လီကျစ်၏ စက်အသစ်သည် မင်မင်းဆက်ခေတ်ရှိ ဗိုင်းငင်စက်များထက် လေးဆမှ ငါးဆခန့်အထိ လုပ်ရည်ကိုင်ရည် ပိုမိုကောင်းမွန်သည်။
ထိုမျှမကသေးဘဲ လွန်းပျံဗိုင်းငင်စက်မှ ငင်လိုက်သောချည်မျှင်များမှာ အထူအပါး ညီညာမှုရှိသည်။ ဤချည်မျှင်များဖြင့် ရက်လုပ်ထားသော ချည်ထည်များမှာ ညီညာချောမွေ့ပြီး ၎င်း၏ အရည်အသွေးမှာ မင်မင်းဆက်နှောင်းပိုင်းကာလရှိ သာမန်ချည်ထည်များထက် များစွာသာလွန်ကောင်းမွန်လှသည်။
လွန်းပျံဗိုင်းငင်စက်သည် လီရှင်းအား နောက်ထပ်တစ်ကြိမ် အလွန်အံ့အားသင့်သွားစေခဲ့ ပြန်သည်။
"အစ်ကိုကြီး... ခင်ဗျားရဲ့စက်က တကယ်ကိုအံ့မခန်းပဲဗျာ။ အမေ့ရဲ့ ဗိုင်းငင်စက်ထက် လေးငါးဆလောက် ပိုမြန်တဲ့အပြင် သူငင်လိုက်တဲ့ ချည်မျှင်တွေကလည်း အထူအပါးညီညာပြီး သိပ်လှတာပဲ။ ခင်ဗျား ဒီစက်တွေကို ဘယ်လိုများစဉ်းစားမိတာလဲ။ လုပ်ငန်းခွင်တစ်ခုလုံးကို တစ်ပြိုင်နက်တည်း ပြောင်းလဲပစ်လိုက်တာပဲ"
လီကျစ်က ပြုံးလျက် မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ကာ
"ပညာရှိအဘိုးကြီးက ငါ့ကို သင်ပေးသွားတာလေ"
လီရှင်းက ခေါင်းခါလျက်
"ဒီပညာရှိအဘိုးကြီးပဲ ထပ်လာပြန်ပြီ။ အဲပညာရှိအဘိုးကြီးက ဘယ်လောက်ပဲ တော်နေပါစေ… သူသိတာတွေက နည်းနည်းများလွန်းမနေဘူးလား။ သူက ကောင်းကင်နဲ့ မြေကြီးပေါ်က အရာအားလုံးကို သိနေတဲ့ ကျင့်ကြံခြင်းအောင်မြင်သွားတဲ့ တကယ့်နတ်ဘုရားများ ဖြစ်နေမလားပဲ"
"အဲဒီလိုလည်း ဖြစ်နိုင်တာပဲ။ ပင်လယ်ကမ်းစပ်မှာ သူ့ကိုတွေ့ခဲ့တုန်းက ယပ်တောင်ကိုင်ထားပြီး နတ်ဘုရားတစ်ပါးရဲ့ အငွေ့အသက်တွေရှိနေသလို ခံစားခဲ့ရတယ်။ သူက နတ်ဘုရားတစ်ပါး ဖြစ်နေလောက်ပါပြီ"
လီရှင်းက တံတွေးတစ်ချက်ထွေးလိုက်ပြီး …
"နတ်ဘုရားတွေကတောင်ပေါ်မှာပဲ နေကြတာလေ။ ပင်လယ်ကမ်းစပ်မှာ ဘယ်ကနတ်ဘုရားတွေ ရှိရမှာလဲ"
ဟု ဆိုလေသည်။
