တစ်နေ့တွင် ဟူလုလမ်းရှိ ဟွမ်မိသားစုမှ အမျိုးသမီး ယန် သည် နံနက်စာစားချိန်၌ ပြုတ်ထားသော ကြက်ဥတစ်လုံးကို ဆီစိမ်စက္ကူဖြင့် ထုပ်ပိုးထားလိုက်သည်။
နေ့လယ်စာနှင့် ညစာစားချိန်များတွင်လည်း မဒမ်ယန်သည် ဝက်သား အနည်းငယ်ကို ထုပ်ပိုးကာ သူမ၏ ရင်ခွင်ထဲတွင် လျှို့ဝှက်စွာ ဝှက်ထားလိုက်ပြန်သည်။
အလုပ်ဆင်းချိန်တွင် အမျိုးသမီးယန်သည် ဝက်သား အနည်းငယ်နှင့် ကြက်ဥပြုတ်တစ်လုံးကို သယ်ဆောင်ကာ ပျော်ရွှင်ကြည်နူးစွာဖြင့် အိမ်သို့ ခြေလှမ်းသွက်သွက်ဖြင့် ပြန်လာခဲ့သည်။
အမျိုးသမီးယန်၏ မိသားစုသည် အခြားမိသားစုတစ်စုနှင့် ခြံဝင်းတစ်ဝက်စီ မျှဝေနေထိုင်ကြသည်။
ခြံဝင်းထဲသို့ ဝင်ဝင်ချင်းပင် သူမ၏ ကလေးနှစ်ယောက်ဖြစ်သော တာယာနှင့် ရှီထုံ တို့ ခြံဝင်းထဲတွင် ဆော့ကစားနေကြသည်ကို မြင်လိုက်ရသည်။
တာယာမှာ အသက်ကိုးနှစ်အရွယ်ရှိပြီး ညစ်ပေနေသော ဆံပင်ကျစ်ဆံမြီးရှည်လေး ရှိသည်။
ရှီထုံမှာမူ အသက်ခြောက်နှစ်သာရှိသေးပြီး ခြံဝင်းထဲတွင် ရွှံ့များဖြင့် ဆော့ကစားနေလေသည်။
တာယာသည် အမျိုးသမီးယန်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရင်ခွင်ထဲသို့ ပြေးဝင်လာကာ… "အမေ ပြန်လာပြီဟေ့" ဟု အော်လိုက်သည်။
အမျိုးသမီးယန်ကပြုံးလျက် တာယာ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီးနောက် ရင်ခွင်ထဲမှ အသားများထုပ်ထားသော ဆီစိမ်စက္ကူထုပ်ကိုထုတ်ကာ တာယာ၏ မျက်စိရှေ့တွင် ဂုဏ်ယူဝင့်ကြွားစွာ ဝှေ့ယမ်းပြရင်း… "တာယာ... ဒါက ဘာလို့ထင်လဲ" ဟု မေးလိုက်သည်။
တာယာက သူမ၏ နှာခေါင်းလေးဖြင့် အားပါးတရရှူရှိုက်လိုက်ပြီးနောက် ခဏမျှ တုံ့ဆိုင်းသွားကာ …
"အရမ်းမွှေးတာပဲ… သိပ်မွှေးတာပဲ… အသားနဲ့တူတယ်… အသားနဲ့တူတယ်"
"သိပ်မွှေးတာလား… ဒါမှမဟုတ် အသားနဲ့တူတာလား"
မဒမ်ယန်မှာ တာယာ၏ စကားကြောင့် ရယ်ချင်သွားသည်။
သူမသည် ဆီစိမ်စက္ကူထဲမှ အသားမြှောင်းလေးတစ်ခုကို ထုတ်ယူကာ တာယာ၏ ပါးစပ်ထဲသို့ ညင်သာစွာခွံ့ပေးလိုက်ပြီး မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ… "အရသာရှိလား" ဟု မေးလိုက်သည်။
တာယာ နောက်ဆုံးအသားစားခဲ့ရသည်မှာ နှစ်သစ်ကူးပွဲတော်ကာလက ဖြစ်သည်။
ယခု အသားမြှောင်းလေးတစ်မြှောင်း ရလိုက်သောအခါ သူမသည် အားရပါးရ ဝါးစားလိုက်ပြီးနောက် အားသုံး၍ မြိုချလိုက်သည်။
