လီကျစ်တစ်ယောက် သူ၏ ဖွံ့ဖြိုးတိုးတက်နေသော ဆပ်ပြာလုပ်ငန်းကို သေချာဂရုတစိုက် မစီမံတော့ဘဲ ရက်ကန်းစင်များကို အဆင့်မြှင့်တင်ပြီး ရက်ကန်းရုံတစ်ခုတည်ထောင်ရန် အချိန်ကုန်လူပန်းခံကာ ကြိုးပမ်းနေသည်တဲ့လား။ လီကျစ်တစ်ယောက် ရူးမိုက်နေတာပဲဖြစ်ရမည် သို့မဟုတ် သူအဆင့်မြှင့်တင်ထားသော ရက်ကန်းစင်များက တကယ်ကိုလုပ်ရည်ကိုင်ရည် အလွန်ကောင်းမွန်နေ၍သာ ဖြစ်ရပေမည်။ အကယ်၍ နောက်ပိုင်းအချက်သာ မှန်ကန်ပါက လီကျစ်သည် တကယ့်ပါရမီရှင်တစ်ဦးပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် မိမိအနေဖြင့် သူနှင့် ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ထားရမည်။ လီကျစ်နှင့်သာ ပူးပေါင်းထားနိုင်ပါက မိမိ၏ ဘဝတစ်သက်တာအတွက် စည်းစိမ်ချမ်းသာများ သေချာပေါက် ရရှိနိုင်ပေလိမ့်မည်။
ဆရာကြီးချွေ စိတ်ထဲမှတွေးတောနေသော်လည်း အပြင်တွင်မူ ပေါ့ပေါ့ပါးပါးပင်…
"ထျန်းကျင်းစစ်ဘက်ရေးရာရုံးနယ်မြေမှာ ချည်မျှင်နဲ့ ချည်ထည်တွေကို လက်ကားဖြန့်ချိတဲ့ မိသားစုသုံးစုပဲရှိတယ်။ အနောက်ဘက်က ယွမ်မိသားစု၊ မြောက်ဘက်က ဖေးမိသားစုနဲ့ အရှေ့ဘက်က တုန်းမိသားစုတို့ပဲ။ ငါက သူတို့သုံးယောက်စလုံးနဲ့ ရင်းနှီးပါတယ်။ မင်း ဘယ်မိသားစုနဲ့ စီးပွားရေးလုပ်ချင်သလဲ…. ငါ လိုက်ပို့ပေးမယ်လေ"
"ဆရာကြီးချွေက သူတို့အားလုံးကို သိနေတာဆိုတော့ တကယ်ကောင်းတာပေါ့ဗျာ"
လီကျစ်က ဝမ်းသာအားရဖြင့်…
"ဘယ်တစ်ဆိုင်က ပိုကြီးပြီး ဈေးနှုန်းပိုမှန်ကန်သလဲဆိုတာ ပြောပြပါလား"
"ဈေးနှုန်းတွေကတော့ အကုန်လုံးသိပ်မကွာပါဘူး။ ကာလပေါက်ဈေးအတိုင်း လက်ကားဈေးတွေပါပဲ။ အတိုင်းအတာအရပြောရရင်တော့ အရှေ့ဘက်က တုန်းမိသားစုက အကြီးဆုံးပဲ။ သူတို့က မြောက်ပိုင်းကနေ ဝါဂွမ်းတွေကိုတင်သွင်းပြီး တောင်ပိုင်းကိုရောင်းချတယ်။ တောင်ပိုင်းသားတွေက ချည်ထည်တွေရက်လုပ်ပြီးတဲ့အခါ ရေကြောင်းတပ်ဖွဲ့ကိုငှားရမ်းပြီး တောင်ပိုင်းကနေ မြောက်ပိုင်းကိုပြန်သယ်ဆောင်လာတယ်။ ချည်ထည်လုပ်ငန်းနဲ့ပတ်သက်ပြီး အစအဆုံး အကုန်လုပ်ကိုင်နေတာဆိုတော့ သူတို့က ထန်းကျင်းမှာ အကြီးဆုံး ချည်ထည်ကုန်သည်တွေပေါ့"
"ဒါဆိုရင် သူတို့ဆီကိုပဲ သွားကြတာပေါ့"