လီရှင်းသည် လူအမိုက်မဟုတ်သဖြင့် လီကျစ်၏ စကားများကို ယုံကြည်ရန်ခက်ခဲနေသည်။ ပညာရှိအဘိုးကြီးများ ဆေးဝါးများဖော်စပ်သည်ဆိုသည်မှာ သာမန်ကိစ္စဖြစ်သော်လည်း စက်ယန္တရားများအကြောင်းကို ဤမျှသိကျွမ်းနေသော ပညာရှိအဘိုးကြီးဆိုသည်ကို လီရှင်း လုံးဝမယုံကြည်နိုင်ပေ။ သို့သော် သူ၏အစ်ကိုဖြစ်သူ၏ လုပ်ရပ်များက သူ့ကို မယုံမရှိယုံအောင် ပြုစားနေလေသည်။ အကယ်၍ သူတစ်ပါးသင်ပေးခဲ့ခြင်းမဟုတ်လျှင် အစ်ကိုဖြစ်သူက ဤမျှထူးခြားသော စက်ယန္တရားများစွာကို သူကိုယ်တိုင် စဉ်းစားတီထွင်နိုင်မည်တဲ့လား။ ယင်းမှာ ပို၍ပင် မယုံနိုင်စရာ ကောင်းနေသေးသည်။
ဤတီထွင်မှုအသစ်များထဲမှ မည်သည့်အရာကိုမဆို ထုတ်ဖော်လိုက်ပါက ဤခေတ်ကာလကို ပြောင်းလဲပစ်နိုင်စွမ်း ရှိပေသည်။
"ငါ့ရဲ့ နတ်ဘုရားက ထူးခြားတယ်။ သူက ပင်လယ်ကို သဘောကျတာလေ" ဟု ပြောပြီးနောက် လီကျစ်က ခေတ္တရပ်နားကာ…
"လီရှင်း... မင်း ဒီအထည်အလိပ်စက်ရုံက စက်တွေကို သဘောကျလား" ဟု မေးလိုက်သည်။
"သဘောကျတာပေါ့။ ဒီစက်တွေက သိပ်ကိုကောင်းလွန်းတယ်။ ကြည့်နေရုံနဲ့တင် ပျော်စရာကောင်းနေပြီ"
ညီဖြစ်သူ၏ ရိုးရှင်းသောအတွေးများကိုမြင်သောအခါ လီကျစ်က ပြုံးလျက်…
"ငါ မြို့အရှေ့ဘက်က ရက်ကန်းရုံဘေးမှာ ဗိုင်းငင်စက်ရုံတစ်ခု ထပ်ဆောက်မလို့။ ပြီးရင် အဲဒီလုပ်ငန်းတွေအားလုံးကို မင်းကို တာဝန်ပေးမယ်။ မင်းက ဒီစက်တွေနဲ့ အလုပ်သမား ထောင်နဲ့ချီပြီး စီမံအုပ်ချုပ်ရမှာ။ လုပ်နိုင်မလား"
လီကျစ်တွင် သူလုပ်ချင်သောအရာများ များပြားလွန်းနေပြီး သူ၏အာရုံများမှာလည်း အလွန်ပျံ့လွင့်နေသည်။ ရက်ကန်းရုံနှင့် ဗိုင်းငင်စက်ရုံအတွက် သူ့ကိုယ်စား စီမံခန့်ခွဲပေးမည့်သူ တစ်ဦး လိုအပ်နေသည်။ ညီဖြစ်သူ လီရှင်းမှာ အသက်ငယ်ရွယ်သေးသော်လည်း အထည်အလိပ်စက်ရုံတစ်ခုကို စီမံခန့်ခွဲရသည်မှာ အလွန်အမင်းခက်ခဲလှသည်တော့ မဟုတ်ပေ။ ညီဖြစ်သူမှာ သစ္စာရှိပြီး ယုံကြည်စိတ်ချရသူဖြစ်ရာ အကောင်းဆုံးကိုယ်စားလှယ်လောင်းဖြစ်ကြောင်း သေချာလှသည်။
လီကျစ်၏ စကားကို ကြားသောအခါ လီရှင်းက ခဏမျှစဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ
"ကောင်းပြီလေ။ ဒီအလုပ်သမားတွေကို စီမံရတာလွယ်ပါတယ်။ အစ်ကိုကြီးဆီကနေ လစဉ်လစာ ဒီလောက်အများကြီးရနေကြတာဆိုတော့ သူတို့အားလုံးက ငါတို့ မောင်းထုတ်မှာကို ကြောက်ပြီးတုန်နေကြတာပဲ။ အားလုံးက သိပ်စကားနားထောင်ပြီး စီမံရလွယ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်က ရက်ကန်းရုံကိုစီမံရမယ်ဆိုရင် ဆပ်ပြာလုပ်ငန်းကိုရော ဘယ်လိုလုပ်မလဲ" ဟု မေးလိုက်သည်။