စိတ်လှုပ်ရှားနေသော မျက်နှာလေးဖြင့် တာယာက "အမေ... ဒီအသားက သိပ်အရသာရှိတာပဲ"
တာယာက အရသာရှိသည်ဟု ပြောသည်ကိုကြားသောအခါ အမျိုးသမီးယန်သည် ပျော်ရွှင်စွာဖြင့် ဆီစိမ်စက္ကူထဲမှ အသားမြှောင်းတစ်ဝက်ခန့်ကို တာယာ၏လက်ထဲသို့ ထည့်ပေးလိုက်ပြီး ပြုံးလျက်…
"တာယာ... သမီးအတွက် တစ်ဝက်… ကျန်တဲ့တစ်ဝက်ကို မောင်လေးအတွက် ချန်ထားပေးမယ်နော်၊ ဟုတ်ပြီလား"
တာယာက အသားမြှောင်းများကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားကာ နှုတ်ခမ်းကိုသပ်ရင်း "အမေ... သမီးတို့မောင်နှမ နှစ်ယောက်တည်း အကုန်စားလိုက်ရင် အမေ့အတွက် ဘာမှကျန်မှာ မဟုတ်တော့ဘူးလေ"
အမျိုးသမီးယန်က ဂုဏ်ယူဝင့်ကြွားစွာဖြင့်…
"အမေက ဒီရက်ပိုင်း နေ့တိုင်းစားနေရတာပါ။ ဒါက သမီးတို့မောင်နှမ စားရအောင် အမေ ဒီနေ့ တိတ်တဆိတ် ယူလာခဲ့တာလေ"
တာယာက အသားမြှောင်းတစ်မြှောင်းကိုကောက်ယူကာ ပါးစပ်ထဲထည့်ပြီး အားရပါးရ ဝါးစားရင်း ခေါင်းညိတ်ပြလေသည်။
ထို့နောက် မဒမ်ယန်သည် ရှီထုံကို ခေါ်ရန် ခေါင်းမော့ကြည့်လိုက်ရာ သားဖြစ်သူမှာ တာယာ၏ ဘေးတွင်ရပ်နေပြီး အစ်မဖြစ်သူ အသားစားနေသည်ကို တံတွေးမြိုချရင်း ငမ်းငမ်းတက် ကြည့်နေသည်ကို မြင်လိုက်ရသည်။
"အရူးလေး ရှီထုံ"
အမျိုးသမီးယန်က အသားမြှောင်းနှစ်မြှောင်းကို ယူကာ ရှီထုံ၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်သည်။
သားဖြစ်သူမှာ အသားရသည်နှင့်တစ်ပြိုင်နက် ပြတ်ပြတ်မြည်အောင် ဝါးစားတော့ရာ သူ၏မျက်နှာပေါ်တွင် ပကတိပျော်ရွှင်မှုများ အပြည့်အဝ ပေါ်လွင်နေလေသည်။
သားဖြစ်သူ၏ ပျော်ရွှင်နေသောမျက်နှာလေးကိုကြည့်ကာ အမျိုးသမီးယန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီး သူမ၏ ရင်ထဲတွင်လည်း ပျော်ရွှင်မှုလှိုင်းလုံးများ တက်ကြွလာခဲ့သည်။
ဤပျော်ရွှင်မှုများအားလုံးကို သူမ၏ အလုပ်ရှင်ဖြစ်သော လီမိသားစုက ဆောင်ကြဉ်းပေးခဲ့ခြင်းပင်။
ဤရက်ကန်းလုပ်ငန်းသာမရှိခဲ့လျှင် သူမတို့မိသားစုအနေဖြင့် ပုံမှန်အချိန်များတွင် အသားစားနိုင်ရန် မည်သို့ တတ်နိုင်မည်နည်း။
အရင်က သူမသည် နေ့စဉ် နံနက်စောစောမှ ညဉ့်နက်သည်အထိ ရက်ကန်းရက်ခဲ့သော်လည်း တစ်လလျှင် ငွေတစ်သျှူးနဲ့ ငါးကျန်ပင် မရရှိခဲ့ပေ။