ဆရာကြီးချွေက ခေါင်းညိတ်ကာ…
"ငါ အခုပဲ လိုက်ပို့ပေးမယ်လေ"
ဆရာကြီးချွေသည် အချိန်မဆွဲတော့ဘဲ ချက်ချင်းထကာ လီကျစ်အား မြို့အရှေ့ဘက်ရှိ တုန်းမိသားစုဆီသို့ ခေါ်ဆောင်သွားလေသည်။ တုန်းမိသားစုအိမ်တော်မှာ ကျင်းပြန် ရပ်ကွက်နှင့် သိပ်မဝေးလှဘဲ လမ်းကြားလေးငါးခုခန့် ဖြတ်ကျော်ပြီးသည်နှင့် ရောက်ရှိသွားသည်။
ရောက်ရောက်ချင်းပင် လီကျစ်သည် တုန်းမိသားစု ခြံဝင်းအပြင်ဘက်၌ ချည်ထည်အမျိုးမျိုးနှင့် ချည်မျှင်များကို ခင်းကျင်းပြသထားသော ဆိုင်ခန်းအကြီးကြီးတစ်ခုကို မြင်တွေ့လိုက်ရသည်။ ဆိုင်ခန်းကြီးထဲတွင် လူသိပ်မများသော်လည်း အစေခံတစ်ဦးက ချည်မျှင်ထုပ်များကို အပြင်သို့ သယ်ထုတ်နေသည်။ ဆိုင်ရှေ့တွင်ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်ဖြစ်ဟန်တူသော မြင်းလှည်းအတော်များများကို ရပ်နားထားရာ ဤနေရာသည် အလွန်ကြီးမားသော ချည်ထည်ကုန်သည်ကြီးတစ်ဦး၏ နေရာဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှပေသည်။
ဆရာကြီးချွေက ဆိုင်ထဲရှိ ဆိုင်တာဝန်ခံထံသို့ သူ၏ အမည်ကတ်ပြားကို ကမ်းပေးလိုက်ပြီး စီးပွားရေးကိစ္စ ဆွေးနွေးရန် ရောက်လာကြောင်း ရှင်းပြလိုက်သည်။ တာဝန်ခံက ဆရာကြီးချွေ၏ အမည်ကတ်ပြားကိုယူကာ အနောက်ဘက်ခြံဝင်းထဲသို့ဝင်သွားလေသည်။ မကြာမီတွင် လေးထောင့်စပ်စပ်မျက်နှာနှင့် မုတ်ဆိတ်ရှည်များရှိသော ကုန်သည်ကြီးတစ်ဦးထွက်လာခဲ့သည်။ သူကား တုန်းမိသားစု၏ အကြီးအကဲ တုန်းကျစ်ယီ ပင်ဖြစ်သည်။
"ဆရာကြီးချွေ... ဘယ်လေနှင်လို့ ဒီဘက်ကို ရောက်လာတာတုန်း"
"ဆရာကြီးတုန်း... ကျုပ်က ဆရာကြီးအတွက် စီးပွားရေးလုပ်ငန်းတစ်ခု မိတ်ဆက်ပေးချင်လို့ လာခဲ့တာပါ"
"ကောင်းတာပေါ့… ကောင်းတာပေါ့။ အထဲကို ဝင်ကြပါဦး"
သူတို့နှစ်ဦးကို ဧည့်ခန်းမဆောင်၌ ထိုင်စေပြီးနောက် တုန်းမိသားစု၏ အစေခံတစ်ဦးက လက်ဖက်ရည်ကြမ်းများ လာချပေးသည်။ လီကျစ်က တစ်ငုံသောက်လိုက်ရာ ပါးစပ်ထဲတွင် မွှေးပျံ့သော အရသာတစ်ခု ပြည့်နှံ့သွားပြီး တကယ့်လက်ဖက်ရည်ကောင်းဖြစ်ကြောင်း သေချာသွားလေသည်။
"ဆရာကြီးတုန်း... ကျုပ်ရဲ့ ညီလေးက အခုရက်ကန်းရုံတစ်ခု ဖွင့်ထားတယ်။ သူက ဆရာကြီးဆီကနေ ချည်မျှင်တွေဝယ်ပြီး ချည်ထည်တွေရက်လုပ်ကာ ဆရာကြီးဆီကိုပဲ ပြန်ရောင်းချင်လို့တဲ့"