လီကျစ်က ခဏမျှစဉ်းစားလိုက်ပြီး "ဆပ်ပြာလုပ်ငန်းအတွက် မင်း စိတ်ပူစရာမလိုပါဘူး။ စီမံခန့်ခွဲမယ့်သူကို ငါရှာလိုက်ပါ့မယ်"
ခေတ္တရပ်နားပြီးနောက် လီကျစ်က ဆက်၍…
"ဒီလောက် လူအများကြီးကို စီမံခန့်ခွဲရတဲ့အတွက် မင်းကို မုန့်ဖိုးအနေနဲ့ တစ်လကို ငွေဆယ့်ငါးသျှူး ပေးမယ်"
"အစ်ကိုကြီး... ခင်ဗျား သိပ်သဘောကောင်းလွန်းနေပြီ"
လီကျစ်၏ စကားကိုကြားသောအခါ လီရှင်းမှာ ဝမ်းသာလွန်း၍ မျက်နှာတစ်ခုလုံး ပြုံးဖြီးသွားပြီး မြေကြီးပေါ်မှ ခုန်ပေါက်လုမတတ် ဖြစ်သွားတော့သည်။
လွန်းပျံဗိုင်းငင်စက်ကို အောင်မြင်စွာစမ်းသပ်ထုတ်လုပ်ပြီးနောက် လီကျစ်သည် ပန်းရန်ဆရာများနှင့် လက်သမားဆရာများကိုငှားရမ်းကာ မြို့အရှေ့ဘက်ရှိ ရက်ကန်းရုံဘေးတွင် စတုရန်းမီတာ တစ်ထောင်ကျော်ကျယ်ဝန်းသော စက်ရုံအဆောက်အအုံတစ်ခုကို တည်ဆောက်စေပြီး တံတိုင်းဖြင့် ဝန်းရံစေခဲ့သည်။ ထို့နောက် ပန်းပဲဆရာနှင့် လက်သမားဆရာ တစ်ရာကျော်ကို ငှားရမ်းကာ လွန်းပျံဗိုင်းငင်စက်အတွက် အစိတ်အပိုင်းများကိုဖန်တီးစေခဲ့ပြီး တစ်လအတွင်း ဗိုင်းငင်စက် လေးရာခန့်ကို ထုတ်လုပ်နိုင်ခဲ့သည်။
လုံခြုံရေးအတွက် လီကျစ်သည် ဤဗိုင်းငင်စက်များ၏ မတူညီသောအစိတ်အပိုင်းများကို မတူညီသော လက်မှုပညာရှင်များအားဖန်တီးစေပြီး နောက်ဆုံးတွင် ဆွေမျိုးများဖြင့်သာ တပ်ဆင်စေခဲ့သည်။
ထို့အပြင် ဗိုင်းငင်လုပ်သားများ စက်၏လျှို့ဝှက်ချက်များကို မမြင်နိုင်စေရန်အတွက် ဗိုင်းငင်စက်များ၏ အရေးကြီးသောအစိတ်အပိုင်းများကို သစ်သားပြားများဖြင့် ဖုံးကွယ်ထားစေခဲ့သည်။
နှစ်ဆန်း (၄) လပိုင်း လလယ်ခန့်တွင် လီကျစ်၏ ဗိုင်းငင်စက်များအားလုံး အသင့်ဖြစ်နေပြီဖြစ်ပြီး ဗိုင်းငင်စက်ရုံကို စတင်လည်ပတ်ရန် ပြင်ဆင်ပြီးဖြစ်သည်။
လီကျစ်သည် အလုပ်ခေါ်စာ ထပ်မံထုတ်ပြန်ခဲ့ပြီး ထန်းကျင်းမြို့မှ ကံကောင်းသူ လေးရာခန့်ကို ထပ်မံခေါ်ယူခဲ့သည်။ အားလုံးမှာ လစဉ်လစာ ငွေနှစ်သျှူးနှင့် အသားဟင်းပါသော ထမင်းသုံးနပ် ရရှိကြမည်ဖြစ်သည်။