သူမ၏ ခင်ပွန်းဖြစ်သူမှာ သူတစ်ပါး၏ ဘူးသီးခြောက်ဆိုင်တွင် ဆိုင်အကူလုပ်ကာ တစ်လလျှင် ငွေတစ်သျှူးနဲ့ နှစ်ကျန်သာ ရရှိလေသည်။
လူလေးယောက်ရှိသော မိသားစုကို ကျွေးမွေးပြုစုရန် ငွေသုံးသျှူးပင် မပြည့်သဖြင့် သူတို့၏ဘဝမှာ ကျပ်တည်းလှပြီး ထမင်းစားရရုံဖြင့်ပင် ကျေနပ်နေရသည်။
ယခု လီမိသားစု၏ရက်ကန်းရုံတွင် အလုပ်လုပ်ရသောအခါ စားသောက်စရိတ်အတွက် ငွေမလိုတော့သည့်အပြင် လစဉ်လစာ ငွေနှစ်သျှူးရရှိသဖြင့် သူမတို့မိသားစု၏ ဘဝမှာ မကြာမီ တိုးတက်လာတော့မည်ဖြစ်သည်။
နှစ်အနည်းငယ်ခန့် ငွေစုပြီးပါက သူမတို့မိသားစုအနေဖြင့် ခြံဝင်းလေးတစ်ခု ဝယ်နိုင်ကောင်း ဝယ်နိုင်ပေမည်။
အနာဂတ်အတွက် မျှော်လင့်ချက်များကိုတွေးတောရင်း အမျိုးသမီးယန်မှာ ပို၍ပို၍ ပျော်ရွှင်လာတော့သည်။
ကျန်ရှိနေသော အသားမြှောင်းများကို ရှီထုံအားပေးလိုက်ပြီး သူမတို့၏ အခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
အခန်းထဲတွင် သူမ၏ ခင်ပွန်းဖြစ်သူ ဟွမ်ကွေ့ သည် ဆီမီးခွက်အလင်းရောင်အောက်တွင် ဂွမ်းထိုးအင်္ကျီပေါ်မှ ပြုတ်ထွက်နေသော ချုပ်ရိုးကို ဖာထေးနေသည်။
သူ၏ အပ်ချုပ်လက်ရာမှာ ညံ့ဖျင်းလှပြီး ချုပ်ရိုးများမှာကွေ့ကောက်နေကာ ဆီမီးခွက်အလင်းရောင်အောက်တွင် အလွန်ရုပ်ဆိုးနေလေသည်။
ဤသည်ကို မြင်သောအခါ အမျိုးသမီးယန်က ဟွမ်ကွေ့၏လက်ထဲမှ ဂွမ်းထိုးအင်္ကျီကို ဆွဲလုလိုက်ပြီး…
"ရှင် ဘာတွေချုပ်နေတာလဲ။ ယောက်ျားတန်မတ်တန်နဲ့ ဘယ်လိုလုပ် ဒီလိုအပ်ချုပ်အလုပ်မျိုး လုပ်နိုင်မှာလဲ"
ဟွမ်ကွေ့က ရှက်ရယ်ရယ်လျက် …
"မင်းက အလုပ်ဆင်းချိန် နောက်ကျတယ်ဆိုတော့ မင်းအတွက် တစ်ခုခု ကူလုပ်ပေးနေတာပေါ့"
မဒမ်ယန်က နှာခေါင်းရှုံ့လျက် …
"ငါက အလုပ်ဆင်းပြီးအိမ်ရောက်ရင် အချိန်တစ်နာရီခွဲလောက် ရပါသေးတယ်။ ဒီအလုပ်လောက်တော့ ငါ့ဘာသာငါ လုပ်နိုင်ပါတယ်… ရှင့်အကူအညီမှ မလိုတာ"
ဟွမ်ကွေ့က ခေါင်းကိုပွတ်ရင်း…
"အခု မင်းက လီမိသားစုရဲ့ ရက်ကန်းရုံမှာအလုပ်လုပ်ပြီး ငွေတွေအများကြီး ရှာနိုင်နေပြီဆိုတော့ ငါလည်း တစ်ဖက်တစ်လမ်းကနေ ပိုပြီးကူညီပေးသင့်တာပေါ့"
ခင်ပွန်းဖြစ်သူ၏ စကားကြောင့် မဒမ်ယန်မှာ ရယ်ချင်သွားသည်။
သူမသည် ခေါင်းငုံ့ကာ တခစ်ခစ် ရယ်မောလိုက်သည်။
သို့သော် ခဏမျှသာ ရယ်မောလိုက်ပြီးနောက် ခေါင်းမော့ကာ ဆီစိမ်စက္ကူထဲမှ ကြက်ဥပြုတ်ကို ခင်ပွန်းဖြစ်သူထံ ကမ်းပေးလိုက်ပြီး "ရော့... ဒါလေးစားလိုက်"