တုန်းကျစ်ယီက ခေါင်းညိတ်လိုက်ပြီး…
"ချည်ထည်ရက်လုပ်တဲ့ လုပ်ငန်းက အမြဲတမ်း ကျန်းနန် ဒေသမှာပဲ စုစည်းလေ့ရှိတာ။ ငါတို့က မြောက်ပိုင်းထွက် ဝါဂွမ်းတွေကို ကျန်းနန်ကို သယ်သွားပြီး အဲဒီကနေမှ ချည်ထည်တွေကို မြောက်ပိုင်းမှာ ပြန်ရောင်းဖို့ဝယ်ယူကြတာလေ။ အသွားအပြန် သယ်ယူပို့ဆောင်ရေးစရိတ်တွေကိုမပြောနဲ့ဦး… အကောက်ခွန်ရုံးက ကောက်ခံတဲ့အခွန်အခတွေကတင် အတော်လေးများတယ်။ ထန်းကျင်းမှာ ချည်ထည်ရက်လုပ်ဖို့ စက်ရုံတစ်ရုံတည်ထောင်ပြီး မြောက်ပိုင်းချည်ထည်အတွက် မြောက်ပိုင်းချည်မျှင်တွေကို တိုက်ရိုက်ပံ့ပိုးပေးနိုင်မယ်ဆိုရင်တော့ ဒါက အလားအလာကောင်းတဲ့ လမ်းကြောင်းတစ်ခုပဲ"
ထိုအခါ လီကျစ်ကဝင်၍..
"ကျွန်တော်က တစ်လကို အထည်လိပ် တစ်သောင်းကျော်ရက်လုပ်မှာပါ။ ဆရာကြီးတုန်း... ချည်မျှင်အတွက် ဈေးကောင်းလေး ပေးပါဦး"
တုန်းကျစ်ယီက သူ၏ မုတ်ဆိတ်မွေးကိုသပ်ကာ ပေါ့ပေါ့ပါးပါးလေသံဖြင့်
"ဒီမိတ်ဆွေငယ်လေးက ဒီလောက်ကြီးမားတဲ့ ရက်ကန်းရုံကြီးကို လုပ်ချင်တာကိုး"
ထို့နောက် ခေတ္တရပ်နားကာ ဆက်၍… "ချည်မျှင်ရဲ့ ဈေးကွက်လက်လီဈေးက တစ်ထုပ်ကို ခုနစ်သျှူးနဲ့ ငါးကျန်ရှိတယ်။ မင်းကို လက်ကားဈေးအနေနဲ့ ခုနစ်သျှူးနဲ့ လေးကျန် ပေးပါ့မယ်" ဟု ပြောလေသည်။
လီကျစ်သည် ဤမျှမြင့်မားသောဈေးနှုန်းကိုလက်မခံလိုသဖြင့် ဆရာကြီးတုန်းနှင့် စိတ်ရှည်လက်ရှည်ဈေးဆစ်ကာ နောက်ဆုံးတွင် တစ်ထုပ်လျှင် ခုနစ်သျှူးဟူသော ပြေလည်သည့်ဈေးနှုန်းတစ်ခုသို့ ရောက်ရှိသွားသည်။ ချည်မျှင်ဈေးနှုန်း ဆွေးနွေးပြီးနောက် သူတို့နှစ်ဦးသည် ချည်ထည်ရောင်းချမည့် ဈေးနှုန်းကို ဆက်လက်ဆွေးနွေးကြသည်။
"ဆရာကြီးတုန်း... ချည်ထည်အတွက် ဈေးကွက်ဝယ်ဈေးက ဘယ်လောက်ရှိလဲ"
"ဈေးကွက်ထဲက လက်လုပ်ရက်ကန်းသမားတွေဆီကနေ ရိုးရိုးချည်ထည်တွေကို တစ်လိပ်ကို ကိုးကျန်နဲ့ ငါဝယ်တယ်"
"ကျွန်တော်က တစ်လကို အထည်လိပ် တစ်သောင်းကျော်ကို အဲဒီဈေးနဲ့ပဲ ရောင်းပေးမယ်ဆိုရင်ရော ဘယ်လိုလဲ"
လီကျစ်က ခေတ္တရပ်နားကာ ဆက်၍…