ဗိုင်းငင်စက်ရုံ စတင်လည်ပတ်သည့် ပထမဆုံးနေ့တွင် လီကျစ်သည် ဗိုင်းငင်လုပ်သားများ အားလုံးကို အစည်းအဝေးခေါ်ယူကာ လျှို့ဝှက်ချက်ထိန်းသိမ်းရေး စည်းမျဉ်းများကို ထပ်မံ၍ အလေးအနက်ထား ပြောကြားခဲ့သည်။
ဗိုင်းငင်စက်ရုံရှေ့ရှိ ရွှံ့မြေပြင်ပေါ်တွင် လီကျစ်သည် စင်မြင့်ငယ်တစ်ခုပေါ်၌ရပ်ကာ ဗိုင်းငင်လုပ်သား လေးရာခန့်ကို အသံကျယ်ကျယ်ဖြင့်…
"အားလုံးပဲ ဖြေကြစမ်းပါ။ တစ်လကို လစာ ငွေနှစ်သျှူးနဲ့ အသားဟင်းပါတဲ့ ထမင်းသုံးနပ်ဆိုတာ ကောင်းလွန်းမနေဘူးလား"
အင်တာဗျူးများ ပြီးဆုံးပြီးနောက် လီကျစ်ခေါ်ယူထားသော ဗိုင်းငင်လုပ်သားများအားလုံးမှာ ရိုးသားသူများ ဖြစ်ကြသည်။ လီကျစ်၏ အမေးကို ကြားသောအခါ ဤဗိုင်းငင်လုပ်သားများအားလုံးက -
"ဒီခံစားခွင့်က အရမ်းကောင်းပါတယ်"
"သခင်လေးပေးတဲ့ ခံစားခွင့်က သိပ်ကောင်းပါတယ်။ သခင်လေးကြောင့် ကျွန်တော့်ဘဝကြီး ပြောင်းလဲသွားပြီ"
"ဒီထက်ကောင်းတဲ့ ခံစားခွင့်မျိုး ဘယ်မှာမှ ရှာမတွေ့နိုင်တော့ပါဘူး။ သခင်လေးဆီ ရောက်လာပြီးကတည်းက ဆွေမျိုးမိတ်ဆွေတွေရှေ့မှာ ကျွန်တော်မျက်နှာပန်းလှနေပြီ" ဟု အသီးသီး ပြန်လည်ဖြေကြားကြသည်။
ဗိုင်းငင်လုပ်သားများ၏ အဖြေများကို ကြားသောအခါ လီကျစ်က လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး….
"မင်းတို့ ဗိုင်းငင်စက်ရုံက ခံစားခွင့်တွေကိုကျေနပ်ကြတယ်ဆိုရင် အချက်တစ်ချက်ကို မှတ်ထားရမယ်။ ဗိုင်းငင်စက်ရုံက စက်တွေအကြောင်းကို လုံးဝမပြောရဘူး ဗိုင်းငင်စက်ရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ပြင်ပလူတွေကို ဘယ်တော့မှ မပြောပြရဘူး"
"တစ်ယောက်ယောက်က လျှို့ဝှက်ချက်ထိန်းသိမ်းရေး စည်းမျဉ်းတွေကို ဖောက်ဖျက်တာနဲ့ ဗိုင်းငင်စက်ရုံကနေ ချက်ချင်း နှင်ထုတ်ခံရမယ်"
"ငါ ထပ်ပြီး အလေးအနက် ပြောမယ်။ ဗိုင်းငင်စက်ရုံက စက်တွေအကြောင်းကို တခြားသူတွေကို နည်းနည်းလေး ပြောပြမိတာနဲ့ ချက်ချင်း နှင်ထုတ်ခံရမယ်"
လီကျစ်၏ ပြင်းထန်သော သတိပေးစကားများကိုကြားသောအခါ ဗိုင်းငင်လုပ်သားများမှာ စကားမပြောရဲကြတော့ပေ။ လူလေးရာခန့်ရပ်နေသော ရွှံ့မြေပြင်တစ်ခုလုံး ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
