သူတို့နှစ်ဦး ဒုတိယဆောင်မှထွက်လာချိန်တွင် လီကျစ်သည် သူ၏အင်္ကျီလက်ထဲမှ ငွေငါးသျှူးကို ထုတ်ကာ အိမ်တော်ထိန်းဆွန်း၏ ရင်ခွင်ထဲသို့ လျှို့ဝှက်စွာ ထိုးထည့်ပေးလိုက်သည်။
"အိမ်တော်ထိန်းဆွန်း... အခုလို တွေ့ရတာ ဝမ်းသာပါတယ်ဗျာ"
ငွေကို လက်ခံရရှိသွားသောအခါ အိမ်တော်ထိန်းဆွန်း၏ မျက်နှာပေါ်တွင်ချက်ချင်းဆိုသလို အပြုံးကြီးတစ်ပွင့်ပေါ်လာကာ…
"ညီလေးလီ... ကိစ္စမရှိပါဘူးဗျာ။ နောင်များတစ်ခုခုဆိုရင် ရုံးတော်ကိုသာလာပြီး ဒီက ဆွန်းယိုမင်ကိုသာ လာရှာလိုက်ပါ"
ပြည်နယ်ဘုရင်ခံအား ငွေသျှူးနှစ်ထောင် ပေးလိုက်ရခြင်းမှာ လီကျစ်အတွက် နှမြောစရာကောင်းသော်လည်း ပြည်နယ်ဘုရင်ခံ၏ ထောက်ခံမှုကိုရရှိလိုက်ခြင်းက သူ၏စိတ်ကို များစွာ သက်သာရာရစေခဲ့သည်။ တစ်စုံတစ်ယောက် လာရောက်ပြဿနာရှာမည်ကိုလည်းကောင်း… သူကိုယ်တိုင် ပြန်လည်ခုခံနိုင်စွမ်းမရှိမည်ကိုလည်းကောင်း ကြောက်ရွံ့နေရန် မလိုအပ်တော့ပေ။
ပြည်နယ်ဘုရင်ခံနှင့် ကိစ္စအဝဝပြီးစီးသွားပြီဖြစ်သဖြင့် လီကျစ်သည် သူ၏ ရက်ကန်းရုံကို အင်ပြည့်အားပြည့် ဖွံ့ဖြိုးတိုးတက်စေရန် စတင်လုပ်ဆောင်တော့မည်ဖြစ်သည်။
နှစ်ဆန်း (၃) လပိုင်း လလယ်ခန့်တွင် မြို့အရှေ့ဘက်ရှိ မြေကွက်လပ်ပေါ်တွင် တည်ဆောက်ထားသော စက်ရုံအဆောက်အအုံများ ပြီးစီးသွားခဲ့ပြီဖြစ်သည်။
စတုရန်းမီတာ ၁,၂၀၀ ကျယ်ဝန်းသော စက်ရုံအဆောက်အအုံကြီးမှာ အလွန်ခိုင်ခံ့ပြီး မြင့်မားသောတံတိုင်းဖြင့် ဝန်းရံထားရာ လီကျစ်၏ လျှို့ဝှက်ချက် ထိန်းသိမ်းလိုသည့် လိုအပ်ချက်များနှင့် ကိုက်ညီလှပေသည်။
လွန်းပျံရက်ကန်းစင် ကိရိယာများထုတ်လုပ်ခြင်းမှာ အလုပ်လုပ်ရသည့် ပမာဏနည်းပါးပြီး ပြီးစီးနေပြီဖြစ်ရာ လီကျစ်အနေဖြင့် ယင်းအတွက် စိတ်ပူစရာမလိုတော့ပေ။
ရက်ကန်းစင်များအတွက် သစ်သားထည်လုပ်ငန်းများမှာလည်း နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ရက်ကန်းစင် လေးရာအနက် သုံးရာကျော်မှာ ပြုလုပ်ပြီးစီးနေပြီဖြစ်ပြီး ရက်အနည်းငယ်အတွင်း အားလုံးပြီးစီးတော့မည်ဖြစ်သည်။
လီကျစ်သည် ဈေးကွက်အတွင်း သင့်လျော်သော ချည်မျှင်ရောင်းချသူများနှင့် ချည်ထည်ဝယ်ယူမည့်သူများကို စတင်ရှာဖွေလေတော့သည်။
ထိုနေ့မှာပင် ဆရာကြီးချွေသည် ကုန်ပစ္စည်းများလာယူရန်နှင့် စာရင်းရှင်းရန် လီကျစ်ထံသို့ ရောက်ရှိလာပြီး လီကျစ်၏ အိမ်တွင် ခေတ္တမျှ ဝင်ရောက်နားခိုခဲ့သည်။