"ဒါပေမဲ့ ကျွန်တော့်ရဲ့ အထည်တွေက ထူးခြားချက်တစ်ခုရှိတယ်။ သာမန်ချည်ထည်တွေထက် နှစ်ဆပိုကျယ်တယ်။ အဝတ်အစားတွေချုပ်တဲ့အခါ စံသတ်မှတ်ချက်အကျယ်အတိုင်း ဖြတ်တောက်နိုင်သလို အကျယ်နှစ်ဆကို တိုက်ရိုက်အသုံးပြုပြီး ဒီဇိုင်းအသစ်တွေလည်း ဖန်တီးနိုင်တယ်"
"အို... အဲဒီလို အထည်မျိုးရှိတယ်ပေါ့"
တုန်းကျစ်ယီက ခဏမျှစဉ်းစားလိုက်ပြီးနောက် မျက်နှာမော့ကာ…
"ဒီလိုအထည်မျိုးက တကယ်ကိုရှားပါးပြီး သေချာပေါက်လူကြိုက်များမှာပဲ။ မင်းရောင်းမယ့် အထည်က ဒီလိုမျိုးဆိုရင်တော့ အရေအတွက်ဘယ်လောက်ပဲဖြစ်ဖြစ် ဈေးကွက်ပေါက်ဈေးအတိုင်း ငါဝယ်ယူပါ့မယ်"
"ကောင်းပြီလေ... ဒါဆို သဘောတူတယ်။ နောက်လကျရင် ဒီကိုလာပြီး ပစ္စည်းတွေ ဝယ်ယူတာရော ရောင်းချတာပါ လုပ်ပါ့မယ်"
"သဘောတူတယ်"
ကုန်ပစ္စည်းများဝယ်ယူရန်နှင့် ရောင်းချရန် လမ်းကြောင်းများရှာဖွေတွေ့ရှိပြီးနောက် လီကျစ်သည် အလုပ်သမားများ စတင်ခေါ်ယူလေတော့သည်။
ရက်ကန်းလုပ်သားများအတွက် လီကျစ်ပေးသောခံစားခွင့်များမှာ ယခင်အတိုင်းပင်ဖြစ်ပြီး တစ်လလျှင် ငွေနှစ်သျှူးနှင့် အသားဟင်းပါသော ထမင်းသုံးနပ်ဖြစ်သည်။ သို့သော် ယခင်နှင့်မတူသည်မှာ ယခုတစ်ကြိမ်တွင် လီကျစ်သည် အမျိုးသားရော အမျိုးသမီးပါ ခေါ်ယူခြင်းဖြစ်သည်။
မင်မင်းဆက်ခေတ်ရှိ ရက်ကန်းရုံများတွင် အမျိုးသမီးလုပ်သားများကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုကြသည်။ ဝမ်လီ ဧကရာဇ်လက်ထက်တွင် နန်းရင်းဝန်ချုပ် ရွှီကျဲ သည် စီးပွားရေးလုပ်ငန်းများကို အကြီးအကျယ်လုပ်ကိုင်ခဲ့ပြီး အလွန်ကြီးမားသော ရက်ကန်းရုံကြီးတစ်ခုကို ဖွင့်လှစ်ခဲ့ဖူးသည်။ သူသည် အမျိုးသမီးရက်ကန်းလုပ်သား အမြောက်အများကိုငှားရမ်းကာ နှစ်စဉ် ဈေးကွက်အတွင်းသို့ ချည်ထည်အများအပြား ထုတ်လုပ်ရောင်းချခဲ့သည်။
မင်မင်းဆက်နှောင်းပိုင်းကာလတွင် လီကျစ်တစ်ယောက် အမျိုးသမီးလုပ်သားများကို ရက်ကန်းသမားများအဖြစ် ခန့်အပ်ခြင်းမှာ သဘာဝကျသောကိစ္စတစ်ခုအဖြစ် ရှုမြင်ကြပေသည်။