လီကျစ်က အသံကျယ်ကျယ်ဖြင့် "နားလည်ကြရဲ့လား" ဟု မေးလိုက်သည်။
လီကျစ်၏ အမေးကို ကြားသောအခါမှ အားလုံးက "နားလည်ပါပြီ" ဟု အသံကျယ်ကျယ်ဖြင့် ပြန်လည်ဖြေကြားကြသည်။
"သခင်လေး စိတ်ချပါ၊ ကျွန်တော်တို့ နားလည်ပါတယ်"
"သခင်လေးကို ဘယ်တော့မှ သစ္စာမဖောက်ပါဘူး"
အားလုံး၏ အဖြေများကိုကြားသောအခါ လီကျစ်က ကျေနပ်စွာခေါင်းညိတ်လိုက်ပြီး လက်ကိုဝှေ့ယမ်းကာ…
"နားလည်တယ်ဆိုရင် ကောင်းပြီ။ ကဲ... အားလုံးပဲ စက်ရုံထဲကိုဝင်ပြီး စက်တွေနဲ့ ရင်းနှီးအောင် စတင်လေ့လာကြတော့"
ဗိုင်းငင်စက်ရုံမှ အလုပ်သမားသစ်များကို ရက်အနည်းငယ်ခန့် သင်တန်းပေးပြီးနောက် ဗိုင်းငင်စက်ရုံ စတင်လည်ပတ်လေတော့သည်။
သင်တန်းကာလအတွင်း ဗိုင်းငင်စက်ရုံမှ အလုပ်သမားသစ်များအားလုံးမှာ လွန်းပျံဗိုင်းငင်စက်ကို မြင်တွေ့ရသောအခါ အလွန်အမင်းအံ့အားသင့်သွားကြသည်။ ဤမျှ လုပ်ရည်ကိုင်ရည်ကောင်းမွန်သော ဗိုင်းငင်စက်မျိုးကို သူတို့ ဘယ်မှာမြင်ဖူးပါမည်နည်း။ သူတို့တစ်ဦးစီတိုင်းသည် သခင်လေးဖြစ်သော လီကျစ်အား နတ်ဘုရားတစ်ပါးကဲ့သို့ သဘောထားကြလေတော့သည်။
ဗိုင်းငင်စက်ရုံရှိလာပြီဖြစ်ရာ လီကျစ်အနေဖြင့် ရက်ကန်းရုံသို့ချည်မျှင်များ ထောက်ပံ့ရန်အတွက် ဝါဂွမ်းများကိုသာ ဝယ်ယူရန်လိုအပ်တော့သည်။ ချည်မျှင်များဝယ်ယူခြင်းနှင့် နှိုင်းယှဉ်ပါက ဝါဂွမ်းဝယ်ယူခြင်းမှာ များစွာဈေးသက်သာပြီး မူလက တုန်းမိသားစု၏ ချည်မျှင်ကုန်သည်များ ရရှိနေသော အမြတ်အစွန်းများ၏ သိသာထင်ရှားသောအစိတ်အပိုင်းတစ်ခုကို လီကျစ် ရရှိနိုင်ပြီဖြစ်သည်။
ဒီနေ့တွင် လီကျစ်သည် အသစ်တည်ဆောက်ပြီးစီးသွားသော ဗိုင်းငင်စက်ရုံ၏ အလုပ်ရုံအသီးသီးကို လိုက်လံစစ်ဆေးနေပြီး အလုပ်သမားများကြိုးစားပမ်းစား အလုပ်လုပ် နေကြသည်ကို မြင်တွေ့ရသဖြင့် လည်းကောင်း စက်ရုံတစ်ရုံလုံး အရှိန်အဟုန်ဖြင့် လည်ပတ်နေသည်ကို မြင်တွေ့ရသဖြင့်လည်းကောင်း အလွန်ပင်ကျေနပ်အားရနေလေသည်။