ဟွမ်ကွေ့က ကြက်ဥပြုတ်ကို ကြည့်လိုက်ပြီး သူ၏မျက်နှာမှာ ရုတ်တရက် နီရဲသွားတော့သည်။
သူက ခေါင်းခါလျက်…
"ဒါက မင်း အလုပ်လုပ်လို့ ရလာတဲ့ဟာပဲ။ ငါ့ကိုကျွေးဖို့ ဘယ်လိုလုပ် ခိုးယူလာရတာလဲ။ မင်းရဲ့ ကြီးကြပ်ရေးမှူးမြင်သွားရင် လစာဖြတ်ခံရလိမ့်မယ်"
"ကြီးကြပ်ရေးမှူး မြင်တာပေါ့။ ဒါပေမဲ့ သူက ဂရုမစိုက်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ အသားနဲ့ ကြက်ဥပဲလေ။ အလုပ်ရှင်ကလည်း ဒါတွေကို ငါဘယ်လိုပဲလုပ်လုပ် ဂရုမစိုက်ပါဘူး"
အမျိုးသမီးယန်က ကြက်ဥကို ခင်ပွန်းဖြစ်သူ၏ ပါးစပ်နားသို့ တိုးပေးရင်း "ရော့... စားလိုက်ပါ" ဟု ထပ်ပြောလိုက်သည်။
ဟွမ်ကွေ့၏ မျက်နှာမှာ ရဲတွတ်နေပြီး လက်ကာပြလျက်…
"ငါ မစားဘူး။ မင်းရဲ့ ကြက်ဥကို စားရမှာ အားနာတယ်"
အမျိုးသမီးယန်မှာ စိတ်မရှည်တော့ဘဲ ကြက်ဥကို ဟွမ်ကွေ့၏ ပါးစပ်ထဲသို့ အတင်းထိုးထည့်ကာ အသံကျယ်ကျယ်ဖြင့်…
"ငါက ရှင့်ကို စားဆိုရင်စားလိုက်လေ… ယောက်ျားကြီးတန်မဲ့ ဘာလို့ ဒီလောက်တောင် ဇီဇာကြောင်နေရတာလဲ"
ဟွမ်ကွေ့၏ ပါးစပ်မှာ ကြက်ဥပြုတ်နှင့် ဖိကပ်ခံထားရပြီး အမျိုးသမီးယန်ကို မလွန်ဆန်နိုင်တော့သဖြင့် ပါးစပ်ကိုဟကာ ကိုက်စားလိုက်ရတော့သည်။
သူ အသားမစားရသည်မှာ အတော်ကြာပြီဖြစ်ရာ ကြက်ဥ၏ ချိုမြိန်သောအရသာက ဟွမ်ကွေ့ကို ချက်ချင်း လန်းဆန်းသွားစေသည်။
ဟွမ်ကွေ့တစ်ယောက် နောက်ဆုံးတော့ စတင်စားသောက်လာသည်ကို မြင်သောအခါ အမျိုးသမီးယန်က ပြုံးဖြီးဖြီးဖြင့် "အရသာရှိလား" ဟု မေးလိုက်သည်။
ဟွမ်ကွေ့က အမြန်ခေါင်းညိတ်ကာ… "အရသာရှိတယ်… အရသာရှိတယ်"
ခင်ပွန်းဖြစ်သူ၏ ရိုးအသောအမူအရာကိုကြည့်ကာ အမျိုးသမီးယန်၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပြည့်နှက်သွားတော့သည်။
သူမသည် ခေါင်းမော့ကာရယ်မောလိုက်ရာ ပျော်ရွှင်မှုအပြည့်ပါသော သူမ၏ ရယ်သံမှာ ပို၍ပို၍ ကျယ်လောင်လာတော့သည်။
နှစ်ဆန်း (၃) လပိုင်း အစောပိုင်းတွင် လီမိသားစု၏ ချည်ထည်များကို အထည်ကုန်သည်ကြီး တုန်းကျစ်ယီ၏ ဆိုင်သို့သယ်ဆောင်သွားပြီး တုန်းကျစ်ယီ၏ လမ်းကြောင်းများမှတစ်ဆင့် ဈေးကွက်အတွင်းသို့ ဖြန့်ချိခဲ့သည်။
သာမန်ချည်ထည်များထက် နှစ်ဆပိုကျယ်သော လီမိသားစု၏ချည်ထည်များမှာ ချက်ချင်းဆိုသလို အရပ်ရပ်မှ စိတ်ဝင်စားမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။