လီကျစ်သည် အလုပ်ခေါ်ယူရာတွင် အလွန်ကောင်းမွန်သောခံစားခွင့်များ ပေးထားသဖြင့် လူတိုင်းတပ်မက်စရာ အလုပ်အကိုင်တစ်ခု ဖြစ်နေသောကြောင့် မိသားစုဆွေမျိုးများအတွင်းမှ ဦးစွာစတင်ခေါ်ယူခဲ့သည်။ လီကျစ်၏ ဆွေမျိုးအမျိုးသားအားလုံးနီးပါးမှာ သူ၏ဆပ်ပြာလုပ်ငန်းတွင် အလုပ်လုပ်နေကြသဖြင့် ယခုတစ်ကြိမ်တွင် ဒုတိယဘိုးလေးက လီမိသားစုမှ သမီးများနှင့် ချွေးမများ စုစုပေါင်း သုံးဆယ်ကျော်ကို အကြံပြုထောက်ခံပေးခဲ့သည်။ ကျန်းမိသားစုဘက်မှလည်း လီကျစ်၏ အဘိုးဖြစ်သူက ဆွေမျိုးများထဲမှ အမျိုးသားနှင့် အမျိုးသမီး နှစ်ဆယ်ကျော်ကို ရှာဖွေပေးခဲ့သည်။
လီကျစ်သည် သူတို့ကို အင်တာဗျူးစစ်ဆေးပြီးနောက် အားလုံးကိုအလုပ်ခန့်လိုက်သည်။ ဤမျှများပြားသော ဆွေမျိုးများကို အလုပ်ခန့်လိုက်ခြင်းမှာ လီမိသားစုနှင့် ကျန်းမိသားစု နှစ်ဖက်စလုံးရှိ ဆွေမျိုးများအားလုံးနီးပါးကို အလုပ်ပေးလိုက်ခြင်းပင် ဖြစ်တော့သည်။
ဆွေမျိုးများအပြင် လီကျစ်သည် ရပ်ကွက်ထဲမှလူများကိုလည်း အလုပ်ခန့်ခဲ့သည်။ လွန်ခဲ့သောကာလတစ်ခုက ဆပ်ပြာလုပ်ငန်းတွင် ရပ်ကွက်ထဲမှ လူငယ်ခြောက်ဦးကို အလုပ်ခန့်ခဲ့ရာ ယခုအခါ သူတို့သည် လစဉ်လစာငွေများရရှိပြီး သက်တောင့်သက်သာ နေထိုင်နေကြလေပြီ။ ငွေကြေးရရှိသည့်အပြင် အသားဟင်းနှင့် ထမင်းအလကားစားရသော ဤကဲ့သို့ ကောင်းမွန်သည့်ဘဝမျိုးကို အခြားဘယ်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ ရပ်ကွက်ထဲမှ လူများက ဤသည်ကို မြင်တွေ့ရသောအခါ ကံကောင်းသော ထိုလူငယ်ခြောက်ဦးကို အားကျနေခဲ့ကြသည်။ ယခုတစ်ကြိမ် အလုပ်သမားထပ်မံခေါ်ယူမည့် သတင်းထွက်ပေါ်လာသောအခါ ရပ်ကွက်ထဲမှ လူအသီးသီးတို့သည် လျှောက်ထားရန်ရောက်လာကြလေတော့သည်။ လီကျစ်က စိစစ်ရွေးချယ်ပြီး အရည်အချင်းပြည့်မီသော အမျိုးသားနှင့် အမျိုးသမီး ခုနစ်ဆယ်ကျော်ကို အလုပ်ခန့်လိုက်သည်။
သို့သော် ဤလူအရေအတွက်မှာ မလုံလောက်သေးသဖြင့် လီကျစ်သည် ပြင်ပမှ လူများကိုပါ ဆက်လက်ခေါ်ယူရန် လိုအပ်နေသေးသည်။ လီကျစ်သည် သူ၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ကျန်းခိုင်ချန်အား အလုပ်ခေါ်စာအစောင် ဒါဇင်ပေါင်းများစွာကို ရေးသားစေပြီး ထန်းကျင်းစစ်ဘက်ရေးရာရုံးနယ်မြေ၏ လူစည်ကားရာ နေရာများတွင် ကပ်ထားစေခဲ့သည်။
တစ်လလျှင် ငွေနှစ်သျှူးအပြင် အသားဟင်းပါသော ထမင်းသုံးနပ်ဆိုသည့် ခံစားခွင့်မျိုးမှာ မီးအိမ်ထွန်းရှာလျှင်ပင် တွေ့ရန်ခဲယဉ်းလှသည်။ အလုပ်ခေါ်စာများကပ်ပြီးသည်နှင့် တစ်ပြိုင်နက် လျှောက်ထားသူများသည် လီကျစ်၏ ခြံဝင်းအတွင်းသို့ ကြိတ်ကြိတ်တိုးရောက်ရှိလာကြရာ သူ၏ အိမ်တံခါးဝပင် ပွင့်ထွက်မတတ်ဖြစ်သွားတော့သည်။