လီကျစ်သည် အမှတ် (၃) အလုပ်ရုံသို့ ဝင်ရောက်သွားရာ သူ၏ဝမ်းကွဲအစ်ကိုဖြစ်သူ ကျန်းခိုင်ချန် နှင့် ကြီးကြပ်ရေးမှူးအချို့ စီမံခန့်ခွဲရေးကိစ္စရပ်များကို ဆွေးနွေးနေကြသည်ကို မြင်လိုက်ရသည်။ ကျန်းခိုင်ချန်မှာ ယခုအခါ ဗိုင်းငင်လုပ်သား ကြီးကြပ်ရေးမှူးများအထက်မှ အုပ်ချုပ်သူတစ်ဦး ဖြစ်နေပြီဖြစ်ပြီး လစဉ်လစာ ငွေငါးသျှူးရရှိကာ သူ၏လက်အောက်တွင် ကြီးကြပ်ရေးမှူး ငါးဦးနှင့် ဗိုင်းငင်လုပ်သား လေးဆယ့်ငါးဦး ရှိသည်။
လီကျစ်က ကျန်းခိုင်ချန်၏အနောက်သို့ လျှောက်သွားပြီးရပ်လိုက်ရာ ကျန်းခိုင်ချန် ပြောနေသည်များကို ကြားလိုက်ရသည်။
"ဗိုင်းငင်ပမာဏမပြည့်မီတဲ့ အလုပ်သမားတစ်ဦးချင်းစီအတွက် ကိုယ်တိုင်ကိုယ်ကျ သင်ကြားပြသပေးတာကိုပဲ အဓိကနည်းလမ်းအဖြစ် အသုံးပြုသင့်တယ်။ လစဉ်လစာ ဖြတ်တောက်တဲ့ နည်းလမ်းကို လုံးဝမလိုအပ်ဘဲ အသုံးမပြုသင့်ဘူး… မဟုတ်ရင် တခြားဗိုင်းငင်လုပ်သားတွေကြားမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်စေနိုင်တယ်။ တမင်သက်သက် အလုပ်မလုပ်ဘဲ ပျင်းရိနေတဲ့ အလုပ်သမား အနည်းငယ်အတွက်လောက်ပဲ အသားဟင်းမကျွေးတာ ဒါမှမဟုတ် လစဉ်လစာ ဖြတ်တောက်တာလိုမျိုး အရေးယူမှုတွေကို ပြုလုပ်သင့်တယ်"
လီကျစ်ကို ကျောခိုင်းထားသော ကျန်းခိုင်ချန်မှာ လီကျစ်ရောက်နေသည်ကို မသိဘဲ စကားများကို သွက်လက်စွာပြောဆိုနေလေသည်။ အခြားကြီးကြပ်ရေးမှူး ငါးဦးစလုံးမှာ လီကျစ်ကို မြင်တွေ့ရပြီး မျက်လုံးများဖြင့် အရိုအသေပေးလိုက်ကြသည်။ ကျန်းခိုင်ချန်သည် သူ၏ လက်အောက်ငယ်သားများ၏ ထူးခြားသော မျက်နှာအမူအရာများကို သတိထားမိသွားပြီး နောက်သို့ လှည့်ကြည့်လိုက်ရာ လီကျစ်ကို မြင်လိုက်ရသည်။
"အို... သခင်လေး ရောက်နေတာကိုး"
ကျန်းခိုင်ချန်မှာ လီကျစ်၏ ဝမ်းကွဲအစ်ကိုဖြစ်ပြီး ဆွေမျိုးစပ်ပါက လီကျစ်အား ညီလေးဟု ခေါ်ဆိုနိုင်သည်။ သို့သော် လီကျစ်၏ စီးပွားရေးလုပ်ငန်းများမှာ အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး ကျန်းခိုင်ချန်မှာ လီကျစ်အား အလွန်အမင်းအထင်ကြီးလေးစားလျက်ရှိသည်။ ထို့ကြောင့် သူသည် လီကျစ်အား ညီလေးဟုမခေါ်ဝံ့တော့ဘဲ အခြားသူများနည်းတူ သခင်လေးဟုသာ ခေါ်ဆိုလေတော့သည်။
***