"ဒီရက်ပိုင်း မင်း ဘာတွေအလုပ်ရှုပ်နေတာလဲ။ မြို့ပြင်မှာ အိမ်အကြီးကြီးတစ်ခု ဆောက်နေတယ်ဆို"
"ကျွန်တော် ရက်ကန်းရုံတစ်ခု ဆောက်နေတာပါ။ ချည်ထည်တွေ ရက်လုပ်ဖို့အတွက် လူရာနဲ့ချီပြီး အလုပ်ခန့်ထားမလို့ပါ"
လီကျစ်၏ စကားကြောင့် ဆရာကြီးချွေမှာ အလွန်သိချင်စိတ်ပြင်းပြသွားသည်။ လီကျစ်တစ်ယောက် သူနှင့်မရင်းနှီးသော ရက်ကန်းလုပ်ငန်းနယ်ပယ်ထဲသို့ အဘယ်ကြောင့် ရုတ်တရက် ဝင်ရောက်လာရသနည်းကို နားမလည်နိုင်သဖြင့်…
"မင်းက ချည်ထည်ရက်လုပ်တဲ့ လုပ်ငန်းကိုလည်း စိတ်ဝင်စားနေတာလား"
"ကျွန်တော့်မှာ အကြံဉာဏ်တချို့ရှိလို့ပါ။ လွန်းပျံရက်ကန်းစင်တွေရဲ့ လုပ်ရည်ကိုင်ရည်ကို နည်းနည်း ပိုကောင်းအောင် မြှင့်တင်ထားလို့ပါ"
ရက်ကန်းရုံဖွင့်လှစ်ပြီး ထုတ်ကုန်များထွက်ရှိလာသည်နှင့်တစ်ပြိုင်နက် လီကျစ်၏ အဆင့်မြှင့်တင်ထားသော ရက်ကန်းစင်များအကြောင်း သတင်းများပြန့်နှံ့သွားမည်မှာ သေချာလှသည်။
ဆရာကြီးချွေသည် ဖောက်သည်ဟောင်းတစ်ဦးဖြစ်ရာ လီကျစ်အနေဖြင့် သူနှင့်ပတ်သက်၍ ဖုံးကွယ်ထားစရာ အကြောင်းမရှိပေ။
ခဏမျှတုံ့ဆိုင်းသွားပြီးနောက် လီကျစ်က ဆက်၍…
"ဒါပေမဲ့ ချည်မျှင်အများကြီး သွင်းပေးနိုင်တဲ့သူတွေနဲ့ ချည်ထည်တွေကို အများကြီး ဝယ်ယူမယ့်သူတွေကိုတော့ မရှာရသေးဘူးဗျ။ ဈေးသက်သာတဲ့ ချည်မျှင်တွေကို ဘယ်ကဝယ်ရမလဲ… အထည်တွေကို ဘယ်မှာလွယ်လွယ်ကူကူ ရောင်းရမလဲဆိုတာ မသိသေးဘူး" ဟု ပြောလိုက်သည်။
ဈေးကွက်ထဲတွင် အသေးစား ချည်မျှင်ရောင်းသူများနှင့် ချည်ထည်ဝယ်သူများ များစွာရှိပြီး လီကျစ်၏ မိခင်ဖြစ်သူ ရီကျန်းကတော် ပင်လျှင် အချို့ကို သိရှိလေသည်။
သို့သော် ဤကုန်သည်များမှာ လက်လီရောင်းချသူများဖြစ်ကြပြီး ကုန်ပစ္စည်းများကို လက်လီဈေးဖြင့် ဝယ်ယူရောင်းချကြရာ သူတို့လက်ထဲမှ ဖြတ်သန်းသွားတိုင်း အမြတ်အစွန်းတစ်စိတ်တစ်ပိုင်းကို ခွဲဝေယူငင်သွားကြသည်။
အကြီးစားလုပ်ငန်း လုပ်ဆောင်နေသော လီကျစ်အတွက် ဤလက်လီကုန်သည်များက အမြတ်အစွန်းယူသွားခြင်းမှာ အလွန်တွက်ခြေမကိုက်လှပေ။ ထို့ကြောင့် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့် ရောင်းချခြင်းကြားရှိ ဈေးကွာဟချက်ကို အနည်းဆုံးဖြစ်စေရန် အကြီးစားလက်ကားကုန်သည်များကို ရှာဖွေရန် လိုအပ်ပေသည်။
လီကျစ်၏ စကားများကမူ ဆရာကြီးချွေ၏ရင်ထဲတွင် လှိုင်းဂယက်တစ်ခုကို ရိုက်ခတ်သွားစေခဲ့လေတော့သည်။
***