မြို့မြောက်ပိုင်း ဆီထုံလမ်းကြားမှ ဒုတိယသခင်လေးကူးသည် လီကျစ်၏ ခြံဝင်းအပြင်ဘက်တွင် အင်တာဗျူးဝင်ရန် တန်းစီစောင့်ဆိုင်းနေရင်း အလွန်ပင် စိုးရိမ်ပူပန်နေမိသည်။
သူသည် စာတတ်ပေတတ် စာရင်းကိုင်တစ်ဦးနှင့် ရင်းနှီးသောကြောင့် ကံကောင်းထောက်မစွာဖြင့် လီမိသားစုက အလုပ်ခေါ်စာကပ်လိုက်သည်နှင့် သတင်းကို ချက်ချင်းသိရှိခဲ့ပြီး မြို့အရှေ့ပိုင်းသို့ အပြေးအလွှားရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ သတင်းကို စောစောစီးစီး သိရှိခဲ့ရသဖြင့် သေချာပေါက် အလုပ်ရမည်ဟု သူက အစပိုင်းတွင် တွေးထင်ထားခဲ့သည်။ သို့သော် လီကျစ်၏ ခြံဝင်းရှေ့သို့ရောက်သောအခါ အခြေအနေမဟန်ကြောင်း တိတ်တဆိတ် သဘောပေါက်သွားလေသည်။ အင်တာဗျူးဝင်ရန် တန်းစီစောင့်ဆိုင်းနေသူများမှာ ရာနှင့်ချီနေပြီ ဖြစ်သည်။
လီကျစ်၏အိမ်တွင် ရက်ကန်းလုပ်သားလုပ်လိုသူ အလွန်များပြားနေပုံရသည်။ စစ်ပွဲများနှင့် စီးပွားရေးကျဆင်းမှုများ ကြုံတွေ့နေရသော ဤကသောင်းကနင်းကာလများတွင် အလုပ်အကိုင်ရရှိရန် အလွန်ခက်ခဲလှပြီး ဆင်းရဲသောမိသားစုများအတွက် ထမင်းတစ်နပ်စားရရုံဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။ တစ်လလျှင် ငွေနှစ်သျှူးနှင့် အသားဟင်းပါသော ထမင်းသုံးနပ်ဆိုသည်မှာ မယုံနိုင်စရာပင်။ သို့သော် အရှေ့ဘက်ခြမ်းမှ လီမိသားစုက အလုပ်ခေါ်ယူနေခြင်းဖြစ်သောကြောင့် ဤအခြေအနေများမှာ အမှန်ပင်ဖြစ်ရမည်။ ယခင်က လီမိသားစုသည် ရပ်ကွက်ထဲမှလူခြောက်ဦးကို တစ်လလျှင် ငွေနှစ်သျှူးနှင့် ထမင်း၊ အသားဟင်းများကျွေးမွေးကာ အလုပ်ခန့်ထားကြောင်း သတင်းမှာ ထန်းကျင်းစစ်ဘက်ရေးရာရုံးနယ်မြေ တစ်ခွင်လုံးသို့ပြန့်နှံ့နေပြီးဖြစ်သည်။ လီမိသားစုသည် ရှားပါးသော အလုပ်ရှင်ကောင်းဖြစ်ကြောင်း လူတိုင်းသိကြလေသည်။
အလုပ်အကိုင်မရှိသော ဆင်းရဲသားများသာမက အလုပ်ရှိသူအချို့ပင်လျှင် ဤနေရာတွင် လျှောက်ထားရန် သူတို့၏ အလုပ်များကိုထွက်ခဲ့ကြသည်။ မည်သူက ကောင်းမွန်သောဘဝကို မလိုချင်ဘဲ နေမည်နည်း။
***