***
လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဖြစ်သော လင်မိသားစုမှ အမျိုးသမီးရွှီ သည် နောက်ရက်အနည်းငယ်အတွင်း သမီးဖြစ်သူကို အိမ်ထောင်ချပေးရတော့မည်ဖြစ်ရာ သမီး၏ ယောက္ခမများအတွက် လက်ဖွဲ့ပစ္စည်းများပြင်ဆင်ပေးရန်လိုအပ်နေသဖြင့် သမီးဖြစ်သူအတွက် အဝတ်အစားသစ် အချို့ကို ချုပ်လုပ်ပေးချင်နေသည်။
သူမသည် ထန်းကျင်းမြို့တောင်ပိုင်းရှိ တုန်းမိသားစု၏ လက်လီအထည်ဆိုင်သို့ သွားရောက်ခဲ့ရာ ကြီးမားသော အထည်စများကို မြင်လိုက်ရသည်နှင့် ချက်ချင်း စိတ်ဝင်စားသွားတော့သည်။
"ဆိုင်ရှင်... ဒီချည်ထည်အဖြူက ဘာလို့ ဒီလောက်တောင် ကြီးနေရတာလဲ… သာမန်ချည်ထည်တွေထက် နှစ်ဆလောက် ကျယ်နေပါလား"
ဆိုင်ရှင်က အမျိုးသမီးရွှီ အနားသို့လျှောက်လာပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့်…
"ဒါက အခုမှ အသစ်ထွက်လာတဲ့ လီမိသားစုရဲ့ ချည်ထည်တွေလေ။ သာမန်ချည်ထည်တွေထက် နှစ်ဆ ပိုကျယ်တာတော့ အမှန်ပဲ"
ဆိုင်ရှင်က လီမိသားစု၏ ချည်ထည်လိပ်ကို ကိုင်မြှောက်ကာ လက်ဟန်ခြေဟန်ဖြင့်ပြသရင်း
"ချည်ထည်က ဒီလောက်ကျယ်တော့ အဝတ်အစားချုပ်တဲ့အခါ ပိုပြီးလွတ်လွတ်လပ်လပ်ရှိသလို အထည်စကိုလည်း ပိုပြီးအကျိုးရှိရှိ အသုံးချနိုင်တယ်။ အရင်ကဆို နည်းနည်းလေး ဖြတ်လိုက်တာနဲ့ အစအနတွေ အများကြီးထွက်လာပေမဲ့ အခုလိုအထည်ကျယ်လာတော့ ဒီအစအနတွေကလည်း ပိုကြီးလာပြီး အဝတ်အစားတွေ ချုပ်ဖို့ ပြန်သုံးလို့ရတာပေါ့"
"ပြီးတော့လေ..."
ဆိုင်ရှင်က ခေတ္တရပ်နားကာဆက်၍…
"အထည်စ ပိုကျယ်လာတဲ့အတွက် အဝတ်အစားတစ်ထည်ရဲ့ အရှေ့နဲ့အနောက်ကို အထည်စတစ်စတည်းကနေ ဖြတ်တောက်ယူလို့ရသွားတယ်။ အရင်လို သီးခြားစီဖြတ်ပြီးမှ ချုပ်ရိုးတလျှောက် ပြန်ဆက်စရာမလိုတော့ဘူးပေါ့။ ဒါက အဝတ်အစားချုပ်တဲ့အခါ လုပ်အားကို သက်သာစေသလို ချုပ်ရိုးတစ်ကြောင်းလျော့သွားတဲ့အတွက် အဝတ်အစားက ပိုပြီးသေသပ် လှပသွားတာပေါ့"
"လီမိသားစုရဲ့ ချည်ထည်ဆိုတော့... မြို့အရှေ့ဘက်က ဆပ်ပြာလုပ်တဲ့ လီမိသားစုများလား"
"ဟုတ်ပါတယ်… မြို့အရှေ့ဘက်က လီမိသားစုပါပဲ"
"လီမိသားစုက ဘယ်လိုလုပ် ဒီလောက်တောင် တော်နေရတာလဲ။ အသုံးဝင်တဲ့ ဆပ်ပြာကိုလည်း တီထွင်နိုင်သလို အခုလည်း ဒီလောက်ကျယ်တဲ့ ချည်ထည်တွေကို ရက်လုပ်နိုင်နေပြီ"